"ဒါက အစပဲရှိသေးတယ်" - အိန္ဒိယ GenZ တွေဆန္ဒပြလို့ ဝန်ကြီးနုတ်ထွက်ခဲ့ရပြီး ဘာဆက်ဖြစ်မလဲ

    • ရေးသားသူ, အဘိခ် ဒက်ဘ်
    • ရေးသားပေးပို့သည့်နေရာ, ဒေလီသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

အိန္ဒိယမှာ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ အာဏာရလာခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ နုတ်ထွက်ခဲ့တဲ့ အစိုးရ အဖွဲ့ဝန်ကြီး တစ်ဦးပဲ ရှိခဲ့ဖူးပါတယ်။ သူက လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် နုတ်ထွက်ခဲ့ရတာပါ။

ဒါကြောင့် သီတင်းတစ်ပတ်ကျော်ကြာ လူငယ်တွေရဲ့လမ်းပေါ်ဆန္ဒပြမှုတွေအပြီး စနေနေ့မှာ ပညာရေးဝန်ကြီး ဒြာမန်ဒြာ ပရာဒန် နုတ်ထွက်ခဲ့တာက ကြီးမားတဲ့အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပြီး လူငယ်အများအပြားကလည်း ဒါကို ရှားရှားပါးပါးအောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဒေလီမြို့က အသက် ၂၂ နှစ်အရွယ် တက်ကြွလှုပ်ရှားသူကျောင်းသား ဆာခီကတော့ အခုတစ်ခေါက်ဟာ "ဆန္ဒပြမှုတွေကတဆင့် အပြောင်းအလဲတွေကို တကယ်ဖြစ်လာအောင် လုပ်နိုင်တယ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားရတာပါ" လို့ ဆိုပါတယ်။

ပရာဒန် နုတ်ထွက်ပြီး မကြာခင်မှာပဲ မိုဒီအစိုးရရဲ့အကြီးတန်းဝန်ကြီးတစ်ဦးက "ကျွန်တော်တို့အစိုးရမှာ နုတ်ထွက်တာမျိုး မရှိဘူး" လို့အရင်က ပြောထားတဲ့ဗီဒီယိုဟောင်းကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ အဲဒီလိုပြန်လည်မျှဝေမှုတွေက ပရာဒန် နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံတ၀န်း လူငယ်လှုပ်ရှားမှုရဲ့ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို ထင်ဟပ်စေခဲ့ပါတယ်။

ဆာခီကတော့ သူတို့ဟာ ဒီမိုကရေစီစနစ်မှာ သဘောထားကွဲလွဲခွင့်ရှိဖို့ အရေးကြီးတယ်ဆိုတာကို ကျောင်းသင်စာအုပ်တွေမှာ ဖတ်ရှုကြီးပြင်းလာခဲ့ပေမဲ့ "မိုဒီအစိုးရလက်ထက်မှာတော့ အဲဒီလိုအခြေအနေမျိုးကို မတွေ့ခဲ့ရဘူး" လို့ ပြောပါတယ်။

အင်စတာဂရမ်ပေါ်မှာ ဆာခီက ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်နှိမ်နင်းမှု၊ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ဖော်ပြတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်ထားတဲ့ဗီဒီယိုအတိုတွေနဲ့အတူ တင်ခဲ့ပါတယ်။ အဲဒီထဲက ဗီဒီယိုတွေကို ကြည့်ရှုတဲ့အကြိမ်ရေ သန်းနဲ့ချီရှိပါတယ်။

ဆာခီရဲ့အမြင်အရတော့ အစိုးရဟာ ဒီဆန္ဒပြလှုပ်ရှားမှုရဲ့အရှိန်အဟုန်ကို နားမလည်ခဲ့တာဟာ ဆန္ဒပြသူတွေ အသုံးပြုတဲ့ဘာသာစကားနဲ့ ပလက်ဖောင်းတွေကို နားမလည်တဲ့အတွက်လို့ ဆိုပါတယ်။

