တိုက်ရိုက်ထုတ်လွှင့်မှု , ICJ စီရင်ချက်အပေါ် လုပ်သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေကို လုပ်ဆောင်မယ်လို့ ဦးမင်းအောင်လှိုင် ပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ICJ ရဲ့မြန်မာအပေါ် စီရင်ချက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်အပေါ် အတိုက်အခံပါတီအမတ်က လွှတ်တော်မှာ မေးခွန်းထုတ်
  • ရေဦးမြို့ပေါ်က စာသင်ကျောင်းမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းဖောက်ပြီးထွက်ပြေး
  • အမေရိကန်ရောက် ဘာသာပေါင်းစုံအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေအပါ နှစ်ရှည်အကျဉ်းကျခံထားရတဲ့ သင်းအုပ်ဆရာတွေ လွှတ်ပေးရေးနဲ့ ရိုဟင်ဂျာအရေးအတွက် အမေရိကန်ဒုတိယနိုင်ငံခြားရေး၀န်ကြီးနဲ့တွေ့ဆုံချိန်မှာ တောင်းဆိုပါတယ်။
  • ထားဝယ်မြို့တွင်းက စစ်တပ်တပ်စွဲထားတဲ့နေရာတချို့နဲ့ စစ်တပ်တပ်စွဲထားတဲ့နေရာတချို့တိုက်ခိုက်ခံရပြီးနောက် တပ်က မြို့မှာ လုံခြုံရေးတိုးချပြီး တင်းကျပ်ထား
  • ရန်ကုန်မှာ ဗဟိုဘဏ်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ တရားမဝင်ရောင်းချနေသူ ၅ ဦး ဖမ်းဆီးခံရ
  • ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေနဲ့ အာဆီယံရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာမယ်လို့ ဦးမင်းအောင်လှိုင် က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းလေတပ်က ဆွီဒင်ထုတ် Gripen တိုက်လေယာဉ် ၈ စင်းဝယ်မယ်

    Gripen တိုက်လေယာဉ် ၂ စင်း
    ဓာတ်ပုံ ပုံစာ, Gripen တိုက်လေယာဉ် ၂ စင်း

    ထိုင်းလေတပ်ဟာ ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ် ၈ စင်း ထပ်မံဝယ်ယူဖို့ စီစဉ်နေပြီး တန်ဖိုး ဘတ် ၆၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံ) ခန့်ရှိမယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ထုတ်ပြောလိုက်ပါတယ်။

    နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်တဲ့ ထိုင်းလေတပ် နှစ် ၉၀ ပြည့် အခမ်းအနား သတင်းစာရှင်းလင်းပွဲအပြီးမှာ လေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာ (Sakesan Kantha) က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

    Gripen တိုက်လေယာဉ် ၈ စင်း ဝယ်ယူရေးအတွက် မူလစီစဉ်ထားတဲ့ အဆင့်နှစ်ဆင့်ကို တစ်ကြိမ်တည်း ပေါင်းပြီး ဝယ်ယူဖို့ အဆိုပြုထားတာဖြစ်ပါတယ်။ စီမံကိန်းနဲ့ ဘတ်ဂျက်အသေးစိတ်ကို ၂၀၂၇ ခုနှစ်မှာ စတင်ပြင်ဆင်သွားမယ်လို့ လေတပ်ဦးစီးချုပ်က ပြောပါတယ်။

    အဲဒီလေယာဉ်တွေဟာ ၂၀၂၈ ခုနှစ်မှာ အနားပေးဖို့ စီစဉ်ထားတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

    ထိုင်းလေတပ်ဟာ ၂၀၂၅ ခုနှစ်မှာ Gripen E/F အမျိုးအစား တိုက်လေယာဉ် ၄ စင်းကို ပထမအသုတ်အဖြစ် မှာယူထားပြီးဖြစ်ပါတယ်။ အခု ထပ်မံဝယ်ယူဖို့ အဆိုပြုထားတဲ့ ၈ စင်းနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁၂ စင်းရှိလာမှာဖြစ်ပါတယ်။

    ထိုင်းလေတပ်ဟာ လက်ရှိမှာ ဆွီဒင်ထုတ် Gripen C/D တိုက်လေယာဉ် ၁၁ စင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မူလက ၁၂ စင်း ဝယ်ယူခဲ့ပေမဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကလေးများနေ့ လေကြောင်းပြပွဲအတွင်း တစ်စင်းပျက်ကျခဲ့တာကြောင့် တစ်စင်းလျော့နည်းသွားတာဖြစ်ပါတယ်။

