ဆားဘီးယားကျောင်းသားလှုပ်ရှားမှုက ၁၄ နှစ် အာဏာယူသူကို ဘယ်လိုဖြုတ်ချခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
- ရေးသားသူ, ပေါလ် ခါဘီ
- ရာထူးတာဝန်, ဥရောပ ဒစ်ဂျစ်တယ် အယ်ဒီတာ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
သူတို့ရဲ့လှုပ်ရှားမှုဟာ အစိုးရရဲ့အဂတိလိုက်စားမှုနဲ့ လျစ်လျူရှုမှုတွေကို ကျောင်းသားတွေက လမ်းတွေပေါ်တက်ပြီး နေ့စဥ်နီးပါး ပိတ်ဆို့ဆန္ဒပြရာကနေ တစ်နိုင်ငံလုံးအဆင့် ဆန့်ကျင်ကြတဲ့အမျိုးသားလှုပ်ရှားမှုတစ်ခုအဖြစ် မွေးဖွားလာတာဖြစ်ပါတယ်။
ကျောင်းသားတွေဟာ အလက်ဇန္ဒား ဗူချစ်ရဲ့ ၁၄ နှစ်ကြာ နိုင်ငံရေးလွှမ်းမိုးမှုကို ၂ နှစ်တောင်မပြည့်တဲ့အတွင်းမှာပဲ ဖြိုခွင်းနိုင်ခဲ့တာပါ။ သူ့ရဲ့ Serbia Progressive ပါတီ (SNS) အပေါ် ထောက်ခံမှုတွေ ကျဆင်းလာခဲ့ပြီး နောက်ဆုံးမှာ ဆားဘီးယားရဲ့အနာဂတ်အတွက် ဆန္ဒခံယူပွဲ သဖွယ်ဖြစ်လာတဲ့ ရွေးကောက်ပွဲမှာ ရှုံးတဲ့အထိဖြစ်လာခဲ့တာပါ။
ဘယ်လ်ဂရိတ်မြို့ကစလို့ နိုဗီဆက်နဲ့ နစ်စ်အထိ မြို့လယ်ခေါင်တွေ ဒါမှမဟုတ် ကျောင်းသားစာရင်း ရုံးချုပ်တွေရှေ့မှာ ထောက်ခံသူများ စုဝေးနေကြတာကလည်း စိတ်လှုပ်ရှားစရာပါ။ လူမှုကွန်ရက်ပို့စ်တစ်ခုမှာတော့ ကျောင်းသားတွေက "ဆားဘီးယား လွတ်လပ်ပြီ" ဟု ရေးတင်ပါတယ်။
အထင်ရှားဆုံးသင်္ကေတကတော့ ဘယ်လ်ဂရိတ်မြို့လယ်က ဆားဘီးယားပါလီမန်ရှေ့က ပိုင်အိုးနီးယား ပန်းခြံထဲမှာ လွန်ခဲ့တဲ့ ၁၈ လက တည်ထောင်ခဲ့တဲ့ Vučić ကို ထောက်ခံတဲ့ Ćaciland လို့ခေါ်တဲ့ တဲစခန်း ပျက်သုဉ်းသွားတာပဲဖြစ်ပါတယ်။ "Vučić မရှိတော့ဘူး" ဆိုတဲ့ အော်ဟစ်သံတွေကြားထဲမှာ သတ္တုခြံစည်းရိုးလည်း ဖြိုချခံလိုက်ရပါတယ်။
ကျောင်းသားတွေက ဆားဘီးယားကို ဘယ်လိုပြောင်းလဲစေခဲ့လဲ
ကျောင်းသားတွေမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေ မရှိသလို နိုင်ငံရေးမှာလည်း ခြေကုတ်ယူထားနိုင်တာမရှိပါဘူး။ ဒါပေမဲ့ "ကျောင်းသားစာရင်း-ကျောင်းသားတွေ နိုင်တယ်" လှုပ်ရှားမှုက ဆားဘီးယားလူ့အဖွဲ့အစည်းစုံက အစိုးရဆန့်ကျင်ရေး မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကျောင်းသားတွေဟာ လွှတ်တော်အမတ်နေရာ ၂၅၀ လုံးအတွက် ကိုယ်စားလှယ်လောင်းကို အမည်စာရင်း တင်သွင်းခဲ့ပေမဲ့ အဲဒီထဲမှာ ကျောင်းသားတစ်ဦးတစ်ယောက်တောင် မပါ၀င်ခဲ့ပါဘူး။
ပြီးခဲ့သည့်အပတ်က ဘယ်လ်ဂရိတ်ကို ချီတက်နေတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းစဉ်မှာ ဦးဆောင်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ နှလုံးအထူးကုဆရာဝန်လည်းဖြစ်တဲ့ အီလီဂျာ ဆာဒါနိုဗစ်က ကျောင်းသားတွေဟာ သမိုင်းကို ပြန်လည်ရေးသားနေကြတာလို့ ပြောပါတယ်။ "ကျောင်းသားတွေရဲ့အားကို ရပ်တန်လို့မရဘူး'' လို့ သူက ပြောခဲ့ပါတယ်။
