တိုက်ရိုက်ထုတ်လွှင့်မှု, တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတဲ့ သတင်းအပါအဝင် ဇူလိုင် ၂၈ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတယ်လို့ ACLED ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နေပြည်တော်ပြောတဲ့ ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းဆိုတာဘာလဲ

    ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့ က မြန်မာအာကာသအေဂျင်စီ (MSA) မှာ အာကာသယာဉ်မှူးလောင်းတွေကို ဦးမင်းအောင်လှိုင် တွေ့ခဲ့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့ က မြန်မာအာကာသအေဂျင်စီ (MSA) မှာ အာကာသယာဉ်မှူးလောင်းတွေကို ဦးမင်းအောင်လှိုင် တွေ့ခဲ့

    အာကာသထဲကို သွားရောက်မယ့် မြန်မာရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

    နေပြည်တော်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံထဲမှာတော့ အာကာသယာဉ်မှူးလောင်း အယောက် ၂၀ နီးပါးကို တွေ့ရပြီး ဦးမင်းအောင်လှိုင် အပြောအရ အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် သူ‌တွေကို အဆင့်ဆင့် စိစစ်မှုတွေ ဆက်လုပ်ပြီး ရွေးချယ်မှာလို့ဆိုပါတယ်။

    ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအာကာသအေဂျင်စီ (MSA) မှာ ပြုလုပ်တဲ့ ရက် (၁၀၀) စီမံချက်ကာလပြီးမြောက်ခဲ့တဲ့ နည်းပညာလုပ်ငန်းတွေအပ်နှံမှု နဲ့ လက်တွေ့သရုပ်ပြတဲ့ အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က အခုလို ပြောခဲ့တာပါ။

    အာကာသ ပဏာမယာဉ်မှူးတွေကို မွေးထုတ်ပေးနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက စတင်ခဲ့တာလို့ဆိုပြီး အာကာသအတွင်း ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမယ်လို့ ပြောပါတယ်။

    '' အာကာသယာဉ်မှူး (astronaut)ကတော့ သူတို့ရုရှားနဲ့ ၂၀၂၆ ဖေဖော်ဝါရီမှာ စလုပ်နေကြောင်း ကို Reuters သတင်းဌာန က သတင်းက တဆင့် သိထားတယ်။ ဒါပေမဲ့ အမေရိကား က လောင်စာအရည်သုံး စွမ်းရည်မြင့် rocket တွေ ပေါ်လာပြီးတဲ့နောက်မှာရော ဂျပန်အစိုးရပိုင် JAXA က H-3 စတဲ့ လောင်စာ အရည်သုံး စွမ်းရည်မြင့် Rocket တွေ ပေါ်ထွက်လာပြီး နောက် နိုင်ငံတကာအာကာသစခန်း (ISS) လို နေရာကို လူနဲ့တကွ ပစ္စည်းတွေ ပို့ဖို့ ရုရှားက Soyuz rocket တွေကို လူသိပ်မသုံးကြတော့တဲ့ အတွက် အာကာသခရီးသွားအိမ်မက် ကို ဆက်ထိန်းထားနိုင်ဖို့ ကုန်ကျစရိတ် အဆမတန်များတဲ့ အတွက် ရုရှားကပါတနာလိုလာ​တယ်။ အဲဒီတေ့ာ ရုရှားအနေနဲ့ မြန်မာကို ပါတနာလုပ်လိုက်တဲ့ သဘော ရှိတာပါ'' လို့ မြန်မာဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာပညာရှင်တစ်ဦး က သုံးသပ်ပြပါတယ်။

    တဆက်တည်းမှာပဲ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း(Ground Station )ကို ဖွင့်လှစ်တယ်လို့ဆိုပြီး MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှအာရုံခံနည်းပညာ အသုံးချစနစ်နဲ့ တစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံအချက်အလက်တွေကို ပြသတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ထုတ်ပြန်ပါတယ်။

    Ground Station ဆိုတာ ကမ္ဘာမြေပေါ်ကနေ ဂြိုဟ်တုနဲ့ ဆက်သွယ်၊ ထိန်းချုပ်၊ အချက်အလက်ပို့ယူလုပ်တာဖြစ်ပြီး ဂြိုဟ်တုကို အာကာသထဲတင်ပြီးသွားရင်လည်း အလုပ်လုပ်နိုင်ဖို့ မြေပြင်ကနေ စောင့်ကြည့်ပြီး ညွှန်ကြားတဲ့စခန်းဖြစ်ပါတယ်။

    '' မြေပြင်ထိန်းချုပ်ရေးစခန်း ဆိုတာက အခြားနိုင်ငံသားတွေ အတွက်မှာတော့ မခက်တဲ့အရာပါ။ ဂြိုဟ်တုကနေ မြေပြင်ထိန်းချုပ်ရေး ကို သက်ဆိုင်ရာ လိုင်စင်ရှိတဲ့ လူတိုင်း မိမိအိမ်ထဲက လည်းကောင်း မိမိကားထဲက လည်းကောင်း ကုန်ကျစားရိတ် USD 100 နဲ့ ကိုယ်ပိုင် ရေဒီယို Station ကို လုပ်ပြီး open source ရသမျှ satellite တွေနဲ့ ဆက်သွယ်လို့ ရတယ်'' လို့ မြန်မာဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာပညာရှင် ကဆက်ပြောပါတယ်။

    တဖက်မှာလည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ အာကာသစွမ်းရည်နဲ့ ယှဉ်ရင် MAH-1 Ground Station တစ်ခုက ထူးခြားအောင်မြင်တဲ့ အဆင့်ရောက်သွားတယ်လို့ မပြောနိုင်ဘူးလို့ ‌သုံးသပ်ချက်တွေလည်းရှိပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ မြန်မာ နဲ့ တရုတ်ပေါင်းပြီး ဂြိုလ်တုအငယ်တစ်လုံး လွှတ်တင်သွားဖို့ရှိတယ်လို့ လည်း ဇူလိုင် ၁၇ ရက်က တရုတ်သတင်းဌာန CCTV နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

