လနဲ့ချီကြာမယ့်အယ်လ်နီညိုဒဏ်ကို စစ်ဘေးကြားက တောင်သူတွေ ဘယ်လိုကျော်လွှားကြမလဲ

မန္တလေးမြို့နယ်ထဲက တောင်သူအမျိုးသမီး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့နယ်ထဲက တောင်သူအမျိုးသမီး (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

အထက်အညာ အပူပိုင်းဒေသက စစ်ဘေးကြောင့် စိုက်ပျိုးရေ၊ ငွေကြေးအရင်းအနှီးနဲ့ သွင်းအားစု အကျပ်အတည်းကြုံနေရတဲ့တောင်သူတွေဟာ အပူချိန်မြင့်မယ့် အယ်လ်နီညိုဒဏ်ကိုလည်း ရင်ဆိုင်ကြရဖို့ ရှိနေပါတယ်။

အပူချိန် မြင့်တာ၊ မိုးခေါင်တာနဲ့ အချိန်အခါမဟုတ် မိုးသည်းတာတွေဖြစ်လာတဲ့ အယ်လ်နီညို ဖြစ်စဉ်ဟာ နို၀င်ဘာလကနေ နောက်နှစ် ဖေဖော်၀ါရီလအထိ ကြာမြင့်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်ဟာ မြန်မာမှာ ရာသီစက်၀န်းအရ ဆောင်းအကုန် နွေအကူးကို ရောက်ပြီဖြစ်လို့ မြန်မာဟာ နောက်နှစ်မေလအထိ ၆ လနီးပါးကြာအောင် အယ်လ်နီညိုရဲ့သက်ရောက်မှုကို ခံစားရနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းပါတယ်။

မြေပြင်မှာတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ကယား(ကရင်နီ)ပြည်နယ်အပါအဝင် ပဋိပက္ခဒေသတွေက တောင်သူတွေဟာ စစ်ဘေးဒဏ်အပြင် ရာသီဥတုဘေးဒဏ်ကိုပါ နှစ်ထပ်ကွမ်း ကြုံရကိန်းဆိုက်နေပါတယ်။

ဒါကြောင့် လနဲ့ချီကြာမြင့်မယ့် အစွန်းရောက်သဘာ၀ဖြစ်စဉ် အယ်လ်နီညိုကို အံတုနိုင်မယ့် စိုက်ပျိုးနည်းစနစ်တွေကို အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ စိုက်ပျိုးရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

တောင်သူတွေ ရင်ဆိုင်ရမယ့်အယ်လ်နီညိုအန္တရာယ်

ရန်ကုန်မြို့ ၊ ကော့မှူး မြို့နယ်ထဲက စပါးစိုက်တောင်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ ကော့မှူးမြို့နယ်ထဲက စပါးစိုက်တောင်သူတစ်ဦး (ပုံဟောင်း)

ကမ္ဘာ့ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ရာသီဥတုဖြစ်စဉ် အယ်လ်နီညို (El Niño) ဟာ မြန်မာအပါအ၀င် ကမ္ဘာတဝန်း ရာသီဥတုပုံစံတွေကို ပြောင်းလဲစေနိုင်ပါတယ်။

အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ အပူချိန် ပုံမှန်ထက် မြင့်လာတာ၊ မိုးခေါင်ရေရှားမှု ပိုဖြစ်တာ၊ မိုးရွာသွန်းမှု မမှန်တာ၊ ရေကန်၊ ဆည်နဲ့ ချောင်းရေတွေ လျော့နည်းလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးပါတယ်။

ဒီဖြစ်စဉ်ဟာ နိုဝင်ဘာလကနေ စတင်ပြီး နောက်နှစ် ဖေဖော်၀ါရီလအထိအားကောင်းနေမှာဖြစ်ပါတယ်။ မြန်မာမှာတော့ အဲဒီအချိန်ဟာ နွေရာသီကို ရောက်ပြီမို့ ဒီဒဏ်ကို လပေါင်းများစွာ ကြုံရနိုင်မယ့်အန္တရာယ်ကို ပညာရှင်တွေက သတိပေးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အယ်လ်နီညိုကြောင့် ဖြစ်လာနိုင်တဲ့မိုးခေါင်မှုနဲ့ အပူဒဏ်ကို ကျော်ဖြတ်နိုင်ဖို့ တောင်သူတွေမှာ သတင်းအချက်အလက်၊ ငွေကြေးနဲ့ စက်သုံးဆီ၊ ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုတွေ လိုအပ်ပါတယ်။

