ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၃၂ ဦးအထိမြင့်တက်

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေးတဲ့သတင်းအပါအဝင် ဇွန် ၈ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပဲခူးမြစ်ရေ ဆက်တက်နေပြီး မိုးနှောင်းကာလအထိ ရေကြီးရေလျှံမှုအန္တရာယ်ဖြစ်လာနိုင်ခြေအတွက် စောင့်ကြည့်ရမယ်လို့ မိုးဇလပြော
  • ကချင်၊ ရွှေကူမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်(KIA)တို့ တိုက်ပွဲဖြစ်နေပြီး မြို့ခံတွေ ထွက်ခွာဖို့ KIA စာထုတ်
  • အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုဂီအိုနို နေပြည်တော်ရောက်
  • တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲက တောင်မော်ဦး ရေတပ်စခန်းအနီးက ကာကင်းတွေသိမ်းပြီးနောက် ရေတပ်စခန်းကို အေအေထိုးစစ်ဆင်နေ
  • ဇွန်လ ၈ ရက် ဖိလစ်ပိုင်ငလျင် - သေဆုံးသူ ၁၅ ဦးထက်မနည်းရှိလာ၊ ဒဏ်ရာရသူ ၁၃၀ ကျော်ရှိ
  • အိန္ဒိယ-မြန်မာနယ်စပ် တမူးနဲ့ ခမ်းပတ်မြို့ကြားထဲက နန်းမွန်းတားရွာကို စစ်တပ်သိမ်း၊ ကလေး-ခမ်းပတ်-တမူး လမ်းပိုင်းတစ်ခုလုံးကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ထိုးစစ်ဖော်နေ
  • ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးခိုးခဲ့တဲ့အဖွဲ့က မြန်မာ၄ ဦးကို ထိုင်းရဲဖမ်းမိ
  • မကွေး၊ မြစ်ခြေမြို့နဲ့ အနီးနားရွာတွေမှာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်း ၃၇ လောင်းအထိ ထပ်တိုးလာ
  • ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်းငလျင်တစ်ခု ဒီနေ့မနက်ပိုင်း လှုပ်ခတ်။
  • ငလျင်က ဖိလစ်ပိုင် တောင်ပိုင်းမင်ဒါနာအို ကျွန်းပေါ်က ဂျန်နရယ် ဆန်းတို့စ်မြို့ ကမ်းလွန်ကိုဗဟိုပြု။
  • ဖိလစ်ပိုင်အပါအဝင် အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီသတိပေးချက်တွေထုတ်ပြန်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. နေပြည်တော်ကိုဦးတည်တဲ့ပဲခူးအရှေ့ PDF စစ်ရှိန်နဲ့ ရိုးမအနောက်က စစ်တပ်စီးနင်းမှု

    စစ်ဘက်အရပ်ဘက်နဲ့ အုပ်ချုပ်ရေး အာဏာဗဟိုချက်ဖြစ်တဲ့နေပြည်တော်နဲ့ မိုင် ၄၀ ဝန်းကျင်အကွာ ပဲခူးတိုင်းအရှေ့ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးတပ်တွေရဲ့စခန်းသိမ်းတိုက်ခိုက်မှု ထွက်ပေါ်လာပါတယ်။​

    ပဲခူး- ကရင်နဲ့ နေပြည်တော်ကောင်စီနယ်နိမိတ်အစပ် ဆွာမြို့အနီးက ဆွာရွာမ ကျေးရွာမှာရှိတဲ့ စစ်တပ်အခြေချစခန်းကို PDF ပူးပေါင်းအဖွဲ့တွေက အခုလဆန်းပိုင်းမှာ တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုကို ဦးဆောင်တယ်လို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့နေပြည်တော်တိုင်းစစ်ဌာန(Naypyitaw PDF)ကတော့ အဲဒီတိုက်ခိုက်မှုဟာ နေပြည်တော်တိုင်းကို ဝိုင်းပတ်ဖို့ရည်ရွယ်တဲ့စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

    PDF နေပြည်တော်စစ်ဌာန တပ်ရင်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးကတော့ အခုလိုစခန်းသိမ်းတာဟာ တစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ဒီစစ်ဆင်ရေး နောက်တစ်ဆင့်တက်လာတာလို့ပြောပါတယ်။

    ပဲခူးတိုင်းအရှေ့ပိုင်းမှာ PDF က စစ်ရေးဖော်ဆောင်နေချိန် ရိုးမတစ်ဖက်ခြမ်းက ပဲခူးအနောက်ခြမ်းမှာတော့ စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းဖြန့်ကြက်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  3. ပဲခူးမြစ်ရေ ဆက်တက်နေလို့ ရေကြီးရေလျှံမှုအခြေအနေ စောင့်ကြည့်ရမယ်လို့ မိုးဇလပြော

    ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မိုးများခဲ့လို့ မြစ်ရေဟာ ဒီနေ့ ဇွန်လ ၈ ရက်အထိ ဆက်ပြီးတက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ဒီနေ့ညနေပိုင်းမှာပြောပါတယ်။

    ပဲခူးမြစ်ရေဟာ “ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ စတဲ့ မိုးနှောင်းကာလတွေမှာ‌ စိုးရိမ်ရေမှတ်ထက် ပိုများတတ်လို့ ဆက်စောင့်ကြည့်ရမယ်” လို့ သူက ဆိုပါတယ်။

    ပဲခူးမြစ်ရေဟာ မနေ့ ဇွန် ၇ ရက်တုန်းက ၆ ပေကျော်မြင့်တက်လာပြီးနောက် ဒီနေ့မှာလည်း ၂ လက်မကျော် ဆက်ပြီးမြင့်တက်နေတယ်လို့ သူကပြောပါတယ်။

    လက်ရှိမှာတော့ ပဲခူးမြစ်ရေဟာ ဆက်တက်နေပေမဲ့ သတ်မှတ်စိုးရိမ်ရေမှတ်ရဲ့ ၃၀၀ စင်တီမီတာအောက် (၁၀ ပေ) လောက်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

    ဒါပေမဲ့ မိုးဦးကာလဖြစ်နေသေးတာကြောင့် ပဲခူးဒေသအတွက် ရေကြီးရေလျှံမှုအန္တရာယ်ဖြစ်လာနိုင်ခြေအတွက် စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ချိန်ရတယ်လို့ ဦးကျော်မိုးဦးက ရှင်းပြပါတယ်။

    မိုးလေဝသအခြေအနေ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ ပဲခူးမြစ်ရေဟာ ဇွန်လ ၆ ရက်နောက်ပိုင်းကစလို့ သိသိသာသာကို မြင့်တက်လာပြီး ဇွန်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ ရေစီးဆင်းမှုပမာဏဟာ ပထမဆုံးအကြိမ်အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်ခဲ့တာကြောင့် လူပေါင်း ၅ သောင်းနီးပါး ရေဘေးသင့်ခဲ့ပါတယ်။

    ပဲခူးအပါအဝင် စစ်ကိုင်း၊ ဇရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နောက် ၂ ရက်အထိ နေရာကွက်ပြီး မိုးကြီးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ ဇွန် ၈ ရက်မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

  4. ရွှေကူမြို့နယ်ထဲ တိုက်ပွဲဖြစ်နေလို့ မြို့ခံတွေ ထွက်ခွာဖို့ KIA စာထုတ်

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်(KIA) တပ်တွေကြား ဒီနေ့ ဇွန်လ ရက် မနက်ပိုင်းကစလို့ အပြန်အလှန်လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဖြစ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

    ရွှေကူမြို့နယ်မှာ လှုပ်ရှားတဲ့ KIA ရဲ့ အမှတ် ၁၁ တပ်မဟာကလည်း မြို့ခံလူထုတွေ ရွှေကူမြို့ထဲကနေ တိမ်းရှောင်ကြဖို့ ဒီနေ့ ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    မဘိမ်းမြို့နယ်၊ ငါးအိုးရွာအခြေစိုက်တပ် အမှတ် ၁၂၁ ခြေလျင်တပ်ရင်း(ခလရ)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ငါးအိုး-ရွှေကူ လမ်းပိုင်းတစ်လျှောက်မှာ စစ်ကြောင်းထိုးနေတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဒါ့အပြင် ‌ရွှေကူမြို့အဝင်လမ်းမနဲ့ ငါးအိုးရွှေကူလမ်းမကြီးတွေကိုလည်း ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ပြီလို့ KIA ရဲ့တပ်မဟာထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒီလိုလမ်းတွေ ကန့်သတ်ထားတာကြောင့် အဲဒီဒေသတွေ ကုန်သည်တွေအတွက် အရေးပါတဲ့ ကုန်းလမ်းကုန်လမ်းကြောင်း ပိတ်ဆို့သွားပြီလို့ ရွှေကူဒေသခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။

    ငါးအိုးအခြေစိုက်တပ်ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ရွှေကူနယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ပြီး ဗန်းမော်ကို အင်အားဖြည့်ချင်တာကြောင့်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဗန်းမော်မြို့ဟာ ရွှေကူမြို့နယ်နဲ့ ထိစပ်နေတာဖြစ်ပြီး ‌ရွှေကူကနေ မိုင် ၆၀ ကျော်ကွာဝေးပါတယ်။