    အဲဒီ Gripen C/D လေယာဉ်တွေကို ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်က လေတပ်စခန်းမှာ တပ်စွဲထားပါတယ်။

    ထိုင်းလေတပ်ဟာ ရှေ့တန်းတိုက်လေယာဉ်အုပ်စု ၃ စုကို ဆက်လက်ထိန်းသိမ်းထားဖို့ ရည်ရွယ်ထားပြီး အခြားတိုက်လေယာဉ်အုပ်စုတစ်စုအတွက်လည်း လာမယ့်ငါးနှစ်အတွင်း အစားထိုးမယ့် လေယာဉ်အမျိုးအစားကို စဉ်းစားသွားမယ်လို့ လေတပ်ဦးစီးချုပ်က ပြောပါတယ်။

    အဲဒီအထဲမှာ အမေရိကန်ထုတ် F-35 တိုက်လေယာဉ်လည်း ရွေးချယ်စရာတစ်ခုအဖြစ် ပါဝင်နေပါတယ်။

    Gripen လေယာဉ်တွေဟာ F-16၊ F-35 ထက် ပြုပြင်ထိန်းသိမ်းစရိတ် သိသိသာသာနည်းတယ်ဆိုတဲ့‌ ပြောဆိုချက်တွေလည်းရှိပါတယ်။

    တစ်ဖက်မှာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ထိုင်းပင်လယ်ကွေ့အတွင်း ရေပိုင်နက်အငြင်းပွားမှုတွေ ဆက်ရှိနေသလို ကမ္ဘောဒီးယားနဲ့ တရုတ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုမိုနီးကပ်လာနေပါတယ်။

    အခုလို ဒေသတွင်း လုံခြုံရေးအခြေအနေတွေ ရှိနေချိန်မှာ ထိုင်းလေတပ်က သက်တမ်းကုန်တော့မယ့် တိုက်လေယာဉ်တွေကို အစားထိုးပြီး လေတပ်ရဲ့ စစ်ဆင်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေတာလို့ နားလည်ရပါတယ်။

  2. ICJ စီရင်ချက်အပေါ် ဗြိတိန်နိုင်ငံခြားရေးရဲ့ကြေညာချက်ကို အတိုက်အခံအမတ် မေးခွန်းထုတ်

    အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီအမတ် ဝင်ဒီ မော်တန်
    ဓာတ်ပုံ ပုံစာ, အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီအမတ် ဝင်ဒီ မော်တန်

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်ကို အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီအမတ် ဝင်ဒီ မော်တန်က လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်က ဗြိတိန်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်ကို တုံ့ပြန်ဆွေးနွေးရာမှာ အတိုက်အခံနိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဝင်ဒီ မော်တန်က အခုလို မေးခွန်းထုတ်ခဲ့တာပါ။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းကတော့ မော်တန်ရဲ့ပြောဆိုချက်ဟာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို အားနည်းစေတယ်လို့ တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ အတင်းအကျပ် နေရပ်စွန့်ခွာစေမှုနဲ့ တခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကွန်ဆာဗေးတစ်ပါတီအနေနဲ့ ရှုတ်ချကြောင်း မော်တန်က အစမှာ ပြောပါတယ်။

    ဒါပေမဲ့ အဲဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဥပဒေအရ သက်သေပြနိုင်တာဟာ မတူညီတဲ့ ကိစ္စနှစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ICJ ရဲ့အဲဒီအမှုမှာ တရားသူကြီး ကိုးဦးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ထောက်ခံခဲ့ပြီး ခြောက်ဦးက ကန့်ကွက်ခဲ့တာကိုလည်း မော်တန်က ထောက်ပြပါတယ်။

    ကန့်ကွက်ခဲ့တဲ့တရားသူကြီးတွေက လူမျိုးတုံးသတ်ဖြတ်လိုတဲ့ရည်ရွယ်ချက်ရှိကြောင်း သက်သေပြနိုင်မှု၊ သက်သေပြရမယ့် စံနှုန်းနဲ့ အထောက်အထားတွေကို ကိုင်တွယ်ပုံတို့အပေါ် အရေးကြီးတဲ့မေးခွန်းတွေ ထုတ်ထားတာကြောင့် စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။

