တပ်ချုပ်သစ်လက်ထက် တပ်အင်္ဂါစဥ် ဘယ်လိုပြောင်းသွားလဲ

ဦးမင်းအောင်လှိုင်ကို ခေါင်းပေါင်းတိုက်ပုံအဖြူနဲ့တွေ့ရပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ကို စစ်ယူနီဖောင်းတွေနဲ့ သရုပ်ဖော်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/GETTY

ဓာတ်ပုံ ပုံစာ, တပ်ချုပ်အသစ်တာဝန်ယူပြီး တစ်လမပြည့်ခင်မှာပဲ တပ်တွင်းအင်္ဂါစဥ်အပြောင်းအလဲတချို့ဖြစ်
ဖတ်ရန်အချိန်: မိနစ် ၄

ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ တပ်အင်္ဂါစဥ်တချို့ အပြောင်းအလဲလုပ်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေ၊လေ) ရာထူးဟာ တပ်ရဲ့ နံပါတ် ၃ နေရာကနေ ရွေ့သွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီး တစ်လမပြည့်ခင်မှာပဲ ညှိကွပ်အပါအဝင် တပ်တွင်းအင်္ဂါစဥ်အပြောင်းအလဲတချို့ ဖြစ်လာတာပါ။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်လုံးပါတဲ့ ပြည်ထောင်စုအင်္ဂါစဥ်ထဲမှာလည်း စစ်ဗိုလ်ချုပ်တွေရဲ့ အင်္ဂါစဥ်အပြောင်းအလဲတချို့ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ တပ်ချုပ်အသစ်ရဲ့ အဏာတည်ဆောက်မှုမဟုတ်ဘဲ စစ်ခေါင်းဆောင်ဟောင်းဦးမင်းအောင်လှိုင်ရဲ့ ဇာတ်ညွှန်းအတိုင်းပဲဖြစ်နိုင်တယ်လို့ နေပြည်တော်က အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။

ညှိကွပ်ရာထူး နောက်ရောက်သွားခြင်း

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို အစိမ်းရောင်စစ်ယူနီဖောင်းနဲ့ နေပြည်တော်က အခမ်းအနားတစ်ခုမှာ တွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, လက်ရှိညှိကွပ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး

စတင်ဖန်တီးကတည်းက ဗိုလ်ချုပ်ကြီးအဆင့်တွေကိုပဲ တာဝန်ပေးခဲ့တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးဟာ တပ်ရဲ့ နံပါတ် ၃ နေရာကနေ နံပါတ် ၅ နေရာကို ရွေ့သွားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ရဲ့နောက်ကို ရောက်သွားတာဖြစ်ပါတယ်။

ပြည်ထောင်စုအင်္ဂါစဥ်ထဲမှာပါ ညှိကွပ်က ရေချုပ်နဲ့ လေချုပ်နောက်ကို ရောက်သွားတာပါ။

စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်အပါအဝင် ဗိုလ်ချုပ်ကြီး ၇ ဦးအထိ ညှိကွပ်ဖြစ်ခဲ့ဖူးပြီး တပ်ရဲ့ နံပါတ် ၃ နေရာအဖြစ် တောက်လျှောက်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာထူးဟာ စစ်ခေါင်းဆောင်တွေရဲ့ အာဏာကစားပွဲမှာ အသုံးချစရာဖြစ်ခဲ့လားလို့ အကဲခတ်တချို့က မေးခွန်းထုတ်ကြပါတယ်။

စစ်ကောင်စီ အတွင်းရေးမှူး (၁) နဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် ဘုန်းမီးနေလတောက်ပနေဆဲအချိန်၂၀၀၁ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီရာထူးကို စထွင်ခဲ့တာဖြစ်ပါတယ်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ၈ ဦးကို ပွဲတက်ယူနီဖောင်းအပြည့်အစုံနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့သူတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဖယ်ရှားခံရပြီးတဲ့နောက် ညှိကွပ်နေရာက ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးပြီးရင် တပ်မှာ အာဏာအရှိဆုံးဖြစ်လာပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့ပြီး တပ်ချုပ်ဖြစ်လာမယ့်သူလို့ ရေပန်းစားခဲ့ပေမဲ့ နောက်ဆုံးအချိန်မှ ကပ်လွဲခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ညှိကွပ်နေရာကိုဆက်ခံသူ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက

တပ်ချုပ်နေရာပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်လက်ထက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ငါးဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပေမဲ့လည်း တစ်ယောက်မှ တပ်ချုပ်ဖြစ်မလာခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ လက်ရှိဒုချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ပဲ ဖြစ်ပါတယ်။

ညှိကွပ်ရာထူးအပြင် နောက်ထပ်အင်္ဂါစဥ်အပြာင်းအလဲတချို့လည်း ဖြစ်ပေါ်ခဲ့တဲ့အထဲ ဒုချုပ်နဲ့ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ကို ပြန်လည်ပေါင်းစည်းမှုလည်းပါပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်ဖြစ်ဖို့ လမ်းခင်းပေးတဲ့အနေနဲ့ ဒုချုပ်တွေပဲ အစဥ်အဆက်တွဲကိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးကို ပြီးခဲ့တဲ့မတ်လအတွင်းမှာ ခေတ္တခွဲထုတ်ခဲ့ပါသေးတယ်။

