TikTok မှာ ''ကပြ''ရတဲ့အလုပ်နောက်ကွယ်မှာ လူငယ်တွေဘာတွေကြုံနေရလဲ

TikTok မှာ Live လွှင့်''ကပြ''ရတဲ့အလုပ်တွေ သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, TikTok မှာ Live လွှင့်''ကပြ''ရတဲ့အလုပ်တွေ သရုပ်ဖော်ပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ TikTok ကို ဝင်ကြည့်လိုက်တာနဲ့ လူအများရဲ့အာရုံကို ဖမ်းစားနေတဲ့ အလုပ်ခေါ်စာတွေထဲမှာ TikTok မှာ Live လွှင့်ရမယ့်အလုပ်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။

ခေတ်ပေါ်အဝတ်အစားဒီဇိုင်းတွေဝတ်ပြီး အုပ်စုလိုက် ကခုန်ရတာ၊ ဒါမှမဟုတ် တစ်ယောက်တည်း Live လွှင့်ပေးရုံနဲ့ တစ်လ ဘတ် ၂ သောင်းအပြင် ရက်မှန်ကြေးနဲ့ ဘောနပ်စ်တွေရမယ်လို့ အဲဒီအလုပ်ခေါ်စာတွေမှာ ကြော်ငြာထားပါတယ်။

ဒါပေမဲ့ ဒီအလုပ်ကို လုပ်ခဲ့ဖူးတဲ့ အသက် ၂၂ နှစ်အရွယ် ပိုးပိုး (အမည်လွှဲ) ကတော့ "မလာလုပ်ကြပါနဲ့။ ဒီအလုပ်ကို မလုပ်ကြပါနဲ့" လို့ သတိပေးပါတယ်။ သူ ဘာကြောင့် ဒီလိုပြောရတာလဲ။

အလုပ်ခေါ်စာတွေမှာ ဖော်ပြမထားတဲ့ နောက်ကွယ်က အခြေအနေတွေက ဘာတွေလဲ။ အဲဒီလုပ်ငန်းခွင်တွေကိုအတွေ့အကြုံရှိခဲ့တဲ့ ထိုင်းရောက်လူငယ်အချို့က ဘီဘီစီကို ဖွင့်ဟထားကြပါတယ်။

အခန်းကျဥ်းတစ်ခုထဲမှာ အလုပ်ခုံနဲ့ စားပွဲကျကာ live လွှင့်နေတဲ့မိန်းကလေးပုံ၊ Livestream မိန်းကလေး Eng basic ပြောနိုင်သူ စသဖြင့် အလုပ်လိုအပ်ချက်စာတွေရေးထားပါတယ်
ဓာတ်ပုံ ပုံစာ, TikTokမှာ တွေ့ရတဲ့ Solo Livestream အတွက် အလုပ်ခေါ်ကြော်ငြာ

စမတ်ခမလိုတဲ့ လစာကောင်းတဲ့အလုပ်

TikTok Solo Livestream လွှင့်နေကြတဲ့ မြန်မာမိန်းကလေးငယ်တွေ
ဓာတ်ပုံ ပုံစာ, TikTok Solo Livestream လွှင့်နေကြတဲ့ မြန်မာမိန်းကလေးငယ်တွေ

ထိုင်းနိုင်ငံမှာ အလုပ်တစ်ခုဝင်လုပ်ဖို့ အလုပ်သွင်းပေးသူ ဒါမှမဟုတ် ပွဲစားကို ပေးရတဲ့ အခကြေးငွေကို မြန်မာအလုပ်သမားတွေကြားမှာ "စမတ်ခ" လို့ ခေါ်ကြပါတယ်။

စက်ရုံ၊ စားသောက်ဆိုင်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလို မြန်မာအလုပ်သမားတွေ လုပ်ကိုင်ခွင့်ရှိတဲ့ အခြေခံအလုပ်တွေမှာ ပန်းရောင်ကတ်၊ အလုပ်ပါမစ်၊ CI နဲ့ ပတ်စ်ပို့ စတဲ့ အထောက်အထားတွေ ပြည့်စုံနေရင်တောင် ပွဲစားကို စမတ်ခပေးပြီးမှ အလုပ်ရကြတာများပါတယ်။

