ရခိုင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဘာကြောင့်ပိုတိုးလုပ်နေတာလဲ

၂၀၂၆ ကျောက်တော် အိန္ဒိယဈေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ကျောက်တော် အိန္ဒိယဈေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

၂၀၂၆၊ ၆ လအတွင်း ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ ၃၂၈ ကြိမ်ရှိကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP Myanmar) က ပြောပါတယ်။

ဒါဟာ နေပြည်တော်မှာ အသွင်ပြောင်းအစိုးရတက်လာတဲ့ ဧပြီကနေ စက်တင်ဘာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး ကျောက်တော် အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်မှုက လူသေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်လာပါတယ်။

နိုဝင်ဘာ ၁၃ ရက်ဆိုရင် ရခိုင်မှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တာ ၃ နှစ်ပြည့်မှာဖြစ်ပြီး နယ်မြေထိန်းချုပ်မှု ချိန်ခွင်လျှာလည်း ပြောင်းသွားခဲ့ပါတယ်။

၂၀၂၆ နှစ်ကုန်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ကျန် စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ်အနီးအထိ တိုက်ပွဲတွေ ရောက်လာပြီဖြစ်ပါတယ်။ တဖက်မှာလည်း အေအေ ဒုတိယခေါင်းဆောင်ကလည်း အာရက္ခအိပ်မက် ပြည့်လုနီးပါးရှိပြီလို့လည်း ထုတ်ပြောထားပါတယ်။

ရခိုင်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆန်းစစ်ချက်

မြန်မာစစ်တပ်ရဲ့တိုက်လေယာဉ် ၆ စီး ရှေ့ဆင့်နောက်ဆင့် ဝဲပျံနေတဲ့မြင်ကွင်း
ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်တွေ

အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စစ်ဆင်ရေးစပေမဲ့ ရခိုင်မှာတော့ တစ်လနီးပါးအကြာမှ သေနတ် ကျည်စပွင့်ခဲ့ပါတယ်။

တကျော့ပြန်တိုက်ပွဲစချိန်မှာ စစ်တပ်က စစ်ရေးပစ်မှတ်တွေဆီကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဲ့ အေအေက မြို့သိမ်းနိုင်တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ပုံစံအပြောင်းအလဲဖြစ်လာပါတယ်။

"ရခိုင်မှာ စစ်စဖြစ်တော့ စစ်မြေပြင်မှာ စစ်ရေးလိုအပ်ချက်အရ သုံးတဲ့ပုံစံဖြစ်တယ်။ နောက်ပိုင်း အရပ်သားပစ်မှတ်ကို ပြောင်းလာတယ်" လို့ ရခိုင်စစ်ရှောင်အရေးကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီမှာ ပေါက်တောကို စသိမ်းနိုင်ပြီးနောက် ဖေဖော်ဝါရီထဲမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ မြေပုံ၊ မတ်လမှာတော့ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ နဲ့ ရသေ့တောင်တို့ကို ဆက်တိုက် သိမ်းခဲ့ပါတယ်။

ဘူးသီးတောင်မြို့မှာ အခြေစိုက်တဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကျဆုံးပြီးနောက် ရခိုင်စစ်မျက်နှာစာ အပြောင်းအလဲက ပိုမြင်သာလာပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ အမ်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ အေအေက အရယူခဲ့ပါတယ်။

အေအေက ထိန်းချုပ်နယ်မြေများ လာတာနဲ့အတူ မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာကို လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေက သက်သေခံနေပါတယ်။

"အေအေ ထိန်းချုပ်တဲ့နယ်မြေတွေမှာ လေကြောင်း အတိုက်မခံရတဲ့နေရာမရှိဘူး" လို့ ဝေဟင်အောင်က ဆက်ပြောပါတယ်။

မြောက်ဦးဆေးရုံကို စစ်တပ်ကလေကြောင်းဗုံးကြဲပြီးနောက်မြင်ကွင်း
ဓာတ်ပုံ ပုံစာ, မြောက်ဦးဆေးရုံကို စစ်တပ်ကလေကြောင်းဗုံးကြဲပြီးနောက်မြင်ကွင်း

ISP Myanmar သုတေသနအဖွဲ့ရဲ့စာရင်းအရလည်း ၂၀၂၄ ကနေ ၂၀၂၆ စက်တင်ဘာအထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်သေဆုံးတဲ့ဖြစ်စဉ် ၁၂ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

