မြေရှားလုပ်ကွက်တွေထဲက လိင်အမြတ်ထုတ်မှု

ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု
ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်မြို့တွေမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ ရာနဲ့ချီ ပိုတိုးလာတယ်လို့ စစ်တမ်းတွေက မီးမောင်းထိုးပြနေပါတယ်။

တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ တူးဖော်နေကြတဲ့ ဒီလုပ်ကွက်တွေမှာ မြန်မာအမျိုးသမီးတွေကို ငွေကြေးမက်လုံးပေးပြီး လိင်အမြတ်ထုတ်‌မှုတွေရှိလာတယ်လို့ လုပ်ကွက်တွေထဲက အမျိုးသမီးသုံးဦးက ထုတ်ပြောပါတယ်။

သူတို့က ကချင်ဒေသထဲက မတူညီတဲ့မြေရှားတူးဖော်ရေးလုပ်ကွက်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

ကချင်က မြေရှားလုပ်ကွက်တွေမှာ အမျိုးသမီးလုပ်သားတွေ လိင်လုပ်သားလုပ်ဖို့ ဘယ်လိုဖိအားပေးခံနေရလဲ။ မြေရှားလုပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ကရော ဘယ်လိုဖြေရှင်းနေလဲဆိုတာကို ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။

မြေရှားလုပ်ကွက်ထဲမှာ အမျိုးသမီးတွေ ဘာကြုံနေရလဲ

ကချင်ပြည်နယ်ထဲက သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ထဲက သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု (ပုံဟောင်း)

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူညီတဲ့ လစာရပေမဲ့ အမျိုးသမီးတွေကိုတော့ တူးဖော်ရေးအလုပ်အပြင် တရုတ်လုပ်ငန်းရှင်နဲ့ညအိပ်ဖို့ ဖိအားပေးတာ ကြုံခဲ့ရတယ်လို့ မစံပယ်က ပြောပါတယ်။

"တရုတ်တွေနဲ့ ညအိပ်ပေးရင် တစ်လကို ယွမ် ၁,၅၀၀ မုန့်ဖိုးထပ်ပေးမယ်လို့ ပြောတယ်" လို့ သူကပြောပါတယ်။

အလုပ်ခေါ်တုန်းက ပွဲစားက ဒါတွေမပြောခဲ့ပါဘူး။

မြေရှားလုပ်ကွက်တွေမှာ လုပ်ငန်းခွင်တာဝန်ခံခေါင်းဆောင်နဲ့ ဝန်ထမ်းတွေက မြန်မာတွေလို့ သူက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တူးဖော်ရေးအတွက် စက်ယန္တရား၊ အလုပ်သမားလစာနဲ့ နည်းပညာပိုင်းမှာ ရင်းနှီးမြုပ်နှံထောက်ပံ့တဲ့သူတွေကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တရုတ်အလုပ်သမားတွေလည်းရှိတယ်၊ နည်းပညာသမားနဲ့ ကြီးကြပ်သူအများစုကလည်း တရုတ်တွေပဲ" လို့ ပန်ဝါဒေသခံတစ်ဦးက ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် မစံပယ်ဟာ အိမ်‌ထောင်ရှိသူဖြစ်ပြီး ပန်ဝါဒေသက မြေရှားလုပ်ကွက်တစ်ခုမှာ ၆ လနီးပါးကြာ လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဇာတိက ပန်ဝါ၊ လုပြည်ရွာဖြစ်ပါတယ်။

မစံပယ်ကို လိင်လုပ်သားအလုပ်လုပ်ဖို့ တရုတ်နိုင်ငံသားအမျိုးသားတစ်ယောက်က တစ်လကို တရုတ်ယွမ်ငွေ ၁,၅၀၀ ပေးမယ်ဆိုပြီး ဖိအားပေးပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီအမျိုးသားဟာ မစံပယ်အလုပ်လုပ်နေတဲ့မြေရှားလုပ်ကွက်ထဲမှာပဲလုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သူက ဆိုပါတယ်။

"တရုတ်နိုင်ငံသားဟာ ညဘက်တွေဆိုရင်လည်း အိပ်နေတဲ့နေရာအထိလာပြီး နှောင့်ယှက်တယ်၊ အလုပ်ထဲမှာလည်း ကိုယ်ထိလက်ရောက် ထိကပါးရိကပါးလုပ်ခဲ့တယ်" လို့ သူက ဆက်ပြောပါတယ်။