စမတ်ခအနေနဲ့ အနည်းဆုံး ဘတ် ၆,၀၀၀ လောက် ပေးကြရပါတယ်။

ဒါပေမဲ့ နေထိုင်ခွင့်အထောက်အထားတွေ အပြည့်အစုံရှိစရာမလိုသလို စမတ်ခလည်း ပေးစရာမလိုတဲ့ အလုပ်တစ်ခုကို ပိုးပိုး တွေ့ခဲ့ပါတယ်။ အဲဒါက TikTok မှာ Live လွှင့် ကပြရမယ့်အလုပ်ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသက် ၂၂ နှစ်အရွယ် ပိုးပိုးက ၂၀၂၄ စစ်မှုထမ်းဥပဒေအသက်ဝင်ပြီးနောက်ပိုင်း ထိုင်းကို ရွှေ့လာတဲ့ မြန်မာလူငယ်တစ်ဦးပါ။ အဲဒီလုပ်ငန်းခွင်ထဲသူရောက်တဲ့အခါသူ့လိုမြန်မာလူငယ်တွေကိုတွေ့ခဲ့ရပါတယ်။

သူအလုပ်လုပ်နေတဲ့ ဘန်ကောက်က ရုံးမှာ မြန်မာမိန်းကလေးငယ် ၁၆၀ ကျော် ရှိနေသလို တခြားရုံးခွဲ သုံးခုမှာလည်း မြန်မာတွေပဲ အလုပ်လုပ်နေကြတယ်လို့ သူက ပြောပါတယ်။

"ညီမက အရင်က ညဈေးတွေမှာ ဈေးရောင်းတာလုပ်တယ်။ ရုတ်တရက် အမေက ခွဲစိတ်ကုသဖို့ ဖြစ်လာတော့ ပိုက်ဆံပိုရမယ့်အလုပ် ရှာရင်းနဲ့ ဒီအလုပ်ကို တွေ့တာပဲ" လို့ ပိုးပိုးက ပြောပါတယ်။

လစာကောင်းတဲ့အပြင် သူ့ဆွေမျိုးနီးစပ်တဲ့ မိန်းကလေးတွေကလည်း ဒီအလုပ်ကို ဝင်လုပ်ချင်နေကြတာကြောင့် ပိုးပိုးက အရင်ဆုံး ကိုယ်တိုင်ဝင်လုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

"ငါ အရင်ဝင်လုပ်ကြည့်မယ်။ နင်တို့ အခြေအနေစောင့်ကြည့်ကြဦးလို့ ပြောထားတယ်" လို့ သူက ဆိုပါတယ်။ ဒီအလုပ်မှာ ရုံးကနေဖြစ်စေ၊ ကိုယ့်အိမ်ကနေဖြစ်စေ Live လွှင့်နိုင်ပြီး ကိုယ်ကြိုက်တဲ့နေရာကို ရွေးချယ်ခွင့်ရှိပါတယ်။ အလုပ်ဝင်တဲ့အခါ ကိုယ့်အတွက် TikTok အကောင့်တစ်ခု ပေးထားပြီး အဲဒီအကောင့်ကနေ Live လွှင့်ရတာပါ။

"ကိုယ့်ဘာသာ အပျော်တမ်း Live လွှင့်နေသလိုပုံစံနဲ့ သွားခိုင်းတာ" လို့ ပိုးပိုးက ပြောပါတယ်။

ပိုးပိုးရဲ့ အလုပ်ချိန်က မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်ပါတယ်။ Live လွှင့်နေချိန်မှာ ကူညီပေးဖို့ အကူတစ်ယောက်လည်း ထားပေးပါတယ်။

"Live မလွှင့်ခင် သူ့ကို ဘာဝတ်ထားလဲဆိုတာ ပြရတယ်။ အဆင်ပြေပြီဆိုမှ လွှင့်ရတယ်။ ပြီးတော့ အဲဒီအကူက Live လွှင့်နေတဲ့ TikTok အကောင့် Chat ထဲမှာ ညီမပြောသလိုနဲ့ ဝင်ကြည့်တဲ့ Supporter တွေကို သူက စာပြန်တယ်" လို့ ပိုးပိုး က ရှင်းပြပါတယ်။