စစ်ရေးပဋိပက္ခဒဏ်သင့်နေတာ ၆ နှစ်နီးပါးထဲ ၀င်လာတဲ့ မြန်မာနိုင်ငံအထက်ပိုင်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရာသီဥတု မမှန်တာကို ကြုံခဲ့ရပြီးဖြစ်ပါတယ်။

အခုတော့ သူတို့ဆီ အယ်လ်နီညိုက ချဉ်းကပ်လာနေပါတယ်။

မန္တလေးတိုင်းထဲက မြင်းခြံ၊ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မကွေးတိုင်းထဲက ပွင့်ဖြူက တောင်သူတချို့ကတော့ အယ်နီညိုမလာခင်ကတည်းက ရာသီဥတုဖောက်ပြန်မှုရဲ့သက်ရောက်မှုတွေကို ကြုံနေကြရပြီလို့ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာတော့ ဒေသခံတောင်သူတွေဟာ နွေစပါးအတွက် သဖန်းဆိပ်ဆည်ရေကိုပါ မှီခိုနေရတယ်လို့ တောင်သူ ဦးကျော်စိုးက ပြောပါတယ်။

ဆည်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်ကစပြီး ရေမရတော့တာကြောင့် နွေစပါးစိုက်ပျိုးနိုင်တဲ့ ဧကအရေအတွက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

"နွေစပါးကို ဆည်ရေ မရတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ဖြစ်ကြတယ်၊ အခုတောင် ရာသီဥတုက တအားပူလာတော့ ဒီနှစ်တော့ လုံးဝ မစိုက်နိုင်လောက်တော့ဘူး" လို့ နွေစပါးစိုက်တောင်သူ ဦးကျော်စိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ဒီပဲယင်းလိုပဲ ပဋိပက္ခဒဏ်သင့် ကယား(ကရင်နီ) ပြည်နယ်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းအပေါ် ထပ်တိုးဖိအားတွေ ရှိနေပါတယ်။

ကရင်နီမှာတော့ စစ်တပ်နဲ့ဖြစ်နေတဲ့တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာ အခက်အခဲရှိနေပြီးသားလို့ ကရင်ကြားကာလကောင်စီ(IEC)ရဲ့ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်မြောင်းဌာနမှာ ဒုတိယဌာနမှူး ၁ လုပ်နေသူ အဖွဲ့ဝင် ဦးတင့်ဆွေက ပြောပါတယ်။ သူက ကရင်နီမှာ တောင်သူတွေကို စိုက်ပျိုးရေးပညာပေး ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

အယ်လ်နီညိုကြောင့် ဆောင်းရာသီမှာ ဟင်းသီးဟင်းရွက်၊ ဖရဲ၊ ကြက်သွန်နဲ့ ပဲမျိုးစုံ စိုက်တဲ့တောင်သူတွေ ထိခိုက်နိုင်ခြေရှိတယ်လို့ သူက ခန့်မှန်းပါတယ်။

အယ်လ်နီညိုအတွက် တောင်သူတွေ ဘာတွေပြင်ဆင်သင့်လဲ

ရန်ကုန်မြို့၊ ဒလမြို့နယ်ထဲက ပြည်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ ဒလမြို့နယ်ထဲက ပြည်သူတစ်ဦး (ပုံဟောင်း)

အယ်လ်နီညို သက်ရောက်မှုအနေနဲ့ သီးနှံထွက်နှုန်း ကျဆင်းပြီး ပိုးမွှားကျရောက်မှု ပိုများလာမှာဖြစ်သလို သောက်သုံးရေနဲ့ စိုက်ပျိုးရေးရေ ရှားပါးလာနိုင်တယ်ဆိုတဲ့အန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်လို့လည်း စိုက်ပျိုးရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် စိုက်ပျိုးရေးပညာရှင်တချို့က အောက်ပါအချက်တွေကို ကြိုတင်လုပ်ဆောင်ဖို့ အကြံပြုပါတယ်။

