နေပြည်တော်ကိုဦးတည်တဲ့ပဲခူးအရှေ့ PDF စစ်ရှိန်နဲ့ ရိုးမအနောက်က စစ်တပ်စီးနင်းမှု

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

စစ်ဘက်အရပ်ဘက်နဲ့ အုပ်ချုပ်ရေး အာဏာဗဟိုချက်ဖြစ်တဲ့နေပြည်တော်နဲ့ မိုင် ၄၀ ဝန်းကျင်အကွာ ပဲခူးတိုင်းအရှေ့ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးတပ်တွေရဲ့စခန်းသိမ်းတိုက်ခိုက်မှု ထွက်ပေါ်လာပါတယ်။​

ပဲခူး- ကရင်နဲ့ နေပြည်တော်ကောင်စီနယ်နိမိတ်အစပ် ဆွာမြို့အနီးက ဆွာရွာမ ကျေးရွာမှာရှိတဲ့ စစ်တပ်အခြေချစခန်းကို PDF ပူးပေါင်းအဖွဲ့တွေက အခုလဆန်းပိုင်းမှာ တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဦးဆောင်တယ်လို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့နေပြည်တော်တိုင်းစစ်ဌာန(Naypyitaw PDF)ကတော့ အဲဒီတိုက်ခိုက်မှုဟာ နေပြည်တော်တိုင်းကို ဝိုင်းပတ်ဖို့ရည်ရွယ်တဲ့စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

PDF နေပြည်တော်စစ်ဌာန တပ်ရင်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးကတော့ အခုလိုစခန်းသိမ်းတာဟာ တစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ဒီစစ်ဆင်ရေး နောက်တစ်ဆင့်တက်လာတာလို့ပြောပါတယ်။

ပဲခူးတိုင်းအရှေ့ပိုင်းမှာ PDF က စစ်ရေးဖော်ဆောင်နေချိန် ရိုးမတစ်ဖက်ခြမ်းက ပဲခူးအနောက်ခြမ်းမှာတော့ စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းဖြန့်ကြက်နေပါတယ်။

တစ်ဖက်မှာလည်း PDF တွေအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်နေပေမဲ့ စစ်တပ်ရဲ့သာလွန်အင်အားနဲ့ လေကြောင်းစစ်ဆင်ရေးတွေကြောင့် ရရှိထားတဲ့နယ်မြေတွေကနေ ပြန်ဆုတ်နေရတဲ့အပေါ် နေပြည်တော်တိုင်းကို ရည်ရွယ်တဲ့ PDF စစ်ဆင်ရေးအပေါ် စစ်ရေးအကဲခတ်တွေကြား မေးခွန်းတွေ ရှိနေပါတယ်။

နေပြည်တော်အနီးက စစ်ခွင်

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ နေပြည်တော်နဲ့ထိစပ်နေတဲ့ ဒေသတကြောက မြန်မာစစ်တပ်ရဲ့ တပ်စခန်း ၃ ခုကို နေပြည်တော်တိုင်းစစ်ဌာန ဦးဆောင်မှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်(Naypyitaw PDF) ဘက်က သိမ်းခဲ့ပါတယ်။

ပဲခူးတိုင်း၊ ဆွာမြို့နယ်ထဲက တပ်စခန်း ၂ ခုကို ဇွန်လပထမ သီတင်းပတ်မှာ နေပြည်တော် PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းလိုက်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက တပ်စခန်း ၁ ခုကို ဧပြီလမှာ သိမ်းခဲ့တယ်လို့ နေပြည်တော်စစ်ဆင်ရေးနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

PDF တွေ သိမ်းလိုက်တဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆွာမြို့နယ်၊ ဆွာမကြီး(ဆွာရွာမ)နဲ့ ရွာသစ်ရွာက တပ်စခန်း၂ ခုဟာ စစ်တပ်က ၂၀၂၄ ခုနှစ်ကတည်းက အင်အားရာနဲ့ချီ ခြေကုပ်ယူထားခဲ့တဲ့တပ်စခန်းတွေလို့ သူက ပြောပါတယ်။

ဒီစခန်းဟာ စစ်တပ်နဲ့ ရဲအပြင် ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)အဖွဲ့ဝင်တွေပါ ပူးပေါင်းအထိုင်ချထားတဲ့စခန်းလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဆွာမြို့ကို အဓိက အကာအကွယ်ပေးနိုင်မယ့် ခံတပ်စခန်းဖြစ်ပြီး ထောက်ပို့ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ စခန်းတစ်ခု" လို့လည်း သူက ဆိုပါတယ်။

