စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား

တရုတ်ကုန်တင်ရထားတစ်စင်း၊ အဆိုပြုထားတဲ့ တရုတ်- မြန်မာစီးပွားရေး စင်္ကြံမှာပါဝင်တဲ့ ကျောက်ဖြူ မန္တလေး မူဆယ် ကူမင်း ရထားလမ်းပြ မြေပုံနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ဦးမင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေကြတဲ့ ဓာတ်ပုံအဖြူအဝါ အနီနဲ့ မီးခိုးရောင် သရုပ်ဖော်
ဖတ်ရန်အချိန်: မိနစ် ၉

တရုတ်လိုလားတဲ့နေပြည်တော်အစိုးရသစ်နဲ့ လွှတ်တော်တွေ အသက်ပြန်ဝင်လာချိန်မှာပဲ တရုတ်အကျိုးစီးပွားရှိတဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းလို့ နာမည်ကျော်တဲ့ ပိုးလမ်းမစီမံကိန်း (BRI)ထဲက မြန်မာမှာရှိတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဘေကျင်းဘက်က အသံထုတ်လာပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့အထူးသံတမန်ကို နေပြည်တော်က သမ္မတကျမ်းကျိန်ပွဲကို တက်စေပြီး BRI ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းအောင်လုပ်မယ့်အကြောင်း သတင်းစကားပါးပါတယ်။

နေပြည်တော်ဘက်ကလည်း တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ အကြိမ်ကြိမ် ကတိပေးသလို အခုနောက်ဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဧပြီလ ခရီးစဉ်မှာ ထပ်မံ အာမခံပါတယ်။

တရုတ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကိုလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ရှမ်းမြောက်က လက်နက်ကိုင် ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခင်းအကျင်းတွေ လုပ်လာပါတယ်။​

BRI စီမံကိန်းအောက် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)ထဲက ကူမင်းအထိပေါက်မယ့် ရထားလမ်းစီမံကိန်းမှာ မြန်မာဘက်က ရထားလမ်းစမယ့် ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူဘက်ခြမ်းအတွက် နယ်မြေတစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ‌)နဲ့လည်း တရုတ်က သီခြားတွေ့ဆုံဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နေပြည်တော်က အစိုးရသစ်သက်တမ်းအတွင်း ဒီရထားလမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ တရုတ်ဘယ်လို ခြေလှမ်းနေလဲ။

စီမံကိန်းနဲ့ လက်နက်ကိုင်တပ်တွေ

လားရှိုးမြို့ထဲမှာတွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ထဲမှာတွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်(MNDAA)၊ "ဝ"တပ်ဖွဲ့ (UWSA)၊ ရှမ်းပြည်တပ်မတော်(SSPP/ SSA) စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်က စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)က တွေ့ဆုံခဲ့တယ်လို့ ဒီအဖွဲ့တွေနဲ့ နီးစပ်သူတချို့က ဘီဘီစီကို အတည်ပြုပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ထဲမှာ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရထားလမ်းစီမံကိန်းကို ၂၀၂၆ ခုနှစ်ထဲမှာ အကောင်အထည်ဖော်မယ်ဆိုပြီး ဘေဂျင်းက ဆွေးနွေးပွဲကနေတဆင့် အသံပေးလာတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ရထားလမ်းဖောက်လုပ်မယ့် လမ်းပိုင်းတလျှောက်က လုံခြုံရေးအခြေအနေတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

"လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စီမံကိန်းလုံခြုံရေးအတွက် ထိန်းချုပ်နယ်မြေတွေ ဘယ်နေရာမှာ ဘယ်သူက တာဝန်ယူရေးဆိုတာမျိုးပေါ့" လို့ သူက ထပ်ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်နိုင်ငံဆိုင်ရာလေ့လာရေးကဏ္ဍရဲ့ခေါင်းဆောင် မနန်းလွင်ကတော့ ဒီတွေ့ဆုံမှုဟာ တရုတ်ရဲ့ပထမဦးစားပေးဖြစ်တဲ့နယ်မြေတည်ငြိမ်ရေးနဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ချောချောမွေ့မွေ့လည်ပတ်ရေးအပြင် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ(CMEC) စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဘေဂျင်းဘက်က တီးခေါက်လိုက်တာလို့ သုံးသပ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် တရုတ်လုပ်ချင်တဲ့ ပိုးလမ်းမစီမံကိန်းအတွက် အရေးပါတဲ့ ရထားလမ်းစီမံကိန်းအကောင်အထည်ဖော်ရေးကို ရပ်တန့်စေခဲ့ပါတယ်။