"အရင်အစိုးရက ကျွန်တော်တို့ နိုင်ငံသားသားတွေဆီကနေ နောက်ဆုံးအကြိမ် နုတ်ယူသွားခဲ့တဲ့ ယဉ်ကျေးလူ့အဖွဲ့အစည်းရဲ့စံတန်ဖိုးတွေကို ကျွန်တော်တို့ နိုင်ငံသားတွေဆီ ပြန်လည်ဆောင်ကျဥ်းပေးမှာပါ'' လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဒါတွေ အားလုံးဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပါတယ်။ ဆားဘီးယားက ဒုတိယအကြီးဆုံးမြို့ နိုဗီဆက်မှာ ရထားဘူတာရုံအပြင်ဘက်က ကွန်ကရစ်အမိုးပြိုကျလို့ လူ ၁၆ ဦး သေဆုံးခဲ့ရာကနေ စတင်ပါတယ်။
ဒီ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်ဟာ ဆားဘီးယားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အဂတိလိုက်စားမှုကို မီးမောင်းထိုးပြလိုက်တာလို့လည်း မြင်ခဲ့ကြပါတယ်။
အကဲခတ်တွေကတော့ ပြန်လည်ပြုပြင်ထားပေမဲ့ အမိုးပြိုကျပြီး လူသေတဲ့အထိဖြစ်ခဲ့တဲ့ ဘူတာရုံကိစ္စဟာ အဲဒီပြန်ပြင်ရေးကိစ္စကို ကြီးကြပ်ခဲ့တဲ့ သမ္မတရဲ့ ပယောဂ မကင်းဘူးလို့ မြင်ခဲ့ကြတာပါ။
"အမိုးပြိုကျမှုက နိုင်ငံရေးအရ မကူနိုင် မကယ်နိုင်တော့တဲ့ နောက်ဆုံးကျန်တဲ့ကောက်ရိုးတစ်မျှင်လို ဖြစ်သွားတာ'' လို့ Henry Jackson Society တတ်သိပညာရှင်အဖွဲ့က ဟယ်လင်နာ အီဗန်နော့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ လူတွေရဲ့အသည်းနှလုံးကို သိမ်းကျုံးယူလိုက်တဲ့ ၀မ်းနည်းစရာဖြစ်ရပ်ဖြစ်ခဲ့တာကြောင့် ဘယ်အတိုက်အခံ နိုင်ငံရေးပါတီမှ မစွမ်းနိုင်ခဲ့တဲ့ နိုင်ငံတ၀န်း ချီတက်ဆန္ဒပြမှုတွေ၊ လူထုစု၀ေးမှုတွေကို ထွက်ပေါ်စေခဲ့တာလို့လည်း သူက ပြောပါတယ်။
ဆန္ဒပြပွဲတွေကနေ Vučić ကို တိုက်ရိုက်စိန်ခေါ်

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျောင်းသားတွေက တက္ကသိုလ်ကျောင်းဝင်းတွေထဲနဲ့ မြို့လမ်းမတွေပေါ်မှာ တရားမျှတမှုကို တောင်းဆိုသည့် အပတ်စဉ်ပြုလုပ်တဲ့ဆန္ဒပြပွဲတွေဟာ မကြာခင်မှာပဲ အမျိုးသားရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ တချို့ ဒေသန္တရအဆင့်မှာလုပ်တဲ့ဆန္ဒပြပွဲတွေဟာလည်း လယ်သမား၊ သရုပ်ဆောင်နဲ့ တရားသူကြီးတွေလို ဆားဘီးယားလူမှုအသိုက်အ၀န်းက အလွှာစုံတဲ့အထိ ရောက်ကုန်ပါတယ်။
ဗူချစ်ရဲ့ SNS ပါတီဟာ သိသိသာသာ တုန်လှုပ်သွားပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သူ့ရဲ့ ဝန်ကြီးချုပ်ဟာ "တင်းမာမှုတွေကို လျှော့ချဖို့" ဆိုပြီး ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ ဘယ်လ်ဂရိတ်မှာ ဆားဘီးယားရဲ့အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို မြင်တွေ့ခဲ့ရပြီး ခေါင်းဆောင်မဲ့ ကျောင်းသားလှုပ်ရှားမှုဟာ အင်အားတိုးလာတာနဲ့အမျှ ကျောင်းသားစုဝေးပွဲတွေ၊ စုံညီအစည်းအဝေးတွေကနေတစ်ဆင့် စုဖွဲ့စုစည်းခဲ့ကြပါတယ်။