ရေကို အခုကတည်းက စုဆောင်းထားဖို့

မုန်တိုင်းကြောင့် မိုးရွာနေသေးတဲ့ဒေသတွေမှာဆိုရင် မိုးရေကို စုဆောင်းထားဖို့၊ စိမ့်ရေ စမ်းရေ၊ ရေထွက်ပေါက်နဲ့ ဒေသတွင်း ရေအရင်းအမြစ်တွေကို ထိန်းသိမ်းထားဖို့ လိုတယ် စိုက်ပျိုးရေး ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒါ့အပြင် ရုတ်တရက် ရွာလာနိုင်တဲ့မိုးတွေကို အလဟဿမဖြစ်စေဘဲ တောင်ယာတွေအနီး ရေခံကျင်းတွေ၊ ရေကန်ငယ်တွေ ကြိုတင် တူးဖော်ထားဖို့ ပြောကြပါတယ်။

"မိုးတစ်စက်တောင် အခုအချိန်မှာ တန်ဖိုးရှိလာပြီ" စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းက ပြောပါတယ်။

မန္တလေးတိုင်းထဲက တောင်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်းထဲက တောင်သူတစ်ဦး (ပုံဟောင်း)

မြေအစိုဓာတ် ထိန်းထားနိုင်မှ အပူဒဏ်ခံနိုင်မယ်

အပင်အရောင် စပြောင်းလာတာနဲ့ ရေလိုအပ်ချက်ကို ဖြည့်ပေးဖို့လိုပြီး မြေအစိုဓာတ်ကို လက်နဲ့စမ်းကြည့်ပြီး လိုအပ်ချိန်မှာ ရေပေးသင့်တယ်လို့ ပညာရှင်တွေ အကြံပြုပါတယ်။

"မြေကြီးကို ဆုပ်လိုက်တဲ့အခါ ထမင်းဆုပ်သလို ဆုပ်လိုက်လို့ ရနေသေးရင် အစိုဓာတ်ရှိသေးတယ်၊ ရေသွင်းဖို့ မလိုသေးဘူး။ စေးစေးကပ်ကပ် မရှိတော့ဘဲ ဖွယ်နေရင် ရေလိုအပ်ချက်များလာပြီလို့" စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းက ဆိုပါတယ်။

ရေသွင်းတဲ့အခါ ပင်ခြေကို တိုက်ရိုက်မလောင်းဘဲ မြောင်းထဲကနေ ရေစိမ့်ဝင်တဲ့စနစ်က ပိုကောင်းတယ်လို့လည်း သူက ပြောပါတယ်။

အယ်လ်နီညိုကာလမှာ သီးနှံ ရေရဖို့ထက် မြေထဲမှာ ရှိပြီးသား အစိုဓာတ်ကို မဆုံးရှုံးအောင် ထိန်းထားနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကောက်ရိုးနဲ့ သီးနှံအကြွင်းအကျန်တွေကို အရင်လို မီးမရှို့ဘဲ သိမ်းဆည်းထားပြီး အပင်ခြေရင်းမှာ ဖုံးအုပ်ထားတာကလည်း မြေအစိုဓာတ် ဆုံးရှုံးမှုကို လျှော့ချနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းနဲ့ IEC စိုက်ပျိုးမွေးမြူရေးဌာနက ဦးတင့်ဆွေတို့က အကြံပြုထားပါတယ်။

ရေအသုံးနည်းတဲ့ စိုက်နည်းတွေ ပြောင်းသုံးဖို့

တောင်သူအများစုအရင်က ယုံကြည်ထားတဲ့ "စပါးဟာ ရေအမြဲရှိမှ ဖြစ်ထွန်းတဲ့ သီးနှံ" ဆိုတာ မဟုတ်ဘဲ ရေအလှည့်ကျ ပေးတဲ့စနစ်နဲ့ စိုက်ပျိုးနိုင်တယ်လို့ စိုက်ပျိုးရေး ပညာရှင်နှစ်ဦးစလုံးက ပြောပါတယ်။

အစက်ချရေသွင်းစနစ်၊ အစက်ချ ရေလောင်းစနစ်နဲ့ ရေချွေတာစိုက်ပျိုးနည်းတွေက ရွေးချယ်စရာဖြစ်တယ်လို့လည်းဆိုပါတယ်။