  • ၂၀၂၄၊ မတ် ၁၈ ရက် - မင်းပြား၊ သာဒါရွာဖြစ်စဉ်မှာ သေဆုံးသူ ၂၃ ဦးရှိ။
  • ၂၀၂၄၊ ဇွန် ၇ ရက် - သံတွဲ၊ ဆင်ခေါင်းရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၄ ဦးရှိ။
  • ၂၀၂၄၊ စက်တင်ဘာ ၂၆ ရက် - သံတွဲမြို့ပေါ်ဖြစ်စဉ်မှာ သေဆုံးသူ ၁၄ ဦးရှိ။
  • ၂၀၂၄၊ အောက်တိုဘာ ၇ ရက် - တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးရှိ။
  • ၂၀၂၅၊ ဇန်နဝါရီ ၈ ရက် - ရမ်းဗြဲ၊ ကျောက်နီမော်ရွာဖြစ်စဉ်မှာ သေဆုံးသူ ၄၁ ဦးရှိ။
  • ၂၀၂၅၊ မေ ၁၃ ရက် - ရသေ့တောင်၊ ထွန်းရေဝရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၃ ဦးရှိ။
  • ၂၀၂၅၊ သြဂုတ် ၂၅ ရက် - မြောက်ဦးမြို့ပေါ်ဖြစ်စဉ်မှာ သေဆုံးသူ ၁၄ ဦးရှိ။
  • ၂၀၂၅၊ စက်တင်ဘာ ၁၂ ရက် - ကျောက်တော်၊ သရက်တစ်ပင်ရွာဖြစ်စဉ်မှာ သေဆုံးသူ ၂၀ ဦးရှိ။
  • ၂၀၂၅၊ ဒီဇင်ဘာ ၁၀ ရက် - မြောက်ဦးဆေးရုံဖြစ်စဉ်မှာ သေဆုံးသူ ၃၄ ဦးရှိ။
  • ၂၀၂၆၊ ဖေဖော်ဝါရီ ၂၄ ရက် - ပုဏ္ဏားကျွန်း၊ ယိုးငူရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၇ ဦးရှိ။
  • ၂၀၂၆၊ သြဂုတ် ၁၁ ရက် - သံတွဲမြို့ပေါ်ဖြစ်စဉ်မှာ သေဆုံးသူ ၁၄ ဦးရှိ။
  • ၂၀၂၆၊ စက်တင်ဘာ ၂၈ ရက် - ကျောက်တော်မြို့ပေါ်ဖြစ်စဉ်မှာ သေဆုံးသူ ၅၀ ဦးရှိ။

အဲဒီဖြစ်စဉ်တွေအတွင်း စုစုပေါင်းအရပ်သား ၂၆၉ ဦး သေဆုံးခဲ့ပြီး ဒီနှစ် စက်တင်ဘာက ကျောက်တော်မြို့ အိန္ဒိယဈေးဖြစ်စဉ်က လူသေဆုံးမှုအများဆုံးဖြစ်ပါတယ်။

သရက်တစ်ပင်ရွာ စာသင်‌ကျောင်း၊ မြောက်ဦးဆေးရုံနဲ့ ကျောက်တော် အိန္ဒိယဈေးဖြစ်စဉ်တွေ ဆိုရင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကပါ စစ်တပ်ကို ရှုတ်ချခဲ့တဲ့အထိ လူသိများခဲ့ပါတယ်။

ကျောက်တော်၊ သရက်တစ်ပင်ရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ကျောက်တော်၊ သရက်တစ်ပင်ရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တဲ့နေရာတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း လူစည်ကားတဲ့နေရာ၊ အရပ်သားရှိတဲ့နေရာနဲ့ စစ်ဇုန်ဆိုပြီး ခွဲနိုင်ပါတယ်။

ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပိုင်းကသံတွဲနဲ့ ဂွတို့ဟာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု အများဆုံးနေရာတွေပါ။

၂၀၂၆ နှစ်ကုန်ပိုင်းစစ်ရေးမှာ စောင့်ကြည့်စရာဖြစ်နေတဲ့ စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဝန်းကျင်က စစ်ဆိုင်နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုများနေဆဲလို့ မြေပြင်အခြေအနေ သိရှိသူတချို့က ပြောပါတယ်။

စစ်တွေ - ပုဏ္ဏားကျွန်းကြား၊ စစ်တွေ - ရသေ့တောင်ကြား နဲ့ စစ်တွေ - ပေါက်တောကြားက စစ်တပ်နဲ့ အေအေကြား နှစ်ဖက်အပြန်အလှန်ထိုးစစ်ဆင်နေတဲ့နေရာတွေဖြစ်ပါတယ်။

အဲဒီနေရာတဝိုက်က ကျေးရွာတွေသာမက ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ ပေါက်တောမြို့ပေါ်တွေက ဒေသခံတွေလည်း စစ်ရှောင်နေကြပါပြီ။

