အိန္ဒိယလူငယ်တွေ ဆန္ဒပြမှု ရပ်ဆိုင်း၊ ပညာရေးဝန်ကြီးနုတ်ထွက်ပေးရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အိန္ဒိယနိုင်ငံမှာ နရန်ဒရာ မိုဒီ အစိုးရအပေါ် မလုပ်စဖူး စိန်ခေါ်မှုကြီးတစ်ခုကို ဦးဆောင်လုပ်ခဲ့တဲ့ လူငယ်လှုပ်ရှားမှုအဖွဲ့ရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ပြောပါတယ်။

ဒီဆန္ဒပြမှုတွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အိန္ဒိယ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် နုတ်ထွက်သွားအပြီး နာရီပိုင်းအကြာမှာ လူငယ်တွေ ဦးဆောင်တဲ့ CJP ပိုးဟပ်ပါတီက ဆန္ဒပြမှုတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့အပါအဝင် သူတို့ရဲ့ တောင်းဆိုချက်တွေ အားလုံးကို ဖြည့်ဆည်းပေးဖို့ အစိုးရက လက်ခံ သဘောတူခဲ့တယ်လို့ CJP ပိုးဟပ်ပါတီက ပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးနေမှုတွေ အားလုံးကို ရုတ်သိမ်းပေးမှာ ဖြစ်ပြီး မေးခွန်းပေါက်ကြားမှုအရှုပ်တော်ပုံကြီးကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားခဲ့သူ ကျောင်းသားတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေ အမြင့်ဆုံးပေးဖို့ကိုလည်း အိန္ဒိယ အစိုးရက သဘောတူခဲ့ပါတယ်။

စာမေးပွဲ မေးခွန်းတွေ အကြိမ်ကြိမ် ပေါက်ကြားခဲ့တာနဲ့ ပတ်သက်လို့ အစိုးရအပေါ် ကျောင်းသားတွေက ဒေါသ အမျက်ထွက်နေကြတာ ဖြစ်ပါတယ်။

CJP ပိုးဟပ်ပါတီအဖွဲ့ အစပြုလာပုံ

CJP ပိုးဟပ်ပါတီ ဟာ တကယ့်နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး။ အစိုးရအပေါ် လှောင်ပြောင်သရော်တဲ့ လှုပ်ရှားမှုတစ်ခုကနေ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ လူငယ်တချို့ကို ထိပ်တန်း တရားသူကြီးတစ်ဦးက ပိုးဟပ်တွေအဖြစ် ခိုင်းနှိုင်း ပြောဆိုခဲ့အပြီးမှာ လူငယ်တွေက ပိုးဟပ်ဆိုတဲ့ အမည်ကို ယူပြီး အဖွဲ့ ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။ တရားသူကြီးကတော့ လူလိမ်တွေ၊ ဒီဂရီဘွဲ့အတုနဲ့ လူတွေကို ရည်ညွှန်းပြောလိုတာပါလို့ နောက်ပိုင်းမှာ ပြောခဲ့ပေမဲ့ အလုပ်လက်မဲ့ ဦးရေ တိုးပွားလာမှု၊ စာမေးပွဲတွေမှာ လုပ်ထုံးလုပ်နည်း မညီမှုတွေကြောင့် အမျက်ဒေါသ ထွက်နေကြတဲ့ လူငယ်အတော်များများက ခံနိုင်ရည်ရှိမှု၊ အာခံဆန့်ကျင်မှု သင်္ကေတအဖြစ် သူတို့ကိုသူတို့ ပိုးဟပ် ဆိုတဲ့အမည်ကို ခံယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒေလီမြို့မှာ လူငယ်ထောင်ပေါင်းများစွာ စခန်းချ ကန့်ကွက်ဆန္ဒပြခဲ့ကြရာကနေ နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ပျံ့နှံ့သွားခဲ့ပြီး နရန်ဒရာ မိုဒီအစိုးရအပေါ် နှစ်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြမှုတွေထဲမှာ အကြီးဆုံး ကန့်ကွက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပိုးဟပ်ပါတီ ဆန္ဒပြလူငယ်တွေနဲ့ တစ်သားတည်း ရှိကြောင်း ကမ္ဘာတဝန်း ပြသ

ယူကေ၊ အမေရိကန်၊ ကနေဒါ၊ အိုင်ယာလန်နဲ့ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အိန္ဒိယလူငယ်တွေကလည်း ဒေလီမြို့က ပိုးဟပ်ပါတီ လူငယ်တွေနဲ့အတူ တစ်သားတည်း ရှိကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။

အခုသီတင်းပတ်မှာ အိန္ဒိယအသိုင်းအဝိုင်းက လူအတော်များများဟာ အိန္ဒိယအလံတွေ ကိုင်ဆောင်ဝှေ့ယမ်းရင်း တချို့ကလည်း အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူ ဘီအာရ် အမ်ဘက်ဒ်ကာရဲ့ ပုံတွေကို ကိုင်ဆောင်ထားကြပြီး လန်ဒန်မြို့ အိန္ဒိယ မဟာမင်းကြီးရုံးအပြင်ဘက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နယူးယောက်မြို့မှာလည်း အိန္ဒိယနိုင်ငံ ပညာရေးစနစ် ပြင်ဆင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လူတချို့ ဆန္ဒပြနေကြပုံတွေကို လူမှုကွန်ရက်ပေါ်က ဗီဒီယိုပုံတွေမှာ တွေ့ရပါတယ်။

ဒေလီမြို့ ဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ဘာလင်မြို့က အိန္ဒိယအသိုင်းအဝိုင်းက လူတွေကလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပိုးဟပ်ပါတီအဖွဲ့ကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတစ်ခုကိုလည်း တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ လန်ဒန်မြို့ ထရာဖာလ်ဂါ ရင်ပြင်မှာ ကျင်းပြဖို့ စီစဉ်ထားပါတယ်။

အခြေအတင်အငြင်းပွားစရာ နိုင်ငံသားဖြစ်ခွင့် ဥပဒေတစ်ရပ်ကို ပြဌာန်းဖို့ အိန္ဒိယအစိုးရက လုပ်ခဲ့စဉ် ၂၀၁၉-၂၀ ခုနှစ်တုန်းကလည်း ကမ္ဘာတဝန်းက မြို့ကြီးအတော်များများမှာ အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုတစ်ခေါက်မှာတော့ ပြည်ပရောက် အိန္ဒိယလူမျိုးတွေတင်မကတော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့က လူငယ်တွေကလည်း ပိုးဟပ်ပါတီအဖွဲ့နဲ့ တစ်သားတည်း ရှိကြောင်း မီးတိုင်ထွန်း ချီတက်ပြီး ဆန္ဒထုတ်ဖော်ပြခဲ့ကြပါတယ်။