"စပါးခင်းထဲ ရေအမြဲရှိလို့ မဖြစ်နိုင်တော့ရင် စိုတစ်ခါ ခြောက်တလှည့် စနစ်နဲ့ ရေပေးလို့ရတယ်" လို့ ဦးစိန်ဝင်းက ပြောပါတယ်။

ဒါ့အပြင် အပူချိန်မြင့်တက်ပြီး ရေရှားပါးနိုင်တဲ့ အခြေအနေတွေအတွက် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲနဲ့ နှမ်းလိုမျိုး ရေလိုအပ်ချက်နည်းပြီး သက်တမ်းတိုတဲ့ သီးနှံတွေကို ဦးစားပေး စိုက်ပျိုးသင့်တယ်လို့ စိုက်ပျိုးရေး ပညာရှင်တချို့က အကြံပေးထားပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ စပါးစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ တောင်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ စပါးစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ တောင်သူတစ်ဦး (ပုံဟောင်း)

ဖျက်ပိုးအန္တရာယ်

အပူချိန်မြင့်ပြီး ခြောက်သွေ့တဲ့ကာလမှာ စိုက်ခင်းတွေထဲ ပိုးမွှားကျရောက်မှု ပိုများလာနိုင်တယ်လို့ ဦးတင့်ဆွေက သတိပေးပါတယ်။

အထူးသဖြင့် စုပ်စားပိုးတွေ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ပဋိပက္ခဒေသတွေ ဖြစ်တာကြောင့် ဒေသတွင်း ပစ္စည်းတွေနဲ့ ပိုးသတ်ဆေး၊ ပိုးပြေးဆေးတွေ လုပ်ထားဖို့ကိုလည်း အကြံပြုထားကြပါတယ်။

စပါးခွံပေါင်းခံရည်လိုမျိုး၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ရောစပ်ပြီး ပိုးပြေးဆေးလုပ်တာ၊ နွားကျင်ငယ်ရည် ဖြန်းတာ စတဲ့သဘာဝပိုး ကာကွယ်နည်းတွေကို ကြိုတင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ရေရှားပါးမှုနဲ့ ပိုးမွှားအန္တရာယ်ကို ရင်ဆိုင်ဖို့သာမက ပဋိပက္ခကြောင့် မျိုးစေ့ရရှိရေး အခက်အခဲကိုလည်း တောင်သူတွေ ကြိုတင်တွက်ဆထားဖို့လိုတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

မျိုးစေ့ချန်ဖို့ကိုလည်း စိုက်ပျိုးရေးပညာရှင်တွေ အကြံပြုပါတယ်။ ပဋိပက္ခကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါ မျိုးစေ့ရောက်ဖို့ ခက်ခဲနိုင်တာကို ထောက်ပြပြီး အခုလို အကြံပြုတာပါ။

မကွေးတိုင်းပွင့်ဖြူမြို့နယ်ထဲက တောင်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, မကွေးတိုင်းပွင့်ဖြူမြို့နယ်ထဲက တောင်သူတစ်ဦး (ပုံဟောင်း)

ပဋိပက္ခတွေကြောင့် ခံနိုင်ရည်လျော့ကျနေတဲ့ တောင်သူတွေ

ရှမ်းပြည်နယ် ကလောမြို့က တောင်သူအမျိုးသမီးနှစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ် ကလောမြို့က တောင်သူအမျိုးသမီးနှစ်ဦး (ပုံဟောင်း)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ယာသီးနှံ စိုက်ပျိုးသူ ဦးမြင့်ဦးကတော့ မြို့နယ်ထဲမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းနောက်ပိုင်း ကုန်စည်စီးဆင်းမှု ကျဆင်းလာပြီး အခြေခံစားသောက်ကုန်တွေ ဝယ်ယူဖို့တောင် ခက်ခဲလာတယ်လို့ သိရပါတယ်။