    လက်ရှိမှာ ရွှေကူမြို့ပေါ်ကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်ထဲက ကျေးရွာတွေကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်းထဲက ထီးချိုင့်နဲ့ တကောင်းမြို့တို့ကို စစ်တပ်ပြန်သိမ်းပြီးနောက်ပိုင်း အဲဒီမြို့တွေကနေ ငါးအိုးရွာမကို လမ်းပေါက်သွားတာကြောင့် စစ်တပ်က ခလရ ၁၂၁ ထဲကို အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    ထီးချိုင့်နဲ့ တကောင်းမြို့တို့ကို ၂၀၂၆ ပထမနှစ်ဝက်ထဲမှာပဲ စစ်တပ်က ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

    KIA ကတော့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ သုံးဖို့ အသိပေးထားပါတယ်။ ဒါ့အပြင် ရွှေကူမြို့ထဲကနေ စစ်မရှောင်ဘဲ ဆက်ပြီးနေနေတာ၊ ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းတာတွေလုပ်ရင် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေအတွက် တာဝန်ယူမယူဘူးလို့ KIA က ထုတ်ပြန်ချက်ကနေ သတိပေးထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ရွှေကူက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  5. သတင်းထူး, အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်နေ

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုဂီအိုနို ဟာ နေပြည်တော်ကို ဒီနေ့ရောက်ရှိနေတယ်လို့ အင်ဒိုနီးရှားနဲ့ နေပြည်တော်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။​

    ဝန်ကြီး ဆိုဂီအိုနိုဟာ မနေ့က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးတဲ့နောက် အပြန်ခရီးမှာ နေပြည်တော်ကိုဝင်ရောက်တာလို့ နားလည်ရပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်ကို သွားတာလို့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဝန်ကြီး ဆိုဂီအိုနိုရဲ့ နေပြည်တော်ခရီးစဥ် အသေးစိတ်ကို ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်မယ်လို့ပြောပြီး နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်နေတာကို အတည်ပြုပါတယ်။

    ဘန်ကောက်အခြေစိုက် အာဆီယံ‌ရေးရာအထူးပြုလေ့လာတဲ့ အကဲခတ်တစ်ဦးကတော့ အင်ဒိုနိုင်ငံခြား‌ရေးဝန်ကြီးရဲ့ ‌‌နေပြည်တော်ခရီးဟာ တစ်နိုင်ငံံချင်းအလိုက်ကြိုးစားလာတဲ့ မြန်မာ့အရေးချဥ်းကပ်မှုလို့ ‌ဆိုပါတယ်။

    ''Own Assessment၊ Own Feedback နဲ့ Push for Engagement ‌ပေါ့။ သူတို့ တစ်နိုင်ငံချင်း ကိုယ်တိုင်သုံးသပ်အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ချက်ပေးခြင်းနဲ့ ထိတွေ့ဆက်ဆံမှု (Engagement) တိုးမြှင့်ဖို့ လုပ်နေတာလို့ နားလည်ရပါတယ်'' လို့ အကဲခတ်က ပြောပါတယ်။

    အင်ဒိုနီးရှားဝန်ကြီးရဲ့ အခုခရီးစဥ်ဟာ တစ်လနီးပါးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး နောက်တစ်ဦးရဲ့ခရီးစဥ်လည်း ဖြစ်ပါတယ်။​ သူ့မတိုင်ခင် မေလ ၁၉ ရက်ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို နေ့ချင်းပြန်ခရီးသွားခဲ့ပါသေးတယ်။ မလေးရှားနိုင်ငံခြား‌ရေးဝန်ကြီးရဲ့ ရှေ့မှာ‌တော့ ထိုင်းနိုင်ငံခြား‌‌ရေးဝန်ကြီး သွား‌‌ရောက်ထားပါတယ်။

    သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကတော့ အာဆီယံနဲ့ နေပြည်တော်ကြား ဆက်ဆံရေးကောင်းမွန်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ် သူ့ရဲ့ အိန္ဒိယ ခရီးစဥ်အတွင်း မီဒီယာတွေကို ပြောထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံထဲက တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်ကသာ မြန်မာအပေါ် တင်းမာတဲ့ သဘောထားရှိနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

  6. ဇွန်လ ၈ ရက် ဖိလစ်ပိုင်ငလျင် လှုပ်ခတ်ခဲ့တာ ဘယ်နေရာမှာလဲ

    ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ မနက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား ၇.၈ မဂ္ဂနီကျု ရှိပြီး ဖိလစ်ပိုင်တောင်ပိုင်းက မင်ဒါနာအို ကျွန်းအနီးကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပါတယ်။

    ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့သလို သေဆုံးသူတွေလည်းရှိလာပါတယ်။

    နောက်ဆုံးအချက်အလက်အရ ငလျင်ကြောင့်သေဆုံးသူ ၁၅ ဦးထက်မနည်းရှိလာပြီး ဒဏ်ရာရသူလည်း ၁၃၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။​

    ငလျင်ဗဟိုချက်တည်နေရာကို မြေပုံဖော်ပြချက်မှာ ကြည့်နိုင်ပါပြီ။

  7. တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်၊ကျောက်ဖြူက တောင်မော်ဦးရေတပ်စခန်းကို အေအေထိုးစစ်ဆင်နေ

    တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ် ကျောက်ဖြူမြို့နယ်ထဲက တောင်မော်ဦး ရေတပ်စခန်းကို အာရက္ခတပ်တော်(အေအေ) က ဒီနေ့ ဇွန်လ ၈ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    အဲဒီရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေကို အေအေ က ဇွန်လ ပထမသီတင်းပတ်အတွင်း အေအေက ထိန်းချုပ်လိုက်ပြီးနောက်မှာပဲ ရေတပ်စခန်းကို ထိုးစစ်ဆင်နေတာလို့ သူကဆက် ပြောပါတယ်။

    အေအေက ပြီးခဲ့တဲ့ မေလကတည်းက ထိုးစစ်ဆင်နေခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    ကျောက်ဖြူ၊ တောင်မော်ဦးရေတပ်အနီး တိုက်ပွဲပြင်းထန်နေတဲ့ ဇွန်လ ပထမပတ်ကစပြီး တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်က ရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်‌တာတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    တောင်မော်ဦးရေတပ်စခန်းဟာ မဒေးကျွန်းနှင့် စနဲမြို့ကြားမှာရှိပြီး မဒေးကျွန်းကတော့ ကျောက်ဖြူရေနက်စီမံကိန်းဖြစ်တဲ့ ရေနံတင်သင်္ဘောတွေ ဆိုက်ကပ်တဲ့ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်တွေအပြင် တရုတ်ရေနံပိုက်လိုင်းကုမ္ပဏီများ အခြေစိုက်ရာနေရာတစ်ခုဖြစ်ပါတယ်။

    ကျောက်ဖြူမြို့ပေါ်နဲ့ တောင်မော်ဦးရေတပ်စခန်းဟာ မိုင် ၄၀ ဝန်းကျင်ကွာဝေးပါတယ်။

    အာရက္ခတပ်တော်(အေအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ ကျောက်ဖြူမြို့အပါအဝင် ရခိုင်က ကျန်နေတဲ့ မြို့ ၃ မြို့ကို ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာ အပြီးသတ် သိမ်းနိုင်အောင်လုပ်မယ်လို့ ဒီပလိုမက် သတင်းဌာနနဲ့ မေလတုန်းက မေးမြန်းခန်းမှာ ထုတ်ပြောထားပါတယ်။

    အလားတူ ကျောက်ဖြူအနီးက ရမ်းဗြဲမြို့နယ်ထဲကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ရက်ဆက်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    ဇွန်လ ၅ ရက်က စစ်တပ်က ဒရုန်းနဲ့ ကြဲလိုက်တဲ့ ဗုံးဟာ ရမ်းဗြဲ၊ လေးတောင်မြို့ပေါ်က အမှတ် ၂ တောလယ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရမ်းဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။

    ဇွန်လ ၁ ရက်တုန်းကလည်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲ၊ ကြောက်ချတွင်းရွာက အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

    မြန်မာစစ်တပ်ကတော့ တောင်မော်ဦးရေတပ်စခန်းတိုက်ပွဲနဲ့ ပတ်သက်လို့ ဇွန်လ ၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  8. အချိန်ကပ်မှရတဲ့ဗီဇာ၊ လေ့ကျင့်ရေးကွင်းရွှေ့ပြောင်းရမှုနဲ့ အီရန်ဘောလုံးအသင်းရဲ့ ကမ္ဘာ့ဖလားခရီး

    အီရန်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်တုန်းက သူတို့ရှေ့မှာ ကြုံရမယ့် စိန်ခေါ်ချက်အဟန့်အတားကို သတိမူချင်မှ မူခဲ့ကြပါလိမ့်မယ်။​

