ရှမ်းတွေ ကန့်ကွက်ချိန် ရှမ်းပွဲတက်တဲ့ ကိုးကန့်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, The Kokang
၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်(MNDAA)အာဏာရလာတဲ့နောက် ဒေသခံရှမ်းတိုင်းရင်းသားတွေနဲ့ ကိုးကန့်တို့ကြား မြေပြင်မှာ တင်းမာမှုတွေ ပိုဆိုးလာပါတယ်။
ရှမ်းနိုင်ငံရေးပါတီတချို့နဲ့ လက်နက်ကိုင်တပ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) က တိုင်ရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေ ခြိမ်းခြောက်လွှမ်းမိုးခံလာရတယ်လို့ အောက်တိုဘာနှောင်းပိုင်းမှာ ကန့်ကွက်စာ ထုတ်ပြန်လာပါတယ်။
ဒီအချိန်မှာပဲ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်က လောက်ကိုင်မြို့မှာရှိတဲ့ မန်ခါးဘုန်းတော်ကြီးကျောင်းမှာ အောက်တိုဘာ ၃၁ ရက်က ကျင်းပတဲ့ ရှမ်းတိုင်းရင်းသားတွေ အထွတ်အမြတ်ထားရာ သီတင်းကျွတ်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။
ဒါက မြေပြင်မှာဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကိုတော့ ချက်ချင်းပျောက်သွားအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အငြင်းပွားနေတဲ့အချက်တွေ

ဓာတ်ပုံ ရင်းမြစ်, ScreenGrab
ရှမ်းမြောက်က ကိုးကန့်တပ်(MNDAA) နယ်မြေစိုးမိုးရယူပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ နေရာတွေမှာ...
- ဘာသာစကား
- မြေယာပိုင်ဆိုင်မှု
- နိုင်ငံခြားသား လွှမ်းမိုးဝင်ရောက်မှု
- သမိုင်းနဲ့ယဉ်ကျေးမှု
- လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှု စတဲ့ ခြိမ်းခြောက်မှုတွေကြုံနေရတယ်လို့ SSJAC ရဲ့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
ကိုးကန့်တပ်ကလည်း SSJAC စာထုတ်ကန့်ကွက်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၂၇ ရက်မှာ တုံ့ပြန်စာထုတ်ပါတယ်။
ကိုးကန့်တပ်ရဲ့ တုံ့ပြန်စာထဲမှာလည်း SSJAC ရဲ့ ကန့်ကွက်တဲ့အချက်အများစုကို ငြင်းဆိုထားပြီး တချို့အချက်တွေမှာတော့ ဖြေရှင်းချက်ပေးထားတာ တွေ့ရပါတယ်။
တရုတ်ဘာသာစကား အစားထိုးဝင်ရောက်မှု

ဓာတ်ပုံ ရင်းမြစ်, ShwePheeMyay
ရှမ်းမြောက်က တိုင်းရင်းသားဒေသခံတွေနဲ့ အကျွမ်းတဝင် သုံးလေ့သုံးထမရှိတဲ့ ဘာသာစကားကို ရုံးသုံးနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဖိအားပေးသုံးခိုင်းတယ်လို့ SSJAC က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်နည်းအားဖြင့် တရုတ်ဘာသာစကားကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာကို ဆိုလိုတာလို့ ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။