"အစိုးရက မီဒီယာကြီးတွေ၊ ဖေ့စ်ဘုတ်နဲ့ WhatsApp တွေ အပေါ်မှာတော့ ဩဇာရှိတယ်။ ဒါပေမဲ့ အင်စတာဂရမ်ကိုတော့ သတိမထားမိခဲ့ဘူး" လို့ သူက ပြောပါတယ်။

အိန္ဒိယမှာ ဆေးတက္ကသိုလ်တက်ရဖို့ အကြီးဆုံး ဝင်ခွင့်စာမေးပွဲဖြစ်တဲ့ NEET စာမေးပွဲမှာ မေးခွန်းပေါက်ကြားမှုဖြစ်ခဲ့ပြီးတဲ့နောက် စာမေးပွဲကို ဖျက်သိမ်းပြီး ကျောင်းသား ၂ သန်းနီးပါးကို စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတာကြောင့် မေလအတွင်းမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကျောင်းသား ၂၀ ကျော် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပြီး မိသားစုဝင်တွေကတော့ အဲဒီလိုဖြစ်ရတာဟာ စာမေးပွဲအရှုပ်တော်ပုံက အဓိကအကြောင်းရင်းဖြစ်တယ်လို့ ပြောကြပါတယ်။

အဲဒီလူငယ်ထုရဲ့ မကျေနပ်မှုတွေကို Cockroach Janta Party (CJP) ပိုးဟပ်ပါတီ လို့ အမည်ပေးထားတဲ့ သရော်စာအွန်လိုင်းလှုပ်ရှားမှုက စုစည်းပေးခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ အိန္ဒိယတရားသူကြီးချုပ်က "အတုအယောင်ဘွဲ့တွေ" နဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေကို "ပိုးဟပ်တွေ" နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီးနောက် စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

CJP ဟာ တကယ်တော့ တရားဝင်နိုင်ငံရေးပါတီ မဟုတ်သလို အွန်လိုင်းပေါ်မှာပဲ ဝက်ဘ်ဆိုက်တစ်ခုနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ကို တည်ထောင်သူတွေက ဒေလီမြို့မှာ ထိုင်သပိတ်ဆင်နွှဲပြီး ပညာရေးဝန်ကြီး ဒြာမန်ဒြာ ပရာဒန် နုတ်ထွက်ပေးဖို့၊ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့နဲ့ သေဆုံးသွားတဲ့ကျောင်းသားတွေရဲ့မိသားစုတွေကို လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစပိုင်းမှာတော့ ဒီဆန္ဒပြမှုဟာ လူအများရဲ့အာရုံစိုက်မှုကို သိပ်မရခဲ့ပါဘူး။ ဒါပေမဲ့ ဇူလိုင် ၁၈ ရက်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ပညာရေးလှုပ်ရှားသူ ဆိုနမ် ဝမ်ချုခ်ကို ဒေလီရဲတပ်ဖွဲ့က အတင်းအကျပ် ဖယ်ရှားပြီး ဆေးရုံပို့ခဲ့တဲ့နောက်အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။

နှစ်ရက်အကြာမှာတော့ ပိုးဟပ်ပါတီ CJP ရဲ့တိုက်တွန်းမှုနဲ့ လူသောင်းချီဟာ လွှတ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ရဲ့နှိမ်နင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ နံပါတ်တုတ်နဲ့ ရိုက်နှက်မှု၊ မျက်ရည်ယိုဗုံး အသုံးပြုမှုနဲ့ ကျည်တုသေနတ်နဲ့ပစ်ခတ်နှိမ်နင်းတဲ့ဗီဒီယိုတွေဟာ လူမှုကွန်ရက်ပေါ်မှာ မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆန္ဒပြမှုကို ဖိနှိပ်နိုင်မယ့်အစား လူထုတွေရဲ့ဒေါသကို ပိုမိုကြီးထွားစေပြီး ဆန္ဒပြသူ ဦးရေလည်း ပိုများလာစေခဲ့ပါတယ်။