    အဲဒီနောက်ပိုင်း တစ်နှစ်ကျော်အကြာမှာတော့ ကမ္ဘာ့ဖလားမှာ အီရန်ပါဝင် ကစားခွင့်ဟာ ပိုလို့ရှုပ်ထွေးသွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် အီရန်ဟာ သူ့ရဲ့နိုင်ငံ့ဦးသျှောင်ကို ဆုံးရှုံးလိုက်ရသလို လက်ရှိမှာလည်း ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခဖြစ်ဖက် အိမ်ရှင်နိုင်ငံ အမေရိကန်က ကျင်းပမယ့်ပွဲကို ဝင်ကစားရမှာကြောင့်ဖြစ်ပါတယ်။

    စစ်ပွဲအရိပ်ထိုးနေချိန်မှာပဲ အီရန် ဘောလုံးအသင်းဟာ စိန်ခေါ်ချက်မျိုးစုံကို ရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းရမယ့် နေရာအပြောင်းအလဲကစလို့ အမေရိကန်ကို ပြည်ဝင်ခွင့်ရဖို့ ဗီဇာရရှိမှုအဆုံး ကိစ္စရပ်တွေ ပါဝင်နေပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်မှုအပြီး အစ္စရေးက အီရန်ကို လေကြောင်းပြန်တိုက်

    အီရန်ဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့အပြီးမှာ အစ္စရေးဘက်က အီရန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့ ၂ လခန့်က အပစ်ရပ် စတင်အသက်ဝင်ကတည်းကဆိုရင် အီရန်နဲ့ အစ္စရေးကြား နှစ်နိုင်ငံ နယ်မြေပိုင်နက်တွေထဲကို ပထမဆုံးအကြိမ် တိုက်ရိုက် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပါတယ်။​

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ အခုတိုက်ခိုက်မှုတွေဟာ ''တစ်ကြိမ်တည်းပြီးသွားမယ့်ဖြစ်ရပ်မဟုတ်ဘဲ တစ်ပတ်လုံးတိုက်ခိုက်မှု ဆက်လုပ်သွားမယ့် လေကြောင်းတိုက်ခိုက်မှုတွေရဲ့အစဖြစ်တယ်''လို့ပြီး သတင်းထုတ်ပါတယ်။

    IRGC က သူတို့ကြေညာချက်ထဲမှာ ''ရန်သူကို မဟန့်တားနိုင်သရွေ့၊ ရန်သူရဲ့ရာဇဝတ်မှုတွေ မလျော့သွားသရွေ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို နောက်ထပ် ၇ ရက်ကြာအောင် နာရီတိုင်း တိုက်ခိုက်နေမှာဖြစ်ပါတယ်'' လို့လည်း သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးပါတယ်။

    တနင်္ဂနွေနေ့တုန်းက လက်ဘနွန်နိုင်ငံထဲက ဘေရွတ်မြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အီရန်ဘက်က အစ္စရေးကို အခုလိုတိုက်ခိုက်တာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အစ္စရေးစစ်တပ်ကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ မြို့တောင်ပိုင်း ဆင်ခြေဖုန်းအရပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ပြောပြီး ဟစ်ဇ်ဘိုလာဘက်က အစ္စရေးကို တိုက်ခိုက်မှုအတွက် ပြန်လည်တုံ့ပြန်တာလို့ ပြောပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အစ္စရေးအနေနဲ့ အီရန်ကို ပြန်လည် တုံ့ပြန်တာမျိုးမလုပ်ဖို့ တိုက်တွန်းနေတယ်လို့ အမေရိကန် မီဒီယာတွေက သတင်းဖော်ပြပါတယ်။

    ''အီရန်ရဲ့ တိုက်ခိုက်မှုဟာ ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး'' လို့ ထရမ့်က ပြောပါတယ်။

    အစောပိုင်းတုန်းကတော့ နေတန်ညာဟု အနေနဲ့ အီရန်ရဲ့လုပ်ထားတဲ့သဘောတူညီချက်ကို လက်ခံဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ ထရမ့်က Financial Times သတင်းစာကို ပြောထားပါတယ်။

  10. သတင်းထူး, ဇွန် ၈ ရက် မနက် ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာ

    ဖိလစ်ပိုင်မှာ ဒီနေ့ မနက်ပိုင်း လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၁၅ ဦးအထိ မြင့်တက်လာတယ်လို့ ဖိလစ်ပိုင်အရပ်ဘက်ကာကွယ်ရေးရုံးက အရာရှိတွေက ပြောပါတယ်။​