ပိုးပိုးပြောတဲ့ Supporter ဆိုတာကတော့ TikTok မှာ Live လွှင့်နေသူတွေကို ပိုက်ဆံပေးဝယ်ရတဲ့ Gift တွေ ပို့ပေးကြသူတွေကို ဆိုလိုတာပါ။

"နိုင်ငံခြားသားတွေက Gift ပိုပစ်နိုင်လို့ သူတို့ကို ဦးစားပေးပြောရတယ်။ မြန်မာမဟုတ်ရင် ပြီးရော။ မြန်မာတွေကို Block တယ်" လို့ ပိုးပိုးက ပြောပါတယ်။

ပိုးပိုးအပါအဝင်အားလုံးက အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်ကြပြီး Live လွှင့်တဲ့အခါမှာလည်း အင်္ဂလိပ်လိုပဲ အဆက်မပြတ်ပြောကြရတာပါ။

ဒီအထိတော့ သာမန် TikTok Live အလုပ်တစ်ခုလိုပါပဲ။

ဘတ် ၂ သောင်းရတဲ့ အလုပ်နောက်ကွယ်က ထိန်းချုပ်မှုများ

ခန္ဓာကိုယ်အတွင်းပိုင်းနေရာတွေ ပြခိုင်းတဲ့ TikTok Supporter တစ်ဦးနဲ့ Live လွှင့်တဲ့ မိန်းကလေးရဲ့ chat box
ဓာတ်ပုံ ပုံစာ, ခန္ဓာကိုယ်အတွင်းပိုင်းနေရာတွေ ပြခိုင်းတဲ့ TikTok Supporter တစ်ဦးနဲ့ Live လွှင့်တဲ့ မိန်းကလေးရဲ့ chat box

"ဒီအလုပ်လုပ်ချင်နေတဲ့သူတွေကို ပြောချင်တာကတော့ ကောင်းတဲ့အချက်တစ်ချက်မှ မရှိပါဘူး။ ညီမလေးလည်း ထွက်တော့မှာပါ" လို့ ပိုးပိုးက ပြောပါတယ်။

သူ အလုပ်ထွက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပထမဆုံးတစ်ခုကတော့ အလုပ်ခေါ်စာမှာ ကြော်ငြာထားတဲ့ တစ်လ ဘတ် ၂၀,၀၀၀ ဆိုတဲ့ လစာဟာ အခြေခံလစာမဟုတ်တာကြောင့်ပါ။

အဲဒီအလုပ်ခေါ် စာတွေမှာ တစ်ယောက်တည်း Live လွှင့်ရင် ဘတ် ၂၀,၀၀၀ နဲ့ ရက်မှန်ကြေးရမယ်၊ အုပ်စုလိုက် ကခုန်တဲ့ Live အတွက်ဆိုရင် ဘတ် ၂၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ ရနိုင်တယ်လို့ ကြော်ငြာထားကြပါတယ်။

"သူတို့ပြောတဲ့ လစာက Diamond Target မပြည့်ရင် မရပါဘူး။ ညီမလည်း အလုပ်ဝင်တဲ့လမှာ တစ်သောင်းကျော်ပဲ ရပါတယ်" လို့ ပိုးပိုးက ပြောပါတယ်။

Diamond Target ဆိုတာ "TikTok Live ကနေ ရရှိတဲ့ Diamond အဆင့်လက်ဆောင်တန်ဖိုး သတ်မှတ်ချက်ဖြစ်ပါတယ်။

"တစ်ရက်ကို Target က 10K၊ တစ်လကို ဘတ် သုံးသိန်းလောက်အထိ ရအောင်လုပ်ခိုင်းတာ။ အဲဒါက အရမ်းခက်တယ်လေနော်" လို့ သူက ဆက်ပြောပါတယ်။

Live လွှင့်နေတဲ့ အချိန်အတွင်းမှာလည်း Gift ဘယ်လောက်ရပြီဆိုတာကို အလုပ်တာဝန်ရှိသူတွေဆီ ပုံမှန်သတင်းပို့ရပါတယ်။