    ဒါ့အပြင် သက်သေထွက်ဆိုချက်တွေရဲ့ မူရင်းမှတ်တမ်းတွေကို စစ်ဆေးခွင့်မရခဲ့တဲ့အခြေအနေမှာ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုဆောင်းထားတဲ့ အထောက်အထားတွေရဲ့ ယုံကြည်စိတ်ချရမှုကို ဗြိတိန်အစိုးရက ဘယ်လိုသုံးသပ်ထားသလဲလို့လည်း သူက မေးခွန်းထုတ်ပါတယ်။

    လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို လုပ်ရပ်တွေရဲ့ပုံစံအပေါ် အခြေခံပြီး ကောက်ချက်ချမယ်ဆိုရင် တခြားဖြစ်နိုင်ခြေရှိတဲ့ ကောက်ချက်တွေ မရှိတော့တဲ့အခြေအနေဖြစ်ရမယ်ဆိုတဲ့ဥပဒေစံနှုန်းကို အစိုးရက ဆက်လက်ကာကွယ်မှာလားလို့လည်း မော်တန်က မေးမြန်းခဲ့ပါတယ်။

    ဗြိတိန်အနေနဲ့ ဒီအမှုမှာ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုမိုကျယ်ပြန့်သွားစေနိုင်တဲ့ အန္တရာယ်ရှိကြောင်းလည်း သူက ပြောပါတယ်။ အဲဒီလို ဥပဒေစံနှုန်းတွေ ပြောင်းလဲသွားရင် ဗြိတိန်ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းကတော့ နိုင်ငံတကာဥပဒေ ခြိမ်းခြောက်ခံနေရတဲ့ အခုလိုအချိန်မှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ အလွန်အရေးကြီးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

    အရည်အချင်းပြည့်မီတဲ့ အမြင့်ဆုံးနိုင်ငံတကာတရားရုံးက ဆုံးဖြတ်ချက်ချပြီးဖြစ်တဲ့အတွက် အဲဒီဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

    ဗြိတိန်အစိုးရကိုယ်တိုင် တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ သဘောထားကွဲလွဲခဲ့မယ်ဆိုရင် တခြားနိုင်ငံတွေအနေနဲ့လည်း ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုဖို့ အကြောင်းပြချက်ရသွားနိုင်တယ်လို့ မီလီဘန်းက ဆိုပါတယ်။

    မော်တန်ရဲ့ပြောဆိုချက်ဟာ နိုင်ငံတကာဥပဒေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီလိုသဘောထားမျိုးဟာ အတိုက်အခံပါတီအနေနဲ့ အဆင့်နိမ့်ကျတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက်ချခဲ့တာပါ။

    ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေး သဘောတူစာချုပ် ပေါ်ပေါက်လာပြီးနောက်ပိုင်း နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုအတွက် တာဝန်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့တဲ့ ပထမဆုံးအမှုလည်း ဖြစ်ပါတယ်။

    ဒီစီရင်ချက်အပြီး နိုဝင်ဘာ ၂၃ ရက်မှာ ဗြိတိန်အစိုးရက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အရာရှိကြီး ငါးဦးကို ပိတ်ဆို့အရေးယူခဲ့ပြီး မြန်မာစစ်တပ်အသုံးပြုတဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို တားမြစ်ဖို့ ဥပဒေသစ် ပြဋ္ဌာန်းသွားမယ်လို့လည်း ကြေညာထားပါတယ်။

    ဗြိတိန်ဟာ ICJ ဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီး ဒီဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့တဲ့အနေနဲ့ လန်ဒန်က မြန်မာစစ်သံမှူးကို ထွက်ခွာခိုင်းမယ်လို့ ပထမဆုံး ထုတ်ပြောခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။

  3. ရေဦးမြို့ စာသင်‌ကျောင်းမှာ အဖမ်းခံထားရတဲ့လူငယ် ၁၀ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

    ရေဦးမြို့နယ်ထဲမှာတွေ့ရတဲ့ ပကဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်ထဲမှာတွေ့ရတဲ့ ပကဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)

