ပယ်ဆောက်ချိန် ရဲ့ အိမ်ရာတွေ MNDAA က သူ့တပ်ဖွဲ့ဝင်တွေကို မဲစနစ် နဲ့ ပိုင်ဆိုင်မှုပေး
ရှမ်းမြောက်၊ ကိုးကန့်ဒေသဆီ ဖုန်မိသားစုရဲ့အိမ်အပြန်ခရီးမှာ အတူပေးဆပ်ခဲ့သူတွေကို ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ပိုင်ဆိုင်တဲ့အိမ်ရာတွေမှာ နေရာချထားလိုက်ပြီလို့ ဖုန်မိသားစုဦးဆောင်တဲ့ကိုးကန့်တပ်(MNDAA) သတင်းထုတ်ပါတယ်။
ကျားဖြန့်နဲ့ဆက်စပ်ဖမ်းဆီးခံရပြီး တရုတ်မှာ သေဒဏ်ပေးခံခဲ့ရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ပိုင်တဲ့နေရာတွေကို မဲစနစ်နဲ့ ပြန်ခွဲဝေ နေရာချပေးခဲ့တာလို ကိုးကန့်သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
အိမ်နေရာ ပြန်ခွဲဝေပေးခဲ့တဲ့သူတွေဟာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကိုးကန့်ဒေသကို ပြန်အခြေချအုပ်ချုပ်ဖို့ ဖုန်မိသားစုဦးဆောင်တဲ့ ကိုးကန့်တပ်ရဲ့ ၁၈ နှစ်ကြာခရီးမှာ ပေးဆပ်ခဲ့ကြတဲ့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို မဲစနစ်နဲ့ ပြန်ဝေခွဲပေးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ကိုးကန့်တပ်ကတော့ လောက်ကိုင်မြို့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် လက်ထက်က ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်ခဲ့တဲ့အိမ်ရာတွေ ပြန်လည်ခွဲဝေပေးတာကို ပထမအသုတ် အနေနဲ့ ဇူလိုင် ၂၆ မှာ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
“သူ (ပယ်ဆောက်ချိန်) အရင်ကျားဖြန့်လုပ်တုန်းက ကျန်ခဲ့တဲ့ အဆောက်အဦးတွေပေးတာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို အဓိက ပေးတာ။ သတ်မှတ်ထားတဲ့ လူဦးရေအကုန်လုံးကို ပေးတာ။ တိုက်ခန်းတွေကိုတော့ မဲစနစ်နဲ့ ပေးတာ။ သူကတော့ ဟိုအခန်းရတယ်၊ ငါက ဒီအခန်းရတယ်ဖြစ်မှာစိုးလို့ မဲစနစ်နဲ့ ပေးတာ” လို့ ကိုးကန့်သတင်းအရင်းအမြစ်က ပြောပါတယ်။
ကုန်းဆာ ကြွင်းရွှေ့ (Jun Yue)၊ တုံချိန် ကြွင်းထိုက် (Jun Tai)၊ ပေါက်ပေါက်ကျိုက် ကြွင်းယောက် (Jun Yao) နဲ့ ထင်ပါကျိုက် ကြွင်းရှန် (Jun Xiang) စတဲ့ အိမ်ရာ ၄ ခုကို လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီလို ခွဲဝေပေးမှုတွေကို ဇူလိုင် ၂၉ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အသင့်နေထိုင်နိုင်ဖို့ကိုလည်း အာမခံဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
MNDAA ဟာ ‘၁၀၂၇’ စစ်ဆင်းရေးပထမလှိုင်းအတွင်း လောက်ကိုင်မြို့ ကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလမှာ သိမ်းခဲ့ပြီး ၂ လ အကြာမှာ ဗမာတန်း ၊ ပေါင်ဖုန်းလမ်း မှာ လမ်းနဲ့ မလွတ်တဲ့အဆောက်အဦတွေကို ဖယ်ရှားရှင်းလင်းခဲ့ဖူးပါတယ်။
MNDAA ဘက်ကတော့ လွန်ခဲ့တဲ့ ၄ လ ဝန်းကျင်လောက်ကစပြီး အဲဒီတုန်းက ဖယ်ရှားရှင်းလင်းခံရတဲ့ အဆောက်အဦ ပိုင်ရှင်တွေတချို့ကို ပြန်လည်ကုစားရေးအနေနဲ့ တိုက်ခန်းတချို့ ပြန်လည် ခွဲဝေပေးခဲ့တာရှိတယ်လို့ လောက်ကိုင်မြို့၊ ဗမာတန်းမှာ နေထိုင်သူက ဘီဘီစီကို ပြောပါတယ်။
MNDAA ဟာ အခုဆို လောက်ကိုင်ခရိုင် အပါအဝင် ကွတ်ခိုင်၊ သိန္နီ နဲ့ မုံးကိုး ခရိုင် ၄ ခု ကို စုစည်းပြီး ကိုးကန့်အထူးဒေသ ၁ ဆိုပြီး ဖွဲ့စည်းထားပါတယ်။