ဒါကြောင့် တရုတ်က သူ့ရဲ့စီမံကိန်းဖြတ်သန်းမယ့် နယ်မြေတွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲသံတွေ တိတ်အောင် အားထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က လူသိရှင်ကြားထုတ်ပြောနေတာကတော့ နယ်စပ်မှာ တည်ငြိမ်ဖို့ မြန်မာ့ငြိမ်းချမ်းရေးမှာ အပြုသဘောဆောင်ပါဝင်နေတာလို့ ဆိုတာပါ။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ သုတေသနတာဝန်ခံ ဗိုလ်မှူးနောင်ရိုးကတော့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ တိုက်ပွဲဒဏ်တွေနဲ့ တရုတ်က ပေးတဲ့နိုင်ငံရေးနဲ့ စီးပွားရေးဖိအားတွေကြောင့် တပ်တွေ နလန်ပြန်ထူဖို့နဲ့ အနာဂတ်အကျိုးစီးပွားအတွက်တရုတ်ရဲ့ BRI စီမံကိန်းက အဖြေဖြစ်နေတယ်လို့ ပြောပါတယ်။

"စစ်တပ်ကလည်း စီမံကိန်းအကျိုးအမြတ်ကို သူပဲ လိုချင်နေလို့ တရုတ်အားယူပြီး မြို့တွေပြန်တောင်းနေတာ။ တိုင်းရင်းသားတပ်တွေကလည်း အကျိုးအမြတ်နဲ့ ယှဉ်လာရင် ဘယ်သူက ဘယ်နှစ်မြို့ ကိုင်ထားတယ်ဆိုတာတွေက စကားပြောတာပေါ့" လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း BRI စီမံကိန်းဟာ အာဏာသိမ်းကာလအတွင်း မြန်မာမှာ ကျဆင်းသွားတဲ့ စီးပွားရေးအကျပ်ဆိုက်နေတဲ့အခြေအနေတွေကို တစ်နည်းတစ်ဖုံ ပြေလည်စေနိုင်တယ်လို့ ISP-Myanmar ရဲ့ တရုတ်နိုင်ငံဆိုင်ရာလေ့လာရေးကဏ္ဍရဲ့ခေါင်းဆောင် မနန်းလွင်က မှတ်ချက်ပေးပါတယ်။

မလက္ကာရေလက်ကြားကို ရှောင်မယ့် ကျောက်ဖြူ-ကူမင်း စီမံကိန်း

ရန်ကုန်၊ ကျောက်ဖြူ၊ မန္တလေး၊ မူဆယ်၊​ ရွှေလီနဲ့ ကူမင်းမြို့တွေပြတဲ့ တရုတ် နဲ့ မြန်မာ မြေပုံ ကျောက်ဖြူကနေ ကူမင်းအထိ ရထားလမ်းဖောက်လုပ်မယ့် လျာထား လမ်းကြောင်းကို မြေပြံမှာ အနီရောင် စက်များဖြင့်ပြသထား

''မြန်မာဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မယ့်နိုင်ငံ'' လို့ စစ်အာဏာသိမ်း ၅ နှစ်အတွင်းမှာ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေက တရုတ်နဲ့တွေ့တိုင်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ စတင်ပြီး တရုတ်ရဲ့ကုန်းတွင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဆုံးမယ့် ကျောက်ဖြူ-မန္တလေး-မူဆယ်-ကူမင်း ရထားလမ်းစီမံကိန်းကို သွယ်ဝိုက်နည်းတစ်မျိုး၊ နာမည်ဖော်ပြီးတဖုံ စစ်ခေါင်းဆောင်တွေ ပြောလေ့ရှိပါတယ်။

ဒီစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ခေတ်သစ်ကုန်သွယ်လမ်းကြောင်း ပိုးလမ်းမ (BRI) စီမံကိန်းအောက် တရုတ်နဲ့ မြန်မာကြား စီးပွားရေးစင်္ကြံ (CMEC)ကနေတဆင့် အကောင်အထည်ဖော်မယ့် ဒေါ်လာဘီလျံချီ ရထားလမ်းဖြစ်ပါတယ်။

ကီလိုမီတာ ၁၅၀၀ ကျော်ဖြတ်သန်းမယ့် ကျောက်ဖြူ-ကူမင်းရထားလမ်းပိုင်းကို မြန်မာဘက်ခြမ်းမှာ ကျောက်ဖြူ- မန္တလေးအပိုင်းနဲ့ မန္တလေး- မူဆယ်အပိုင်းဆိုပြီး ဆောက်လုပ်မှာဖြစ်ပါတယ်။ ကုန်သယ်ရထားလမ်းကြောင်းဖြစ်မယ့် ဒီလမ်းဟာ မူဆယ်ကနေ တရုတ်ရဲ့ ရွှေလီကို ဖြတ်ပြီး ကူမင်းအထိ ကွန်ရက်ဖြန့်မှာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင်တွေပြောသလို ဒီလမ်းဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်သလို သူအသုံးများတဲ့ မလက္ကာရေလက်ကြားကို ဖြတ်ရမယ့် ကြာချိန်နဲ့ ခရီးကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်ဟာ သူ့ရဲ့ရေနံတင်သွင်းမှု လေးပုံ သုံးပုံနီးပါးနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းကို တောင်တရုတ်ပင်လယ်နဲ့ ကပ်လျက်က မလက္ကာရေလက်ကြားကို ဖြတ်သန်းရတယ်လို့ EIA နဲ့ CSIS ChinaPower Project တို့ရဲ့အချက်အလက်မှာ ပြသပါတယ်။

တရုတ်ဟာ ဒီလိုရေလက်ကြားတွေကို ရှောင်ကွင်းနိုင်ဖို့ လမ်းတွေဖောက်၊ တံတားတွေဆောက်နေတာကြောင့် ကျောက်ဖြူ- ကူမင်းရထားလမ်းဟာလည်း ဒီလိုကုန်သွယ်လမ်းကြောင်းတစ်ခုတည်းကို လျှော့ချနိုင်ဖို့ ရည်မှန်းတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ကျောက်ဖြူကနေ စတင်ပြီး ကူမင်းမှာဆုံးမယ့် ရထားဟာ တရုတ် -မြန်မာ နယ်စပ်က မူဆယ်မြို့နဲ့ ရွှေလီမြို့ကို ဖြတ်သန်းမှာဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူကနေ စတင်ပြီး ကူမင်းမှာဆုံးမယ့် ရထားဟာ တရုတ် -မြန်မာ နယ်စပ်က မူဆယ်မြို့နဲ့ ရွှေလီမြို့ကို ဖြတ်သန်းမှာဖြစ်ပါတယ်

တရုတ်အနေနဲ့ မြန်မာက ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အားစိုက်လာတာဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ မတည်ငြိမ်မှုတွေဖြစ်နေတဲ့အချိန်မျိုးမှာ နိုင်ငံရေးအရ လက်ဦးမှုရအောင် ကြိုးပမ်းနေတာလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

"နိုင်ငံခြားရေးမူဝါဒ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရော ပထဝီနိုင်ငံရေးအရလည်း အရေးပါတဲ့ စီမံကိန်းပါ"

BRI စီမံကိန်းကို ၂၀၁၇ ခုနှစ် NLD အရပ်သားအစိုးရလက်ထက်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံချိန် ဘေဂျင်းဘက်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

အဲဒီစီမံကိန်းအောက်က တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဆွေးနွေးခဲ့ပြီးနောက် အရပ်သားအစိုးရလက်ထက်က ဝန်ကြီးတွေရဲ့ သဘောတူညီချက်တွေနဲ့အတူ တရုတ်နဲ့ နားလည်မှုစာချွန်လွှာကို မြန်မာဘက်က လက်ခံသဘောတူခဲ့တာဖြစ်ပါတယ်။