ကိုးကန့်အဖွဲ့ကတော့ ဒီအချက်ကို မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။
ကိုးကန့်အဖွဲ့ထိန်းချုပ်မှုအောက်က အခြေခံစာသင်ကျောင်းတွေမှာ မြန်မာဘာသာကို မိခင်စကားအနေနဲ့ သင်ကြားခိုင်းထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာကျောင်းတွေနဲ့ တန်းတူ အင်္ဂလိပ်ဘာသာနဲ့ တရုတ်ဘာသာစကားကိုလည်း သင်ကြားသွားမှာဖြစ်တယ်လို့ ကိုးကန့်တပ်က ပြောပါတယ်။
တစ်ဖက်မှာလည်း ကိုးကန့်အဖွဲ့ရဲ့ ရုံးလုပ်ငန်းတွေ၊ တရားဝင်ကြေညာချက်တွေနဲ့ တပ်တွင်းဆက်သွယ်ရေးတွေမှာလည်း တရုတ်စာကိုပဲ အဓိကထားသုံးတယ်လို့ ကိုးကန့်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုးကန့်လူမျိုးဆိုတာကလည်း တရုတ်၊ ယူနန်ပြည်နယ်ကနေ ရွှေ့ပြောင်းအခြေချလာတဲ့ ဟန်တရုတ်မျိုးနွယ်စုတွေဖြစ်ပြီး ဓလေ့ထုံးတမ်းနဲ့ နေ့စဉ်သုံးဘာသာစကားကလည်း ယူနန်ဒေသသုံး တရုတ်စကားဖြစ်ပါတယ်။
ပညာရှင်တချို့ကတော့ တရုတ်စာပေနဲ့ ကိုးကန့်စာပေဟာ အသံထွက်ဆိုတဲ့အခါမှာသာကွဲလွဲပြီး အရေးအသားပိုင်းမှာ ယူနန်ဒေသသုံး ဘာသာစကားနဲ့ တူညီနေတာကြောင့် တရုတ်ဘာသာစကားနဲ့ ထူးထူးခြားခြားကွဲလွဲနေတာမရှိဘူးလို့ ထောက်ပြကြပါတယ်။
သိန္နီမြို့ဟာလည်း ကိုးကန့်အုပ်ချုပ်မှု ၂ နှစ်ကျော်ရှိလာတဲ့နောက် တရုတ်အခေါ် "မူပန်"ဆိုပြီး ဖြစ်လာတာကို ပညာရှင်တချို့က ဥပမာပေးပြီးပြောပါတယ်။
မူပန်ဖြစ်သွားတဲ့ သိန္နီ

ဓာတ်ပုံ ရင်းမြစ်, CJ
မူပန်လို့ ခေါ်ရခြင်းဟာ ၁၂၀၀ နဲ့ ၁၃၀၀ ပြည့်နှစ်လွန်ကာလတွေကတည်းက တရုတ်ပြည်ကို မွန်ဂိုတွေသိမ်းပိုက်ခဲ့ချိန် ယွမ်မင်းဆက်လက်အောက်မှာ သိန္နီမြို့ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
ရှမ်းစော်ဘွားတွေရဲ့ ပြယုဂ်အဖြစ်ရှိခဲ့တဲ့ သိန္နီမြို့ထဲမှာ လက်ရှိ တရုတ်စီမံကိန်းတွေနဲ့ တရုတ်လူမျိုးတွေ ပိုတိုးစိမ့်ဝင်လာတာကြောင့် တရုတ်အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတဲ့ မြို့အဖြစ် ပြောင်းလဲသွားပြီလို့ ဒေသခံတွေက အစောပိုင်းကတည်းက ထုတ်ပြောထားကြပါတယ်။
သိန္နီမြို့ရဲ့ သမိုင်းဝင် ဟော်နန်း မုခ်ဦးတစ်ခုမှာလည်း မြန်မာနဲ့ ရှမ်းဘာသာအပြင် တရုတ်ဘာသာနဲ့ပါ ပူးတွဲစာရေးထိုးထားတာကို ဘီဘီစီကို ဖေဖော်ဝါရီလတုန်းက မြို့ခံတစ်ဦးပေးပို့လာတဲ့ ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။
၂၀၂၆ အောက်တိုဘာမှာတော့ မုခ်ဦးက တရုတ်ဘာသာနဲ့ ရေးထိုးထားတာကို ကိုးကန့်အဖွဲ့က ပြန်ဖျက်ထားတယ်လို့ သူက ပြောပါတယ်။
သိန္နီနဲ့ ကွတ်ခိုင်မြို့လယ်ခေါင်နေရာတွေမှာလည်း တရုတ်ဘာသာစကားနဲ့ မရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုးကန့်တပ်က စောင့်ကြည့်တာတွေလုပ်ပြီး တရုတ်ဘာသာပြောင်းရေးဖို့ ဖိအားပေးတာတွေရှိတယ်လို့ အဲဒီမြို့တွေမှာနေထိုင်နေကြသူတချို့က ပြောပါတယ်။
