ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အချိန်ကပ်မှရတဲ့ဗီဇာ၊ လေ့ကျင့်ကွင်းရွှေ့ပြောင်းရမှုနဲ့ အီရန်အသင်းရဲ့ကမ္ဘာ့ဖလားခရီး
- ရေးသားသူ, တွမ် မက်အာသာ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
အီရန်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်တုန်းက သူတို့ရှေ့မှာ ကြုံရမယ့် စိန်ခေါ်ချက်အဟန့်အတားကို သတိမူချင်မှ မူခဲ့ကြပါလိမ့်မယ်။
အဲဒီနောက်ပိုင်း တစ်နှစ်ကျော်အကြာမှာတော့ ကမ္ဘာ့ဖလားမှာ အီရန်ပါဝင် ကစားခွင့်ဟာ ပိုလို့ရှုပ်ထွေးသွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် အီရန်ဟာ သူ့ရဲ့နိုင်ငံ့ဦးသျှောင်ကို ဆုံးရှုံးလိုက်ရသလို လက်ရှိမှာလည်း ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခဖြစ်ဖက် အိမ်ရှင်နိုင်ငံ အမေရိကန်က ကျင်းပမယ့်ပွဲကို ဝင်ကစားရမှာကြောင့်ဖြစ်ပါတယ်။
စစ်ပွဲအရိပ်ထိုးနေချိန်မှာပဲ အီရန် ဘောလုံးအသင်းဟာ စိန်ခေါ်ချက်မျိုးစုံကို ရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းရမယ့် နေရာအပြောင်းအလဲကစလို့ အမေရိကန်ကို ပြည်ဝင်ခွင့်ရဖို့ ဗီဇာရရှိမှုအဆုံး ကိစ္စရပ်တွေ ပါဝင်နေပါတယ်။
အီရန်ရဲ့ ကမ္ဘာ့ဖလား ဗီဇာ ခရီးရှည်
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အမေရိကန်နိုင်ငံထဲက အားကစားရုံတွေထဲ ဝင်ကစားခွင့်နဲ့ ပြည်ဝင်ခွင့်ဗီဇာကိစ္စ အငြင်းပွားနေတဲ့ အီရန်ဘောလုံးအသင်းဟာ မက္ကဆီကိုနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
အီရန်ရဲ့အုပ်စုပွဲ သုံးပွဲစလုံးဟာ အမေရိကန်နိုင်ငံထဲမှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ဘောလုံးသမားတွေနဲ့ အသင်းဝန်ထမ်းတွေကို ပြိုင်ပွဲနေ့မှာပဲ အမေရိကန်နိုင်ငံမှာ လာကစားပြီး နေ့ချင်းပြန်ကြဖို့ အမေရိကန်ဘက်က ပြောထားပါတယ်။
တခြား အီရန်တာဝန်ရှိသူတွေနဲ့ အသင်းဝန်ထမ်း ၁၅ ယောက်လည်း ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံထားရတယ်လို့ အီရန်အစိုးရက ပြောပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီ သုံးနိုင်ငံ ပူးတွဲဧည့်ခံ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ အီရန်ကို အမေရိကန်နဲ့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ စမလုပ်ခင် ၂၀၂၅ ခုနှစ်၊ မတ်လက ကျင်းပခဲ့တဲ့ အုပ်စုလိုက် ခြေစုပွဲမှာ အီရန်အသင်းက ထိပ်ဆုံးကနေ အနိုင်ရထားပါတယ်။
အချင်းချင်း စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုက ဘောလုံးအသင်းကို နောက်နိုင်ငံက ကွင်းမှာ ပေးကစားတာ ကမ္ဘာ့ဖလားသမိုင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။