"ရွာကနေထွက်တဲ့ သီးနှံတွေကို မြို့ထဲကို ပို့လို့ရတယ်၊ မြို့ထဲက ပစ္စည်းတွေကို ပြန်သယ်လို့မရဘူး။ ဆန်၊ ငပိ၊ ဆားလို ကိုယ့်ဒေသကမထွက်တဲ့ပစ္စည်းတွေ ဝယ်ဖို့ ခက်တယ်။ မြင်းခြံမြို့အထွက် စစ်ဆေးရေးဂိတ်တွေက သိမ်းထားလိုက်တာတွေ ရှိတယ်" လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက တောင်သူတစ်ဦး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းထဲက တောင်သူတစ်ဦး (ပုံဟောင်း)

မြန်မာပြည်တွင်းက ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ စက်သုံးဆီလို သွင်းအားစု ကုန်ကျစရိတ်တွေ မြင့်တက်တာတွကလည်း တောင်သူတွေအဖို့ အရင်းအနှီးကြီးမြင့်နေစေပါတယ်။

ပွင့်ဖြူမြို့နယ်က တောင်သူ ဦးမောင်လှကတော့ သူ့နယ်ထဲ စိုက်ဧက မများတဲ့တောင်သူငယ်တွေ ကျပ်တည်းနေကြတဲ့အခြေအနေကို ပြောပြပါတယ်။

"ဈေးတက်တဲ့အချိန်ရောက်ရင် တောင်သူငယ်တွေမှာ စုဆောင်းထားတဲ့စပါး မရှိတော့ဘူး။ စပါးလှောင်ထားနိုင်တဲ့ကုန်သည်တို့ တောင်သူကြီးတို့လောက်သာ အမြတ်ရကြတာ၊ တောင်သူငယ်တွေမှာ အကြွေးပဲကျန်ခဲ့တာ" လို့ သူက ပြောပါတယ်။

ဒီပဲယင်း၊ မြင်းခြံ၊ ပွင့်ဖြူနဲ့ ကရင်နီဒေသက တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်ဦးချင်းအတွေ့အကြုံသာ မဟုတ်ဘဲ နိုင်ငံတဝန်း စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူအများစု ရင်ဆိုင်နေရတဲ့ပြဿနာကိုလည်း ထင်ဟပ်နေပါတယ်။

၂၀၂၄ ခုနှစ် မိုးတွင်းမှာ ရေကြီးလို့ စိုက်ပျိုးမြေ ဧက ၅ သန်းနီးပါး ရေနစ်မြုပ်တာ ၊ ၂၀၂၅ ငလျင်ကြီးနဲ့ နောက်ဆက်တွဲသဘာဝဘေးတွေကြောင့် စိုက်ပျိုးမြေ ဧက ၉ သန်းကျော် ထိခိုက်ခဲ့တာတွေဟာ အစားအစာထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။

ထိခိုက်မှု အများဆုံးဒေသတွေထဲမှာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့ ပါဝင်ခဲ့ပါတယ်။

၂၀၂၆ မိုးရာသီမှာလည်း ရေကြီးလို့ စစ်ကိုင်းတိုင်းမှာ လယ်ယာမြေ ဧက ၅ သောင်းကျော် ရေမြုပ်ခဲ့တယ်လို့ FAO က ပြောပါတယ်။

အခုလို ရာသီဥတုဖောက်ပြန်မှုရဲ့သက်ရောက်မှုတွေကို နှစ်အတော်ကြာ ကြုံတွေ့လာခဲ့ရသလို နောက်ထပ်လာမယ့် အယ်နီညိုဖြစ်စဉ်ကို ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတာ မသိကြသူတွေလည်း ရှိနေတယ်လို့ ပဋိပက္ခဒေသတွင်း တောင်သူတချို့က ပြောပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် တောင်သူအများစုဟာ အယ်လ်နီညိုရဲ့သက်ရောက်မှုကို ရင်ဆိုင်ဖို့ စုဆောင်းထားတဲ့ အရင်းအနှီး မရှိသလောက် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

"စစ်ပွဲကိုလည်း မကာကွယ်နိုင်ဘူး၊ တစ်ဖက်က အယ်လ်နီညိုက ထပ်လာတော့ တောင်သူတွေ တစ်ပူပေါ် နှစ်ပူဆင့်တော့တာပေါ့ဗျာ" လို့ ဒီပဲယင်းမြို့နယ်က တောင်သူ ဦးကျော်စိုးက ပြောပါတယ်။