ဗူချစ် က ပြီးခဲ့တဲ့လက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာတဲ့အချိန်မှာတော့ ဒီကျောင်းသားတို့ အသင့်ဖြစ်နေပါပြီ။
"သူတို့(ကျောင်းသားတွေ)ဟာ အဲဒီစိတ်ခံစားမှုဆိုင်ရာ အရှိန်အဟုန်ကို သင့်တော်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အသုံးချနိုင်ခဲ့ပြီး မဲရုံတွေမှာ တရားမျှတမှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လူတွေကို သင်ယူစေနိုင်ခဲ့ကြပါတယ်" လို့ ဟယ်လန်နာ အီဗန်နော့ က ရှင်းပြပါတယ်။
"သတင်းစကားက ရှင်းပါတယ်- တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေနဲ့အုပ်ချုပ်တာ မဟုတ်ဘူး" လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဂျာမန်မာရှယ်ရန်ပုံငွေအဖွဲ့ရဲ့ဘော်လကန်အစီအစဉ်ရဲ့ အကြီးအကဲ ဂေါ်ဒါနာ ဒယ်လစ်ချ်က ပြောပါတယ်။ တနင်္ဂနွေနေ့က မဲပေးမှုဟာ လူထုဆန္ဒခံယူပွဲလို့ သူက သုံးနှုန်းပါတယ်။
အစပိုင်းမှာ ဗူချစ် က ဆန္ဒပြသူတွေဟာ "ရည်ရွယ်ချက်ကောင်းတယ်"လို့ဆိုပြီး ချီးကျူးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ ကျောင်းသားတွေဟာ ဆားဘီးယားကို "ဖြိုချ" ဖို့ ကြိုးစားနေတာလို့ စွပ်စွဲပါတယ်။ တနင်္ဂနွေညမှာ သူ ရွေးကောက်ပွဲ ရှုံးပြီလို့ ၀န်ခံပြီးတာတောင် ကျောင်းသားတွေဟာ "ဥရောပနိုင်ငံအချို့နဲ့ အမေရိကန်" ရဲ့ထောက်ခံမှုနဲ့လုပ်ခဲ့ကြတာလို့ စွပ်စွဲသွားပါတယ်။
အခု ဆားဘီးယားကို ဘယ်သူအုပ်ချုပ်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ခုတော့ ရှင်းပါတယ်၊ ကျောင်းသားတွေတော့ အုပ်ချုပ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ ရွေးကောက်ပွဲ ၀င်မပြိုင်ခဲ့ကြလို့ပါ။ ဘာလို့လဲဆိုတော့ မဲဆန္ဒရှင်တွေက အတွေ့အကြုံနည်းတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြမှာမဟုတ်ဘူးလို့ တွက်ထားခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
သူတို့ရဲ့ထိပ်တန်းကိုယ်စားလှယ်လောင်းက နိုဗီ ဆစ်မှာ နှလုံးအထူးကုဆရာဝန် ပါမောက္ခ အီလီယာ ဆာဒါနိုဗစ်ချ် ဖြစ်ပေမဲ့ သူ့ကို ဝန်ကြီးချုပ်ဖြစ်နိုင်ခြေရှိသူအဖြစ် တကယ်တမ်း မရှုမြင်ကြပါဘူး။
အလားအလာရှိသော ခေါင်းဆောင်များအဖြစ် ထင်ရှားတဲ့ကိုယ်စားလှယ်လောင်း အနည်းငယ်သာရှိပါတယ်။
လွတ်လပ်တဲ့ စစ်တမ်းကောက်ယူရေးအဖွဲ့တွေဖြစ်တဲ့ CeSID နဲ့ Ipsos တို့ရဲ့ ခန့်မှန်းချက်အရ စာရင်းမှာ ပါဝင်သူ ၁၄၀ ဦးဟာ လွှတ်တော်ထဲ နေရာတွေ ရရှိထားပါတယ်။ သူတို့ထဲမှာ ဘတ်စကက်ဘောကြယ်ပွင့်ဟောင်း Dejan Bodiroga (စာရင်းတွင် ၂၄ နေရာမြောက်)၊ နာမည်ကြီးသရုပ်ဆောင် Tihomir Stanić (၈ နေရာမြောက်)၊ အော်ပရာအဆိုတော် Nikola Mikić (၄၆ နေရာမြောက်)၊ ဆားဘီးယားအမျိုးသားဘဏ်ဥက္ကဋ္ဌဟောင်း Dejan Šoškić (၂၇ နေရာမြောက်) နဲ့ ပါမောက္ခတွေ ပါ၀င်ပါတယ်။