CMEC ထဲကမှ ကျောက်ဖြူကနေ ကူမင်းအထိပေါက်မယ့် ရထားလမ်းစီမံကိန်းအရ မန္တလေး-မူဆယ်လမ်းပိုင်းမှာ စစ်တပ်ထိန်းချုပ်မြို့တွေဖြစ်တဲ့ မန္တ‌လေးတိုင်းထဲက မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့ ပါဝင်ပါတယ်။

ရှမ်းမြောက်ဘက်ကိုကြည့်ရင်တော့ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေ ပါဝင်မှာဖြစ်ပြီး ဒီမြို့တွေကိုလည်း မြန်မာစစ်တပ်ကပဲ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ သိန္နီမြို့တို့ကလည်း ရထားလမ်းစီမံကိန်းလမ်းကြောင်းမှာရှိနေပါတယ်။

တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ဆန်နဲ့ နမ့်ခမ်းမြို့တွေကိုလည်း ရထားလမ်းက ဖြတ်သန်းသွားရမှာပါ။

ရထားလမ်းဖြတ်သန်းရမယ့်မြို့တွေထဲက နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူနဲ့ သိန္နီစတဲ့ မြို့နယ်တွေထဲမှာ ရှမ်းတောင်ပိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်(SSPP/ SSA) အဖွဲ့လည်း စစ်ရေးလှုပ်ရှားတာမျိုးရှိပါတယ်။

အလားတူ ကိုးကန့်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဒေသထဲမှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/ KIA)တပ်တချို့ တပ်စွဲထားပါတယ်။

တစ်ဖက် ရခိုင်ပြည်နယ်ထဲကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ဟာ စီမံကိန်းအရ လမ်းကြောင်းစမယ့်နေရာ(Starting Point) ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က တွေ့ရတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/ Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က တွေ့ရတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း

ကျောက်ဖြူက စစ်တပ်နဲ့ အေအေအတွက် ဘာကြောင့်အရေးပါလဲ

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရေယာဉ်တစ်စီးကို စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်လေ့ကျင့်ခန်းမှာ တွေ့ရတဲ့ပုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရေယာဉ်တစ်စီးကို စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်လေ့ကျင့်ခန်းမှာ တွေ့ရတဲ့ပုံ (ပုံဟောင်း)

ကျောက်ဖြူဟာ ပင်လယ်ထွက်ပေါက်ဖြစ်နေပြီး အထူးစီးပွားရေးဇုန်လိုဖြစ်နေလို့ ပစ္စည်းတင်သွင်း၊ တင်ပို့တာတွေ ကြီးကြီးမားမားလုပ်နိုင်တာကြောင့် ကုန်သွယ်လမ်းကြောင်းတစ်ခုရဲ့ အဓိကကျတဲ့ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်နေပါတယ်။

ISP Myanmar ကတော့ တရုတ်ရဲ့မဟာဗျူဟာကျတဲ့ စီမံကိန်းမှာပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမှာဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

ကျောက်ဖြူက "ပင်လယ်တံခါးပေါက်လိုဖြစ်နေတာမို့ စီမံကိန်းပြီးရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူဝင်လာနိုင်မယ်၊ ကုန်သွယ်ရေးအခွန်အကျိုးအမြတ်၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသတွင်းစီးပွားရေး အများကြီးပေါ့" လို့ စီးပွားရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

လက်ရှိမှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ထဲက အေအေထိန်းချူပ်ထားတဲ့ မြို့နယ်တွေထဲ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတာကို အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

အလားတူ ကျောက်ဖြူအနီး အေအေထိန်းချူပ်ထားတဲ့ ရမ်းဗြဲမြို့တဝိုက်က နေရာတချို့မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေယာဉ်တချို့ သွားလာလှုပ်ရှားမှုတွေရှိခဲ့တယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမြို့ကို စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ဖို့ ရမ်းဗြဲဘက်ကို ကမ်းတက်စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေတာလို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