အခုတော့ ဒုချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကပဲ ဒီရာထူးနှစ်ခုလုံး ပြန်ပြီးပူးတွဲရယူလိုက်ပါတယ်။

ဒါ့အပြင် အရင်က စစ်ဆင်ရေးအထူးအဖွဲ့နယ်မြေ ၅ ခုရှိရာကနေ တပ်ချုပ်အသစ်လက်ထက်မှာ ၄ ခုပဲ ထားတော့တာ တွေ့ရပါတယ်။

ပြည်ထောင်စုအင်္ဂါစဥ်ထဲက စစ်ဗိုလ်ချုပ်တွေ

ပြည်ထောင်စုအင်္ဂါစဥ်ထဲမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှတ်စဥ် ၆ မှာရှိနေပါတယ်။

သူ့ရှေ့မှာတော့ သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်တို့ ရှိနေပါတယ်။

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို နံပါတ် ၂ မှာထားခဲ့လို့ တပ်ချုပ်က အဆင့် ၈ အထိရောက်ခဲ့ဖူးပါတယ်။

လက်ရှိအင်္ဂါစဥ်မှာတော့ ဒုတိယသမ္မတနှစ်ဦးစလုံးကို နံပါတ် ၂ မှာ ထားလိုက်လို့ တပ်ချုပ်ကရှေ့ရောက်လာတာဖြစ်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နံပါတ် ၉ မှာရှိနေပြီး သူနဲ့တပ်ချုပ်ကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရှိနေပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်သမ္မတဖြစ်ပြီးတဲ့နောက် ဧပြီ ၂၁ ရက်မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ပထမဆုံးခေါ်ယူ

ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က နံပါတ် ၁၅၊ ၁၆နဲ့ ၁၇ မှာ အစဥ်လိုက်ရှိနေကြပြီး ပြည်ထောင်စုဝန်ကြီးတွေရဲ့အနောက်မှာဖြစ်ပါတယ်။

ညှိကွပ်ကတော့ နံပါတ် ၂၁ မှာရောက်နေပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေက သူ့အထက်မှာ ရှိနေပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌတို့ရဲ့အနောက်မှာဖြစ်ပါတယ်။

တိုင်းမှူးတွေကိုတော့ ဒုဝန်ကြီးတွေရဲ့အထက်မှာထားတာ တွေ့ရပါတယ်။

တပ်မှာ ဗိုလ်ချုပ်အဆင့်ရှိတဲ့ လက်ရုံးတပ်ညွှန်ကြားရေးမှူးတွေလည်း အင်္ဂါစဥ်ထဲပါပြီး နောက်ဆုံးမှာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင် တပ်အပေါ်လွှမ်းမိုးထားဆဲလား

စစ်ရုံးမှာ သင်္ကြန်သွားကျတဲ့ ဦးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ရုံးမှာ သင်္ကြန်သွားကျတဲ့ ဦးမင်းအောင်လှိုင်

ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့နောက် ဧပြီ ၂၁ ရက်မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ပထမဆုံးခေါ်ယူခဲ့ပါတယ်။

ကာလုံအစည်းအဝေးကို တပ်အဖွဲ့ဝင်တွေဖြစ်တဲ့ တပ်ချုပ်၊ ဒုချုပ်နဲ့ တပ်ဝန်ကြီး သုံးဦးဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေလည်း တက်ရောက်ကြပါတယ်။

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပေါ် ဦးမင်းအောင်လှိုင်က ကာလုံကတဆင့် သမ္မတအနေနဲ့ထိန်းချုပ်နိုင်သလို ပုဂ္ဂိုလ်ရေး သြဇာလည်း ဆက်ရှိနေတယ် လို့ စစ်ရုံးက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဦးမင်းအောင်လှိုင်က သင်္ကြန်ကို စစ်ရုံးမှာကျတယ်။ သမ္မတမိသားစုနဲ့ တပ်ချုပ်မိသားစုက တော်တော်လေးရင်းနှီးကြတာတွေ့ရတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဦးမင်းအောင်လှိုင်ကို လွန်ဆန်ဦးမယ့် အရိပ်အယောင်မတွေ့ရဘူး" လို့ သင်္ကြန်အကျနေ့က စစ်ရုံးမဏ္ဍပ်မှာရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ လက်ရှိအချိန်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ သူ့ဆရာဦးမင်းအောင်လှိုင်ကိုလွန်ဆန်မှာမဟုတ်ပေမဲ့ စစ်ခေါင်းဆောင်တွေဟာ တပ်နဲ့ကင်းကွာတာကြာသွားတာနဲ့အမျှ သြဇာလျော့ကျသွားတာ အစဥ်အလာပဲလို့ သုံးသပ်ပါတယ်။

၂၀၁၁ ခုနှစ်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဆက်ခံသူအဖြစ်ထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဖြစ်ရပ်ကို သူက ဥပမာပေးပါတယ်။

"ဗိုလ်ချုပ်မှူးကြီး(သန်းရွှေ)က ဦးမင်းအောင်လှိုင်ကို ၅ နှစ်ဆိုပြီးထားခဲ့တာ ၁၅ နှစ်ကြာသွားတယ်" လို့ သူကပြောပါတယ်။