တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာ့အရေးမှာ 5PC တိုးတက်မှုပြသဖို့ အာဆီယံဥက္ကဋ္ဌသစ် စင်ကာပူ တိုက်တွန်းထား

အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး မြန်မာ့အရေးမှာ 5PC အတိုင်း တိုးတက်မှု ပြသဖို့ တိုက်တွန်းထားတဲ့သတင်းအပါအ၀င် နို၀င်ဘာ ၁၈ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အာဆီယံအလှည့်ကျဥက္ကဋ္ဌတာ၀န်ကို ဖိလစ်ပိုင်က စင်ကာပူနိုင်ငံထံ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး မြန်မာ့အရေးမှာ ဘုံ ၅ ချက် တိုးတက်မှုပြသဖို့ စင်ကာပူ၀န်ကြီးချုပ်က အစောပိုင်းမှာ ပြောထားပါတယ်
  • အင်ဒို- ပစိဖိတ်နဲ့ မြန်မာပါ၀င်တဲ့အာရှ -ပစိဖိတ်ဒေသမှာ အာဆီယံအဖွဲ့ကြီးရဲ့အခရာကျမှုကို Quad ခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုလိုက်ပါတယ်
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အာရှကို ရောက်နေကြပါပြီ။ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်လာနဲ့ ဘတ်စျေးတက်၊ မြန်မာငွေဈေးဆက်ကျ

    အမျိုးသမီးတစ်ဦးထိုင်နေပြီး မြန်မာငွေတွေကို ရေတွက်နေတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ပုံဟောင်း

    အမေရိကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်လို့ ထိုင်းဘတ်ငွေစျေးတက်လာတာနဲ့ အမျှ မြန်မာကျပ်ငွေစျေးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ရှိ ပြင်ပငွေလဲစျေးကွက်လုပ်ငန်းလုပ်ကိုင်သူတချို့ကပြောပါတယ်။

    ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်း စျေးကွက်အဖွင့်မှာ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းငွေ ဘတ် ၆၈၀ ကျော်နဲ့ ၇၀၀ ဝန်းကျင်သာရတော့ပြီး မြန်မာငွေဈေးဆက်လက်ကျဆင်းနေတယ်လို့ ပြင်ပငွေလဲဈေးကွက်လုပ်ငန်းတွေရဲ့အချက်အလက်တွေအရ သိရှိရပါတယ်။

    အခု နိုဝင်ဘာလအစမှာ မြန်မာငွေကျပ်တစ်သိန်းကို ဘတ် ၇၁၀ ကျော်ရှိရာကနေ နှစ်ပတ်ကျော် အတွင်း ကျပ်ငွေဈေးဆက်တိုက်ကျဆင်းလာတာပါ။ ဒီနေ့အဖွင့်ဈေးက ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၄၇ ကျပ်ပေးရတာဖြစ်ပါတယ်။

    အမေရိကန်ဒေါ်လာဈေးတွေလည်းဆက်တက်နေပြီး ဒီနေ့မနက်မှာ တစ်ဒေါ်လာကို ၄,၉၆၀ ကျပ်အထိ ရှိနေပါတယ်။ အခုလအစမှာ တစ်ဒေါ်လာကို ၄,၇၀၀ ဝန်းကျင်သာရှိရာကနေ ငွေကျပ် ၅,၀၀၀ နီးပါးအထိ ရောက်လာတဲ့အခြေအနေပါ။

    နေပြည်တော်က နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေသတ်မှတ်ထားကာ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လဲလှယ်ပေးပြီး ပြင်ပဈေးကွက်နဲ့ ထက်ဝက်နီးပါးကွာဟနေပါတယ်။

    ဒါ‌‌ပေမဲ့ မြန်မာဗဟိုဘဏ်က တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ၊ လဲလှယ်တာတွေနဲ့ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို လိုက်နာခြင်းမရှိတဲ့ လုပ်ငန်းတွေကို ဥပဒေအရ အရေးယူမယ်လို့ အခုလထဲ မကြာခဏသတိပေးထားပါတယ်။

