ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် တပ်ထိပ်ပိုင်းအပြောင်းအလဲတွေ ဘယ်လိုဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တာ လေးလပတ် နှစ်ခု မပြည့်သေးပေမဲ့ တပ်ထိပ်တန်းအဆင့်တိုင်းမှာ ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်နေပါတယ်။
ဧပြီလတုန်းက အရင်တပ်ချုပ်ဆီကနေ ဆက်ခံခဲ့တဲ့ ထိပ်တန်းလူစာရင်းထဲက တစ်ဒါဇင်ကျော်လောက် ရာထူးအပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးအဆင့်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဗိုလ်ချုပ်အဆင့်တိုင်းမှာ အပြောင်းအလဲတွေဖြစ်ခဲ့တာပါ။
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးလစ်လပ်နေသလို စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရာရှိချုပ်တွေနဲ့ တိုင်းမှူးတွေလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ဘီဘီစီရဲ့ အချက်အလက်စုဆောင်းမှုအရ လွန်ခဲ့တဲ့ ၇ လအတွင်းမှာ စစ်တိုင်း ၁၄ ခုမှာ တိုင်းမှူး ၁၀ နေရာအထိ ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။
ညှိကွပ်ရာထူးလစ်လပ်တာ နှစ်လကျော်ကြာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
တပ်ရဲ့ နံပါတ် ၃ နေရာလို့တင်စားကြတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာလစ်လပ်တာ နှစ်လကျော်ကြာသွားပါပြီ။ စက်တင်ဘာ ၁၇ ရက်က ဗိုလ်ချုပ်ကြီးကိုကိုဦးကို ညှိကွပ်နေရာကနေ ပြည်ထဲရေးဝန်ကြီးပြောင်းခန့်ပြီးကတည်းက လစ်လပ်နေတာပါ။
ညှိကွပ်နေရာကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ကိုခန့်ဖို့ စီစဥ်ထားပြီးမှ မခန့်ဖြစ်ခဲ့ပါဘူး။
စစ်ဦးစီးအရာရှိချုပ် (ကြည်း) က တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ဆင်ရေးတွေအတွက် အရေးကြီးတဲ့နေရာဖြစ်လို့ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်နေရာကို အပြောင်းအလဲမလုပ်သေးတာဖြစ်နိုင်တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒုဗိုလ်ချုပ်ကြီးသန်းထိုက်က အုပ်ချုပ်ရေးထက် တိုက်ခိုက်ရေးအားသန်သူလို့ စစ်ရုံးမှာနာမည်ကြီးပါတယ်။
သူက ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှ ရာထူးတက်မြန်လာသူဖြစ်ပါတယ်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ ရာထူးတက်ပြီး စစ်ရုံးကိုပြန်ရောက်လာသူဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးကိုကိုဦးရော ဒုဗိုလ်ချုပ်ကြီးသန်းထိုက်ပါ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ ဆင်းတွေဖြစ်ပါတယ်။
ကစထမှူးနဲ့ အရာရှိချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ်လို အရေးကြီးတဲ့နေရာတွေအပြောင်းအလဲမဖြစ်ဘဲ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်တို့ပဲ ဆက်ကိုင်ထားပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ဦးပဲထားတော့တာတွေ့ရပါတယ်။
အရင်တုန်းက စစ်ဆင်ရေးအထူးအဖွဲ့ ၆ ခုအထိရှိခဲ့ရာကနေ လျှော့ချလိုက်တာဖြစ်ပါတယ်။
အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) နေရာကို ဒုဗိုလ်ချုပ်ကြီးသန်းထိုက်ကို တွဲထားခဲ့ပေမဲ့ အောက်တိုဘာလထဲမှာပဲ ဒုဗိုလ်ချုပ်ကြီးပြည့်စုံလင်းကို ခန့်အပ်လိုက်ပါတယ်။
ဒါကြောင့် စစ်တက္ကသိုလ်အပတ်စဥ် ၄၀ ဆင်း တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးပြည့်စုံလင်းဟာ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာကိုပါ ပူးတွဲတာဝန်ယူထားရပါတယ်။
တပ်မှာအရေးကြီးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာကို ဒုဗိုလ်ချုပ်ကြီးကျော်ကိုထိုက် တာဝန်ယူထားပေမဲ့ တပ်ချုပ်ကပဲ အဓိက ကိုင်ထားတယ်လို့ သိရပါတယ်။
စစ်ဥပဒေချုပ်နေရာ အပြောင်းအလဲဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နေရာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး ရောက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ပြည်ထဲရေးဝန်ကြီးနေရာကနေ တပ်ကိုပြန်ခေါ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် နေရာကို ရောက်လာပါတယ်။
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက နေရာဖယ်ပေးလိုက်ရတာဖြစ်ပါတယ်။
ဒုချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ အပတ်စဥ်တူတဲ့ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာ တောက်လျှောက်ရာထူးမြဲခဲ့သူလို့ဆိုနိုင်ပါတယ်။