CDM ရေတပ်အရာရှိဟောင်းတစ်ဦးကတော့ စီမံကိန်းအပေါက်ဝဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ကို စစ်တပ်က အပြည့်အဝထိန်းချုပ်ဖို့ ရမ်းဗြဲကို ကမ်းတက်စစ်ဆင်ရေးလုပ်လာနိုင်ပေမဲ့ အောင်မြင်နိုင်ခြေကတော့ ခက်ခဲမယ်လို့ မှတ်ချက်ပြုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ "လေကြောင်းအားသာပေမဲ့ မြေပြင်ခြေကုပ်ရတဲ့မြို့တွေ လက်လွှတ်ထားရတာကြောင့် ပထဝီအနေအထားအရ ရခိုင်မှာ ကြည်း၊ ရေ၊ လေ သုံးပြီး ကမ်းတက်ထိုးစစ်ဆင်ဖို့ အခက်တွေ့နိုင်တယ်" လို့ သူက ထောက်ပြပါတယ်။

စစ်တပ်အနေနဲ့ ကမ်းတက်စစ်ဆင်ရေးလုပ်ဖို့ ရွေးချယ်မယ်ဆိုရင်လည်း ရမ်းဗြဲ-တောင်ကုတ်ရေလက်ကြားက ကျောက်နီမော်တဝိုက်နေရာရှိပြီး အဲဒီကတဆင့် ရမ်းဗြဲအထိ ထိုးစစ်တက်နိုင်မှရမယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးသမိုင်းမှာလည်း ကမ်းတက်စစ်ဆင်ရေးလုပ်ပြီး တိုက်ပွဲဆင်နွှဲခဲ့တာမျိုး မရှိတာကြောင့် ဒီစစ်ဆင်ရေးက စစ်တပ်အတွက် စိန်ခေါ်ချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းအရ ကျောက်ဖြူကနေ အမ်းမြို့နယ်ထဲကနေ ရခိုင်ရိုးမတောင်တန်းကို လမ်းဖောက်လုပ်ရမှာဖြစ်ပြီး မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်ဒေသတွေကိုလည်း ဖြတ်သန်းရမယ့်သဘောရှိပါတယ်။

အဲဒီမြို့နယ်တွေနဲ့ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲအပါအဝင် ကျန်တဲ့ ၁၄ မြို့လုံးကို အေအေက ထိန်းချုပ်ထားပါတယ်။

စစ်တပ်ကတော့ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မြို့တော် စစ်တွေနဲ့ မာန်အောင်စတဲ့ မြို့ ၃ မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ရဲ့ မဒေးကျွန်းနှင့် ကုဋေချီကျွန်းတို့မှာ တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းလည်းရှိနေပြီး စီမံကိန်းဧရိယာအပြင်ဘက်ကနေရာတွေမှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ရဲ့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားအပြင် စစ်တပ်ဘက် မျက်နှာမူထားတဲ့ တရုတ်အစိုးရအနေနဲ့လည်း ရခိုင်ထဲက ကျောက်ဖြူအပါအဝင် စီမံကိန်းနဲ့ ထိစပ်နေတဲ့နေရာတွေမှာ တည်ငြိမ်မှုရှိမှ စီမံကိန်းအကောင်အထည်ဖော်ရမယ့်အခြေအနေရှိနေတယ်လို့ CDM ရေတပ်အရှိဟောင်းက သုံးသပ်ပါတယ်။

"နိုင်ငံရေးအရရော၊ စစ်ရေးအရရော အေအေအတွက် ဖိအားပေးခံရတာတွေ ရှိလာနိုင်တယ်" လို့ သူက ဖြည့်ပြောပါတယ်။

အေအေဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ထဲက စစ်တပ်နဲ့ အပစ်မရပ်ဘဲ လက်ရှိအချိန်ထိ ရခိုင်အပြင် ချင်းပြည်နယ်တကြောမှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့အတူ စစ်တပ်ကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။​

"စီမံကိန်းလုံခြုံရေးတွေအတွက် ရှမ်းမြောက် တိုက်ပွဲတွေ အပစ်ရပ်အောင် ခင်းကျင်းခဲ့တာ"

နမ့်ဆန်မြို့မှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, နမ့်ဆန်မြို့မှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