    စစ်ကိုင်း၊ ရေဦးမြို့၊ အမှတ် ၂ အထက်တန်းကျောင်းမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့လူငယ် ၁၀ ဦးဟာ အချုပ်ခန်းကို ဖောက်ပြီး နိုဝင်ဘာ ၂၅ ရက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    ဒီလူငယ် ၁၀ ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထိန်းသိမ်းထားတယ်လို့ ရေဦး ပကဖက သတင်းထုတ်ပြန်ပါတယ်။

    သူတို့ကို ကျောင်းထဲက စာသင်ဆောင်တစ်ခုမှာ ဖမ်းဆီးထားတာလို့လည်း သိရပါတယ်။

    “ကျောင်းက ပုံမှန်ဖွင့်နေတဲ့ကျောင်း၊ ဖမ်းထားတဲ့လူငယ်တွေကိုတော့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တွေက စောင့်ကြပ်ပေးနေတာ” လို့ ဘီဘီစီ သတင်းရင်းမြစ်က ဆိုပါတယ်။

    ဒီလူငယ်တွေဟာ ကျောင်းဆင်းချိန်မတိုင်ခင် အချုပ်ခန်းကို ဖောက်ပြီးမှ ကျောင်းဆင်းချိန်အရောက်မှာ စာသင်သားကလေးတွေနဲ့ ရောနှောလိုက်ပါထွက်ပြေးခဲ့တာလို့ သူက ရှင်းပြပါတယ်။

    ရေဦး ပကဖကတော့ အဲဒီလူတွေဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ပေါ်တာ ဆွဲဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ရေဦး၊ ခင်ဦး၊ ရေစကြိုနဲ့ တန့်ဆည်ဘက်က ဒေသခံလူငယ်တွေလို့ ‌ပြောပါတယ်။

    လက်ရှိ အ.ထ.က ၂ ကျောင်းထဲမှာလည်း ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦးထက်မနည်း ကျန်ရှိနေသေးတယ်လို့ ရေဦး ပကဖနဲ့နီးစပ်တဲ့သတင်းရင်းမြစ် နောက်တစ်ဦးက ဆိုပါတယ်။

    ပြီးခဲ့တဲ့စက်တင်ဘာတုန်းကလည်း အဲဒီစာသင်ကျောင်းကနေ လူငယ်တချို့ အချုပ်ခန်းဖောက်ပြေးတဲ့အလားတူ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။

    အဲဒီတုန်းကလည်း ထွက်ပြေးလာတဲ့သူတွေကို ရေဦးပကဖကပဲ ထိန်းသိမ်းခဲ့တယ်လို့ ပကဖက သတင်းထုတ်ပါတယ်။

    ဒီလူတွေကို ‌ရေဦးကနေ စစ်သင်တန်းကျောင်း အသီးသီးကို ပို့မှာဖြစ်ပေမဲ့ မြေပြင်မှာ စစ်ကြောင်းနဲ့ တိုက်ပွဲတွေရှိနေတာကြောင့် တပ်ဘက်က စစ်ကားနဲ့ လာခေါ်တာမျိုးမလုပ်တော့ဘဲ လေယာဉ်နဲ့ပဲ ပို့လေ့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

    “အရင်က Mi-17 ရဟတ်ယာဉ်နဲ့ လာခေါ်တာ၊ လေယာဉ်မလာမချင်းစာသင်ကျောင်းထဲမှာ ဖမ်းဆီးထားတာ” လို့ သူက ဆိုပါတယ်။

    လက်ရှိမှာ ရေဦးမြို့ပြင်နဲ့ ရေဦးတောင်ခြမ်းက ဒီပဲယင်းမြို့နယ်နဲ့ စိုင်ပြင်ကြီးရွာဘက်ခြမ်းနေရာအများစုမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တပ်စွဲထားပြီး တချို့နေရာတွေမှာ စစ်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်ကတော့ ရေဦးက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  4. ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ သင်းအုပ်ဆရာတွေ လွတ်မြောက်ရေး အမေရိကန်နိုင်ငံခြားရေး၀န်ကြီးကို တိုက်တွန်း

    နို၀င်ဘာ ၂၃ ရက်မှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနကို သွားရောက်ခဲ့ကြတဲ့ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့၀င်တွေ
    ဓာတ်ပုံ ပုံစာ, နို၀င်ဘာ ၂၃ ရက်မှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနကို သွားရောက်ခဲ့ကြတဲ့ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့၀င်တွေ

    နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ ၂ ဦး၊ ဒေါ်အောင်ဆန်းစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ရိုဟင်ဂျာအရေးအတွက် အမေရိကန်ရောက် ဘာသာပေါင်းစုံအဖွဲ့က အမေရိကန်ဒုတိယနိုင်ငံခြားရေး၀န်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

    နို၀င်ဘာ ၂၃ ရက်တုန်းက ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို အမေရိကန်လွှတ်တော်မှာ မြန်မာ့အရေးရှင်းလင်းတင်ပြမှုတွေ လုပ်လေ့ရှိတဲ့ Burma Research Institute (BRI) က ဦးဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ အလုပ်သမားဆိုင်ရာဗြူရို ဒု၀န်ကြီး ရိုင်လီ အမ် ဘားနက်စ်ကို ၀ါရှန်ဒီစီမြို့တော်မှာ သွားတွေ့ခဲ့တာပါ။

    အဲဒီတွေ့ဆုံပွဲဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယိုကို စာရေးသားပေးပို့ တောင်းဆိုတဲ့အချက်တွေကို အလေးထား ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

    ဘာသာပေါင်းစုံအဖွဲ့ဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အိုးဘိုထောင်မှာ ထောင်အနှစ် ၂၀ ကျော် ကျခံနေရတဲ့ ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ Thian Lian Sang၊ ပြည်ထောင်မှာ ထောင် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ ဆလိုင်းဧလလုံးဝေ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရိုဟင်ဂျာတွေအရေးကိုလည်း လက်ထောက်နိုင်ငံခြားရေး၀န်ကြီးနဲ့ဆွေးနွေးခဲ့တယ်လို့ BRI ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန်က ပြောပါတယ်။

    နောက်ပြီး မြန်မာက ခရစ်ယာန်ဘာသာ၀င်တွေအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့နဲ့ ပစ်မှတ်ထားဒဏ်ခတ်မှုတွေပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

    ‘‘လက်ထောက်နိုင်ငံခြားရေး၀န်ကြီးက ကျွန်တော်တို့ ဆွေးနွေးတင်ပြတာကို ကောင်းကောင်းလေးနားထောင်တယ်။ မေးခွန်းလည်းမေးတယ်။ သူတို့လည်း တက်တက်ကြွကြွ ဆွေးနွေးတယ်။ ကျွန်တော်တို့ကို အတော်လေး အချိန်ပေးခဲ့တယ်။’’ လို့ ဦးဇိုသုန်းမှုန်က ပြောပါတယ်။

    လက်ထောက်နိုင်ငံခြားရေး၀န်ကြီးဟာ သွားရောက် တွေ့ဆုံသူတွေရဲ့တောင်းဆိုချက်ကို နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယိုဆီ တင်ပြပြီး ၀န်ကြီးကိုယ်တိုင်ဆီကနေ တုံ့ပြန်မှုရဖို့ မျှော်လင့်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

    အမေရိကန် လက်ထောက်နိုင်ငံခြားရေး၀န်ကြီးနဲ့ သွားရောက်တွေဆုံကြသူတွေထဲမှာ အမေရိကန်ရောက် ချင်းနဲ့ ကယား(ကရင်နီ)တို့က ဘာသာရေးခေါင်းဆောင်တွေအပြင် ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီက ဦးအောင်ကျောမိုးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နိုင်ငံခြားရေးရာကော်မတီက ဒေါ်မြတ်သီတာထွန်းတို့လည်းပါ၀င်တယ်လို့ သိရပါတယ်။

  5. ကညနရုံးနဲ့ စစ်တပ်နေရာအချို့ တိုက်ခိုက်ခံရပြီးနောက် ထား၀ယ်မှာ စစ်တပ်လုံခြုံရေးတင်းကျပ်, ပြည်သူတချို့ ဖမ်းဆီးခံရတယ်လို့ဆို

    ထားဝယ်မြို့ပေါ် တစ်နေရာ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့ပေါ် တစ်နေရာ (ပုံဟောင်း)

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်းက စစ်တပ်တပ်စွဲထားတဲ့နေရာတချို့နဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတို့ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်တပ်က မြို့ပေါ်မှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

