အမေရိကန်က နေပြည်တော်နဲ့ ဘာကြောင့်ပြန်ထိတွေ့ဆက်ဆံလာသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား၊ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုကနေ အမေရိကန်နဲ့ နေပြည်တော်ကြား အဆင့်မြင့်ထိတွေ့ဆက်ဆံမှုတွေ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါက အမေရိကန်နိုင်ငံသားတစ်ဦးလွတ်မြောက်ရေးအပြင် မြန်မာကမြေရှားသတ္တုနဲ့ ကျားဖြန်နှိမ်နင်းရေးဆိုတာတွေနဲ့ လည်းဆက်နွှယ်နေတယ်လို့ နေပြည်တော်အစိုးရနဲ့နီးစပ်တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။
အမေရိကန်က မြန်မာ့မြေရှားအရင်းအမြစ်အပေါ် စိတ်ဝင်စားလာချိန်မှာ တရုတ်ရဲ့ သဘောထားကလည်း အရေးပါလာပါတယ်။
မြန်မာကထွက်တဲ့ မြေရှားကို အဓိကဝယ်ယူနေတဲ့ တရုတ်ဟာ သတ္တုသန့်စင်ထုတ်လုပ်မှုမှာလည်း အဓိကနေရာက ပါဝင်နေပြီး မြန်မာ့မြေရှားလုပ်ငန်းအပေါ် စီးပွားရေးအရ သြဇာရှိနေပါတယ်။
မြန်မာဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရေးကြီးသတ္တုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အကျိုးစီးပွားတွေ ဆုံတွေ့လာတဲ့ နေရာတစ်ခု ဖြစ်လာနိုင်လား။
စင်္ကြံသံတမန်ရေးလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်က နေပြည်တော်နဲ့ အမေရိကန်တို့ တွေ့ဆုံမှုအပေါ် မြန်မာ့နိုင်ငံရေးအကဲခတ်တချို့နဲ့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းကတော့ "ချော်လဲရောထိုင်" သံတမန်ဆက်ဆံရေးသဘောမျိုးလို့ ရှုမြင်ကြပါတယ်။
"သူတို့နိုင်ငံသား လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ချော်လဲရောထိုင် သံတမန်ရေး သဘောပါ" လို့ အမည်မဖော်လိုတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နေပြည်တော်ကို သွားရောက်ခဲ့တဲ့ မိုက်ကယ်ဗန့်စ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဌာန လက်ထောက်ဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လမှာ စတင်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ထောက်လှမ်းရေးနဲ့ သုတေသနဌာနဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ်ပြီး မိုက်ကယ်ဗန့်စ်က အဲဒီဌာနကို ဦးဆောင်သူ ဖြစ်ပါတယ်။ သူဟာ ရာထူးစတင်တာဝန်ယူပြီး တစ်လနီးပါးအကြာမှာပဲ နေပြည်တော်ကို သွားရောက်ခဲ့တာပါ။
အဲဒီမတိုင်ခင် အစိုးရဝန်ထမ်းအဖြစ် ၂၄ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ဗန့်စ်ဟာ ထောက်လှမ်းရေး၊ ဥပဒေစိုးမိုးရေးနဲ့ မူဝါဒဆိုင်ရာ လေ့လာသုံးသပ်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
"အမေရိကန်က မြန်မာနဲ့ အတိုင်းအတာတစ်ခုအထိ ဆက်ဆံနေပြီ။ ဒါပေမဲ့ သူတို့နိုင်ငံသားကို ပြန်လည်လွတ်မြောက်ဖို့ ကြိုးစားတဲ့ကိစ္စနဲ့ ဆက်ပြီး စကားပြောလိုက်တဲ့သဘောပေါ့" လို့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်ဘက်က နေပြည်တော်နဲ့ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်ထိတွေ့ဆက်ဆံမှုတစ်ခုဖြစ်သလို နေပြည်တော်ဘက်ကလည်း အမေရိကန်အစိုးရနဲ့ သင့်လျော်တဲ့အဆင့်ရှိတဲ့ တရားဝင်ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ပြန်လည်တောင်းဆိုခဲ့တယ်လို့ ရိုက်တာက ရေးသားပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရအတွင်းမှာ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ အမေရိကန်မှာရှိနေတဲ့ မြန်မာအကဲခတ်တစ်ဦးက ပြောပါတယ်။
"သွားတွေ့ခဲ့တဲ့ မိုက်ကယ်ဗန့်စ်ကတော့ ပုဂ္ဂိုလ်ရေးအရ ဗမာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာကို လိုလားတယ်ဆိုတာ တစ်ဆင့်ပြန်ကြားရတယ်။ လွှတ်တော်နှစ်ရပ်စလုံးကရော၊ အိမ်ဖြူတော်ထဲမှာရှိနေတဲ့ နိုင်ငံခြားရေးအရာရှိတွေကရော တော်တော်များများက ဆက်ဆံဖို့ မလိုလားဘူး။ အဲဒီအခြေအနေမှာ သူ့အနေနဲ့ ဆန္ဒရှိပေမဲ့ ခရီးရောက်အောင် သူမလုပ်နိုင်ဘူး။ ဒါ့ကြောင့် သူအခွင့်သာတုန်း နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ စကားပြောခဲ့တဲ့ အခြေအနေအထိ ရောက်လာတာပေါ့" လို့ သူက ဘီဘီစီကို ပြောပါတယ်။