"စစ်တွေတိုက်ပွဲက အရေးကြီးတယ်။ နှစ်ဖက်စလုံးအတွက် ဂုဏ်သိက္ခာရေးရာနဲ့ပါ ဆိုင်တယ်" လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီတစ်ဦးက သုံးသပ်ပါတယ်။

အာရက္ခအိပ်မက် နီးပြီလား

မောင်တော အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ကို အေအေသိမ်းပိုက်ပြီးမြင်ကွင်း
ဓာတ်ပုံ ပုံစာ, မောင်တော အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ကို အေအေသိမ်းပိုက်ပြီးမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အေအေ ဖွဲ့စည်းတာ ၁၇ နှစ်ပြည့်တဲ့ ၂၀၂၆ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းတောင်က ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပါပြီ။

အေအေရဲ့ စစ်ရေးကိုကြည့်မယ်ဆိုရင် ရခိုင်ဝင်ပေါက်တွေဖြစ်တဲ့ ချင်းတောင်ပိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတို့နဲ့ နယ်စပ်တွေမှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ဗျူဟာကျကျ ခြေဆန့်ထားပါတယ်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့လို့ ရှမ်းမြောက်အင်အားစုတွေနဲ့ပါ စစ်ရေးအရ မဟာမိတ်ဖွဲ့ထားပြီး အင်အားကြီး '၀' တပ်(UWSA)ရဲ့ပွဲ အခမ်းအနားတွေမှာလည်း အေအေ ခေါင်းဆောင်တွေကို မြင်တွေ့ရလေ့ရှိပါတယ်။

တရုတ်နဲ့ အိန္ဒိယလို အင်အားကြီး နိုင်ငံတွေရဲ့ စီးပွားရေးမျက်စိကျစရာ ပင်လယ်ထွက်ပေါက်ရှိနေတဲ့ အနောက်ဘက် ကမ်းရိုးတန်းကို ထိန်းချုပ်ထားနိုင်တာက အေအေရဲ့နောက်ထပ် ထူးခြားချက်ပါ။

ဒီပင်လယ်ထွက်ပေါက်ရှိလို့ပဲ တခြားစစ်မျက်နှာပြင်တွေနဲ့မတူပဲ မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်မှုကို အေအေက ရင်ဆိုင်ရပါတယ်။

"ပေါက်တောတိုက်ပွဲကတည်းက ကြည်း၊ ရေ၊ လေ တိုက်ပွဲကို အေအေက ရင်ဆိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ စစ်တွေမှာလည်း ကြည်း၊ ရေ၊ လေ တိုက်ပွဲပေမဲ့ နှစ်ဖက်စလုံးက တိုက်စစ်ရော ခံစစ်ပါ တပြိုင်နက်တည်း လုပ်နေရတယ်" လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးအဖြစ် ရခိုင်ထဲကို စစ်တပ်က စစ်ကြောင်းတွေနဲ့ထိုးဖောက်ဖို့ ကြိုးစားရာကနေ အေအေရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် စစ်တွေမှာ စစ်ရေးအရှိန်ပိုမြင့်လာပါတယ်။

အေအေရဲ့ ရေတပ်လှုပ်ရှားမှု
ဓာတ်ပုံ ပုံစာ, အေအေရဲ့ အေအေရဲ့ ရေတပ်လှုပ်ရှားမှု

၂၀၂၆ နှစ်ကုန်အခင်းအကျင်းမှာတော့ ရခိုင်ကိုစစ်တပ်ကလေကြောင်းကိုသိသိသာသာပိုသုံးလာပြီး အရပ်သားပစ်မှတ်ကိုပါ ဦးတည်တိုက်ခိုက်လာတယ်လို့ ISP Myanmar အပြင် နောက်ထပ် စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ကလည်း ထောက်ပြပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအပြောင်းအလဲဖြစ်ပြီး နေပြည်တော်မှာ အသွင်ပြောင်းအစိုးရတက်လာချိန်မှာ လေကြောင်းတိုက်ခိုက်မှုပုံစံတွေ ပြောင်းလာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ လေယာဉ်အုပ်ဖွဲ့သုံးပြီး ဗုံးအလုံးရေ အမြောက်အများ ကြဲချတဲ့ ပုံစံ ပြောင်းလာတယ်လို့ အေအေဘက်ကလည်း ထုတ်ပြောထားပါတယ်။

မြေပြင်စစ်ဆင်ရေးမှာ အခက်အခဲတွေ့လာတဲ့ စစ်တပ်ဟာ လေကြောင်းအင်အားသာလွန်မှုကို အသုံးချပြီး အေအေ ရဲ့ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ရေးကို ဖိအားပေးဖို့ ကြိုးစားလာတာလို့ အကဲခတ်တချို့က ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှု များလာတာက အချက် ၃ ချက်ကြောင့်ဖြစ်တယ် လို့ ISP Myanmar က သုံးသပ်ပါတယ်။