    သေဆုံးသူတွေထဲက ၁၂ ဦးဟာ တောင်ကိုတာဘာတို၊ ဆူလ်တန် ကူဒါရတ်၊ ဆာရန်ဂါနီနဲ့ ဂျင်နရယ်ဆန်တို့ စီးတီး မြို့တွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဒေသတွေဟာ ဖိလစ်ပိုင်မှာ ဆော်ဆာဂျန်လို့ သိကြပြီး မင်ဒါနာအိုကျွန်းမကြီး အလယ်ပိုင်းမှာရှိပါတယ်။​

    ငလျင်ကြောင့် အဲဒီဒေသတွင်းမှာ လူပေါင်း ၁၂၉ ဦးအထိ ဒဏ်ရာရတယ်လို့ သိထားရကြောင်းလည်း သူက ပြောပါတယ်။​

  11. တမူးနဲ့ခမ်းပတ်မြို့ကြားက နန်းမွန်းတားရွာကို စစ်တပ်ပြန်သိမ်း, ကလေး-ခမ်းပတ်-တမူး လမ်းပိုင်းကို စစ်တပ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဖော်နေ

    အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်းထဲက တမူးနဲ့ ခမ်းပတ်မြို့ကြားမှာရှိတဲ့ နန်းမွန်းတားရွာကို စစ်တပ်က ဒီနေ့ ဇွန် ၈ ရက်မနက်ပိုင်းမှာ ပြန်သိမ်းလိုက်ပြီလို့ သိရတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယ - မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးကို ကိုင်တွယ်မယ်လို့ ဝန်ကြီးချုပ် မိုဒီကို အာမခံခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ စစ်တပ်က နန်းမွန်းတားရွာကို ပြန်သိမ်းခဲ့တာဖြစ်ပါတယ်။

    တမူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းဟာ အိန္ဒိယနယ်နိမိတ်နားအထိ ပတ်ဝိုက်ပြီးမှ နန်းမွန်းတားရွာဘက်ကို ပြန်ဆင်းလာတာလို့ဆိုပြီး ပြောပါတယ်။

    “ခွမ်မွန်းနွံရွာ အနောက်ဘက်ကြောကနေ ပတ်ပြီးမှ နန်းမွန်းတားကို သိမ်းလိုက်တာ” လို့ သူကဆိုပါတယ်။

    ခွမ်မွန်းနွံရွာဟာ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းနဲ့ နီးကပ်နေတဲ့ ရွာဖြစ်ပြီး ၃ မိုင်ကျော်လောက်သာ ကွာဝေးပါတယ်။

    လက်ရှိ နန်းမွန်းတားရွာအပါအဝင် ကလေး- ခမ်းပတ်- တမူး လမ်းပိုင်းကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    နန်းမွန်းတားရွာဟာ တမူးနဲ့ ၁၀ မိုင်ကျော်ကွာဝေးပြီး တမူးနဲ့ ခွမ်မွန်းနွံရွာကြားထဲမှာ ရှိပါတယ်။

    အဲဒီရွာတွေရဲ့တောင်ဘက်ခြမ်း ခမ်းပတ်ဒေသနဲ့ ထိစပ်နေတဲ့ ရန်လင်းဖိုင်နဲ့ ပန်းသာရွာတွေမှာလည်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက အင်အားဖြည့်တင်းတာတွေ လုပ်ထားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    တစ်ဖက် ကလေးနဲ့ ခမ်းပတ်ကြား ကလေးမြို့နယ်ထဲက အရှေ့ခုံသာရွာဘက်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ ကလေးဘက်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “ကလေး-ခမ်းပတ်-တမူး လမ်းပိုင်းတစ်ခုလုံးကို တောင်နဲ့ မြောက်ညှပ်ထိုးပြီး သိမ်းဖို့ စစ်တပ်ထိုးစစ်ဖော်နေတာ” လို့ သူက ဆက်ပြောပါတယ်။

    မြန်မာစစ်တပ်ကတော့ ဒီလမ်းပိုင်းအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  12. ထိုင်း၊ ချွန်ဘူရီက ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးခိုးယူမှုနဲ့ မြန်မာ ၄ ဦး ဖမ်းဆီးခံရ, လွတ်မြောက်နေသူတွေကို ထိုင်းရဲတွေ ပိုက်စိပ်တိုက်ရှာဖွေနေ

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ဘန်ဘွမ်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးခိုးခဲ့တဲ့ မြန်မာ ၄ ဦးအဖွဲ့ ကို ဖမ်းမိထားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာပါတယ်။

