ကုလရဲ့မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာကို နေပြည်တော်ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ နေပြည်တော်က ကန့်ကွက်ပယ်ချလိုက်ပါတယ်။
အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ဆိုပါတယ်။
အဲဒီအစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ကာလအတွက် ပြုစုထားတာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးဖို့ တင်သွင်းခဲ့တာလို့ အဲဒီတုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာဟာ အစိုးရဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ပြောဆိုချက်တွေနဲ့ ပြင်ပမီဒီယာတွေရဲ့ အချက်အလက်တွေကို အဓိက ကိုးကားထားပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေကို လျစ်လျူရှုထားတယ်လို့လည်း စွပ်စွဲထားပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ အစိုးရက ခွဲခြားမှုမရှိဘဲ ဆောင်ရွက်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ တုံ့ပြန်ချက်မှာ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့အစည်း ၁၇ ခုက နိုင်ငံတကာဝန်ထမ်း ၂၇၆ ဦးနဲ့ မြန်မာဝန်ထမ်း ၇,၆၂၆ ဦးတို့ကို အသုံးပြုပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြောပြီး ကုလသမဂ္ဂအေဂျင်စီတွေရဲ့စီမံကိန်း ၄၃ ခုနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်း ၈၈ ခုကိုလည်း ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေက မြို့နယ် ၂၀ ကျော်မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးနှိမ်နင်းဖို့ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပြစ်မှုကျူးလွန်သူ ၉၉ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်တယ်လို့ စုံစမ်းစစ်ဆေးချက်တွေက ဖော်ပြကြောင်း နေပြည်တော်က ဆိုပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်အထိ နိုင်ငံပေါင်း ၅၉ နိုင်ငံက နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ လွှတ်တော်က အတည်ပြုခဲ့တယ်ဆိုတဲ့တုံ့ပြန်ချက်ကိုလည်း ဖော်ပြထားပါတယ်။
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို အသုံးပြုဖို့ စီစဉ်တာဟာ တရားမဝင် မိုဘိုင်းဖုန်းတင်သွင်းမှု၊ ခိုးယူမှုနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုတဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ဖြစ်ပြီး ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ချိုးဖောက်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာပါ ဖော်ပြချက်တွေကိုလည်း ကန့်ကွက်တယ်လို့ နေပြည်တော် နိုင်ငံခြားရေး၀န်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။
“ရိုဟင်ဂျာ” ဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်းနဲ့ နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ဆောင်ရွက်နေကြောင်း တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာသွားသူတွေထဲက ပြန်လည်ဝင်ရောက်ခွင့်အတွက် စိစစ်အတည်ပြုနိုင်သူတွေကို လက်ခံဖို့ ကတိပြုထားတယ်ဆိုတဲ့အချက်ကို ထုတ်ပြန်ချက်ထဲ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ကတော့ မြန်မာမှာ အိမ်တွေ၊ကျောင်းတွေနဲ့ဆေးရုံတွေလို အရပ်သားနေရာတွေ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခံနေရတာ၊ ဥပဒေမဲ့ဖမ်းဆီးမှုလို ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့ သူတို့ရဲ့ မကြာသေးခင်တုန်းကတွေ့ရှိချက်မှာ ဖော်ပြပါတယ်။
IIMM အဖွဲ့ဟာ ဒီတွေ့ရှိချက်တွေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်သေနဲ့ ရင်းမြစ်ပေါင်း ၁,၆၀၀ ကိုစုစည်းခဲ့တယ်လို့ အစောပိုင်းကတည်းက ပြောပါတယ်။









