တိုက်ရိုက်ထုတ်လွှင့်မှု , ရက် ၁၀၀ ငြိမ်းချမ်းရေး ခေါ်ပေမဲ့ မြန်မာရဲ့ အခြေအနေဟာ ပိုဆိုးရွားလာတယ် - ကယ်လီအန်း (မြန်မာ/ကုလ အထူးအစီရင်ခံစာတင်သွင်းသူ)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ “ကပ်ဘေးဆိုက်တဲ့အခြေအနေ” ဖြစ်နေတယ်လို့မြန်မာဆိုင်ရာကုလအထူးအစီရင်ခံစာတင်းသွင်းသူပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာ ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ "ကပ်ဘေးဆိုက်တဲ့အခြေအနေ" ဖြစ်နေကြောင်းမြန်မာဆိုင်ရာ ကုလရဲ့ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်းက ပြောပါတယ်။
  • အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အဆောက်အအုံတစ်ခုရဲ့ ၁၄ ထပ်မြောက်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ မမေဇင်ထွန်း အတွက်တရားမျှတမှုရရှိရေး ကူဝိတ်ကမြန်မာသံရုံးဆက်လုပ်။
  • Star Trek နဲ့ ပြဇာတ်လောကမှာ ထင်ရှားကျော်ကြားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဆာ ပက်ထရစ် စတူးဝပ် (Sir Patrick Stewart) ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်။
  • လူငယ်တွေကို စစ်သမိုင်းပြတိုက်ကို လေ့လာခိုင်းဖို့ ဦးမင်းအောင်လှိုင်ညွှန်ကြား
  • ဒီနေ့ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ထိုင်းအာဏာပိုင်တွေဘက်က နယ်စပ်လုံခြုံရေးအတွက် မှောင်ခိုလမ်းကနေ ကုန်တင်သွင်း၊ တင်ပို့တာအားလုံးပိတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. Star Trek မင်းသားကြီး ဆာ ပက်ထရစ် စတူးဝပ် အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်

    ဂန္ထဝင် ဗြိတိန်မင်းသားကြီး ဆာ ပက်ထရစ် စတူးဝပ်
    ဓာတ်ပုံ ပုံစာ, ဂန္ထဝင် ဗြိတိန်မင်းသားကြီး ဆာ ပက်ထရစ် စတူးဝပ်

    X-men ရုပ်ရှင်တွေအပြင် သူနာမည်ကျော် Star Trek ဇာတ်လမ်းတွဲနဲ့ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂန္ထဝင် ဗြိတိန်မင်းသားကြီး ဆာ ပက်ထရစ် စတူးဝပ် (Sir Patrick Stewart) ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

    သူဟာ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကြေညာချက်အရ သိရပါတယ်။

    သူဟာ X-Men ဇာတ်ကားတွေမှာ ပါမောက္ခ ချားလ်စ် ဇေဗီယာ (Professor Charles Xavier / Professor X) အဖြစ် သရုပ်ဆောင်ခဲ့သူပါ။

    Marvel ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ရုပ်ရှင်သစ် Avengers:Doomsday ဒီဇင်ဘာလထဲ ထွက်ဖို့ရှိနေတုန်း သူ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဖြစ်လာမှာပါ။

    သူဟာ အဲဒီဇာတ်ကားမှာ X-Men ထဲက Professor X ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။

    သူကွယ်လွန်တဲ့အပေါ် သရုပ်ဆောင်လောကက ဝမ်းနည်းကြောင်း ဂုဏ်ပြုစကားတွေ ဆက်တိုက်ပြောကြားနေကြပါတယ်။

    ဗြိတိန်သရုပ်ဆောင် ဆာ အီယန် မက်ကယ်လန် က စတူးဝပ်ဟာ လေးစားအားကျစရာကောင်းသူဖြစ်ပြီး သူ့အနေနဲ့ ချစ်ခင်ရသူတစ်ဦးလည်း ဖြစ်တယ်လို့ ပြောပါတယ်။

    Star Trek ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ဝီလျံ ရှတ်နာ ကလည်း စတူးဝပ်ဟာ လူသားတွေရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ကိုယ်စားပြုသူဖြစ်တယ်လို့ ဂုဏ်ပြုခဲ့ပြီး ဂျော့ချ် တာကေး ကတော့ အစားထိုးမရနိုင်တဲ့ ဂန္ထဝင်သရုပ်ဆောင်တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။

    ဆယ်စုနှစ် ခုနစ်ခုကြာမြင့်ခဲ့တဲ့ သူ့ရဲ့သရုပ်ဆောင်အနုပညာသက်တမ်းအတွင်း ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာသာမက လန်ဒန်မြို့က West End ပြဇာတ်ရုံတွေနဲ့ အမေရိကန် Broadway ပြဇာတ်တွေမှာလည်း အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