  • အေအေ နယ်မြေကျယ်ပြန့်လာပြီး စစ်တပ်အတွက် မြေပြင်ထိုးစစ်ဖြန့်ကြက်ဖို့ ခက်ခဲတာ
  • အေအေရဲ့ အုပ်ချုပ်ရေးယန္တရားထူထောင်တာ ကို တားဆီးလိုတာ
  • ရခိုင်ပြည်သူတွေ နေ့နေ့ညညမလုံခြုံမှုတွေ ခံစားရစေတဲ့ စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေး လုပ်တာ

ရခိုင်မှာစွန့်လွှတ်လိုက်ရတဲ့နယ်မြေတွေကို ပြန်ရဖို့အတွက် စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးလည်း ရှိနေတော့ စစ်တပ်က ဒီလေကြောင်း တိုက်ခိုက်တာတွေကနေ ဘာလိုချင်တာလဲဆိုတဲ့မေးခွန်း ရှိလာပါတယ်။

"ရခိုင်တောင်ပိုင်းက သံတွဲ၊ ဂွ ပြီးတော့ စစ်တွေကနေ ပုဏ္ဏားကျွန်းလောက်အထိ စစ်တပ်က ပြန်လိုချင်တဲ့သဘောပဲ။ ပြီးရင်တော့ Equilibrium လို့ခေါ်တဲ့ မျှခြေတစ်ခုရောက်ရင်တော့ အေအေကို ခွေထားချင်ပုံရတယ်" လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက်နေထိုင်ပြီး လူသားစာနာမှုအကူအညီတွေပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်လည်း စစ်တပ်ရဲ့ ခြေလှမ်းတွေဟာ ရခိုင်တောင်ပိုင်းကို ပြန်လိုချင်တဲ့ဆန္ဒပိုစိုင်းပြင်းနေတာလို့ လေကြောင်း တိုက်ခိုက်မှုပုံစံတွေအပေါ် အခြေခံပြီးပြောပါတယ်။

"အေအေတပ်မှူးတွေမှာပြောလေ့ရှိတဲ့စကားရှိတယ်။ မြေမပိုင်ရင် စစ်မကိုင်နဲ့၊ စစ်ပွဲအသက်က မြေပြင်ပဲတဲ့" လို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက အေအေအပေါ် သက်ရောက်မှု မများကြောင်း သူက ဆက်ပြောပါတယ်။

စစ်တပ်အ‌ကြောင်းရေးသားတဲ့ တယ်လီဂရန်ချန်နယ်တွေကလည်း ရခိုင်ကို လေကြောင်းပိုသုံးတဲ့ အပေါ် ထောက်ခံကြောင်းပြောပြီး "မြေကျန်ရင်ပြီးရော" လို့ သုံးနှုန်းလေ့ရှိပါတယ်။

အေအေဒုခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်
ဓာတ်ပုံ ပုံစာ, အေအေ ဒုခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်

ဒါပေမဲ့ စစ်တပ်ရဲလေကြောင်းတိုက်ခိုက်မှုတွေက ရခိုင်ပြည်သူတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတာကတော့ မြင်သာပါတယ်။

အောင်ပွဲလက်တကမ်းအလိုရောက်ပေမဲ့ တော်လှန်ရေးသဘာဝ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလကို ဖြတ်သန်းရဖို့ရှိနေတယ်လို့ အေအေဒုတိယခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်က ရခိုင်ပြည်သူတွေကို သတင်းစကားပါးထားပါတယ်။

၂၀၂၆ စက်တင်ဘာမှာ ပထမဆုံးထုတ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ပါတီစာစောင်မှာ အယ်ဒီတာအာဘော်မှာ "အောင်ပွဲရဖို့ လက်တကမ်းအလိုကို ရောက်နေပြီ" လို့ ရေးသားခဲ့ပြီး "အစိုးရ၊ ပါတီ၊ ပြည်သူ၊ တပ်တော်" ကြားမှာ နားလည်မှုရှိဖို့ မျှော်လင့်ကြောင်းပါ ထည့်ပြောတာပါ။

ဒါဟာ လေကြောင်းဗုံးကြဲလို့ စစ်တပ်နဲ့ ငြိမ်းချမ်းရေး အပစ်ရပ်ဆွေးနွေးနိုင်ခြေနည်းပေမဲ့ အရပ်သား လုံခြုံရေးကိစ္စကတော့ အေအေအတွက် ခေါင်းခဲစရာဖြစ်နေတာကို မီးမောင်းထိုးပြသနေပါတယ်။