"နေ့လယ်လောက်အထိ 1K၊ 2K မပြည့်သေးရင် ဘယ်လောက်ရမှ အလုပ်ဆင်းရမယ်တွေ ပြောလာကြရော။ တစ်ရက် အလုပ်ချိန် ခြောက်နာရီဆိုတာ မဟုတ်ပါဘူးလို့ ပြောချင်တယ်" လို့ ပိုးပိုးက ပြောပါတယ်။

အလုပ်ထဲက စီနီယာဆိုသူတွေကလည်း Gift ရတဲ့ပမာဏ နည်းတဲ့သူနဲ့ များတဲ့သူကို နှိုင်းယှဉ်ပြောဆိုကြတာကြောင့် မိန်းကလေးတွေမှာ စိတ်ဖိစီးမှုတွေပါ ခံစားလာရတယ်လို့ ဆိုပါတယ်။

"သူများတွေ ဘယ်လောက်ရနေတဲ့အချိန် နင်ကတော့ ဒီလောက်ပဲ ရသေးတယ်လို့ ပြောရင် စိတ်က အဆင်မပြေတော့ဘူးလေ။ ဒီတော့ သူတို့မခိုင်းဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် Target ပြည့်အောင် လုပ်နေတဲ့ပုံစံမျိုးလည်း ဖြစ်လာတယ်" လို့ ပိုးပိုးက ပြောပါတယ်။

ညနေ ၅ နာရီမှာ အလုပ်စဝင်တဲ့ တချို့မိန်းကလေးတွေဆိုရင် သတ်မှတ်ထားတဲ့ Target မပြည့်တာကြောင့် မနက် ၃ နာရီအထိ ဆက်တိုက် Live လွှင့်နေကြရတယ်လို့ ပိုးပိုးက ပြောပါတယ်။

Live လွှင့်နေချိန်မှာလည်း နားချိန်မရကြဘူးလို့ သူက ဆိုပါတယ်။

လုပ်ခလစာနဲ့ အလုပ်ချိန်ဆိုင်ရာ ပြဿနာတွေအပြင် ကိုယ်ပိုင်အချိန်မရှိတော့တာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတယ်လို့ ပိုးပိုးက ပြောပြပါတယ်။

Livestreamer ကိုပေးရတဲ့ TikTok လက်ဆောင်တွေ
ဓာတ်ပုံ ပုံစာ, Livestreamer ကိုပေးရတဲ့ TikTok လက်ဆောင်တွေ

"တစ်ချိန်လုံး Line Group ထဲမှာ ရုံးကလုပ်တဲ့မီတင်တွေ၊ ပို့လာတဲ့စာတွေကို ပြန်နေရတယ်။ Live ပြီးရင်လည်း အလုပ်မပြီးသေးဘူး။ ကိုယ့်ကို Gift ပေးတဲ့သူတွေကို စာပို့တာ၊ ဖုန်းခေါ်တာတွေ လုပ်ခိုင်းတယ်" လို့ ပိုးပိုးက ပြောပါတယ်။

ဒီလို Supporter တွေနဲ့ ဆက်သွယ်ပေးရတဲ့အလုပ်ကို ပိုးပိုးကိုယ်တိုင် လုပ်ရတာမဟုတ်ဘဲ အကူအဖြစ် လုပ်ကိုင်နေတဲ့ တရုတ် ဒါမှမဟုတ် ဖိလစ်ပိုင်နိုင်ငံသားတွေကလည်း လုပ်ပေးကြတယ်လို့ သူက ဆိုပါတယ်။

"Supporter က ဘာပြရင် ဘာလက်ဆောင်ပစ်မယ်ဆိုရင် တခြားမိန်းကလေးပုံကို ကိုယ့်ပုံလိုမျိုးလုပ်ပြီး ပို့ကြတယ်" လို့ သူက ပြောပါတယ်။

ဒီလို Gift ရဖို့ ကြိုးစားရာမှာ လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေလည်း ပါဝင်လာတယ်လို့ ပိုးပိုးက ဆိုပါတယ်။ ဖုန်းကနေ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုပေးဖို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖော်ပြဖို့ ဖိအားပေးခံရတဲ့ မိန်းကလေးတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