မစံပယ်က လိင်လုပ်သားလုပ်ဖို့ ဖိအားပေးမှုကို ငြင်းဆန်တွန်းကန်တာကြောင့် ၂၀၂၆ ပထမနှစ်ဝက်ထဲမှာပဲ မစံပယ်ကို အကြောင်းပြချက်ခိုင်ခိုင်မာမာမပေးဘဲ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သူက ရှင်းပြပါတယ်။

"တရုတ်တွေက သူတို့နဲ့ မအိပ်တဲ့မိန်းကလေးတွေဆိုရင် အလုပ်ထဲမှာ မျက်နှာသာမပေးဘဲ ပညာပြတယ်၊ ကြိမ်းမောင်းတာတွေ လုပ်တယ်။ ပြီးရင်အလုပ်ထုတ်ပစ်တော့တာပဲ" လို့ သူက ဖြည့်ပြောပါတယ်။

မြေရှားလုပ်ကွက်မှာ အလုပ်အမျိုးအစားပေါ်မူတည်ပြီး တစ်လကို လစာ တရုတ်ယွမ်ငွေ ၂,၅၀၀ ကနေ ၃,၅၀၀ ကြားရှိတယ်လို့ မိုင်ဂျာယန်မြို့အနီးက မြေရှားလုပ်ကွက်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

အဲဒီငွေပမာဏဟာ ကျပ်ငွေ ပြင်ပပေါက်ဈေးနဲ့ဆိုရင် ၁၅ သိန်းကနေ ၂၁ သိန်း‌ကျော်ကြားရှိပါတယ်။

"တရုတ်စကားတတ်တဲ့ အလုပ်သမားတွေက လစာပိုရတယ်၊ စားဖိုဆောင် ထမင်းချက်ကတော့ လစာအနည်းဆုံးပေါ့" လို့ သူက ရှင်းပြပါတယ်။

မစံပယ်လိုပဲ လိင်လုပ်သား လုပ်ဖို့ ကမ်းလှမ်းခံရတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့လည်း ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။

သူကတော့ အသက် ၄၈ နှစ်အရွယ် မနှင်းဆီဖြစ်ပါတယ်။

ရန်ကုန်သူ မနှင်းဆီဟာ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးအမှုစွဲချက်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)က လားရှိုးထောင်ထဲမှာ လပိုင်းကြာ အကျဉ်းကျနေခဲ့သူတစ်ဦးဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကိုးကန့်တပ်(MNDAA)က လားရှိုးထောင်ကို ဖောက်ပြီးနောက် ထောင်ကနေ လွတ်မြောက်လာခဲ့တဲ့သူဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ရန်ကုန်ကို ပြန်မရတော့တဲ့ မနှင်းဆီဟာ အလုပ်ခေါ်တဲ့ ပွဲစားအဆက်အသွယ်ကတဆင့် ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တစ်ခုမှာ အလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အလုပ်ပွဲစားက သတ္တုတူးဖော်ရေးနဲ့သက်ဆိုင်တဲ့အလုပ်အပြင် လိင်လုပ်သားအဖြစ် လုပ်ပေးဖို့ပါ ပြောခဲ့တယ်လို့ မနှင်းဆီက ထုတ်ပြောပါတယ်။

"ကျွန်မက ကောင်းကောင်းမွန်မွန်လုပ်ချင်တာ၊ တရုတ်နဲ့အိပ်ရတဲ့အလုပ်တော့ မလုပ်နိုင်ဘူး" လို့ ပွဲစားကို ငြင်းလိုက်တဲ့အကြောင်းလို့ သူက ဖွင့်ဟပြောပါတယ်။

မနှင်းဆီဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားပြီး လူမမယ် ကလေးငယ် ၂ ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မနှင်းဆီဟာ ကချင်ပြည်နယ်ထဲက မိုင်ဂျာယန်ဒေသက နောက်ထပ် မြေရှားတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ အလုပ်သမားတွေအတွက် ထမင်းဟင်းချက်ပေးရတဲ့ အလုပ်ကိုလုပ်ကိုင်နေပါတယ်။