လက်နက်ကိုင်တပ်ဖွဲ့စုံ ထိန်းချုပ်ထားတဲ့နယ်မြေတွေ ရထားလမ်းစီမံကိန်းတလျှောက်မှာ ရှိနေတာကြောင့် တရုတ်က သူ့ရဲ့ စီမံကိန်းလုံခြုံရေးတွေအတွက် ရှမ်းမြောက် တိုက်ပွဲတွေ အပစ်ရပ်အောင် ခင်းကျင်းခဲ့တာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ သုတေသနတာဝန်ခံ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

စီမံကိန်းဖြတ်သန်းသွားမယ့် မြန်မာ့အရှေ့မြောက်ခြမ်းက ရှမ်းမြောက်တကြောမှာ "၁၀၂၇ စစ်ဆင်ရေး"တွေအတွင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့အပါအဝင် ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က မြို့ပေါင်းဆယ်ချီ လက်လွှတ်ခဲ့ရပါတယ်။

မြန်မာ စစ်တပ်အရေးနိမ့်လာတဲ့နောက် တရုတ်နဲ့နယ်စပ်ဖြစ်တဲ့ မြောက်ပိုင်းညီနောင်တပ်ဖွဲ့ အသီးသီးထိန်းချုပ်လိုက်တဲ့ နယ်မြေတွေထဲ စီးဝင်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တရုတ်ဘက်က ဖြတ်‌တောက်ပိတ်ဆို့ပြီး ဖိအားပေးခဲ့ပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲမှာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ အာရက္ခတပ်တော်(အေအေ)တို့ ပါဝင်ပါတယ်။

အဲဒီနောက် တရုတ်ဘက်က ကမကထလုပ်မှုနဲ့ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား တွေ့ဆုံမှုတွေရှိလာပြီး ၂၀၂၅ နှစ်စပိုင်းမှာတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အဖွဲ့ဝင် ကိုးကန့်တပ်က စစ်တပ်နဲ့ အပစ်ရပ်လိုက်ပါတယ်။

အပစ်ရပ်မှုကနေပဲ စစ်တပ်က ရမခရှိတဲ့ လားရှိုးမြို့ကို ပြန်ရခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာမှာတော့ တအာင်းတပ်(TNLA)ကပါ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး တစ်လအကြာမှာပဲ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို စစ်တပ်လက်ထဲ လွှဲပေးခဲ့ပါတယ်။

လက်ရှိ ရှမ်းမြောက်တကြော တိုက်ပွဲဖော်ခဲ့တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့က စစ်တပ်နဲ့ အပစ်ရပ်ထားတာကြောင့် တရုတ်က ရှမ်းမြောက်ကို ပိုင်ပိုင်စီးစီး ဩဇာလွှမ်းမိုးနိုင်တဲ့သဘော သက်ရောက်သွားပြီလို့ ISP Myanmar က မနန်းလွင်က ထောက်ပြပါတယ်။

အလားတူ စီမံကိန်းဖြတ်သန်းမယ့် ရှမ်းမြောက်ဒေသရဲ့လုံခြုံရေးအတွက် ကိုးကန့်တပ်ကို တရုတ်က လက်လွှဲထားတယ်လို့ ရမခထဲမှာ ဧပြီ ၁၃ ရက်ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေ ရလဒ်ထွက်တဲ့အကြောင်း ဘီဘီစီသတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသနတာဝန်ခံ ဗိုလ်မှူးနောင်ရိုးကတော့ တရုတ်ဩဇာမကင်းတဲ့ ရှမ်းမြောက် လက်နက်ကိုင်တပ်တွေက အာဏာသိမ်းကာလတွေမှာ တရုတ်နဲ့ ဩဇာမကင်းမှုကနေ တရုတ်ရဲ့အကျိုးစီးပွားတွေကို ကာကွယ်၊ အကောင်အထည်ဖော်ပေးတဲ့ကိန်းစိုက်နေပြီလို့ ဆိုပါတယ်။

"ဩဇာလွှမ်းမိုးမှု ပိုကြီးလာတယ်၊ ပြောတိုင်း လိုက်လုပ်နေရပြီ" လို့သူက ပြောဆိုပါတယ်။

ဧပြီလလယ်ပိုင်းမှာပဲ မြောက်ပိုင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်(TNLA) က ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခံရပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်တာကို ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