    သူတို့ဟာ ခိုးယူမှုအပြင် လုံခြုံရေးအစောင့်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ သူခိုးဂိုဏ်းလို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားပြီး လွတ်မြောက်နေသေးတဲ့ အဖွဲ့ဝင်တွေကိုလည်း ဆက်ရှာ‌နေတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ဒီခိုးယူတဲ့ ဂိုဏ်းနဲ့ဆက်စပ်တဲ့ အရင်က ခိုးယူမှုတွေမှာ ကြံရာပါဆိုပြီး ဖမ်းဆီးခံခဲ့ရဖူးတဲ့ မြန်မာ အယောက် ၁၇ယောက်ရှိနေတယ်လို့ ချွန်ဘူရီက မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

    ''ဒီအဖွဲ့က ပတ်ခိုးနေတာကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ကခိုးတဲ့ အမှုကလည်းမီးကြိုးတွေပါ။ အဲဒီမှာ မြန်မာ ၁၇ ယောက်ဖမ်းခံရပြီး ၃ ယောက်က ခိုးယူခဲ့တယ်လို့ဝန်ခံလို့ ထောင်ကျနေပါတယ်။ ကျန်တဲ့ ၁၄ ယောက်ကလည်း ကြံရာပါအခြေအနေနဲ့ ထောင်ကျပါတယ်။ '' လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူကပြောပါတယ်။

    ကေဘယ်ကြိုးခိုးယူခံရတဲ့ အမှုဖြစ်စဥ်နဲ့အတူ ချွန်ဘူရီခရိုင်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသားတွေကိုစစ်ဆေးမှုက ပိုတင်းကျပ်လာတယ်လို့ ဆိုပါတယ်။ မြန်မာတွေအနေများတဲ့ ရပ်ကွက်တွေထဲမှာ ပိုက်စိပ်တိုက်ရှာဖွေတာ၊ ကျင်စက်နဲ့ တို့ပြီးစစ်မေးတာတွေလုပ်နေတာကြောင့် အဲဒီနေရာမှာ နေထိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ချွန်ဘူရီက ရွှေပြောင်းမြန်မာလုပ်သားအရေးလုပ်သူ တစ်ဦးက ပြောပါတယ်။

    “ရဲတွေက အခန်းတွေထဲအထိ ဝင်စစ်ပြီး ကျင်စက်နဲ့ တို့တာတွေလည်းလုပ်နေတယ်။ အဲဒီလိုလာစစ်တာတွေကြောင့် ထိုင်းလူ့အခွင့်အရေး‌ကော်မရှင်ဘက်ကိုတိုင်ဖို့လုပ်နေကြတယ်'' လို့ သူက ဆိုပါတယ်။

  13. ငလျင် - အသေအပျောက်များရတဲ့အချက် ၇ ချက်

    ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ မင်ဒါနာအိုကျွန်း ကမ်းလွန်ကို ဗဟိုပြု လှုပ်ခတ်သွားပါတယ်။​

    ငလျင်ကြောင့် ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှားနဲ့ ဂျပန်တို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

    ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျ ပျက်စီးတယ်လို့ သတင်းတွေပေါ်နေပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။

    AFP သတင်းဌာနကတော့ ငလျင်ကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ သတင်းရေးသားပါတယ်။

    ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း စီဘူးမြို့မှာ အားပြင်း တဲ့ ငလျင်ကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပါတယ်။​

    စီဘူးငလျင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်ကတည်း အင်အားပြင်းပြင်းနဲ့မလှုပ်ရှားတဲ့ မြေလွှာပြတ်ရွေ့ကြော အားပြင်းပြင်းနဲ့ရွေ့တာကြောင့် အခုလောက်ပြင်းထန်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ငလျင်လေ့လာရေးဌာန အကြီးအကဲက ပြောခဲ့ပါတယ်။​

    ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ လူသေဆုံးမှု အရေအတွက်နဲ့ ပျက်စီးမှု အဆင့်ကို သက်ရောက်စေတဲ့အကြောင်းအရာတွေထဲက ၇ ချက်နဲ့ တိုင်းတာပါတယ်။​

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  14. မကွေး၊ မြစ်ခြေမြို့မှာ စစ်ကြောင်းဝင်ပြီးနောက် သတ်ဖြတ်ခံရသူ ၃၇ ဦးအထိရှိလာ

    ပုဂံမြို့တစ်ဖက်ကမ်း မကွေးတိုင်း၊ မြစ်ခြေမြို့နဲ့ အနီးနားရွာတွေမှာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်း ၃၇ လောင်းအထိ ထပ်တိုးရှိလာတယ်လို့ ဒီအခြေအနေကို သိထားတဲ့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

    မြစ်ခြေနဲ့ အနီးနားရွာတွေ စစ်ကြောင်းထိုးခံရပြီး တစ်လနီးပါးအကြာ စစ်တပ်စစ်ကြောင်းတွေ ပြန်ထွက်သွားပြီးနောက် ဒေသခံတချို့ ရွာတွေထဲ ပြန်ဝင်ရောက်ချိန်မှာ အခုလို အလောင်းတွေ တွေ့ရတာလို့ သူကရှင်းပြပါတယ်။