    ဗဟိုဘဏ်ရဲ့ အခုလထဲထုတ်ပြန်ချက်မှာ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ငွေကြေးလဲလှယ်တာ၊ ခွင့်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာနဲ့ ငွေလဲနှုန်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာဥပဒေတွေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒီနေ့မနက် မြန်မာရွှေဈေး ပြင်ပပေါက်စျေးက ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်ငွေ သိန်းတစ်ရာနဲ့ ၃ သိန်း ဝန်းကျင်ရှိနေပါတယ်။

    ဒါအပြင် နိုင်ငံခြားငွေ‌ဈေးကွက်နဲ့အတူ မြန်မာ့ရွှေဈေးမတက်ဖို့လည်း ဈေးကွက်ထိန်းချုပ် တာတွေ လုပ်ထားပြီး အွန်လိုင်းကနေ ရွှေမရောင်းချဖို့ပါ ကန့်သတ်ထားပါတယ်။

    တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းတွေ မြင့်တက်နေတဲ့အတွက် တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်ရောက်နေလို့ ကမ္ဘာစျေးကွက်မှာ ရွှေ‌စျေးကျ ငွေစျေးမာနေပါတယ်။

    ကမ္ဘာ့စျေးကွက်မှာ ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အတိုးနှုန်းအလားအလာတွေအပေါ် မူတည်ပြီး ဆက်လက်အတက်အကျရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

  2. ရှီနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ထရမ့်နဲ့ ပူတင်တို့ အာရှရောက်နေ

    ရှီ၊ ထရမ့်နဲ့ ပူတင်တို့ ပေါင်းစပ်ဓာတ်ပုံ

    တရုတ်မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Apec) ရဲ့ ဆက်စပ်အစည်းအဝေးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

    ရုရှားသမ္မတ ပူတင် ဟာအေပက် ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ တရုတ်ကို ရောက်နေပြီဖြစ်ပါတယ်။

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ ဒီနေ့မှာ တရုတ်ကို သွားမှာဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကတော့ ဒီနေ့မနက်ပိုင်းမှာပဲ အေပက် အမှုဆောင်အစည်းအ၀ေး (CEO Summit) မှာ မိန့်ခွန်းပြောပါတယ်။​

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ဒီတွေ့ဆုံပွဲကို အတည်ပြုခဲ့တာဖြစ်ပြီး အိမ်ဖြူတော်နဲ့ ကရင်မလင်တို့ကလည်း အစောပိုင်းမှာ အသီးသီး ကြေညာထားပြီး ဖြစ်ပါတယ်။

    ဒီအစည်းအဝေးဟာ ကမ္ဘာ့အင်အားကြီးခေါင်းဆောင် သုံးဦး ပထမဆုံးအကြိမ် တစ်နေရာတည်းမှာ စုဝေးတွေ့ဆုံမယ့်အစည်းအဝေးလည်း ဖြစ်ပါတယ်။

    Wall Street Journal သတင်းစာကတော့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပူတင်က ဒီဆွေးနွေးပွဲကို အဆိုပြုခဲ့တာလို့ ရေးပါတယ်။

    ထရမ့်ကလည်း နိုင်ငံ ပူးတွဲနျူကလီးယားလက်နက် လျှော့ချရေးဆွေးနွေးမှုတွေကို ကြိုဆိုကြောင်း အောက်တိုဘာလတုန်းက ပြောခဲ့ပါတယ်။​

    “ကျွန်တော်တို့ အကြောင်းအရာတော်တော်များများကို ဆွေးနွေးကြမှာပါ” လို့ ထရမ့်က အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပြီး “အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ဆိုခဲ့ပါတယ်။

    တရုတ်ဘက်က အစည်းအဝေး ကျင်းပမယ့်အကြောင်း အတည်ပြုခဲ့ပေမယ့် ဆွေးနွေးမယ့် အစီအစဉ်အသေးစိတ်တွေကိုတော့ ထုတ်မပြောသေးပါဘူး။