အိန္ဒိယ လူငယ်တွေအကြား မကျေနပ်မှုတွေနဲ့ အဲဒီမကျေနပ်မှုတွေကို လမ်းပေါ်ထွက်ပြီး ထုတ်ဖော်ပြောဆိုရဲတဲ့သတ္တိဟာ နိုင်ငံဒေသအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။

မွမ်ဘိုင်းမြို့မှာ ဇူလိုင် ၂၀ ရက်က ပြုလုပ်မယ့် ဆန္ဒပြပွဲမှာ လူတွေ ပါဝင်စုဝေးကြဖို့ အွန်လိုင်းကနေ တိုက်တွန်းခဲ့တာကြောင့် ဆိုမာယာ ကော်ဒီကို ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကျင်းပခဲ့တဲ့ဆန္ဒပြပွဲတွေကိုတော့ သူ ဆက်လက်ပါဝင်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကော်ဒီကတော့ ပညာရေးဝန်ကြီး ပရာဒန် နုတ်ထွက်ခဲ့တာဟာ "အဆုံးသတ်မဟုတ်ဘဲ အစပဲရှိသေးတယ်" လို့ ပြောပါတယ်။

"ကျွန်မတို့ မျိုးဆက်အတွက်တော့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာက လူအများစုအတွက် ပထမဆုံးအကြိမ်ပါ။ ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာတွေ ရှိသေးတယ်။ အဲဒီအကြောင်းတွေကိုလည်း ကျွန်မတို့ ဆက်ပြောသွားမှာပါ" လို့ သူက ဆိုပါတယ်။

ကော်ဒီဟာ သူ့မိသားစုထဲမှာ ဥပဒေဘွဲ့ရတဲ့ပထမဆုံးအမျိုးသမီးဖြစ်ပြီး မကြာသေးခင်ကလည်း ဒေသန္တရရွေးကောက်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ သမိုင်းတစ်လျှောက် လူမှုရေးနဲ့ စီးပွားရေးအခွင့်အလမ်းတွေ မရရှိခဲ့တာကြောင့် အိန္ဒိယအစိုးရက "နောက်ကျကျန်ရစ်သော လူမှုအုပ်စု"အဖြစ် တရားဝင်သတ်မှတ်ထားတဲ့အသိုင်းအဝိုင်းကနေ လာသူလည်း ဖြစ်ပါတယ်။

အိန္ဒိယလူငယ်အများစုလိုပဲ ကော်ဒီကလည်း ပညာရေးဟာ ပိုကောင်းတဲ့ဘဝကို ရောက်ဖို့ လမ်းကြောင်းလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ NEET စာမေးပွဲ မေးခွန်းပေါက်ကြားမှုက ကြိုးစားရင် အကျိုးရမယ်လို့ ကတိပေးထားတဲ့စနစ်အပေါ် သူ့ရဲ့ယုံကြည်မှုကို ပျက်စီးသွားစေခဲ့တယ်လို့ ဆိုပါတယ်။

"ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပုဂ္ဂလိကပိုင် ပြုလုပ်လာနေတယ်၊ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားနေတယ်၊ ပညာရေးပြီးဆုံးသွားရင်တောင် အလုပ်အကိုင်တွေက မလုံလောက်ဘူး။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံမှာ ဒီလိုအခြေအနေတွေအားလုံးက အစိုးရရဲ့တာဝန်ခံမှုအပေါ် မေးခွန်းထုတ်စရာတွေ ပေါ်လာတာပါပဲ" လို့ သူက ပြောပါတယ်။

ကော်ဒီရဲ့မကျေနပ်မှုဟာ လူငယ်အများအပြား ရင်ဆိုင်နေရတဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်ဦးရေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ အစိုးရထုတ်ပြန်တဲ့အချက် အလက်တွေအရ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာက ဒီနှစ်ဇွန်လမှာ ၁၆ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