အီရန်အသင်းဟာ ဒေသစံတော်ချိန် တနင်္ဂနွေ မနက်လင်းအားကြီးအချိန်မှာ မက္ကဆီကိုနိုင်ငံ တီဂျူအာနာမြို့ကို ရောက်ရှိလာပါတယ်။ အမေရိကန်နိုင်ငံ တပ်က်ဆန်မြို့က လေ့ကျင့်ရေးစခန်းမှာ အခြေစိုက်ရမယ့်အစား အဲဒီမှာ သူတို့အခြေစိုက် လေ့ကျင့်မှာ ဖြစ်ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေက အီရန်ရဲ့ ပွဲဦးထွက် နယူးဇီလန်အသင်းနဲ့ ကစားမယ့် ဇွန်လ ၁၅ ရက်မတိုင်ခင် ၁၀ ရက်အလို ပြီးခဲ့တဲ့ သောကြာနေ့က ဘောလုံးအသင်းသားတွေနဲ့ မပါမဖြစ် လိုအပ်တဲ့ အသင်းဝန်ထမ်းတွေ အားလုံးအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးထားပြီးပြီလို့ ဆိုပါတယ်။
အီရန်အစိုးရနဲ့ ဆက်နွှယ်တဲ့ သတင်းမီဒီယာတွေမှာတော့ အီရန်ဘောလုံးအသင်းချုပ် အကြီးအကဲ၊ သူ့လက်ထောက်နဲ့ သတင်းပြန်ကြားရေးညွှန်ကြားရေးမှူး တစ်ဦးအပါအဝင် တာဝန်ရှိသူ ၁၅ ဦး အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ပြည်ဝင်ခွင့်စနစ်ကို အသုံးချပြီး အကြမ်းဖက်သမားတွေကို အမေရိကန်နိုင်ငံထဲ ပုံမှားရိုက် ခိုးသွင်းဖို့ အီရန်ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)နဲ့ ဆက်နွှယ်ပတ်သက်နေသူတွေကို အီရန်ဘောလုံး ကိုယ်စားလှယ်အဖွဲ့ထဲ ထည့်သွင်းခွင့်ပြုမှာ မဟုတ်ဘူးဆိုပြီး အခုသီတင်းပတ်အစောပိုင်းတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ပြောခဲ့တဲ့အတိုင်း ထပ်လောင်း ပြောလိုက်တာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအသင်းက ကစားသမား အတော်များများဟာ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့မှာ စစ်မှုမထမ်းမနေရ စနစ်နဲ့ စစ်မှုထမ်းခဲ့ကြပြီးသူတွေ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုပိုင်း၊ အမှုဆောင်ပိုင်း ဝန်ထမ်း အများအပြားနဲ့ နည်းပညာအကြံပေးသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့တာဟာ အမေရိကန်အစိုးရအနေနဲ့ အားကစားပိုင်းမှာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်နေတာ ဖြစ်တယ် ဆိုပြီး တူရကီမှာ ရှိတဲ့ အီရန်သံရုံးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီပြည်ဝင်ခွင့်ဗီဇာ ပြဿနာကိစ္စမှာ ဝင်ရောက် ဖြေရှင်းပေးဖို့ကိုလည်း ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို အီရန်သံရုံး တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
အီရန်အသင်းဟာ နောက်အုပ်စုပွဲ နှစ်ပွဲအတွက် ဘယ်လ်ဂျီယံအသင်းနဲ့ ကယ်လီဖိုးနီးယား ကွင်းမှာ ကစားရမှာ ဖြစ်သလို အီဂျစ်အသင်းနဲ့ ဆီယက်တယ်လ် ကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။
နှစ် ၄၀ ကျော်ကြာ တင်းမာမှု
အမေရိကန်နဲ့ အီရန်ကြား ဆက်ဆံရေး မကောင်းခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။