    “ဆိုင်ကယ်ရော၊ ကားတွေရော အကုန်စစ်နေတာ။ ၃ ရက်လောက်ရှိပြီ။ မြို့ဝင်မြို့ထွက် မြို့လယ်က ဂိတ်အကုန်လုံးမှာ တားပြီး စစ်ဆေးနေတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့မြို့ပေါ်ဂိတ်တချို့မှာ လူငယ်တချို့ကို စစ်‌မေးပြီး စစ်မှုထမ်းသက်နဲ့ အကျုံးဝင်တာကြောင့် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

    ဒါပေမဲ့ မြို့ပေါ်က လမ်းဆုံလမ်းခွလို နေရာမျိုးတွေမှာလည်း အရင်ရက်တွေကထက် လုံခြုံရေးချထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက် တိုးလာတယ်လို့ သူကဆိုပါတယ်။

    “အရင်က ၂ ယောက် ၃ ယောက် အခုက ဂိတ်တစ်ခုစီမှာ အဖွဲ့လိုက်ဖြစ်လာတယ်” လို့ သူက ဖြည့်ပြောပါတယ်။

    ထား၀ယ်မြို့ပေါ်က ကညနရုံးနဲ့ စစ်တပ် တပ်စွဲထားတဲ့နေရာတချို့ နိုဝင်ဘာ ၂၄ ရက် ညမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    အဲဒီဖြစ်ရပ်အပြီးမှာပဲ စစ်တပ်ကလည်း ထားဝယ်နဲ့ လောင်းလုံးမြို့နယ်ထဲက ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    ထားဝယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ် တပ်စွဲထားတဲ့ နေရာတချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပေမဲ့ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။

    ရုရှားနဲ့ ပြန်အကောင်အထည်ဖော်ဖို့ ရှိနေတဲ့အထူးစီးပွားရေးဇုန်စီမံကိန်းရှိတဲ့ ထား၀ယ်ခရိုင်ကို နေပြည်တော်က စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေ ပြီးခဲ့တဲ့လတွေအတွင်း ဆက်တိုက် သွားခဲ့ကြအပြီးမှာ ထား၀ယ်မြို့ပေါ်မှာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

    နေပြည်တော်ဘက်က ထားဝယ်က အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကြိုပမ်းနေတာဖြစ်ပြီး ဒီနှစ်အစမှာပဲ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

    နေပြည်တော်ဟာ ထား၀ယ်ကို ကုန်သွယ်ရေးအတွက်သာမက ပင်လယ်ရေကြောင်းကနေတဆင့် ဒေသတွင်းနိုင်ငံအချို့ဆီ သဘာ၀ဓာတ်ငွေ့ ပို့ဆောင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

    ဆယ်စုနှစ် ၂ ခုနီးပါးကြာအောင် ရှေ့မတိုးနိုင်ခဲ့တဲ့ထား၀ယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်အကောင်အထည်ဖော်ဖို့ နေပြည်တော်ရဲ့ကြိုးပမ်းချက် လက်တွေ့ကျမလားဆိုတဲ့မေးခွန်းတွေရှိနေပါတယ်။

    ဒါပေမဲ့ ထား၀ယ်ကနေတဆင့် ထိုင်းနဲ့ တရုတ်အထိ သဘာ၀ဓာတ်ငွေ့ တင်ပို့ဖို့ နေပြည်တော်က ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေသလို ရုရှားကလည်း စိတ်၀င်စားကြောင်း ပြသနေပါတယ်။

    မြန်မာစစ်တပ်ကတော့ ထားဝယ်မြို့မှာ လုံခြုံ‌ရေးတင်းကျပ်ထားမှုနဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  6. ကိုယ့်ပုံကို အေအိုင်နဲ့လိင်ပိုင်းဆိုင်ရာပုံဖော်ခြိမ်းခြောက်လာရင် ဘာလုပ်မလဲ

    သနပ်ခါးလူး၊ ဆံပင် ကျော်လယ်ခန့်နဲ့ မြန်မာ့အမျိုးသမီးပုံနဲ့ အွန်လိုင်းသားကောင်ဖြစ်ရပုံသရုပ်ဖော်ပုံဖြစ်ပါတယ်။ အဖြူ အနီ အနက်နဲ့အပြာရောင်တွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။

    "တယ်လီဂရမ် အကောင့်ထဲ မက်ဆေ့ရောက်လာလို့ ဝင်ကြည့်လိုက်တော့ မဖွယ်မရာလုပ်နေတဲ့ဗီဒီယို ဖြစ်နေတယ်၊ မျက်နှာက တည်ကြည့် ညီမလေးရဲ့မျက်နှာနဲ့လေ။ အကောင့်နာမည်ကလည်း ညီမလေးရဲ့နာမည်ပဲ"