ဆွာမြို့ဟာ နေပြည်တော်နဲ့ မိုင် ၄၀ ကျော်ပဲ ကွာဝေးပါတယ်။

PDF နေပြည်တော်တိုင်းစစ်ဌာနကတော့ အဲဒီတပ်စခန်းတွေကို နေပြည်တော် PDF နဲ့ပူးပေါင်းတပ်တွေက ဇွန်လ ၃ ရက်မှာ သိမ်းခဲ့တယ်လို့ ကနေ ထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တင့်ကားတပ်ရင်း(တကရ-၆၀၁၇) ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် အယောက် ၂၀ သေဆုံးခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ကြေညာပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တပ်စခန်းတွေကို သိမ်းပြီးနောက်မှာလည်း စစ်တောင်းမြစ်တစ်လျှောက်က ရွာတွေမှာ စစ်တပ်နဲ့ နေပြည်တော် PDF ပူးပေါင်းတပ်တွေကြား ဇွန်လ ၇ ရက်အထိ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ်လုပ်နေပြီး လက်လွှတ်ထားရတဲ့ ခြေကုပ်စခန်းတွေကို ပြန်ယူဖို့ ထိုးစစ်ဆင်နေတာလို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

"တိုက်လေယာဉ်ရော၊ Y12 နဲ့ရော ဗုံးကြဲတာတွေ လုပ်နေတယ်" လို့ သူက ဖြည့်ပြောပါတယ်။

လက်ရှိမှာတော့ နေပြည်တော် PDF နဲ့ ပူးပေါင်းတပ်တွေဟာ သိမ်းထားတဲ့ စခန်းကနေ ဆုတ်ခွာလိုက်ရပြီး ဆွာ-ရေတာရှည်တစ်လျှောက်က လမ်းပိုင်းတချို့မှာ နေရာပြန်ယူထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနကတော့ ဒီစခန်းတွေကို နေပြည်တော်တိုင်းကို ဗဟိုချက်ထားပြီး ဝိုင်းပတ်ပိတ်ဆို့မယ်ဆိုတဲ့ စစ်ဆင်ရေးဗျူဟာနဲ့ သိမ်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း နေပြည်တော်နဲ့ အနီးကပ်ဆုံးမြို့တွေဖြစ်တဲ့ တောင်ငူ-ရေတာရှည်-ဆွာ-သာဂရ လမ်းပိုင်းတစ်လျှောက်မှာ စစ်တပ်က တပ်ဖွဲ့ဝင်အင်အားထောင်ချီနဲ့ ခံစစ်ပြင်ဆင်ထားတယ်လို့ စစ်ဆင်ရေးနယ်မြေထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

တောင်ငူကတော့ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ရှိတာကြောင့် "အင်အားအတောင့်တင်းဆုံးပဲ" လို့ သူက ဆိုပါတယ်။

နေပြည်တော်နဲ့ ၈ မိုင်ဝန်းကျင်အကွာ လယ်ဝေးမြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကိုလည်း တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ဧပြီလမှာ သိမ်းခဲ့ပါတယ်။

နေပြည်တော်-ကရင်နီ-ကရင်(သံတောင်ကြီး)အစပ်နေရာ တောင်ပေါ်မှာရှိတဲ့ ကာကင်းစခန်းတစ်ခုဖြစ်ပြီး သိမ်းပြီး ရက်ပိုင်းအကြာမှာပဲ စစ်တပ်ရဲ့ လေကြောင်းထိုးစစ်တွေကြောင့် စခန်းကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

နေပြည်တော်တိုင်းကို ဝိုင်းပတ်ပိတ်ဆို့မယ့် စစ်ဆင်ရေးကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်က နေပြည်တော်တိုင်းစစ်ဌာနရဲ့ PDF တပ်ရင်းတွေက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အပါအဝင် ဒေသအခြေစိုက်တပ်တွေနဲ့အတူ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ တန်ပြန်စစ်ကြောင်းတွေ

နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့ ပဲခူးရိုးမလမ်းကြောင်းက ဆန်တက်လာမယ့် တော်လှန်ရေးစစ်လမ်းကြောင်းတွေကိုလည်း စစ်တပ်က ဟန့်တားချင်တာကြောင့် ပဲခူးအနောက်ဘက်ခြမ်းက ဒေသတွေမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

ပဲခူးအနောက်ဘက်ခြမ်းက ရိုးမနဲ့ထိစပ်နေတဲ့ "ရိုးမအခြေက ရွာတွေနဲ့ သာယာဝတီ၊ ပြည် ခရိုင်ထဲက ကျေးရွာတွေမှာ စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးနေတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးနေချိန်အတွင်းမှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းနဲ့ ဗုံးကြဲတာ၊ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တာအပြင် ရွာစဉ်လှည့်မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတချို့က ထုတ်ပြောပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်ထဲက အုတ်ဖိုနဲ့ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလကတည်းက စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာ ၂၀ ထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ ရွာခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