"တစ်ဖက်က အာသာဖြေဖို့ ဒီဘက်ကနေ အသံနဲ့ပြောပေးရတာ ကြုံတဲ့သူရှိတယ်။ တချို့ကလည်း စိတ်လိုလက်ရ လုပ်ချင်တဲ့သူရှိနိုင်ပေမဲ့ အများစုအတွက်တော့ အဆင်မပြေဘူး" လို့ ပိုးပိုးက ပြောပါတယ်။

ဒီအလုပ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပါ ဝင်လုပ်နေကြတယ်လို့လည်း သူက ပြောပါတယ်။

အလုပ်ခေါ်စာတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူလို့ သတ်မှတ်ထားပေမဲ့ ထိုင်းနိုင်ငံရောက် မြန်မာမိန်းကလေးတွေကို အလုပ်ခေါ်ပေးတဲ့ မြန်မာပွဲစားတွေက အလုပ်လျှောက်လွှာမှာ အသက်အချက်အလက်တွေကို ပြင်ဆင်ရေးသွင်းပြီး အလုပ်သွင်းပေးနေကြတာလို့ ပိုးပိုးက ဆိုပါတယ်။

"ညီမတို့ရုံးက ညီမလေးဆို ၁၅ နှစ်တည်းက ဝင်လာတာ။ ဒီနှစ်မှ ၁၆ နှစ်ပဲ ရှိသေးတယ်" လို့ သူက ပြောပါတယ်။

လူခေါ်ပေးတဲ့ မြန်မာ HR တွေ

TikTok က လူခေါ်ကြော်ငြာ
ဓာတ်ပုံ ပုံစာ, TikTok က လူခေါ်ကြော်ငြာ

သာမန်ကုမ္ပဏီတွေမှာ ဝန်ထမ်းခန့်ထားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး (HR) လုပ်ငန်းတွေ လုပ်ကိုင်ရပေမဲ့ TikTok Live အလုပ်တွေအတွက် ခေါ်ယူနေတဲ့ HR ရာထူးကတော့ အဲဒီလို မဟုတ်ပါဘူး။ ဆိုင်းက ဒီအလုပ်ကို လျှောက်ထားဖူးသူတစ်ယောက်ပါ။

"ကိုယ်အလုပ်ရှာနေတုန်း သူငယ်ချင်းတွေက ပို့လာရင် ဒီအလုပ်ပဲ တွေ့နေလို့ သွားလျှောက်ကြည့်တာပေါ့။ သေချာသိချင်၊ စပ်စုချင်တာလည်း ပါတယ်" လို့ ဆိုင်းက ပြောပါတယ်။

သူဟာ အရင်က ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု (Administration) အတွေ့အကြုံရှိသူဖြစ်တာကြောင့် HR ရာထူးနဲ့လည်း လုပ်ကိုင်နိုင်မယ်လို့ ယူဆပြီး အလုပ်လျှောက်ခဲ့တာပါ။

ဒါပေမဲ့ အင်တာဗျူးသွားတဲ့နေ့မှာပဲ အလုပ်နဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ သတိထားမိခဲ့တယ်လို့ ဆိုင်းက ပြောပါတယ်။

"အင်တာဗျူးသွားတဲ့နေ့မှာပဲ Fishy (မသင်္ကာစရာ) ဖြစ်တာ သတိထားမိတယ်။ ထိုင်းက ရုံးဆိုပေမဲ့ ထိုင်းတစ်ယောက်မှ မရှိဘူး။ အင်္ဂလိပ်စာလည်း သိပ်မကောင်းတဲ့ မြန်မာနှစ်ယောက်ပဲ ရှိတယ်။ သူတို့ဘာသာတော့ မြန်မာချင်း အလုပ်အကိုင်ရစေချင်တဲ့ပုံစံ ဖမ်းထားတာပေါ့" လို့ ဆိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ဗီဇာ ဘယ်အမျိုးအစား ကိုင်ထားသလဲဆိုတာကိုလည်း မေးမြန်းတာ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

"HR ဆိုပေမဲ့ ကိုယ်ထင်ထားတဲ့ HR မဟုတ်ဘဲ လူခေါ်ပေးရတာ။ တစ်လမှာ သုံးယောက် ခေါ်ပေးရမယ်။ ဒီထက်ပိုခေါ်နိုင်ရင် တစ်ယောက်ကို ဘတ် ၁,၅၀၀ ရမယ်တဲ့။ ဒါကြောင့် TikTok မှာ လူခေါ်ပေးနေတာကိုး" လို့ ဆိုင်းက အင်တာဗျူးပြီးမှ သိခဲ့ရတဲ့ အလုပ်တာဝန်ကို ပြောပြပါတယ်။