တက္ကသိုလ်ဘွဲ့ရတွေတောင် အလုပ်အကိုင်ရဖို့ ရုန်းကန်နေကြရပါတယ်။ ၂၀၂၆ ခုနှစ်မှာ Azim Premji တက္ကသိုလ်က ထုတ်ပြန်ခဲ့တဲ့လေ့လာချက်အရ အလုပ်ရှာဖွေသူတွေထဲက ၇ ရာခိုင်နှုန်းအောက်သာ အလုပ်ရှာတဲ့ပထမတစ်နှစ်အတွင်း လစာပုံမှန်ရတဲ့အမြဲတမ်းအလုပ် ရရှိခဲ့ပြီး ရုံးလုပ်ငန်းဆိုင်ရာအလုပ်အကိုင် ရရှိသူကတော့ ၄ ရာခိုင်နှုန်းတောင် မပြည့်ခဲ့ပါဘူး။

ဒီဆန္ဒပြလှုပ်ရှားမှုတွေဟာ လူငယ်တွေအတွက် ကြောက်ရွံ့စိတ်ကိုဖယ်ရှားပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ စုစည်းရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီလူငယ်တွေထဲမှာ အသက် ၁၈ နှစ်အရွယ် ဟာရှ်ဗာဒန် ကာဒမ်လည်း ပါဝင်ပါတယ်။ သူဟာ မနှစ်က ဖခင်ကွယ်လွန်ပြီးတဲ့နောက် မိခင်ကို ထောက်ပံ့နိုင်ဖို့ ကျောင်းပြီးတာနဲ့ လက်ပ်တော့ပ်ရောင်းတဲ့အချိန်ပိုင်းအလုပ်ကို ဝင်လုပ်ခဲ့သူ ဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက်က မွန်ဘိုင်းမြို့ ဆန္ဒပြချီတက်ပွဲအတွင်း ဟာရှ်ဗာဒန် ရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ အများကြီးပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီအင်စတာဂရမ်ဗီဒီယိုတိုကို အခုအချိန်အထိ အကြိမ်ရေ ၁၀ သန်း ကြည့်ရှုထားပြီး ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ရဲကားပေါ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဟာရှ်ဗာဒန်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက မူးယစ်ဆေးဝါးအမှုနဲ့ ဆင်ဖမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတာကို တွေ့ရပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်ကိုတော့ နောက်ပိုင်းမှာ တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။

"သူ့ကို အလုပ်ပြုတ်စေချင်တာတော့ မဟုတ်ပါဘူး" လို့ ဟာရှ်ဗာဒန်က ဘီဘီစီကို ပြောပါတယ်။

"ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကြောင့် ရဲတွေက ကျွန်တော့်အပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတာကို မှတ်တမ်းတင်ထားချင်ရုံပါ" လို့ သူကဆိုပါတယ်။

ပညာရေးဝန်ကြီး ပရာဒန် နုတ်ထွက်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း သူက အခုလိုမှတ်ချက်ပေးပါတယ်။ "ဒါက အစပဲရှိသေးတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အသံတွေ ထုတ်လာတဲ့အခါ အစိုးရက ကြောက်လာလိမ့်မယ်ဆိုတာကို ဒါက ပြနေပါတယ်။"

ဂူဝါဟတီမြို့က အသက် ၂၉ နှစ်အရွယ် ဇာတ်ညွှန်းရေးသူ ဆွာရက်ဂ် ပရီယိုကတော့ မိုဒီအစိုးရလက်ထက် နှစ်ပေါင်းများစွာမှာ ဆန္ဒပြခဲ့ပေမဲ့ အပြောင်းအလဲ မတွေ့ခဲ့ရတာကြောင့် စိတ်ပျက်အားလျော့ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်လှုပ်ရှားမှုကတော့ သူ့အတွက် မျှော်လင့်ချက်ကို ပြန်လည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ဒီလှုပ်ရှားမှုက မေးခွန်းထုတ်ခွင့်နဲ့ သဘောထားကွဲလွဲခွင့်တွေကို ပြန်ဖန်တီးပေးခဲ့တယ်။ အားလုံးပြီးဆုံးသွားပြီ မဟုတ်ဘူးဆိုတဲ့အမှန်တရားကိုလည်း ပြန်သတိပေးခဲ့တယ်" လို့ သူက ပြောပါတယ်။