အမေရိကန်အစိုးရအရာရှိတချို့ကတော့ ဗန့်စ်ဟာ မြန်မာ့အရေးသက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဗန့်စ်ဟာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း လူကိုယ်တိုင်နဲ့ရော အွန်လိုင်းကပါ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ် ၅ ဦးက အတည်ပြုကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
မြေရှား နဲ့ ကျားဖြန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗန့်စ်ဟာ မြန်မာမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား လွတ်မြောက်ရေးအတွက် လာရောက်ခဲ့ပေမဲ့ ဦးမင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စရပ်တွေကတော့ အဲဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်လို့ ဆွေးနွေးပွဲကိစ္စကို သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီကိစ္စတွေထဲမှာ မြေရှားသတ္တုနဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းရေးကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်ဆွေးနွေးမှုအတွင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ခေါင်းစဉ်က မြေရှားသတ္တုဖြစ်တယ်လို့ အမေရိကန်အစိုးရအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချဖမ်းဆီးပြီး အာဏာသိမ်းပြီးနောက် သမ္မတရာထူးယူထားတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို အမေရိကန်က အကျိုးစီးပွားနဲ့ယှဥ်တဲ့ထိတွေ့ဆက်ဆံရေးပြန်လုပ်လာတဲ့အပေါ် NLD ပါတီဝင် ဦးဘိုဘိုဦးကတော့ အကောင်းဘက်က ရှုမြင်ပါတယ်။
''အင်အားကြီးနိုင်ငံတွေက မြန်မာ့အရေးကို အာရုံစိုက်ပြီးတော့ လုပ်လာတာကိုက ကျွန်တော့် အမြင်ကတော့ ဒါကောင်းတဲ့လက္ခဏာဆောင်တယ်။ တစ်ဖက်ကနေပြီးတော့ ဆက်ဆံလို့ရှိရင် အပြစ်မြင်တဲ့လူတွေလည်းရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ဆက်ဆံပြီး ပြောမှဆိုမှလည်း ရှေ့ရောက်မှာပေါ့။ ပြဿနာကိုဖြေရှင်းမယ်ဆိုရင် စကားပြောရမှာပေါ့။ အဲ့ဒီအတွက်ကတော့ ကောင်းတဲ့လက္ခဏာဆောင်တယ်လို့ပဲ သုံးသပ်ပါတယ်''လို့ ဦးဘိုဘိုဦးကဆိုပါတယ်။
မြန်မာအပေါ်လက်ခံလာစေဖို့နဲ့ ပိတ်ဆို့မှုတွေဖြေလျှော့ပေးရေးတို့အတွက် အမေရိကန်အစိုးရကိုဖျောင်းဖျပေးဖို့ နေပြည်တော်က လော်ဘီတွေငှားရမ်းပြီး ကြိုးစားမှုတွေလည်း လုပ်နေတာရှိပါတယ်။
အခုလို ဝါရှင်တန်က နေပြည်တော်ကို ပြန်လည်ထိတွေ့ဆက်ဆံတာတွေမတိုင်ခင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမေရိကန်နဲ့ နေပြည်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမှု ရှိခဲ့တဲ့အပေါ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်ပြီးထောက်ပြတာတွေ ရှိခဲ့ပါတယ်။
နောက်ပြီး NUG အစိုးရဟာ ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးရုံးကို ၂၀၂၃ ခုနှစ်တည်းက ဖွင့်လှစ်ထားတာပါ။
ဒါကြောင့် NUG အနေနဲ့ မြန်မာ့တော်လှန်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေကြား တန်ပြန်လော်ဘီလုပ်နိုင်တဲ့လှုပ်ရှားမှုတွေ လိုအပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။
တစ်ဖက်က ကြည့်ရင်တော့ မြေရှားသတ္တုနဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အမေရိကန်အပြင် သူ့ရဲ့ ပြိုင်ဘက် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း ဦးစားပေးကိစ္စရပ်တွေ ဖြစ်နေပါတယ်။
အမေရိကန်ဟာ မြေရှားသတ္တုတင်သွင်းမှုမှာ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ဂျပန်၊ ထိုင်း၊ မလေးရှားနဲ့ ဩစတြေးလျအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာတွေ ရေးထိုးထားပါတယ်။