"ဆိုင်နာမည်ဆိုရင် တရုတ်လိုပါ ထည့်ရေးခိုင်းတာ၊ မရေးရင် ဒဏ်ကြေးဆောင်ခိုင်းတယ်" လို့ သိန္နီမြို့ခံတစ်ဦးက ဖွင့်ပြောပါတယ်။
ဆိုင်အသေးအကြီးပေါ်မူတည်ပြီး ကျပ်ငွေ ၁ သိန်းကနေ ၂ သိန်းကြား ဒဏ်ကြေးပေးဆောင်ရတာတွေ ကြုံနေရတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ဆိုပါတယ်။
မြို့ရွာဆိုင်းဘုတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Democractic Press
သမိုင်းစဉ်ဆက်ခေါ်ဝေါ်သုံးစွဲလာခဲ့တဲ့ မြို့ရွာအမည်တွေကို ကိုးကန့်အဖွဲ့က ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝမသက်ဆိုင်တဲ့ တရုတ်ဘာသာစကားနဲ့ အတင်းအကျပ်အစာထိုးပြောင်းလဲတာတွေ လုပ်နေတယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ပြောပါတယ်။
ကိုးကန့်အဖွဲ့ကတော့ သူတို့အုပ်ချုပ်တဲ့ ဒေသတွေမှာ ယန္တရားလွယ်ကူချောမွေ့အောင် ကိုးကန့်ဘာသာစကားနဲ့ တွဲဖက်ခေါ်ဝေါ်တာဖြစ်တယ်လို့ တုံ့ပြန်စာထဲမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ဆိုင်းဘုတ်တွေမှာ ပြောင်းလဲရေးသားလိုက်တဲ့ ကိုးကန့်ဘာသာစကားဟာလည်း အကဲခတ်တွေ ထောက်ပြထားသလိုပဲ ယူနန်ဒေသသုံး တရုတ်ဘာသာစကားပဲဖြစ်ပါတယ်။
ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီနဲ့ ကွတ်ခိုင်ဒေသတွေမှာနေထိုင်တဲ့ ဒေသခံတချို့ကလည်း မြို့ရွာဆိုင်းဘုတ်နာမည်တွေကို တရုတ်ဘာသာနဲ့ ပြောင်းလဲရေးသားလိုက်ရတယ်လို့ ဘီဘီစီကို အောက်တိုဘာ ၂၉ ရက်မှာပြောပါတယ်။
မူရင်း ရှမ်းဘာသာ၊ ပလောင်စာနဲ့ မြန်မာဘာသာ တွဲဖက် ရေးသားထားတဲ့ မြို့ရွာဆိုင်းဘုတ်တွေမှာ မြန်မာဘာသာနဲ့ တရုတ်ဘာသာ ၂ မျိုးပဲ ကိုးကန့်က ရေးသားလိုက်ပြီး ရှမ်းစာကတော့ လုံးဝပျောက်ကွယ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်တုန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ ဒီလိုတရုတ်ဘာသာ လွှမ်းမိုးမှုတွေ ကြီးကြီးမားမား မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ သိန္နီအပါအဝင် ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ခဲ့တဲ့ မြို့အများစုကို ခရိုင် ၄ ခုခွဲ၊ အထူးဒေသ ၁ ထဲထည့်သွင်းပြီး ကိုးကန့်က အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။
အထူးဒေသ ၁ မှာ သိန္နီ၊ လောက်ကိုင်၊ ကွတ်ခိုင်နဲ့ မုံးကိုး စတဲ့ ခရိုင် ၄ ခုပါဝင်ပြီး လောက်ကိုင်ကတော့ မြို့တော်ဖြစ်ပါတယ်။
ရှမ်းမြောက်က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ လောက်ကိုင်စတဲ့မြို့တွေကို ကိုးကန့်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မြေယာပိုင်ဆိုင်မှု

ဓာတ်ပုံ ရင်းမြစ်, The Kokang