    သူ့ရဲ့ အနုပညာခရီးအစောပိုင်းကာလတွေကို ဖြတ်သန်းခဲ့တဲ့ Royal Shakespeare Company ကလည်း စတူးဝပ်ကို ကြီးမားတဲ့ အနုပညာဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်မြို့က ပရိသတ်တွေဟာလည်း ဟောလိဝုဒ် ဂုဏ်ပြုလမ်းမ (Hollywood Walk of Fame) ပေါ်မှာရှိတဲ့ သူ့ရဲ့ကြယ်ပွင့်အနီးမှာ စုဝေးပြီး ဂုဏ်ပြုနေကြပါတယ်။

    သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ မျိုးဆက်အသီးသီးကို ဆွဲဆောင်နိုင်ခဲ့ပြီး လူငယ်ပရိသတ်အများအပြားကလည်း အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုတွေကတစ်ဆင့် သူ့ရဲ့လက်ရာတွေကို သိရှိခဲ့ကြတယ်လို့ ဘီဘီစီ ယဉ်ကျေးမှုသတင်းထောက် နူးရ် နန်ဂျီက ရေးသားပါတယ်။

  2. စံချိန်တင် ထုတ်ပယ်မှုတွေကြားက ရှီကျင့်ဖျင် ပါတီစည်းကမ်း တင်းကျပ်

    ရှီကျင့်ဖျင်
    ဓာတ်ပုံ ပုံစာ, ရှီကျင့်ဖျင်အနေနဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးကို စတုတ္ထသက်တမ်း ဆက်ယူနိုင်ဖွယ် ရှိ

    တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေးကြီး နှစ်စဉ် နိုင်ငံရေးအစည်းအဝေး အပြီးမှာ ပါတီဝင် ၃၃ ယောက်ကို ပါတီက ထုတ်ပယ်လိုက်လို့ စံချိန်တင် အများဆုံးဖြစ်လာပါတယ်။၂၀၂၇ မှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ လုပ်ဖို့ ရှိပြီး ရှီကျင့်ဖျင်အနေနဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးကို စတုတ္ထသက်တမ်း ဆက်ယူနိုင်ဖွယ် ရှိတယ်လို့ လေ့လာသူ အများစုက ခန့်မှန်းပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မော်စီတုန်းနောက်ပိုင်း အဲဒီလောက် ကြာရှည်စွာ အာဏာဆက်လက် ကိုင်စွဲခဲ့တဲ့ ခေါင်းဆောင် မရှိသေးပါဘူး။ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. မြန်မာ-ထိုင်းနယ်စပ်က မှောင်ခိုလမ်းတွေ ထိုင်းဘက်ကပိတ်

    ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ ထိုင်းစစ်သားတွေ
    ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ ထိုင်းစစ်သားတွေ

    ကရင်ပြည်နယ်ဘက်က တိုက်ပွဲကြောင့် သက်ရောက်မှုရှိလာတဲ့ ထိုင်းနယ်စပ်လုံခြုံရေးအတွက် မှောင်ခိုလမ်းကနေ ကုန်တင်သွင်း၊ တင်ပို့တာအားလုံးကို ဒီနေ့ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ထိုင်းအာဏာပိုင်တွေဘက်က ပိတ်လိုက်ပါတယ်။

    နယ်စပ်လုံခြုံရေး ထိန်းချုပ်နိုင်ဖို့နဲ့ မြန်မာဘက်က ပဋိပက္ခမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကို ထောက်ပို့နိုင်တဲ့ အကူအညီတွေကို ထိန်းချုပ်ဖို့ နာရစွမ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသတွင်းလုံခြုံရေးယူနစ်တွေက မဲဆောက်အကောက်အခွန်ဌာနကို တောင်းဆိုလိုက်တာပါ။

    တာ့ခ်ခရိုင်၊ ဖုတ်ဖရနယ်စပ်တကြောက ‌မှောင်ခိုလမ်း‌တွေကို ပိတ်ခိုင်းတာ ဖြစ်ပါတယ်။

    မနေ့က မနက်ပိုင်းတုန်းက မင်းလက်ပံတိုက်ပွဲကြောင့် မဲဆောက်၊ မဲ့ကိုကင်းရွာထဲကို လက်နက်ကြီးကျည်ကျရောက်‌ပေါက်ကွဲပြီး အသက် ၅၀ ကျော်ထိုင်းအမျိုးသမီးတစ်ဦး ဆေးရုံတင်လိုက်ရတာပါ။

    နယ်စပ်နဲ့မီတာ ၅၀၀ အတွင်းမှာရှိတဲ့ ထိုင်းရွာတွေကနေအိမ်တွေ ပျက်စီးတာအပြင် လူထိခိုက်မှုရှိလာတာကြောင့် ထိုင်းအထူးတပ်ဖွဲ့က မီးခိုးကျည် ၂ ချက်ဖောက်ပြီး ပြန်လည်သတိပေးခဲ့ပါတယ်။