TNLA နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ သင်္ကြန်မတိုင်ခင်ရက်ပိုင်းက တရုတ်နဲ့ TNLA ထိပ်ပိုင်းခေါင်းဆောင်တချို့ တွေ့ဆုံခဲ့ကြပြီး အဲဒီတွေ့ဆုံမှုမှာ နေပြည်တော်အစိုးရသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာပေးဖို့ ဆွေးနွေးတာမျိုးရှိခဲ့တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း သမ္မတရာထူးရယူပြီး အရပ်ဘက်အသွင်ပြောင်းအုပ်ချုပ်ရေးအပေါ် ကြိုဆိုတဲ့အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(TCSN) ကတော့ TNLA ရဲ့ထုတ်ပြန်ချက်ဟာ တအာင်းလူထုတစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘူးလို့ ကန့်ကွက်ထားပါတယ်။

အလားတူ တော်လှန်ရေး လမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြန်လည်ရပ်တည်ပေးဖို့ကိုလည်း TCSN က လူသိရှင်ကြားတောင်းဆိုထားပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းရှင်းကျီနဲ့ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar

တရုတ်က ရှမ်းမြောက်ဒေသက တိုက်ပွဲတွေရပ်အောင် ခင်းကျင်းနိုင်ခဲ့သလို စစ်ခေါင်းဆောင်ဟောင်းကနေ သမ္မတရာထူးယူပြီး အရပ်ဘက်အုပ်ချုုပ်ရေးအသွင်းပြောင်းထားတဲ့ အစိုးရသစ်နဲ့လည်း ဆက်ဆံရေးတွေ ပိုတိုးလုပ်လာတာတွေ့ရပါတယ်။

မြန်မာက တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့တွေ့ဆုံတဲ့အပြင် အာဏာသိမ်းကာလအတွင်းမှာလည်း စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း တရုတ်က အကြိမ်ကြိမ်ထုတ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာတော့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းရှင်းကျီကို အထူးသံတမန်အဖြစ် ဘေဂျင်းက စေလွှတ်ခဲ့ပါတယ်။

အထူးသံတမန်ကတဆင့် BRI ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုပြီးနက်ရှိုင်းအောင်လုပ်ဆောင်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေရဲ့ စီမံကိန်းတွေအတွက် ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်စေချင်တဲ့သဘောလို့ ရန်ကုန်မှာ ရှိတဲ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတ တာဝန်မယူခင်နဲ့ အစိုးရမဖွဲ့ခင်ကာလအတွင်း နိုင်ငံတကာအနေနဲ့ ပထမဆုံးလာရောက်တွေ့ဆုံခဲ့တာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားပဲဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကလည်း တရုတ်သံအမတ်နဲ့ စစ်ခေါင်းဆောင်ဟောင်းတို့ တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်နဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

အခုနောက်ဆုံး နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးသစ်ရဲ့ ဖိတ်ကြားချက်ကြောင့်ဆိုကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရောက်လာချိန်မှာလည်း နှစ်နိုင်ငံ စီမံကိန်းတွေ အထမြောက် ပြီးမြောက်ရေး အရှိန်မြှင့်လုပ်ဖို့ တရုတ်ဘက်က နေပြည်တော်ကို ထပ်ပြောပြန်ပါတယ်။​

ISP Myanmar က မနန်းလွင်ကတော့ ကျမ်းကျိန်ပွဲကို အထူးသံတမန်စေလွှတ်လိုက်တဲ့အပေါ် တရုတ်ဘက်က ကာလကြာရှည်စောင့်ဆိုင်းနေတဲ့ မဟာဗျူဟာကျစီမံကိန်းတွေကို အကောင်အထည်ဖော်လိုတယ်လို့ ဘေဂျင်းက စကားပါးလိုက်တာလို့ မှတ်ချက်ပြုပါတယ်။

"ရှမ်းမြောက်မှာ တရုတ်ဘက်က အကောင်အထည်ဖော်လိုတဲ့ စီမံကိန်းထဲမှာဆိုရင် ရထားလမ်းစီမံကိန်းက ဦးစားပေးဖြစ်နိုင်ပါတယ်"