    အသတ်ခံလိုက်ရသူအများစုဟာ စစ်ကြောင်းတွေ ရွာထဲက ပြန်ထွက်သွားပြီထင်ပြီး နေအိမ်မှာ ရိက္ခာနဲ့ ပစ္စည်းတချို့ ပြန်ယူကြချိန် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာလို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။

    “၂၄ လောင်းကနေ ထပ်တိုးလာတာ၊ အလောင်းတချို့က ပုံပျက်နေပြီဖြစ်လို့ သေဆုံးသူ ဘယ်သူဘယ်ဝါ ဆိုတာတွေ အတည်ပြုနေရတုန်းပါ” လို့ သူက ဆိုပါတယ်။

    သေဆုံးမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မြစ်ခြေမြို့ပေါ်အပါအဝင် မြစ်ခြေမြို့နယ်ထဲက မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်းအပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းကို စစ်တပ်ရဲ့ ပူးပေါင်းစစ်ကြောင်းတွေ မေလ ၁၀ ရက်ကတည်းက ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတာလို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ရဲ့ စစ်ကြောင်းတွေဝင်ရောက်လာချိန်ကတည်းက မြစ်ခြေမြို့ခံတွေအပါအဝင် အနီးနားကျေးရွာက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ချို့က ပြောပါတယ်။

    နေပြည်‌တော်ဘက်ကတော့ မြစ်ခြေမြို့က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  15. ဖိလစ်ပိုင်မှာငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံး - ဖိလစ်ပိုင်ရဲတပ်ဖွဲ့

    ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း AFP သတင်းဌာနက ဂျင်နရယ် ဆန်းတိုစ် မြို့ရှိ ရဲအရာရှိတစ်ဦးကို ကိုးကားပြီးသတင်း‌ဖော်ပြပါတယ်။

    ရဲတပ်ကြပ်ကြီး ရောဘတ် ဒါဂွန် က “အဆောက်အအုံအများအပြား ပြိုကျခဲ့ပါတယ်” လို့ ပြောကြားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတာကြောင့် ပြိုကျအဆောက်အအုံအရေအတွက် မသိရသေးကြောင်း ဆိုပါတယ်။

  16. ငလျင်ကြောင့် ဖိလစ်ပိုင် ဂျင်နရယ်ဆန်းတိုစ်လေဆိပ် ယာယီရပ်ဆိုင်းထား

    ဖိလစ်ပိုင် နိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAP) ရဲ့ ပြောကြားချက်အရ ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခတ်မှုအပြီး ဘေးကင်းလုံခြုံရေး စစ်ဆေးအကဲဖြတ်တွေ ပြုလုပ်နိုင်ရေး အတွက် ဂျင်နရယ်ဆန်းတိုစ် လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုများကို ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ မင်ဒါနာအိုဒေသက အခြားလေဆိပ် တွေမှာတော့လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  17. ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်၊ အဆောက်အဦတွေပြိုကျ

    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်း ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီခွဲခန့်မှာ လှုပ်ခတ်သွားပါတယ်။​

    ငလျင်ဟာ ဖိလစ်ပိုင် တောင်ပိုင်းက အဓိကကျွန်းမကြီးဖြစ်တဲ့ မင်ဒါနာအို ကျွန်းပေါ်က ဂျန်နရယ် ဆန်းတို့စ်မြို့ ကမ်းလွန်ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပါတယ်​။ဖိလစ်ပိုင်နိုင်ငံတလွှား အစိုးရကျောင်းတွေ စဖွင့်တဲ့ ဒီနေ့မှာ ငလျင်လှုပ်ခတ်မှု ဖြစ်လာတာပါ။

    ဒီငလျင်ကြောင့် ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းက အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ငလျင်ဟာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိပြီး မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေးအင်စတီကျုက ပြောပါတယ်။​

    ဒါပေမဲ့ တခြားငလျင်စောင့်ကြည့်ရေးစင်တာတွေကတော့ ငလျင်ပြင်းအားဟာ ၇.၈ မဂ္ဂနီကျုရှိတယ်လို့ မှတ်တမ်းတင်ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ လူထုကို ကုန်းမြင့်ဘက်ကို ရွှေ့ပြောင်းဖို့ တိုက်တွန်းပြီး အစိုးရ အေဂျင်စီတွေကိုလည်း သူကိုယ်တိုင် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။​

  18. မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၈ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။