ICJ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့စင်ကာပူပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့အမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်ခဲ့တဲ့စီရင်ချက်ကို လေးစားလိုက်နာတယ်လို့ လာမယ့်နှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူနိုင်ငံက ပြောပါတယ်။
ဒါအပြင် အဲဒီစီရင်ချက်က ဘာသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုလည်း လေ့လာသုံးသပ်နေတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ် ပါတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့အခက်အခဲကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။
ဒုက္ခသည်တွေ အန္တရာယ်ကင်းကင်း၊ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ကိုလည်း ထပ်တိုက်တွန်းတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို အာဆီယံနဲ့ တခြားနိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

