‘‘ဒုံးကျည်တစ်စင်းကျလာသလိုပဲ’’ - ဖလော်ရီဒါမှာ ဂျက်လေယာဉ်ပျက်ကျမှု ၉ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖလော်ရီဒါပြည်နယ်က လူနေအိမ်ရာရပ်ကွက်တစ်ခုထဲ အရပ်ဘက်သုံး ဂျက်လေယာဉ်တစ်စီး တနင်္ဂနွေနေ့မှာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ လူကိုးဦးစလုံး သေဆုံးခဲ့တယ်လို့ အမေရိကန်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
ဒီလေယာဉ်ဟာ ပန်းဘိချ်ကောင်တီထဲက လူချမ်းသာတွေနေထိုင်ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုစံအိမ်လည်း ရှိတဲ့နေရာနဲ့ ကိုးမိုင်ခန့်အကွာ ခရက်သာဗန်အရပ်အနီးမှာ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်ကျပြီးနောက် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာတော့ လူနေအိမ်ရာ လမ်းမတလျှောက် ချိုင့်ခွက်တွင်းကြီးတစ်ခု ဖြစ်နေပြီး မီးလောင်နေတဲ့နေရာတချို့၊ ကွန်ကရစ်အပိုင်းအစတွေနဲ့ Learjet 60 လေယာဉ်ရဲ့အပျက်အစီးတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။
အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့(FAA)ရဲ့ထုတ်ပြန်ချက်အရ အဲဒီလေယာဉ်ဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ကနေ ပျံတက်လာတာဖြစ်ပြီး ကျွန်းနိုင်ငံ ဘဟားမားစ်ကိုကို ဦးတည်ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂျက်လေယာဉ်ဟာ ပျက်မကျခင် တစ်စက္ကန့်ကို ပေရာနဲ့ချီပြီး အမြန်နှုန်းပြင်းပြင်းနဲ့ ထိုးဆင်းနေခဲ့တယ်လို့ အမေရိကန်မီဒီယာတွေရဲ့ဖော်ပြချက်တွေနဲ့ လေယာဉ်ပျံသန်းမှု အချက်အလက်တွေအရ သိရပါတယ်။
လေယာဉ်ပျက်ကျမသွားခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ လေကြောင်းထိန်းချုပ်ရေး ဆက်သွယ်သံထဲမှာ လေယာဉ်မှူးက လေယာဉ်ဟာ တစ်မိနစ်ကို ပေ ၁၀,၀၀၀ နှုန်းနဲ့ ထိုးဆင်းနေတယ်လို့ ပြောနေတာကို ကြားရတယ်ဆိုပြီး ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။
အဲဒီနောက် လေယာဉ်မှူးက အရေးပေါ် အခြေအနေကြေညာခဲ့ပြီး “ကျွန်တော်တို့ လေယာဉ်ဟာ အမြန်နှုန်းလွန်ကဲတဲ့အခြေအနေဖြစ်နေပြီး တစ်မိနစ်ကို ပေ ၂၀,၀၀၀ နှုန်းနဲ့ ထိုးဆင်းနေပါတယ်” လို့ အော်ဟစ် ပြောဆိုခဲ့ကြောင်း စီဘီအက်စ် သတင်းက ဖော်ပြပါတယ်။