    ညီမဝမ်းကွဲဖြစ်သူရဲ့မျက်နှာနဲ့ဖန်တီးထားတဲ့လိင်ဗီဒီယိုကို ရုတ်တရက်မြင်လိုက်ရတဲ့အတွေ့အကြုံအကြောင်း မတည်ကြည်က ပြန်ပြောပြတာပါ။

    "ဘာလို့ ဒီလိုဗီဒီယိုတွေ လာပို့တာလဲ၊ ဘယ်လိုဖြစ်တာလဲဆိုပြီး ညီမလေးကို ချက်ချင်းမေးလိုက်တော့ သူသုံးနေတဲ့အကောင့် မဟုတ်ဘူးတဲ့"

    အဲဒီဗီဒီယိုပို့လာတဲ့တယ်လီဂရမ်အကောင့်နာမည်က မတည်ကြည်ရဲ့ညီမဖြစ်သူ "ခွန်းဆင့်" ရဲ့နာမည်ကိုပဲ အသုံးပြုထားပါတယ်။

    "ခွန်းဆင့်" နာမည်နဲ့ တယ်လီဂရမ်အကောင့်အတုအပြင် Tiktok (တစ်တော့) အကောင့်အတုပါ ဖွင့်ထားတာကို မတည်ကြည် ထပ်တွေ့ခဲ့ရပါတယ်။ အဲဒီအကောင့်တွေမှာ Date Girl အဖြစ် ခေါ်နိုင်တယ်လို့ပါ ကြော်ငြာထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  7. ရန်ကုန်မှာ နိုင်ငံခြားငွေ တရားမဝင် ရောင်းချနေသူတချို့ ဖမ်းဆီးခံရ

    မရမ်းကုန်းမြို့နယ်က ဖမ်းဆီးခံရသူ ၂ ဦး
    ဓာတ်ပုံ ပုံစာ, မရမ်းကုန်းမြို့နယ်က ဖမ်းဆီးခံရသူ ၂ ဦး

    ရန်ကုန်မှာ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်လိုင်စင်မရှိဘဲ တရားမဝင် ရောင်းချနေသူ ၅ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရင်းမြစ်တချို့ဆီကနေ သိရသလို စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်လ်တွေကနေလည်း သတင်းရေးနေပါတယ်။

    နိုဝင်ဘာလအတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုတွေရှိလာချိန်မှာပဲ ပြည်တွင်းထဲက နိုင်ငံခြားငွေ ဟွန်ဒီဈေးကွက်လုပ်ကိုင်နေသူတွေကို ခပ်စိပ်စိပ်ဖမ်းဆီးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

    နိုင်ငံခြားငွေကို တရားမ၀င်လဲလှယ်ရောင်းချတယ်ဆိုတဲ့ လူ ၅ ဦးဟာ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်အတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။

    ဒီ‌လူ ၅ ဦးထဲ ၄ ဦးကိုတော့ ပန်းဘဲတန်း၊ မရမ်းကုန်း၊ ကျောက်တံတားမြို့နယ်နဲ့ ရန်ကုန်လေဆိပ် စတဲ့နေရာတွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    အဲဒီနောက် နို၀င်ဘာလ ၂၄ မှာ ရန်ကုန်လေဆိပ်မှာ နောက်ထပ် လူ ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ နိုင်ငံခြားငွေဖြစ်တဲ့အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တို့ကို လဲလှယ်ရောင်းချနေတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ထုတ်ပြန်လာတဲ့ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။

    ဖမ်းဆီးခံထားရတဲ့သူတွေကို သက်ဆိုင်ရာ မြို့မရဲစခန်းမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးအရေးယူမယ်လို့ သိရပါတယ်။

    တစ်ဖက်မှာလည်း နိုဝင်ဘာ ၂၆ ရက်မနက်ပိုင်းအထိ နိုင်ငံခြားငွေ ပြင်ပငွေလဲနှုန်းထားက ဆက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးဆက်ပြီး ကျဆင်းနေတာကို တွေ့ရပါတယ်။

