ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသားလုံခြုံရေးဗျူရို ဘာလဲ၊ ဘယ်လဲ
စစ်ဘက်အရပ်ဘက်နှစ်ခုလုံးမှာရှိတဲ့ ထောက်လှမ်းရေးယန္တရားတွေကို စုစည်းထားတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို အသွင်ပြောင်းအစိုးရလက်ထက်မှာ ပြန်ဖွဲ့လိုက်ပြီး ဦးမင်းအောင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်လာပါတယ်။
ဒါပေမဲ့ NSB နဲ့ ပတ်သက်တဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ထောက်လှမ်းရေးဆိုတဲ့စကားလုံးကို တစ်လုံးတစ်လေမှ တွေ့ရမှာမဟုတ်ပါဘူး။
"ထောက်လှမ်းရေးဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်လို့ လုံခြုံရေးလို့ သုံးထားတာ" လို့ ဒီအဖွဲ့အကြောင်းကိုသိတဲ့ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်က ထောက်လှမ်းရေးကွန်ရက်တွေရဲ့ ပေါင်းစပ်မှုမျိုးကို NSB မှာ ပြန်မွမ်းမံထားတယ်လို့ သူကပြောပါတယ်။
NSB စုဖွဲ့မှု
ထောက်လှမ်းရေးဥပဒေကို ဖျက်သိမ်းပြီးတဲ့နောက် ဒီလိုအဖွဲ့မျိုးတွေကို အရပ်သားအစိုးရလက်ထက်တွေမှာ ပြည်ထဲရေးဝန်ကြီးကပဲ ဦးဆောင်ကိုင်တွယ်ပေမဲ့ သမ္မတအဆင့်က ဥက္ကဋ္ဌအဖြစ် ကိုင်တွယ်လာတာတော့ ဒါပထမဆုံးပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလထဲမှာပဲ NSB ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ နေရာယူခဲ့တုန်းက ပြည်ထဲရေးဝန်ကြီးက အတွင်းရေးမှူးဖြစ်ပါတယ်။
လက်ရှိ NSB စုဖွဲ့မှုမှာတော့ တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဒုတိယဥက္ကဋ္ဌ ၂ နေရာကို ရောက်သွားပြီး ဒုတိယသမ္မတ ၁ ဦးညိုစောက ဒုတိယဥက္ကဋ္ဌ ၁ ဖြစ်ပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်(စရခချုပ်)က အတွင်းရေးမှူးဖြစ်လာပါတယ်။
လက်ရှိ NSB အဖွဲ့ဝင်တွေအဖြစ် ဒုတပ်ချုပ်၊ သမ္မတရုံးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးတို့ ပါဝင်ပါတယ်။
စုစုပေါင်း ၁၃ ဦးနဲ့ဖွဲ့ထားတဲ့ NSB မှာ ၆ ဦးက စစ်ယူနီဖောင်းဝတ်ထားကြသူတွေဖြစ်ပါတယ်။
ကျန်တဲ့ ၆ ဦးလုံးကလည်း အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်ပဲ အရပ်သားပါပေမဲ့ သူကလည်း နှစ်ရှည်လများ တပ်သစ္စာခံဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့အခြေအနေအရပ်ရပ်ကို ဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီးဌာနတွေပေါင်းစပ်ပြီး အမျိုးသားလုံခြုံရေးတာဝန်တွေ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရမယ်လို့ NSB ဖွဲ့တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ကာလုံနဲ့ ဘယ်လိုကွာ
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရှိနေပြီးဖြစ်လို့ ဘာကြောင့် NSB ကို ဖွဲ့ဖို့လိုသလဲလို့ မေးခွန်းထုတ်မှုတချို့ရှိခဲ့ကြပါတယ်။
ဒုသမ္မတ ၂ ဒေါ်နန်းနီနီအေးနဲ့ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးကလွဲလို့ ကျန်တဲ့ ကာလုံအဖွဲ့ဝင်တွေ အားလုံး NSB မှာ ပါဝင်ကြပါတယ်။