၂၀၂၃ အောက်တိုဘာလက ဖြစ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်မြေတွေ ဆုံးရှုံးခဲ့ပေမဲ့ အဲဒီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်နိုင်နိုင်ဦး က အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် ရာထူးတိုးသွားခဲ့ပါတယ်။
သူ ကစထမှူးတာဝန်ယူချိန်မှာပဲ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပါ ကိုးကန့်လက်ထဲ ကျခဲ့ပေမဲ့ ရာထူးမြဲခဲ့ပြန်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ရာထူးစယူတော့ သူက ကစထ (၃) မှူး ဖြစ်ခဲ့ပါသေးတယ်။
လပိုင်းအတွင်း တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်နေရာကိုပြောင်းရွှေ့ခဲ့ပြီးမှ ဖယ်ရှားခံရတာဖြစ်ပါတယ်။
အစိုးရအဖွဲ့ထဲက ဗိုလ်ချုပ်ကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးနေရာတွေကလည်း ဧပြီတုန်းကနဲ့မတူတော့ပါဘူး။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနေရာကို ဗိုလ်ချုပ်ကြီးကိုကိုဦးရောက်လာပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်နေရာကို ဒုဗိုလ်ချုပ်ကြီးရာပြည့် ရောက်လာပါတယ်။
ဧပြီလတုန်းကမှ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်က အောက်တိုဘာမှာ နေရာဖယ်ပေးလိုက်ရပြီး ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနေရာကို ရောက်သွားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဖြစ်တဲ့အတွက် ဗိုလ်သင်တန်း အပတ်စဥ် ၇၇ ဆင်းဖြစ်သူ တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးထက် စီနီယာကျပါတယ်။
စစ်တက္ကသိုလ်အပတ်စဥ် ၄၀ က တက်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးပြည့်စုံလင်းနဲ့ဆို အပတ်စဥ် ၁၈ ခုအထိတောင်ကွာနေတာတွေ့ရမှာပါ။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတာဝန်တွေလည်း ထမ်းဆောင်ခဲ့ဖူးတာဖြစ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင်၊ တပ်ဝန်ကြီး သုံးနေရာလုံးကို ထမ်းဆောင်ဖူးသူဖြစ်လာပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် တပ်ဝန်ကြီး သုံးနေရာဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေဟာ အစိုးရအဖွဲ့ထဲမှာလည်းပါသလို ယူနီဖောင်းမချွတ်ရသေးတဲ့အတွက် မူလစစ်ဘက်တာဝန်တွေကိုလည်း ပြန်ထမ်းဆောင်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။
အစိုးရအဖွဲ့ထဲမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေလည်းရှိနေပြီး ဦးညိုစော၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်းတို့ ဖြစ်ပါတယ်။
စစ်တိုင်းမှူးနေရာ ၁၀ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့
ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ အပြောင်းအလဲအများဆုံးကတော့ စစ်တိုင်းမှူးတွေဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုမှာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ တောင်ကြီးအခြေစိုက်စစ်တိုင်း ၄ ခုကလွဲလို့ ကျန်တဲ့ စစ်တိုင်း ၁၀ ခုမှာ အပြောင်းအလဲဖြစ်ခဲ့တာပါ။
ဧပြီနဲ့ နိုဝင်ဘာ တိုင်းမှူး အပြောင်းအလဲစာရင်းကို ဇယားမှာ ကြည့်နိုင်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်နိုင်ဦးက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပူးတွဲတာဝန်ယူထားတဲ့အတွက် စစ်တိုင်း ၁၄ ခုမှာ တိုင်းမှူး ၁၃ ဦးက တာဝန်ယူထားပါတယ်။
တိုင်းမှူးတွေက အစဥ်အလာရာထူးနေရာအားဖြင့် ဗိုလ်ချုပ်အဆင့်တွေဖြစ်ပေမဲ့ ဗိုလ်မှူးချုပ် ၉ ဦးအထိ တိုင်းမှူးဖြစ်နေတာကိုတွေ့ရတဲ့အတွက် မျိုးဆက်သစ်တပ်အရာရှိတွေ ရာထူးတက်လာတာ ဖြစ်ပါတယ်။
တိုင်းမှူးတွေထဲမှာ စစ်တက္ကသိုလ် အပတ်စဥ် ၄၁၊ ၄၂နဲ့ ၄၃ ဆင်းတွေအထိ ပါဝင်လာပါတယ်။
ဗြိတိန်အစိုးရက နိုဝင်ဘာ ၂၃ ရက်မှာ ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုစာရင်းမှာ ပါလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇောဆိုရင် မျိုးဆက်သစ်အရာရှိတစ်ဦးဖြစ်ပါတယ်။
ခုနစ်လအတွင်း ထိပ်တန်းလူစာရင်း တစ်ဒါဇင်ကျော်လောက် ရာထူးအပြောင်းအလဲဖြစ်ခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်ဟောင်းထားခဲ့တဲ့ အထိုင်ကိုဖျက်နေတာမျိုးတော့မဖြစ်နိုင်ဘူးလို့ စစ်ရုံးနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
"အပြောင်းအရွှေ့တွေကို တပ်ချုပ်က သမ္မတဆီ ပုံမှန်တင်ပြတယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့တော့ မျက်နှာသစ်တွေက ဒီလိုပဲဝင်လာမှာပဲလေ" လို့ သူကပြောပါတယ်။
