    နို၀င်ဘာ ၂၆ ရက် ကျပ်ငွေ ပြင်ပငွေလဲနှုန်းအရ အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၅,၄၀၀၊ တရုတ်ယွမ်ငွေ ၁ ယွမ်ကို ကျပ် ၈၀၀ အထိ ဈေးပေါက်နေပါတယ်။

    ထိုင်းဘတ်ငွေ တစ်ဘတ်ကိုလည်း ငွေလဲနှုန်း ကျပ် ၁၆၀ အထိ စံချိန်တင် မြင့်တက်နေတာဖြစ်ပါတယ်။

    ဗဟိုဘဏ်ကတော့ နိုဝင်ဘာလအတွင်း နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၃၀ သန်းခန့်ကို ကျပ် ၃,၆၆၀ နှုန်းထားနဲ့ ရောင်းချပေးခဲ့တယ်လို့ မနေ့ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံခြားငွေကို ဗဟိုဘဏ်ရဲ့ ရည်ညွှန်းစျေး ကျပ် ၃,၃၀၀ ကနေ ၃,၅၀၀ ကြားရှိတဲ့ နှုန်းထားနဲ့ ရောင်းချရာကနေ နိုဝင်ဘာလမှာ ပြင်ပပေါက်စျေးနဲ့ ပိုနီးစပ်အောင် နှုန်းကို ကျပ် ၃,၆၆၀ အထိမြှင့်ပြီး ရောင်းချလာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ရည်ညွှန်းစျေးနဲ့ ကျပ်ငွေ ပြင်ပငွေလဲနှုန်းပေါက်ဈေးက ကျပ် ၂,၀၀၀ နီးပါး ကွာဟနေဆဲဖြစ်ပါတယ်။

  8. ICJ စီရင်ချက်နဲ့ပတ်သက်ပြီး လုပ်‌သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

    ဦးမင်းအောင်လှိုင်

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး တာဝန်သိနိုင်ငံတစ်ခုအနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောလာပါတယ်။

    ဒါပေမဲ့ လိုက်နာဖို့ မသင့်တဲ့အချက်တွေကိုတော့ လိုက်နာမှာမဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

    နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ သူက အဲဒီလိုပြောခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

    ဂမ်ဘီယာက အမှုစတင်တင်သွင်းခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ခုနစ်နှစ်တာကာလအတွင်း တရားရုံးလုပ်ငန်းစဉ်တွေမှာ အချက်အလက်၊ မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ တင်ပြကာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ICJ အမှုဟာ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့လည်း သူက ဆိုကာ ICJ ရဲ့ မဲခွဲဆုံးဖြတ်မှုလို့ သုံးနှုန်း‌ပြောဆိုထားပါတယ်။

    နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးအတွက် အဓိကတာဝန်ရှိတယ်လို့ ခံယူထားပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်ကိစ္စတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

    ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ခဲ့တဲ့ နောက်ဆုံးစီရင်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ အဲဒီလိုကျူးလွန်မှုတွေကို တားဆီးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ထပ်မဖြစ်စေရေး အာမခံဆောင်ရွက်ဖို့၊ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပြီး လျော်ကြေးပေးဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက် ချမှတ်ထားပါတယ်။

    ဒါ‌ပေမဲ့ ဘယ်အချက်တွေကို လိုက်ပါလုပ်ဆောင်မယ်ဆိုတာနဲ့ဘယ်အချက်ကို လိုက်နာမှာမဟုတ်တာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျမတွေ့ရပါဘူး။

    ဒါအပြင် အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ခံရပြီးနောက် အာဆီယံနဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ပြောထားတဲ့ ဦးမင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အဖွဲ့ရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာသွားမယ်လို့ ပြောခဲ့ပါတယ်။

    အာဆီယံပဋိညာဉ်နဲ့ မူဝါဒတွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူထားတာဖြစ်တဲ့အတွက် အသက်ဝင်နေသရွေ့ လိုက်နာရမှာဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ တည်ဆဲဥပဒေတွေကိုလည်း အပြန်အလှန် လေးစားဖို့လိုကြောင်း သူက ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ အာဆီယံက သူနဲ့ သူ့ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးကို အာဆီယံထိပ်သီး‌ေဆွေး‌နွေး‌ပွဲတွေကို တက်ရောက်ခွင့်ဆက်လက်ကန့်သတ်ကြောင်းပြောထားပါတယ်။

  9. မင်္ဂလာပါ။

    နို၀င်ဘာ ၂၆ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။