ကာလုံကို သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ကာလုံက ပိုကျယ်ပြန့်တဲ့ နိုင်ငံ့အရေးကိစ္စတွေကိုဆွေးနွေးမှာဖြစ်ပြီး NSB ကတော့ ထောက်လှမ်းရေးယန္တရားကိုပဲ သီးသန့်အာရုံစိုက်မှာဖြစ်တယ်လို့ ဒီအဖွဲ့အကြောင်းသိတဲ့ အရင်းအမြစ်တွေကပြောပါတယ်။
"အတွင်းရေးမှူးဖြစ်တဲ့ စရခချုပ်က အဓိကပဲ၊ NSB မှာ ကကကြည်းထက် ကကလှမ်း(စရခ) က ပိုအလုပ်လုပ်မယ့်ပုံစံပါ" လို့ အငြိမ်းစားတပ်အရာရှိတစ်ဦးက ပြောပါတယ်။
NSB ဘယ်လို လည်ပတ်မလဲ
ဗျူရိုထဲမှာ ကကကြည်း၊ စရခ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတို့က အရင်ကတည်းက ထောက်လှမ်းရေးယန္တရားတွေနဲ့ လည်ပတ်နေကြပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်က စသုံးလုံးလို့သိကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ SB လို့ သိကြတဲ့ သတင်းအထူးတပ်ဖွဲ့တွေက အရင်ကတည်းက တပ်မတော်ထောက်လှမ်းရေးကို သတင်းပို့အစီရင်ခံခဲ့ကြရပါတယ်။
ဒီနှစ်ဖွဲ့အပြင် တစ်နိုင်ငံလုံးမှာ ရပ်ကွက်နဲ့ကျေးရွာအဆင့်ထိ လက်တံဖြန့်ကျက်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်း ရှိနေပါတယ်။
NSB ရဲ့ နေ့စဥ်လုပ်ငန်းတာဝန်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ဗျူရိုမှာပါတဲ့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ လွှတ်ပေးရမှာဖြစ်ပါတယ်။
ဒီကိုယ်စားလှယ်တွေနဲ့ ရုံးအဖွဲ့ဖွဲ့စည်းပြီး ပြည်ထဲရေးဒုဝန်ကြီးက ကြီးကြပ်ကွပ်ကဲရမှာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထဲရေးဒုတိယဝန်ကြီးက ဗိုလ်ချုပ်မင်းသူ ဖြစ်ပြီး ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။
ဗျူရိုမှာပါတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့က သတင်းအချက်အလက်တွေနဲ့ နည်းပညာပိုင်းမှာ အဓိကကျတဲ့ ဌာနတွေဖြစ်ပါတယ်။
National Database တည်ဆောက်ရေးမှာ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ဒုတိယဥက္ကဋ္ဌဖြစ်ပြီး လဝကဝန်ကြီးက အတွင်းရေးမှူးဖြစ်ပါတယ်။
NSB ရဲ့ အသုံးစရိတ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ အသုံးစရိတ်ထဲက ကျခံသုံးစွဲသွားမှာဖြစ်ပါတယ်။
ဒီလည်ပတ်ပုံနဲ့ စုဖွဲ့မှုက အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ လည်ပတ်ပုံကို ကျောရိုးယူထားတာဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တစ်ဖက်မှာတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးလည်းရှိနေသေးပြီး သူကတော့ ပြည်ပနိုင်ငံတွေနဲ့ ဆက်စပ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကိုပဲ အဓိကအာရုံစိုက်တယ်လို့ သမ္မတရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အငြိမ်းစားဗိုလ်ချုပ်ကြီး တင်အောင်စန်းဖြစ်ပါတယ်။
"ပြည်ပနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို စာတမ်းတွေတင်တယ်"လို့ သမ္မတရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးတင်အောင်စန်းဟာ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာပါမသွားဘဲ ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပတဲ့ ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ်နဲ့ ဆဋ္ဌမအကြိမ် အာဆီယံ - ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များဆွေးနွေးပွဲတွေကို သွားတက်ခဲ့ပါတယ်။