ထိပ်ဆုံးရာထူးနဲ့ဆက်စပ်ပြီး ဆာဒါနိုဗစ်ချ်ရဲ့နာမည်ကို ဖော်ပြခဲ့ပါတယ်။ သူဟာ စီးပွားရေးအတွက် ပြုလုပ်မယ့် ပြုပြင်ပြောင်းလဲမှုတွေအကြောင်း ပြောဆိုခဲ့ပြီး အစိုးရလိုလားတဲ့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။
သူတို့ရဲ့အစီအစဉ်က ဘာလဲ
ရွေးကောက်ခံလွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိက၀တ်ကို ဖြည့်ဖို့ရာ လုပ်ကြရမှာဖြစ်ပါတယ်။
ကျောင်းသားတွေကိုယ်တိုင်ရဲ့စကားအရဆိုရင် သူတို့ဟာ အင်စတီကျူးရှင်းတွေထဲကို "တာဝန်သိသိနဲ့ ဝင်သွားပြီး ကိုယ့်အလုပ်ကို ကိုယ့်တာ၀န်ကို မမေ့မယ့်သူကို'' ရှာဖွေတာလို့ ဆိုပါတယ်။
အချက် ၁၁ ချက်ပါ အစီအစဉ်အောက်မှာ ကျောင်းသားလှုပ်ရှားမှုဟာ အောက်ပါအချက်တွေကို လုပ်ဆောင်ချင်တာဖြစ်ပါတယ်။
- ရဲတပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့
- ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ စည်းမျဉ်းချိုးဖောက်သူ သို့မဟုတ် ရာဇ၀တ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်သူ ဘယ်သူ့ကို မဆို ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေက ဖယ်ရှားဖို့
- ဆားဘီးယားရဲ့ဘက်လိုက်တဲ့မီဒီယာအခင်းအကျင်းကို ပြုပြင်ပြောင်းလဲပြီး ပြည်သူပိုင် ရုပ်သံထုတ်လွှင့်လုပ်ငန်းကို နိုင်ငံရေးထိန်းချုပ်မှု ကင်းလွတ်စေဖို့
- အစိုးရပိုင်လုပ်ငန်းတွေကို ဦးဆောင်ဖို့ ပါတီသစ္စာခံတွေကို စုဆောင်းတာ ရပ်တန့်ဖို့
ဗူချစ်နဲ့ SNS ပါတီတို့ကတော့ အဂတိလိုက်စားမှုနဲ့ မီဒီယာကို လွှမ်းမိုးရန် ကြိုးပမ်းတယ်ဆိုတဲ့အချက်တွေကို ငြင်းဆိုထားပါတယ်။
ကျောင်းသားတွေမပါဘဲ ကျောင်းသားလှုပ်ရှားမှုတစ်ခု ဆက်ရှိနေဦးမှာလား
ကျောင်းသားတွေဟာ ရွေးကောက်တင်မြှောက်ခံရတာမျိုး မရှိပေမဲ့ ဆားဘီးယားပြည်သူတွေကို ရွေးကောက်ပွဲကတိက၀တ်ကို တည်ဖို့ ကတိပေးခဲ့ကြသူတွေဟာ ကျောင်းသားတွေ ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် ဖိအားတွေကတော့ ရှိလာမှာဖြစ်ပါတယ်။
"ပြီးခဲ့တဲ့နှစ်အတွင်း လမ်းတွေပေါ်မှာ ကျွန်ုပ်တို့ဆင်နွှဲခဲ့တဲ့ တိုက်ပွဲရဲ့အစိတ်အပိုင်းတစ်ခုကို သက်ဆိုင်ရာအင်စတီကျူးရှင်းတွေဆီကို လွှဲပြောင်းဖို့ သာမာန် ဆားဘီးယားပြည်သူများက ယုံကြည်မှုကို အပ်နှံခဲ့ကြတယ်'' လို့ ကျောင်းသားတွေက ပြောထားပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းမှာ ပြောတဲ့ သူ့မိန့်ခွန်းမှာ ဗူချစ်က ကျောင်းသားတွေဟာ ဆားဘီးယားရဲ့ အသက် ၂ နှစ်တာကို ဖျက်ဆီးခဲ့ပြီး ကျောင်းသားတွေဟာ "ထင်ထားတာထက် မြန်မြန်ဆန်ဆန်ပဲ" ရှုံးနိမ့်လိမ့်မယ်လို့ သူ့ပါတီကို ထောက်ခံသူတွေကို ပြောထားပါတယ်။


