ပဲခူးတိုင်းအရှေ့ဘက်ခြမ်းကို ကြည့်မယ်ဆိုရင်တော့ ကျောက်ကြီး၊ ရွှေကျင်နဲ့ ဖြူးစတဲ့ မြို့နယ်တွေက ကျေးရွာအများစုကို ကရင်နဲ့ NUG လက်အောက်ခံ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ပဲခူးမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ပဲခူးအရှေ့ဘက်ခြမ်းမှာ တော်လှန်ရေးတပ်တွေအားကောင်းပြီး ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်း၊ ပိန်းဇလုပ်အပြင် "ရွှေကျင်မြို့နယ်ထဲက တောင်တန်းဒေသတစ်ခုလုံးနီးပါးကို PDF တွေက ထိန်းထားနိုင်တယ်"လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အဲဒီရွာတွေဟာ စစ်တောင်းမြစ်ဝှမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေတဲ့ ရွာတွေဖြစ်တာကြောင့် ဒီဒေသတွေမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေ အင်အားပေါင်းစည်းပြီး မြို့ပြတွေဆီ စစ်ရှိန်ဆက်လာမှာကိုလည်း စစ်တပ်က ကြိုတင်ပြင်ဆင်ထားတယ်လို့ စစ်ဘက် နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့(MDSI) ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ထောက်ပြပါတယ်။

ပဲခူးဒေသထဲကနေ ရန်ကုန်-မန္တလေးကနေ နေပြည်တော် လမ်းဟောင်းနဲ့ လမ်းသစ်လမ်းပိုင်းတလျှောက်ဦးတည်ပြီး တော်လှန်ရေးတပ်တွေ အင်အား မဖြန့်ကြက်နိုင်အောင် "အဲဒီလမ်းတလျှောက်က ရွာတွေမှာ စစ်တပ်က စစ်ကြောင်းတွေ ချခံစစ်ပြင်ထားတာပေါ့" သူက ပြောပါတယ်။

မိုးကာလစစ်ရေးနဲ့ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှု

နေပြည်တော်ကို ဝိုင်းပတ်ပိတ်ဆို့မယ့်စစ်ဆင်ရေးအောက်ကနေ ဆွာနဲ့ ရေတာရှည်စတဲ့ ဒေသတွေမှာ တော်လှန်ရေးတပ်တွေက တိုက်ပွဲတွေ ဖော်ဆောင်နေပေမဲ့ ဒီဗျူဟာက နေပြည်တော်အထိ သက်ရောက်ဖို့ ဝေးကွာနေသေးတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပြုပါတယ်။

အဲဒီဒေသတွေဟာ စစ်တပ်အခိုင်အမာရှိတဲ့ "နေပြည်တော်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) အစပ် ကြားထဲမှာရှိတဲ့ နယ်မြေဒေသတွေဖြစ်တာကြောင့် နေပြည်တော်ဗဟိုချက်ကို နီးနီးကပ်ကပ်အထိသွားပြီး ဟန့်တားဖို့ ခက်ခဲမယ်"လို့ သူက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးတပ်တွေအနေနဲ့ နေပြည်တော်နဲ့ ထိစပ်ဒေသတွေမှာ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ပေမဲ့ သိမ်းခဲ့တဲ့ စခန်းတွေကို ဆက်ပြီးထိန်းချုပ်နိုင်တာ မရှိတာကြောင့် နယ်မြေစိုးမိုးမှုအပိုင်းမှာ စစ်တပ်က အသာစီးရနေဦးမယ်လို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

ဒါ့အပြင် မိုးရာသီကာလည်းဖြစ်နေတာကြောင့် မိုးမကုန်ခင်အချိန်ကာလတွေ အထိ မိုးကြီး၊ ရေကြီး စတဲ့ ရာသီဥတုအခြေအနေအရ နှစ်ဖက်တပ်အနေနဲ့ စစ်ရေးအနေနဲ့ ကြီးကြီးမားမား ဖော်ဆောင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေလို့ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ "နေပြည်တော်နဲ့ ဆက်စပ်ဒေသတွေက စစ်တပ်အထိုင် စခန်းတွေကို ပြောက်ကျားထိုးစစ်ဆင်တာတွေတော့ ဖြစ်နိုင်ပါတယ်။ နယ်မြေထိန်းချုပ်ပြီး နေပြည်တော်ကို ခြိမ်းခြောက်ဖို့ကတော့ အလှမ်းဝေးပါသေးတယ်" လို့ သူက ပြောပါတယ်။