    ဒါဟာ ဦးမင်းအောင်လှိုင် အရင်စစ်ခေါင်းဆောင်ရာထူး နဲ့ အခု သူ သမ္မတရာထူးယူထားတဲ့ အချိန်မှာ ပထမဆုံးလွှင့်တင်မယ့် ဂြိုဟ်တုငယ်တစ်လုံးဖြစ်လာနိုင်ပေမဲ့ ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အစီအစဥ်ကိုတော့ တိတိကျကျထုတ်ပြောမထားပါဘူး။

  2. NUG မန်းတိုင်း(ပကဖ)တာဝန်ခံ မိုင်းလားနယ်ထဲ ဘယ်လိုဖမ်းဆီးခံခဲ့ရသလဲ

    တိုင်းလွှတ်တော်ကိုယ်စားလှယ်ဘဝတုန်းက မြင်တွေ့ရတဲ့ ဦးဝဏ္ဏအောင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, wannaaung.nld

    ဓာတ်ပုံ ပုံစာ, တိုင်းလွှတ်တော်ကိုယ်စားလှယ်ဘဝတုန်းက မြင်တွေ့ရတဲ့ ဦးဝဏ္ဏအောင် (ပုံဟောင်း)

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီး ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ စစ်ရေးသတင်းရင်းမြစ် သုံးဦးက ဘီဘီစီကို ပြောပါတယ်။

    ကျိုင်းတုံနယ်ထဲအခြေစိုက်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ကိုဏကြီးကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)တပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးသွားခဲ့တာလို့ပြောပါတယ်။

    မိုင်းလားမြို့နဲ့ မိုင် ၆၀ နီးပါးအကွာ ကျိုင်းတုံမြို့အနီးက စစ်တပ်လုံခြုံရေးဂိတ်တစ်ခုမှာ ကိုဏကြီးရဲ့ ဇနီးနဲ့ ၅ နှစ်အရွယ် သမီးငယ်တို့ အရင်ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဏကြီးလည်း အဲဒီတစ်နေ့တည်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်း (ပကဖ) သတင်းရင်းမြစ်က ဆိုပါတယ်။

    "ကိုဏကြီးနဲ့ သူ့မိသားစုတို့ကို အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး" လို့ အဲဒီသတင်းရင်းမြစ်က ဇူလိုင် ၂၆ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    မန္တလေးတိုင်း (ပကဖ) တာဝန်ခံ ကိုဏကြီး ဖမ်းဆီးခံရမှု ဘယ်လိုဖြစ်ခဲ့လဲ၊ တိုင်းပကဖ တာဝန်ခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် NUG ရဲ့ လက်အောက်ခံတပ်တွေက ဘာတွေစိုးရိမ်နေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  3. တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

    ဇူလိုင် ၇ ရက်နေ့ မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, HKL Mindat

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၇ ရက်နေ့ မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း (ပုံဟောင်း)

    နေပြည်တော်မှာ တပ်ချုပ်သစ်ပြောင်းပြီးနောက် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တစ်ခုတည်းကို ဂျက်ဖိုက်တာ ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်တဲ့ ပုံစံ ပြောင်းလာတယ်လို့ အမေရိကန်အခြေစိုက်၊ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) က ထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၇ ရက်က ထုတ်ပြန်တဲ့ ACLED ရဲ့ အချက်အလက်တွေအရ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူပြီး တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဆက်ခံပြီးတဲ့နောက်မှာ ဒီလိုတိုက်ခိုက်မှုပုံစံကိုပြောင်းလာတာလို့ဆိုပါတယ်။

    စစ်တပ်က ဒေသအချို့ကိုပြန်ထိန်းချုပ်လာတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေလျော့ကျသွားတယ်လို့ ဆိုပေမဲ့ စုစည်းစောင့်ကြည့်ထားတဲ့အချက်အလက်တွေအရ ပစ်မှတ်တစ်ခု အပေါ် ဆက်တိုက်တိုက်ခိုက်နေတာတွေ့ရတယ်လို့ ACLED က ဖော်ပြပါတယ်။

    စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေကတော့ ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်း၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေ ဖြစ်တယ်လို့ ACLED က ပြောပါတယ်။

    ဇူလိုင် ၁၁ ရက်ကဆိုရင် တစ်ရက်တည်းမှာပဲ ချင်းပြည်နယ်၊ ကန်ပက်လက်အရှေ့ခြမ်းကနေရာတွေနဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောထားပါတယ်။

    စစ်တပ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်နေပြီး ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဇူလိုင် ဒုတိယအပတ်မှာ ထုတ်ပြန်ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ အာဏာတည်မြဲဖို့ ကြိုးစားလာနေပြီး အရပ်သားတွေအတွက်လည်း သက်သာခွင့်မရမယ့်သဘောဖြစ်တယ်လို့ ACLED က သူ့ရဲ့အစီရင်ခံမှာ ထောက်ပြထားပါတယ်။

    အရပ်သားတွေဟာ လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအန္တရာယ်တွေကို ကြီးကြီးမားမားကြုံနေရတယ်လို့ ဆိုပါတယ်။

    မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ACLED က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ဝက်ပိုင်းအထိ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အရပ်သားဦးရေ ၄၅၀ အထိ သေဆုံးခဲ့တယ်လို့ လည်းဆိုပါတယ်။

    အမေရိကန် အခြေစိုက် ACLED ဟာ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

  4. မင်္ဂလာပါ။ ဇူလိုင် ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။