အီရန်မြို့တော် တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးစီးနင်းခံရပြီး ဝန်ထမ်းတွေ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ပြဿနာ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြား ပုံမှန်သံတမန် ဆက်ဆံရေး မရှိတော့ပါဘူး။
ဘောလုံးအားကစားဟာ နှစ်နိုင်ငံကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအခွင့်အလမ်း အခါသင့်တာမျိုးတော့ ဖြစ်စေခဲ့ပါတယ်။
အဲဒီထဲ ပထမဆုံး နှစ်နိုင်ငံတွေဆုံမှုဟာ ၁၉၉၈ ခုနှစ်တုန်းက ပြင်သစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲဖြစ်ပါတယ်။ အီရန်အသင်းဟာ အဲဒီတုန်းက အမေရိကန်ကို ၂-၁ ဂိုးနဲ့နိုင်တဲ့အခါ ကြီးမားတဲ့ နိုင်ငံရေးပြယုဂ်ဖြစ်လာပါတယ်။ အချို့ကတော့ ဒီပွဲကို နိုင်ငံရေးနောက်ခံကြောင့် ''ကစားပွဲတွေရဲ့ထိပ်ခေါင်ပွဲ'' လို့တောင် ရည်ညွှန်းကြပါတယ်။ အဲဒီပွဲစဥ်ဟာ ကမ္ဘာလုံးမှာ အာရုံစိုက်ခံခဲ့ရပြီး ကမ္ဘာ့ဖလား သမိုင်းကြောင်းမှာ အမှတ်ရစရာ ပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ပွဲစတင်ခင်မှာ အီရန်ကစားသမားတွေက အမေရိကန်အသင်းကစားသမားတွေကို အဖြူရောင် နှင်းဆီတွေပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ပေးခဲ့တဲ့ဒီမြင်ကွင်းကို နိုင်ငံရေးရင်ကြားစေ့ရေးအဖြစ် မြင်ခဲ့ကြပါတယ်။
အဲဒီနောက် အမေရိကန်နဲ့ အီရန် ဘောလုံးအသင်းဟာ ကာတာမှာ ၂၀၂၂ ခုနှစ်တုန်းက ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ ပြန်ဆုံကြပါတယ်။ အဲဒီပွဲမှာတော့ အမေရိကန်က အီရန်ကို ၁ ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။
အခုတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အမေရိကန်နဲ့ အီရန်အသင်းတို့ဟာ အုပ်စုအဆင့်မှာ တစ်အုပ်စုတည်း မကျလို့ အဆင့်တက်တဲ့အခါ ပြန်တွေ့ကြဦးမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။
လက်ရှိ ကမ္ဘာ့ဖလားရဲ့ ၄၈ သင်းအထိ ဖြန့်ထားတဲ့ အစားပွဲပုံစံကြောင့် အမေရိကန်နဲ့ အီရန်တို့ဟာ ရှုံးထွက်ပွဲအဆင့်မှာ တွေ့ဆုံနိုင်ခြေရှိပါတယ်။ ဒါကြောင့် ဒီနှစ်သင်းသာ တွေ့ဆုံပြီး ပြန်ကန်ကြမယ်ဆိုရင် နှစ်နိုင်ငံကြားဖြစ်နေတဲ့ စစ်ပွဲကြောင့် ဘောလုံးပြိုင်ပွဲထက် ပိုတဲ့ကျော်လွန်မှုလည်း ရှိနေပါတယ်။
ဘောလုံးကြောင့် စည်းလုံးခဲ့တဲ့ အီရန် အခုတစ်ကြိမ် စည်းလုံးဦးမှာလား
ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ပြဿနာတွေရှိနေသေးပေမဲ့ လက်ရှိမှာ နိုင်ငံ့ဘောလုံးအသင်းနဲ့ အီရန်လူထုကြားက ဆက်ဆံရေးဟာ အရင်ကမ္ဘာ့ဖလားပွဲတွေလောက် မရိုးရှင်းလှပါဘူး။