ကိုးကန့်အဖွဲ့နဲ့ ဒေသခံတိုင်းရင်းသားတွေကြား နောက်ထပ်အငြင်းပွားနေတဲ့အချက်က မြေယာပိုင်ဆိုင်မှုဖြစ်ပါတယ်။
SSJAC ကတော့ ကိုးကန့်အဖွဲ့ ပြဋ္ဌာန်းလိုက်တဲ့ မြေယာဥပဒေနဲ့ တခြားဥပဒေတွေဟာ နိုင်ငံခြားသားတွေ အတားအဆီးမရှိ ဝင်ရောက်လာစေနိုင်တဲ့ နည်းလမ်းတွေကို ပေါ်ပေါက်စေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားတွေ မြေပိုင်ဆိုင်ခွင့်ရစေမယ့် သဘောကိုလည်း ဆောင်နေတယ်လို့ SSJAC က ဆိုပါတယ်။
ကိုးကန့်တပ်ကတော့ ဒီပြောဆိုချက်ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ပြောပါတယ်။
အထူးဒေသ ၁ ရဲ့ မြေယာဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ နိုင်ငံခြားသားတွေကို မြေယာပိုင်ဆိုင်ခွင့်မပြုဘူးလို့ ကိုးကန့်က မူချထားပါတယ်။
အထူးဒေသ ၁ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေနဲ့ မြန်မာနိုင်ငံသားတွေသာ မြေယာပိုင်ဆိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့ ဒီအချက်တွေက ကိုးကန့်ထိန်းချုပ်ထားတဲ့နေရာတွေက မြေပြင်အခြေအနေနဲ့တော့ ကွဲလွဲချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ သိန္နီရဲ့အထင်ကရတစ်ခုဖြစ်တဲ့ မြို့မဈေးကြီးဟာလည်း မြို့လယ်ခေါင်ကနေ ဖယ်ရှားခံလိုက်ရပါတယ်။
မြို့မဈေးတည်ထားတဲ့နေရာမှာ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမယ့် ဆေးရုံနဲ့ ဈေးဝယ်စင်တာ ပူးတွဲတည်ဆောက်မယ့် အဆောက်အအုံသစ်ကြီး ဝင်လာမှာကြောင့်ဖြစ်တယ်လို့ မြို့ခံတချို့က အစောပိုင်းကတည်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShwePheeMyay
၂၀၂၆ အောက်တိုဘာအထိ အဲဒီအဆောက်အအုံသစ်ကို ဆောက်လုပ်နေတုန်းပဲလို့ သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။
အလားတူ သိန္နီမြို့ အစွန်ဘက်တစ်နေရာမှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဟိုတယ်ကြီးတစ်လုံးကိုလည်း စက်တင်ဘာလကတည်းက ဆောက်လုပ်ပြီးစီးထားပြီလို့ သူကဆက်ပြောပါတယ်။
ဒေသခံတွေရဲ့ စိုက်ပျိုးမြေနေရာတွေကို ကိုးကန့်တပ်က ဝယ်ယူပြီး တရုတ်လူမျိုး လုပ်ငန်းရှင်တွေဆီ ပြန်လည်ရောင်းချနေတာဖြစ်တယ်လို့ ကြံနဲ့ ပြောင်းစိုက်တဲ့ တောင်သူတချို့က အစောပိုင်းကတည်းက ဘီဘီစီကိုပြောထားပါတယ်။
ဒီအဖြစ်အပျက်တွေဟာ သိန္နီ၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်တွေထဲမှာလည်း ဖြစ်နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
စစ်ရှောင်ပြီး ပြန်မလာနိုင်သေးတဲ့ ဒေသခံတချို့ရဲ့ လယ်ယာမြေတွေကိုလည်း ပိုင်ရှင်တွေရဲ့ သဘောတူညီချက် မရဘဲ လက်လွှဲရောင်းချတာတွေလုပ်နေတယ်လို့ သူတို့က တညီတည်းပြောကြပါတယ်။
ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးကတော့ ဒီလယ်ယာမြေထဲက တချို့ကတော့ ကနဦးကတည်းက တရုတ်လုပ်ငန်းရှင်တချို့ကို စာချုပ်နဲ့ ငှားရမ်းထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"စစ်ဖြစ်တော့ တရုတ်တွေလည်းပြေးတာပေါ့။ အခုအပစ်ရပ်တော့ ငှားထားတဲ့တရုတ်တွေက ပြန်လာလုပ်ကြတာ။ စစ်ရှောင်တွေကလည်း ပိုင်ရှင်မရှိတဲ့လယ်ယာတွေမှာလာလုပ်ကြတော့ ပြဿနာတွေဖြစ်တာပေါ့" လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါပေမဲ့ သိန္နီဒေသခံ ကြံနဲ့ပြောင်းစိုက်ခင်း ပိုင်ရှင်တစ်ဦးကတော့ ကိုးကန့်အာဏာပိုင်တွေက သူပိုင်ဆိုင်တဲ့ စိုက်ခင်းမြေနေရာတွေကို ကာလတန်ဖိုးပေါက်ဈေးထက် နိမ့်တဲ့ဈေးတစ်ခုနဲ့ လက်လွှဲရောင်းချဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့လပိုင်းမှာ ထုတ်ပြောထားပါတယ်။
ကိုးကန့်က သူထိန်းချုပ်ထားတဲ့ နေရာတချို့မှာ စိုက်ပျိုးရေးစီမံကိန်းလုပ်ဖို့အတွက်ဆိုပြီး မြေတွေဝယ်ယူနေတယ်လို့ သိန္နီနဲ့ ကွတ်ခိုင်ဒေသခံတချို့က ပြောပါတယ်။
အလားတူ တချို့မြေယာတွေမှာတော့ မူရင်းပိုင်ဆိုင်သူဖြစ်တဲ့ ဒေသခံတချို့ကို ဈေးနှိမ်ရောင်းဖို့ ဖိအားပေးဝယ်ယူပြီးမှ တရုတ်လူမျိုးဦးဆောင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လက်လွှဲရောင်းချပြီး လုပ်ကိုင်စေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ဖွင့်ပြောပါတယ်။
ရှမ်းမြောက်က ဒေသခံတချို့ကတော့ သူတို့ပိုင်ဆိုင်တဲ့ မြေယာတွေအပြင် ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို တိုင်းတပါးသားတွေနဲ့ တိုင်းတပါးက ယဉ်ကျေးမှုတွေ ပိုလွှမ်းမိုးလာမှာကို စိုးရိမ်စိတ်ကြီးနေကြတယ်လို့ ဘီဘီစီကို ရင်ဖွင့်ပြောပါတယ်။
ရှမ်းတပ်တွေအနေနဲ့ စစ်ရေးအရ မြေပြင်မှာ ထိန်းချုပ်ထားတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နိုင်နိုင်နင်းနင်းမလုပ်နိုင်တာကလည်း ဒီလိုယဉ်ကျေးမှူဆိုင်ရာ အငြင်းပွားဖွယ်ရာ ပြဿနာတွေကို ဦးတည်စေတယ်လို့ ရှမ်းပြည်အရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။
နောက်ထပ် နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ ဒီလိုအငြင်းပွားမှုတွေ တင်းမာလာတဲ့အခြေအနေတွေကြား နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ နေပြည်တော်ကလည်း ကြားဝင်ညှိနှိုင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ ဆိုပါတယ်။
"ကိုးကန့်အဖွဲ့နဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေကြား ကြားခံအဖွဲ့အစည်းတစ်ခုခုက ညှိနှိုင်းတာတွေမလုပ်နိုင်ရင် အငြင်းပွားမှုတွေက ကာလရှည်ကြာနေဦးမယ်"လို့ သူက မှတ်ချက်ပြုပါတယ်။

