"အလုပ်မပြုတ်ချင်တော့ အိပ်ရတာပေါ့...စားဝတ်နေရေးအတွက် ငွေလိုတယ်"

ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ (ပုံဟောင်း)

အသက် ၂၅ နှစ်အရွယ် မအင်ကြင်းကတော့ လိုင်ဇာမြို့အနီးက မြေရှားလုပ်ကွက်တစ်ခုမှာ စားဖိုဆောင် အလုပ်တစ်နေရာအတွက် အလုပ်ပွဲစားတစ်ဦးနဲ့ ချိတ်ဆက်ပြီးရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာ ဒီအလုပ်ကိုလုပ်ကိုင်နေတာ လပိုင်းကျော်ကြာရှိနေပြီဖြစ်ပြီး အလုပ်သမားတွေအတွက် ချက်ပြုတ်ပေးရတဲ့ အလုပ်ကို လုပ်နေရသူပါ။

မအင်ကြင်းက တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ရတယ်လို့ ဆိုပါတယ်။

အလုပ်ဝင်ဝင်ချင်း ထမင်းဟင်းချက်တဲ့အလုပ်ပဲ လုပ်ခဲ့ရပေမယ့် ရက်ပိုင်းအကြာမှာပဲ အလုပ်သွင်းပေးခဲ့တဲ့ ပွဲစားက မအင်ကြင်းကိုဆက်သွယ်ပြီး တရုတ်သူဌေးနဲ့အိပ်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ သူက ထုတ်ပြောပါတယ်။

လစာအပြင် တစ်လကို ယွမ် ၁,၅၀၀ အပိုဆောင်းထပ်ပေးမယ်ပြောပြီး လက်မခံရင် အလုပ်ဖြုတ်ပစ်မယ်လို့ ပွဲစားက ခြိမ်းခြောက်ခဲ့တဲ့အကြောင်း မအင်ကြင်းက ရှင်းပြပါတယ်။

"အလုပ်မပြုတ်ချင်တော့ အိပ်ရတာပေါ့။ အလုပ်ကလည်း ရှားတယ်။ စားဝတ်နေရေးအတွက် ငွေလိုတယ်" လို့ သူက ဝမ်းနည်းသံနဲ့ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ကချင်ပြည်နယ်ထဲမှာ ဒေသခံအမျိုးသမီးနဲ့ လူငယ်တွေဟာ ဒေသတွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် မြေရှားလုပ်ကွက်တွေမှာ အလုပ်ရဖို့က ငွေရဖို့ ထွက်ပေါက်တစ်ခုဖြစ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"အခြေခံ အလုပ်ကြမ်းတွေထက်စာရင် မြေရှားတူးဖော်တဲ့လုပ်ကွက်တွေမှာက ပိုက်ဆံပိုရတာပေါ့" လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

မြေရှားလုပ်ကွက်တွေထဲ အမျိုးသမီးလုပ်သားများစုဟာ လုပ်ခလစာနည်းတဲ့အလုပ်တွေမှာပဲ လုပ်ကိုင်နေရတယ်လို့ မြေရှားလုပ်ကွက်တစ်ခုရဲ့အလုပ်ခေါင်းဆောင်မြန်မာတစ်ဦးက ရှင်းပြပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဆက်ရှိနေမှာမို့ သူက ဘယ်သူဘယ်၀ါဖြစ်တယ်ဆိုတာကို နာမည် မဖော်ပြခိုင်းပါဘူး။

ကချင်က မြေရှားလုပ်ကွက်တွေမှာ အမျိုးသမီးတွေ အများဆုံးလုပ်ရတဲ့အလုပ်က ထမင်းဟင်းချက်ပြုတ်ပေးရတဲ့အလုပ်၊ သန့်ရှင်းရေး၊ စာရင်းကိုင်နဲ့ ကုန်ကြမ်းသယ်ယူခွဲထုတ်ပေးရတဲ့ အလုပ်တွေလို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း မြေရှားလုပ်ကွက်တွေထဲ အမျိုးသမီးလုပ်သားတွေ လိင်လုပ်သားအဖြစ် အလုပ်လုပ်ဖို့ ဖိအားပေးခံနေရပြီး ငွေကြေးနဲ့ကမ်းလှမ်းတဲ့တရားမ၀င် စျေးကွက်ရှိနေတယ်ဆိုတာကို သိရှိကြောင်း သူက ပြောပြပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေဟာ ဒီအခြေအနေကို လျစ်လျူရှုထားကြတယ်လို့ သူက စွပ်စွဲ၀ေဖန်ပါတယ်။