သူက မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ မော်စကိုမှာရှိနေပြီး ရုရှားနဲ့ ဘယ်လာရုစ်က လုံခြုံရေးအေဂျင်စီအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက အမျိုးသားလုံခြုံရေး အကြီးအကဲတွေနဲ့ပါတွေ့ဆုံပြီး နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးက NLDအစိုးရလက်ထက်မှာလည်းရှိခဲ့ဖူးပြီး ဝန်ကြီးဦးသောင်းထွန်းက တာဝန်ယူခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်း အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေ လုပ်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင်တွေ သတင်းဘယ်လိုတည်ဆောက်လဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်ကတော့ တပ်မတော်ထောက်လှမ်းရေးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တွေကိုပဲ အနီးကပ်ထားခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှာ အတွင်းရေးမှူး(၁) ခန့်ခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်(စရခချုပ်) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ကောင်စီမှာ တွဲဖက်အတွင်းရေးမှူးခန့်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် သတင်းအချက်အလက်ရယူမှုမှာ ထောက်လှမ်းရေး/ စရခသတင်း၊ အထူးသတင်းတပ်ဖွဲ့(SB)၊ ကြံ့ခိုင်ရေးပါတီကတက်လာတဲ့ သတင်းနဲ့ ပြည်ပအသံလွှင့်ဌာနတွေက သတင်းတွေကိုစုဆောင်းရယူတင်ပြခဲ့ရတယ်လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလမှာ ဌာန၊ အဖွဲ့အစည်းတွေက တက်တဲ့သတင်းထက် ပုဂ္ဂိုလ်ရေးအရ သူယုံကြည်တဲ့သူတွေဆီက တက်လာတဲ့သတင်းတွေကို ပိုအားကိုးတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင်ရဲ့ စားပွဲပေါ်မှာ ဌာနဆိုင်ရာလမ်းကြောင်းကမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့အစီရင်ခံစာတချို့လည်း ရှိနေတတ်တယ် လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
သူအသုံးပြုတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ယုံကြည်ရသူတွေကို တိုက်ရိုက်တာဝန်ပေးထားတာမျိုး ဖြစ်ပါတယ်။
အဲဒီလိုတာဝန်ပေးခံရသူက တပ်ချုပ်ဆီတိုက်ရိုက် အစီရင်ခံစာတက်ရပြီး ကြားအဆင့်တွေအများကြီးကို ဖြတ်စရာမလိုဘူးလို့ ဒီအကြောင်းကို သိသူတစ်ဦးက ပြောပါတယ်။
ဒီပုံစံက ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်က ထောက်လှမ်းရေးသတင်းအစီရင်ခံတဲ့ပုံစံနဲ့ ဆင်တူပါတယ်။
NSB က NIB ဖြစ်လာမလား
အမျိုးသားလုံခြုံရေးကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ NSB ကို ဖွဲ့တယ်ဆိုတဲ့ အမိန့်စာဟာ ဗိုလ်ချုပ်ကြီးခင်ညွန့် တန်ခိုးထွားခဲ့တဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) ဥပဒေကို ပြန်အမှတ်ရစေပါတယ်။
၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဖယ်ရှားခံရမှုနဲ့အတူ ဖျက်သိမ်းခံခဲ့ရတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေထဲက ဖွဲ့စည်းပုံတချို့ကို NSB မှာ ပြန်ယူထားတာတွေ့ရပါတယ်။
ဒါပေမဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ အသွင်သဏ္ဍာန်ရော အနှစ်သာရပါဆင်တူပေမဲ့ သမ္မတအဆင့်က တိုက်ရိုက်ကိုင်တွယ်မှုက အကြီးဆုံး အပြောင်းအလဲဖြစ်ပါတယ်။
ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ထောက်လှမ်းရေးယန္တရားတွေ အားလုံးကိုချုပ်ကိုင်ပြီး တန်ခိုးထွားခဲ့တဲ့ ပုံစံမျိုးကို စစ်ခေါင်းဆောင်တွေက ထပ်မလိုချင်ကြတော့ပါဘူး။
ဗိုလ်ချုပ်ကြီးခင်ညွန့်ခေတ် ထောက်လှမ်းရေးယန္တရားကို "မမြင်ရတဲ့ အစိုးရ" (an invisible government) လို့တင်စားထားရုံမက "နိုင်ငံတော်အတွင်းက နိုင်ငံ" (a state within the state) လို့တောင် ဆိုခဲ့ကြပါတယ်။
၂၀၁၉ မှာ ထုတ်ဝေခဲ့တဲ့ အာဆီယံနဲ့ နိုင်ငံတကာလုံခြုံရေးကဏ္ဍကျွမ်းကျင်သူ အင်ဒရူးဆဲ့လ်ရဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးကျဆုံးခြင်း ဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့တာပါ။
ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ထောက်လှမ်းရေးတစ်ခေတ်ဟာ ကကလှမ်းကနေ မဟာဗျူဟာလေ့လာရေးရုံး၊ တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံး အထိ ဖွဲ့စည်းပုံအဆင့်ဆင့် ကျယ်ပြန့်ခဲ့ပြီး ပြည်တွင်းရောပြည်ပရေးရာမှာပါ လုပ်ပိုင်ခွင့်တွေ ပိုများလာခဲ့ပါတယ်။
ဒါ့အပြင် အစိုးရရဲ့ အဓိက လုပ်ငန်းစဉ်တွေကို ချုပ်ကိုင်ထားနိုင်မှု၊ လုပ်ဖော်ကိုင်ဖက် အရာရှိတွေအကြောင်း စုဆောင်းထားတဲ့ အချက်အလက်တွေအပါအဝင် အကဲဆတ်တဲ့ထိပ်တန်းလျှို့ဝှက်ချက်တွေကို အထူးအခွင့်အရေးအနေနဲ့ လက်လှမ်းမီနိုင်မှုတွေကြောင့် စစ်ထောက်လှမ်းရေးတွေဟာ သူတို့ထက် ရာထူးပိုမြင့်တဲ့ အရာရှိတွေကိုတောင် အန်တုစိန်ခေါ်နိုင်ခဲ့ကြတယ်လို့ အင်ဒရူးဆဲ့လ်က ရေးပါတယ်။
ဒီအချက်တွေဟာ ထောက်လှမ်းရေးနဲ့ စစ်တပ်ကြားမှာ ပွတ်တိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူကရေးပါတယ်။
၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးကိုဖျက်သိမ်းပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးနဲ့ အစားထိုးပါတယ်။
အရင်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) က တခြားဝန်ကြီးဌာနတွေအပေါ်လွှမ်းမိုးမှုတွေကို စရခက မရတော့ဘူးလို့ စရခတာဝန်ထမ်းဆောင်ဖူးတဲ့ အငြိမ်းစားတပ်အရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စရခချုပ်က စစ်ကောင်စီအတွင်းရေးမှူးဖြစ်လာပြီး ပြန်တန်ခိုးထွားလာပါတယ်။
၂၀၂၆ အကူးအပြောင်းမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ တပ်ချုပ်အထိပါဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ထောက်လှမ်းရေးယန္တရားတွေကိုပေါင်းစပ်ထားတဲ့ အမျိုးသားလုံခြုံရေးဗျူရိုကိုတော့ ဦးမင်းအောင်လှိုင်က လုံးဝလက်မလွှတ်ဘဲ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။