အဲဒီသဘောတူညီချက်တွေမှာ မြေရှားအပါအဝင် အရေးကြီးသတ္တုတွေနဲ့ ပတ်သက်တဲ့ နည်းပညာနဲ့ အသိပညာတွေ မျှဝေရေး၊ သတ္တုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့အခါ အမေရိကန်ကို ဦးစားပေးခွင့်ပေးရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုအရင်းအမြစ်အကြောင်းကို အမေရိကန်ဘက်က ဆွေးနွေးမှု စတင်ခဲ့တာဖြစ်ပါတယ်။
မိုက်ကယ်ဗန့်စ်ရဲ့ ကြိုးပမ်းမှုနဲ့ လွတ်မြောက်လာခဲ့တဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း အဒမ်ကာစတီယိုကလည်း မြန်မာ့မြေရှားသတ္တုအကြောင်း အိမ်ဖြူတော်ကို အရင်က စည်းရုံးပြောဆိုခဲ့ဖူးသူဖြစ်တယ်လို့ ကာစတီယိုရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံသားတွေဆီက ဒေါ်လာဘီလျံနဲ့ချီ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အမေရိကန်ရဲ့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဘန်ကောက်မှာ ရုံးထိုင်ပြီး ကိုင်တွယ်နေပါတယ်။
ဒါပေမဲ့ မြေရှားသတ္တုရလိုတာ ဒါမှမဟုတ် ကျားဖြန့်လုပ်ငန်းတွေကို ထိန်းချုပ်နှိမ်နင်းဖို့ဆိုတဲ့ အမေရိကန်ရဲ့ လိုလားချက်တွေကို နေပြည်တော်ဘက်က အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြပါတယ်။ အဲဒီလုပ်ငန်းတွေ လည်ပတ်နေတဲ့ ဒေသအားလုံးကို နေပြည်တော်နဲ့ သူ့စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်တာမရှိတာကြောင့်လို့ ဆိုပါတယ်။
"အမေရိကန်နိုင်ငံက စိတ်ဝင်စားလာတယ်၊ ပြောလာတဲ့အတွက်ကြောင့် ဒီမြေရှား supply chain ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်တွေပိုလုပ်တာ၊ ဗုံးကြဲတာတွေ ပိုလုပ်လာနိုင်တယ်။ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ ပဋိပက္ခဘက်ကို ပိုဦးတည်သွားစေနိုင်တယ်" လို့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင်က သုံးသပ်ပါတယ်။
မြေရှားသတ္တုနဲ့ ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးအကြောင်း ဆွေးနွေးခဲ့တယ်လို့ဆိုတဲ့ မိုက်ကယ်ဗန့်စ်နဲ့ ဦးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ နေပြည်တော်ဘက်က အခုအချိန်အထိ တရားဝင်ထုတ်ပြန်ချက် မလုပ်သေးပါဘူး။
ဒါပေမဲ့ စက်တင်ဘာ ၂၄ ရက်နဲ့ ၂၆ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်အစိုးရအရာရှိတွေက နေပြည်တော်နဲ့ တွေ့ဆုံမှုအကြောင်း ထုတ်ဖော်ပြောဆိုလာတာဟာ ထူးခြားမှုလို့ ကောက်ချက်ချကြပါတယ်။
"ရှီကျင့်ဖျင်နဲ့ သမ္မတထရမ့် တွေ့တာ မကြာသေးခင်ကာလမှာမှ ဒီလိုမျိုး မြန်မာနဲ့ တိုက်ရိုက်ဆက်ဆံနေပါပြီလို့ လူသိရှင်ကြား ထုတ်ပြောတာက တရုတ်နဲ့ အမေရိကန်အကြားမှာ မြန်မာနဲ့ပတ်သက်တဲ့ နားလည်မှုတစ်စုံတရာ ရခဲ့လားဆိုတာတော့ မေးစရာဖြစ်လာတယ်" လို့ နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာက မြေရှားထွက်ရှိရာဒေသတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ၊ သတ္တုတူးဖော်ရေးနဲ့ ကုန်သွယ်ရေးကို ဘယ်အဖွဲ့တွေက လက်တွေ့စီမံနေသလဲဆိုတာတွေက အမေရိကန်ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်မနိုင်အပေါ် အဆုံးအဖြတ်ပေးနိုင်ပါတယ်။
ဒါကြောင့် အမေရိကန်ရဲ့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံမှုဟာ အမေရိကန်နိုင်ငံသားတစ်ဦး လွတ်မြောက်ရေးနဲ့ ကျားဖြန့်နှိမ်နင်းရေးကိစ္စတွေမှာပဲ ရပ်တန့်သွားမလား၊ ဒါမှမဟုတ် မြန်မာ့မြေရှားအရင်းအမြစ်နဲ့ ပတ်သက်တဲ့ အကျိုးစီးပွားတွေကြောင့် ပိုပြီးကျယ်ပြန့်လာမလားဆိုတာ အမေရိကန်ဘက်က ရှေ့ခြေလှမ်းတွေအပေါ် မူတည်နေပါတယ်။
သမ္မတထရမ့်ဟာ သူ့နိုင်ငံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ transactional policy လို့ခေါ်တဲ့ အကျိုးစီးပွားအခြေပြု အလုပ်ဖြစ်ရေးကို ဦးစားပေးသူလို့ သိထားကြတာကြောင့် သူ့အစိုးရအဖွဲ့ရဲ့ မြန်မာကိုချဥ်းကပ်ပုံမှာလည်း အဲဒီအခြေခံမူအတိုင်း လုပ်လာနိုင်စရာရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ရှူမြင်ထားကြပါတယ်။






