ဒီအလုပ်မှာ ဝန်ထမ်းတွေ အလုပ်ထွက်တာ များနေပုံရတယ်လို့လည်း ဆိုင်းက သတိထားမိခဲ့ပါတယ်။

"HR ရဲ့ နောက်အလုပ်တစ်ခုက လူတွေကို ထိန်းပေးရမယ်ပေါ့။ ဘာလို့ ထိန်းဖို့လိုတာလဲပေါ့နော်။ နောက်ကွယ်မှာ မရှင်းတာတွေရှိတယ်ဆိုတာ သတိထားမိလို့ ဝင်မလုပ်ဖြစ်ခဲ့ဘူး" လို့ ဆိုင်းက ပြောပါတယ်။

အဲဒီအလုပ်ကို လျှောက်ထားပြီးနောက်မှာတော့ သူတွေ့ကြုံခဲ့ရတဲ့ သာမန်မဟုတ်တဲ့ အခြေအနေတွေကို တခြားအလုပ်ရှာနေသူတွေ သိရှိနိုင်ဖို့ TikTok မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

TikTok မှာ ဘတ် ၂၀,၀၀၀ နဲ့ ခေါ်နေတဲ့ Live Host အလုပ်နောက်ကွယ်က မသင်္ကာစရာ အချက်တွေကို ဝေမျှနေတဲ့ ဆိုင်း
ဓာတ်ပုံ ပုံစာ, TikTok မှာ ဘတ် ၂၀,၀၀၀ နဲ့ ခေါ်နေတဲ့ Live Host အလုပ်နောက်ကွယ်က မသင်္ကာစရာ အချက်တွေကို ဝေမျှနေတဲ့ ဆိုင်း

''ဆိုင်း'' က ဘန်ကောက်မှာ Live Stream Host အလုပ်တွေကို လျှောက်နေကြတုန်းလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအလုပ်တွေရဲ့နောက်ကွယ်ကအကြောင်းတွေကို Live လွှင့်ပြီး ပြောပြနေပါတယ်။

အဲဒါကြောင့် တချို့မိန်းကလေးတွေက သူတို့အဲဒီလုပ်ငန်းခွင်ထဲကြုံနေရတဲ့လစာခေါင်းပုံဖြတ်ခံရတာ၊လိင်ပိုင်းဆိုင်ရာစကားတွေပြောဖို့ ဖိအားပေးခံရတာတွေကို 'ဆိုင်း'ကို ဆက်သွယ်ပြောပြကြပါတယ်

အဲဒီအကြောင်းတွေကို TikTok မှာမျှဝေလို့ သူကိုယ်တိုင်လည်း ပစ်မှတ်ထားစောင့်ကြည့်ခံရတာ၊ဆဲဆိုခံရတာမျိုးကြုံရတယ်လို့ 'ဆိုင်း' က ဆိုပါတယ်။

"ကျွန်မအကောင့်မှာ Live လွှင့်တဲ့အချိန် အောက်ကနေ တောက်လျှောက် ဝင်ဆဲကြတယ်။ ကျွန်မအကောင့်နာမည်က နာမည်ရင်းမဟုတ်ပေမဲ့ နာမည်ရင်းကို သိအောင်လုပ်ပြီး ကွန်မန့်ထဲမှာ လာရေးကြတယ်" လို့ သူက ပြောပါတယ်။

ဒီလို ပစ်မှတ်ထားနှောင့်ယှက်ခံရတဲ့ အခြေအနေဟာ လူမှုကွန်ရက်ကနေ ရွှေ၊ ကျောက်နဲ့ ခဲခြစ်ကံစမ်းမဲတွေက လိမ်လည်နေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဖွင့်ဟပြောဆိုလာချိန်မှာ ကြုံရတဲ့ အခြေအနေတွေနဲ့ ဆင်တူပါတယ်။