    အင်အားကြီး သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ။

    ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။​

  3. ထရမ့်ရဲ့ အာဆီယံနဲ့ တရုတ် ခရီးစဥ်

    နို၀င်ဘာ ၁၇ ရက် ညနေပိုင်းမှာ မနီလာမြို့ကို လေယာဥ်ဆိုက်ဆိုက်ချင်း အာဆီယံနဲ့ ဒေသတွင်း မဟာမိတ်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆက်တိုက်တွေ့ဆုံခဲ့ပါတယ်
    ဓာတ်ပုံ ပုံစာ, နို၀င်ဘာ ၁၇ ရက် ညနေပိုင်းမှာ မနီလာမြို့ကို လေယာဥ်ဆိုက်ဆိုက်ချင်း အာဆီယံနဲ့ ဒေသတွင်း မဟာမိတ်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆက်တိုက်တွေ့ဆုံခဲ့ပါတယ်

    အာဆီယံနဲ့ဆက်စပ်သတင်းတွေကို ဆက်ပြောရရင်တော့

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အာရှခရီးစဥ် ပထမအစအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ တစ်ရက်တာ တစ်ထောက်နားတဲ့အလုပ်သဘော ခရီးစဥ်ပြီးဆုံးလုနီးပြီဖြစ်ပါတယ်။​

    မနေ့ညနေပိုင်းမှာ သူ မနီလာကို လေယာဥ်ဆိုက်ဆိုက်ပြီးချင်းမှာပဲ ထရမ့်ဟာ အာဆီယံ ခေါင်းဆောင်တွေ၊ နောက်ပြီး အမေရိကန်လည်းပါ၀င်တဲ့ Quad မဟာမိတ်အဖွဲ့၀င် ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံထားပါတယ်။

    ထရမ့်ဟာ မနေ့ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ထိုးထားပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ဒါဟာ ကနဦးအဆင့်လို့ ဆိုပါတယ်။​

    ဒီနေ့မနက်မှာတော့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် "ဘွန်းဘွန်း" မားကို့စ်က ထရမ့်ကို သမ္မတအိမ်တော်မှာ တရားဝင် ကြိုဆိုဧည့်ခံသွားမှာဖြစ်ပြီး နိုင်ငံတော်အဆင့် နေ့လယ်စာဧည့်ခံပွဲ လည်း ဧည့်ခံသွားမှာဖြစ်ပါတယ်။

    အဲဒီနောက်မှာတော့ ထရမ့်ဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန်းမြို့ကို သွားပြီး အာရှ-ပစိဖိတ် ခေါင်းဆောင်တွေရဲ့ သီးခြားထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။​

    အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

    မနီလာမြို့တော်မှာတော့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အတွက် လူဦးရေ ၁၅ သန်းခန့် နေထိုင်မြို့တော်မှာ ဒီနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။​

  4. အာဆီယံအခရာကျမှုကို Quad ခေါင်းဆောင်တွေ ထပ်လောင်းပြော

    နို၀င်ဘာ ၁၇ ရက်ညနေပိုင်းမှာ မနီလာမြို့ကိုရောက်နေတဲ့ လုံခြုံရေးမဟာမိတ် Quad အဖွဲ့၀င်တွေဖြစ်တဲ့ ဂျပန်၀န်ကြီးချုပ်၊ အိန္ဒိယ၀န်ကြီးချုပ်၊ အမေရိကန်သမ္မတနဲ့ သြစတြေးလျ၀န်ကြီးချုပ်တို့ကို မြင်တွေ့ရတာဖြစ်ပါတယ်
    ဓာတ်ပုံ ပုံစာ, နို၀င်ဘာ ၁၇ ရက်ညနေပိုင်းမှာ မနီလာမြို့ကိုရောက်နေတဲ့ လုံခြုံရေးမဟာမိတ် Quad အဖွဲ့၀င်တွေဖြစ်တဲ့ ဂျပန်၀န်ကြီးချုပ်၊ အိန္ဒိယ၀န်ကြီးချုပ်၊ အမေရိကန်သမ္မတနဲ့ သြစတြေးလျ၀န်ကြီးချုပ်တို့ကို မြင်တွေ့ရတာဖြစ်ပါတယ်