ဘယ်နေရာတွေမှာ မြေရှားလုပ်ကွက်တွေ တိုးလာလဲ

ပန်ဝါဒေသက မြေရှားလုပ်ကွက်တစ်ခု (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ပန်ဝါဒေသက မြေရှားလုပ်ကွက်တစ်ခု (ပုံဟောင်း)

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကွက်တွေ ပိုကျယ်ပြန့်လာတယ်လို့ မြေပြင်သတင်းရင်းမြစ် ၂ ဦးနဲ့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

"လုပ်ကွက်အကြီးရော အသေးရော ၂ ဆလောက် တိုးလာတာ" လို့ ပန်ဝါဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ်ထားတဲ့ ပန်ဝါဒေသမှာ လုပ်ကွက်အများဆုံးတိုးလာတာလို့ သူက ဆက်ပြောပါတယ်။

ကချင်အထူးဒေသ ၁ ထဲပါ၀င်တဲ့ ပန်၀ါက မြေရှားလုပ်ကွက်တွေကို အရင်က ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း က လက်၀ါးကြီးအုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပန်၀ါပြည်သူ့စစ်နဲ့ KIA တိုက်ပွဲတွေဖြစ်အပြီး ပန်၀ါကို KIA က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ထိန်းချုပ်ထားပါတယ်။

အလားတူ မိုင်ဂျာယန်နဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တို့ကြားမှာလည်း မြေရှား လုပ်ကွက်တွေ အရင်ကထက် ပိုများလာတယ်လို့ မိုင်ဂျာယန်က မြေရှားလုပ်ကွက်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းနောက်ပိုင်း ကချင်ပြည်နယ်ထဲက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဒေသတွင်း အုပ်ချုပ်စိုးမိုးမှု လျော့ရဲတာတွေက စည်းကမ်းမဲ့ မြေရှားသတ္တု တူးဖော်မှုနဲ့ လုပ်ကွက်တွေထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုဆိုးစေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တချို့က ထောက်ပြကြပါတယ်။

တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်နဲ့ ဖီမော်ဒေသတွေဟာ မြေရှားသတ္တုအဓိကထွက်တဲ့နေရာတွေဖြစ်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ကတော့ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကချင်မှာ မြေရှားလုပ်ကွက် ၃၇၀ ကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်နှစ်တွေတုန်းကတော့ ကချင်မှာ မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွက် ၁၀၀ ကျော်ပဲ ရှိခဲ့တာကြောင့် ၃ ဆ နီးပါး တိုးလာတာလို့၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တုန်းက ထုတ်ပြန်ခဲ့တဲ့ ISP Myanmar ရဲ့ တရုတ်ရေးရာလေ့လာမှု သုတေသနပြုချက် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အလားတူ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၈ နှစ်အတွင်း မြန်မာကနေ တရုတ်ကိုတင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်ရှိခဲ့တယ်လို့ ISP Myanmar က ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါနဲ့ မိုင်ဂျာယန်ဒေသတွေမှာ မြေရှားလုပ်ကွက်အများစုရှိတယ်လို့ ဘီဘီစီကို စက်တင်ဘာ ၉ ရက်မှာ ဖြေကြားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံသားပိုင် မြေရှား သတ္တုတူးဖော်ရေးကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေ တိုးလာသလားလို့ ဘီဘီစီက မေးမြန်းရာမှာတော့ တိတိကျကျမသိကြောင်း ငြင်းဆိုပါတယ်။

၂၀၂၆ ခုနှစ်မှာတော့ ကချင်ပြည်နယ်ထဲမှာ စောင့်ကြည့်ထိန်းကွပ်မှုမရှိတဲ့ မြေရှားလုပ်ကွက်တွေ ပိုပြီး ကျယ်ပြန့်လာတယ်လို့ ကချင်ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