လိမ်လည်ပုံနဲ့ လိမ်လည်နည်းတွေကို ဖော်ပြထားတဲ့ ပို့စ်တွေအောက်မှာ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဝင်ရောက်ဆဲဆိုတာ၊ အကောင့်အများအပြားကနေ စာပို့ပြီး နှောင့်ယှက်တာ၊ လိမ်လည်နည်းအသစ်တွေနဲ့ ထပ်မံချဉ်းကပ်တာတွေကိုလည်း ကြုံတွေ့ကြရပါတယ်။

TikTok က အုပ်စုလိုက်ကပြီး Live လွှင့်ကြတဲ့ မိန်းကလေးငယ်တွေ
ဓာတ်ပုံ ပုံစာ, TikTok က အုပ်စုလိုက်ကပြီး Live လွှင့်ကြတဲ့ မိန်းကလေးငယ်တွေ

အုပ်စုလိုက် ကခုန်ပြီး TikTok Group Livestream လုပ်နေတဲ့ လူငယ်အမျိုးသားတစ်ဦးကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"ကျွန်တော် ဒီအလုပ်ဝင်တာ လေးလရှိပြီ။ ကုမ္ပဏီ သုံးခု ပြောင်းခဲ့ရပြီ။ ဘာလို့လဲဆိုတော့ သူတို့ပြောသလို လစာ ဘတ် ၂ သောင်းလည်း တကယ်မရတာရှိတယ်။ အကြာကြီး ကရလို့ ပင်ပန်းတာတစ်ပိုင်းရှိသလို လက်ဆောင်ရတာ နည်းရင် ဖိအားလည်း အရမ်းများတယ်" လို့ သူက ပြောပါတယ်။

ဒီလို Livestream အလုပ်တွေဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း လူတွေ အိမ်မှာပဲ နေထိုင်ကြရချိန်မှာ တရုတ်နိုင်ငံက Douyin (ဒုံရင်း)လို ဆိုရှယ်ပလက်ဖောင်းတွေမှာ စတင်ခေတ်စားလာခဲ့တာပါ။

အလုပ်အကိုင်ရရှိမှုနှုန်း ကျဆင်းလာတဲ့ တရုတ်လူငယ်တွေဟာလည်း ဒီလုပ်ငန်းထဲကို အပြိုင်အဆိုင် ဝင်ရောက်လာကြပါတယ်။ China Business Journal ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံရဲ့ Group Livestream ဈေးကွက်အရွယ်အစားဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်အထိ ရှိလာခဲ့ပါတယ်။

ဈေးကွက်ကြီးထွားလာတာနဲ့အမျှ ပြိုင်ဆိုင်မှုဖိအားတွေကြားက လူငယ်တွေရဲ့ အခြေအနေကိုလည်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာကြပါတယ်။

လက်ဆောင်ရရှိမှု နည်းပါးတာကြောင့် လနဲ့ချီ လစာမရတာ၊ ပြိုင်ဆိုင်မှုကြားမှာ စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ရကြောင်း သတင်းဖော်ပြချက်တွေမှာ တွေ့ရပါတယ်။ လက်ဆောင်ပိုပို့လာအောင် အားပေးသူတွေနဲ့ ကိုယ်ပိုင်အချိန်တွေမှာပါ ဆက်သွယ်စကားပြောနေရတာဟာလည်း ဒီအလုပ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

ဒီလို Live လွှင့်တဲ့ စီးပွားရေးလုပ်ငန်းဟာ တရုတ်နိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ပျံ့နှံ့လာတာပါ။ ဒါပေမဲ့ ဘန်ကောက်မှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ပိုးပိုးကတော့ ဒီအလုပ်ကို လာမလုပ်ကြဖို့ သတိပေးပါတယ်။

"အလုပ်စဝင်တဲ့လမှာ ၁၅ ရက် အလကားလုပ်ပေးရတယ်။ လစာအပြည့်မရလည်း ဘယ်သူ့ကို သွားတိုင်မလဲ။ ခြောက်နာရီ Live လွှင့်ပြီးတာနဲ့လည်း အလုပ်ပြီးတာ မဟုတ်ပါဘူး။ ဒါကြောင့် မလာကြပါနဲ့၊ မလုပ်ကြပါနဲ့"