    မြန်မာပါ၀င်တဲ့ အာရှ- ပစိဖိတ်ဒေသမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အာဆီယံအဖွဲ့ကြီးက အဓိက ဗဟိုချက်အဖြစ် ဆက်ရှိနေတာကို လက်ခံတဲ့အကြောင်း အမေရိကန်ပါ၀င်တဲ့ Quad လုံခြုံရေးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပါတယ်။​

    Quad အဖွဲ့၀င် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေက ခေါင်းဆောင်တွေ မနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တွေ့ဆုံအပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

    ဒီခေါင်းဆောင်တွေဟာ မနီလာမှာ ကျင်းပနေတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေကို တက်ရောက်နေခဲ့ကြအပြီးမှာ ၂ နှစ်အတွင်း ပထမဆုံး အကြိမ် သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။​

    အာဆီယံကို ဗဟိုပြုမှုနဲ့ အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုလည်း ထောက်ခံတယ်လို့ Quad ခေါင်းဆောင်တွေက ပြောပါတယ်။​

    ခေါင်းဆောင်တွေကတော့ ဉာဏ်ရည်တု (AI)၊ အရေးပါတဲ့ထောက်ပံ့ရေးကွင်းဆက်တွေ၊ ရေကြောင်းမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ Quad ခေါင်းဆောင်တွေရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။​

  5. အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်း, မြန်မာ့အရေးမှာ 5PC အတိုင်း တိုးတက်မှု ပြသဖို့ လောရင့်ဝမ် တိုက်တွန်း

    မနီလာက အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ ဖိလစ်ပိုင်သမ္မတနဲ့ စင်ကာပူ ၀န်ကြီးချုပ် (ယာဘက်)

    အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံကနေ စင်ကာပူနိုင်ငံထံ နိုဝင်ဘာ ၁၇ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ယူမယ့် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်က ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေးနဲ့ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ ပြောပါတယ်။

    မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အာဆီယံဥက္ကဋ္ဌတာဝန်ကို လောရင့်ဝမ်ထံ လွှဲပြောင်းပေးခဲ့တာပါ။

    စင်ကာပူရဲ့ ၂၀၂၇ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွက် “Deeper Integration, Wider Partnerships” ဆိုတဲ့ ဆောင်ပုဒ်ကို ရွေးချယ်ထားပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI) နဲ့ သန့်ရှင်းစွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ လောရင့်ဝမ်က ပြောပါတယ်။

    ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုနဲ့ ပြင်ပပဋိပက္ခတွေကြောင့် အာဆီယံအနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမဲ့ အဲဒီအခြေအနေတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အာဆီယံက ရွေးချယ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်လို့တော့ လောရင့်ဝမ်က နိုဝင်ဘာ ၁၅ ရက် အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံရေးဆွေးနွေးမှုတွေထဲ ပြန်လည်ပါဝင်လာစေလိုကြောင်း ပြောခဲ့ပါတယ်။

    ဒါပေမဲ့ အဲဒီလို ပြန်လည်ထိတွေ့ဆက်ဆံရေးဖြစ်လာဖို့ မြန်မာဘက်ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) အတိုင်း လက်တွေ့တိုးတက်မှုတွေ ပြသဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

    အဲဒီတိုးတက်မှုတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်ပေါ်ရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေးတို့ ပါဝင်တယ်လို့ လောရင့်ဝမ်က ပြောပါတယ်။

    အာဆီယံခေါင်းဆောင်တွေကလည်း 5PC အကောင်အထည်ဖော်မှုမှာ ရေရှည်တည်တံ့တဲ့ လက်တွေ့တိုးတက်မှုရှိလာမှသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို အဆင့်လိုက် ပြန်လည်ခွင့်ပြုရေး စဉ်းစားမယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်ထားပါတယ်။

    စင်ကာပူနိုင်ငံဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို တရားဝင်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။

  6. မင်္ဂလာပါ။

    နို၀င်ဘာလ ၁၈ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။