ဒီလုပ်ကွက်တွေထဲမှာ မြန်မာအမျိုးသမီးတွေကို ငွေကြေးနဲ့ကမ်းလှမ်းတဲ့ လိင်အမြတ်ထုတ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်လောင်လာပါတယ်။

KIA ဘာပြောလဲ

လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

ကချင်လွတ်လပ်ရေးတပ်(KIA)ထိန်းချုပ်နယ်မြေတွေထဲက မြေရှားလုပ်ကွက်တွေမှာ အမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေကို သိရှိထားတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

လုပ်ကွက်တွေထဲမှာ အမျိုးသမီးတချို့က ငွေပိုရချင်တာကြောင့် "လောပန်း(လုပ်ငန်းရှင်)တွေက မိန်းမလိုဆက်ဆံပြီး ပိုက်ဆံပေးတာကို လက်ခံကြတဲ့ပုံစံမျိုးလည်းရှိတယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ လုပ်ကွက်ထဲမှာ ဒီလိုငွေကြေးပေးပြီး အမျိုးသမီးအခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေကို KIA က လက်မခံဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပါတယ်။

ဒါ့အပြင် မြေရှားလုပ်ကွက်စုတွေအလိုက် သက်ဆိုင်ရာကော်မတီတွေ ဖွဲ့စည်းထားပြီး ဒီကော်မတီတွေကနေ တူးဖော်တဲ့ကုမ္ပဏီနဲ့ အလုပ်သမားတွေကို စောင့်ကြည့်စစ်ဆေးတာတွေရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"အလုပ်သမားတွေနဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းချမှတ်ထားတာတွေလည်း ရှိပါတယ်" လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကလည်း ကချင်နဲ့ ရှမ်းပြည်နယ်တို့က တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်နယ်မြေတွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ပိုများလာတယ်လို့ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

မြေရှားတူးဖော်မှုတွေဟာ ရှမ်းအရှေ့မှာ ၀ တပ် (UWSA) ထိန်းချုပ်နယ်၊ မိုင်းလား (NDAA) နဲ့ ရှမ်းမြောက်က တအာင်းတပ်(TNLA) ထိန်းချုပ်နယ်တွေမှာလည်း တွေ့လာရတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

၂၀၂၆ မေလကုန်အထိ ဆန်းစစ်ချက်တွေအရ အဲဒီနယ်မြေတွေမှာ မြေရှားလုပ်ကွက်ပေါင်း ၂၀၀ ကျော်ကနေ လုပ်ကွက် ၆၀၀ နီးပါးအထိ ရှိလာတယ်လို့ UNHCR က ပြောပါတယ်။

မြန်မာဘက်ခြမ်းမှာ အခုလို မြေရှားလုပ်ကွက်တွေ တိုးပြီးတွေ့လာနေချိန်မှာပဲ တရုတ်ကို တင်ပို့တဲ့ မြေရှားကုန်ကြမ်းလည်း တန်ချိန် ထောင်နဲ့ချီမြင့်တက်နေတာကို တရုတ်အကောက်ခွန် အချက်အလက်တွေမှာမြင်ရပါတယ်။

မြေရှားတွေ စည်းကမ်းမဲ့တူးဖော်တာကြောင့် ဒေသတွင်းပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေရှိလာပြီး လုပ်ကွက်အနီးမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြေရှားလုပ်ကွက်တွေထဲမှာ အာဏာပိုင်တွေအပါအဝင် လုပ်ငန်းကြီးကြပ်သူတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်ခိုင်းစေမှုတွေကိုလည်း ဆိုးဆိုးရွားရွား တွေ့နေရတယ်လို့ UNHCR ရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကတော့ "နစ်နာတဲ့ အမျိုးသမီးတွေကလည်း သူတို့ရဲ့ နစ်နာမှုတွေကို တင်ပြဖို့ လိုတယ်" လို့ ပြောပါတယ်။

အသိပေးချက် - ဒီဆောင်းပါးမှာပါ၀င်တဲ့ မစံပယ်၊ မအင်ကြင်းနဲ့ မနှင်းဆီတို့ နာမည်တွေကို လုံခြုံရေးအရ နာမည်လွှဲတွေ အသုံးပြုထားပါတယ်။