အစဥ်အလာအားဖြင့် အီရန်မှာ နိုင်ငံအသင်းဟာ နိုင်ငံရေးနဲ့ လူမှုအသိုက်အဝန်းကြား မကွဲပြားဘဲ ထောက်ခံမှုရအောင် ကြိုးပမ်းထားနိုင်တဲ့နိုင်ငံ့ အင်စတီကျူးရှင်း တစ်ခုဖြစ်ပါတယ်။၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ အီရန်အမျိုးသား ဘောလုံးအသင်းဟာ နိုင်ငံတလွှားမှာ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရခဲ့ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ပြောင်းလဲခဲ့ပါတယ်။ ဒီပွဲဟာ အီရန်ပြည်တွင်းမှာ မာရှာ အမာနီဆိုတဲ့ အီရန်လူငယ်အမျိုးသမီး ရဲထိန်းသိမ်းထားစဥ် သေဆုံးမှုကို ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြီးအကျယ် နှိမ်နင်းမှုဖြစ်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါကြောင့် ဆန္ဒပြသူအချို့ဟာ အီရန်အမျိုးသားအသင်းထဲက ကစားသမားအချို့အနေနဲ့ ဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသစေလိုတာ ရှိခဲ့သလို အချို့ကလည်း ဘောလုံးနဲ့ နိုင်ငံရေး မရောယှက်သင့်ဘူးလို့လည်း ယူဆကြတာကြတာကြောင့် အီရန်ဘောလုံးအသင်းဟာ နိုင်ငံရေး အငြင်းအခုန်ပွဲကြားထဲ ရောက်ခဲ့ပါတယ်။
အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာလည်း အီရန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြီးအကျယ်နှိမ်နင်းမှုဖြစ်အပြီး လပိုင်းအကြာမှာ ထွက်ပေါ်လာပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီဆန္ဒပြပွဲတွေမှာ လူထောင်ချီ သေဆုံးတယ်လို့ ပြောပါတယ်။
အားပေးထောက်ခံသူ အချို့ကတော့ နိုင်ငံရေးဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသားအသင်းကို နိုင်ငံ့ဂုဏ်တက်စေမယ့်အသင်းလို့ မြင်ကြပါတယ်။တချို့ကလည်း အမျိုးသားအသင်းဟာ နိုင်ငံ့ အင်စတီကျူးရှင်းတွေနဲ့ နီးကပ်လွန်းတာကြောင့် နိုင်ငံရေးနွှယ်နေတယ်ဆိုတဲ့အချက်ကိုပဲ ထောက်ပြပါတယ်။
ဒါပေမဲ့လည်း Melli လို့ခေါ်တဲ့ အီရန်အမျိုးသားအသင်းကို ထောက်ခံမှု ရပ်တန့်မသွားပါဘူး။ ဘောလုံးအားကစားဟာ အီရန်မှာ လူကြိုက်များကျော်ကြားတဲ့အားကစားနည်းဖြစ်နေသလို သန်းနဲ့ချီတဲ့လူထုဟာ မြောက်အမေရိကမှာ အီရန်အသင်းရဲ့ တိုးတက်မှုကို ဆက်စောင့်ကြည့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့လည်း နောက်တစ်ခေါက် ကမ္ဘာ့ဖလားကို ကန်ဖို့ ပြင်ဆင်နေတဲ့ အီရန်အသင်းဟာ အတိတ်တုန်းက ရရှိခဲ့တဲ့ အီရန်လူမှုအသိုက်အဝန်းနယ်ပယ်စုံက အားပေးထောက်ခံမှုမျိုး ပြန်ရမလားဆိုတာ မေးခွန်းထုတ်စရာ အခြေအနေပါ။
ကွင်းထဲမှာတော့ အီရန်အသင်းဟာ အရင်က သူတို့ မရခဲ့ဖူးတဲ့အောင်မြင်မှုမျိုးထက် ကျော်လွန် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်နေပါတယ်။
အီရန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ၇ ကြိမ် အောင်မြင်ခဲ့ပေမဲ့ ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ထက် ဘယ်တုန်းကမှ ပိုမတက်ခဲ့ပါဘူး။ လက်ရှိမှာ ကမ္ဘာ့ဖလားဟာ ၄၈ သင်းပါဝင်ကစားမယ့်ပုံစံနဲ့ ပြောင်းလဲထားတာဖြစ်လို့ ဒီအခြေအနေကို အီရန်ဘက်က အခွင့်အလမ်းအဖြစ် မှတ်ယူထားပါတယ်။