မိုဒီအစိုးရဟာ အခုချိန်မှာ ဖိအားအောက် ရောက်နေပြီဆိုတဲ့ခံစားချက်ကလည်း နိုင်ငံတဝန်း ပိုထင်ရှားလာနေပါတယ်။ နေရာအနှံ့က ဆန္ဒပြနေရာတွေမှာ "ပရာဒန်က နမူနာပဲ။ နောက်တစ်ခါ မိုဒီ့ အလှည့်ပဲ" လို့ ရေးထားတဲ့ ပိုစတာတွေကို မြင်တွေ့နေရပါတယ်။

ဒါပေမဲ့ အဲဒီလို ယုံကြည်မှုမြင့်တက်လာတာနဲ့အတူ စိုးရိမ်မှုတချို့လည်း ရှိနေပါတယ်။

ပတ္တနာမြို့က တက္ကသိုလ်ကထိကဖြစ်ဖို့ ရည်မှန်းထားသူ ကျောင်းသားလှုပ်ရှားသူအဖြစ် ၁၀ နှစ်နီးပါး လှုပ်ရှားလာခဲ့တဲ့ အသက် ၃၀ အရွယ် ဗာရူနီ ပူရာဗာ ကတော့ ပရာဒန် နုတ်ထွက်ခဲ့တာဟာ မိုဒီအစိုးရကို "ဒူးထောက်ကျစေနိုင်တယ်" ဆိုတာကို ပြသလိုက်တာလို့ ပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေ ဒါမှမဟုတ် ပါဝင်ခဲ့သူတွေကို အရေးမယူဘူးလို့ အစိုးရက ကတိပေးထားပေမဲ့ ဆန္ဒပြသူတွေကို "လိုက်လံရှာဖွေဖိနှိပ်တာ" ဖြစ်လာမှာကိုတော့ သူက စိုးရိမ်နေပါတယ်။

အဲဒီလိုစိုးရိမ်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူဟာ ဖမ်းဆီးခံရနိုင်တဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ အာမခံကို ကြိုတင်လျှောက်ထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ လူသတ်ရန် ကြိုးပမ်းမှုအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ဆန္ဒပြသူ ၁၀၀ ကျော်ကို အမှုဖွင့်ထားပြီး ၄၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)ကတော့ မိုဒီအစိုးရလက်ထက်မှာ အိန္ဒိယအာဏာပိုင်တွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမုန်းစကားဆိုင်ရာဥပဒေတွေကို လုပ်ကြံအသုံးချပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပုံမှန်တရားစွဲဆိုလေ့ရှိတယ် လို့ ပြောထားပါတယ်။

ကျောင်းသားအများအပြားရဲ့မိဘတွေလိုပဲ အစိုးရက နှိမ်နင်းလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေပေမဲ့ ပူရာဗာကတော့ ဒီဆန္ဒပြလှုပ်ရှားမှုတွေဟာ လူငယ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအသစ်တစ်ခု ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

သူတို့ရဲ့အခြေခံ မကျေနပ်မှုတွေကို မဖြေရှင်းနိုင်သေးသရွေ့ အစိုးရအနေနဲ့ အရင်လို ပုံမှန်အခြေအနေဆီ ပြန်ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဒေလီမြို့က ဆန္ဒပြနေရာတစ်ခုမှာ ရေးသားထားတဲ့ နံရံပေါ်မှာ ရေးထားတဲ့ စာတန်းတစ်ခုကလည်း အဲဒီခံစားချက်ကို ထင်ဟပ်နေပါတယ်။

"ကျွန်တော်တို့မှာ အလုပ်မရှိဘူး။ ဒီစာကို ဖျက်လိုက်ရင်လည်း မနက်ဖြန် ကျွန်တော်တို့ ပြန်လာဦးမှာပဲ။"