    မြန်မာဘက်ခြမ်းမှာ အောက်တိုဘာ ၂၅ ရက်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာ ဒီမနက်မှာလည်း ပစ်ခတ်သံတချို့ကြားရတယ်လို့ မဲဆောက်ဘက်ခြမ်းမှာနေတဲ့ မြန်မာတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  4. ရက် ၁၀၀ ငြိမ်းချမ်းရေး ခေါ်ပေမဲ့ မြန်မာရဲ့ အခြေအနေဟာ ပိုဆိုးရွားလာတယ် - ကယ်လီအန်း (မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ)

    မြောက်ဦးကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လူသေဆုံးမှု ( ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, မြောက်ဦးကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လူသေဆုံးမှု ( ပုံဟောင်း)

    မြန်မာစစ်တပ်နဲ့ သူ့ အစိုးရဟာ ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်ဆိုပြီး စတင်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီးဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ (Kelley Anne Eckels-Currie) က ပြောပါတယ်။

    ရက် ၁၀၀ အတွင်း အရပ်သား ၇၅၃ ဦး သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုတွေရဲ့ ၈၉ ရာခိုင်နှုန်းအတွက် မြန်မာစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ အရံတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

    ကြာသပတေးနေ့က လုပ်တဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ “ကပ်ဘေးဆိုက်တဲ့အခြေအနေ” ဖြစ်နေကြောင်း လည်းသူက သတိပေးပြောပါတယ်။

    '' စစ်ပွဲဟာ အဆုံးသတ်မမြင်ရဘဲ ပိုမိုပြင်းထန်လာနေတယ်'' လို့ သူက ဆိုပါတယ်။

    စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် စစ်လက်နက်တွေကို အသုံးပြုပြီး စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဈေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေ အပါအဝင် အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေတယ်လို့သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒါတွေဟာ မတော်တဆဖြစ်ရပ်တွေ မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေကို အကြောက်တရားဖြစ်စေဖို့နဲ့ လက်နက်ချအညံ့ခံလာအောင် ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေတာ ဖြစ်ပါတယ်” လို့ မစ္စ အက်ကယ်စ်-ကာရီက သတင်းထောက်တွေကို ပြောပါတယ်။

    စစ်တပ်ရဲ့ မဟာဗျူဟာဟာ “ဖြတ်လေးဖြတ်” မူဝါဒအပေါ် အခြေခံထားတယ်လို့ အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြပါတယ်။

    အဲဒီမူဝါဒမှာ စစ်ကော်မရှင်ကို ခုခံနေတဲ့ ဒေသတွေကို အစားအစာ၊ အရင်းအမြစ်၊ လူသားချင်းစာနာမှုအကူအညီနဲ့ ထောက်ပံ့ကူညီရေးကွန်ရက်တွေ ဖြတ်တောက်ပိတ်ပင်ဖို့ ပါဝင်ပါတယ်။

    စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ သွားလာခွင့်ကန့်သတ်တာနဲ့ စစ်ဆေးရေးဂိတ်တွေ ချထားတာတွေကတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ အဟန့်အတားပြုနေတယ်လို့ သူက တွေ့ရှိထားပါတယ်။

    အဲဒီလို ပိတ်ပင်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေဆီ အစားအစာ၊ ဆေးဝါး၊ လောင်စာဆီနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ အခက်အခဲဖြစ်နေရတယ်လို့လည်း အစီရင်ခံစာကဖော်ပြပါတယ်။

    လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူတွေဟာလည်း နှောင့်ယှက်ခံရတာ၊ မတရားဖမ်းဆီးခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ သတ်ဖြတ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။

    ၂၀၂၁ အာဏာသိမ်းပြီးနောက် မြို့ပေါ်အခြေအနေတစ်ခု
    ဓာတ်ပုံ ပုံစာ, ၂၀၂၁ အာဏာသိမ်းပြီးနောက် မြို့ပေါ်အခြေအနေတစ်ခု

    ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အရှေ့တောင်ပိုင်းမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သား သုံးဦးကို နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ကြီးထွားလာနေတဲ့ တရားမဝင်စီးပွားရေးဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုသာ မဟုတ်တော့ဘဲ စစ်ပွဲကို ပိုမိုမောင်းနှင်နေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာနေကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက သတိပေးပါတယ်။

    စစ်ပွဲနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာချိန်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေ အပါအဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေက အစားထိုးဝင်ရောက်လာနေပါတယ်လို့ သူကဆိုပါတယ်။

    အဲဒီတရားမဝင်ဈေးကွက်က ရရှိတဲ့ အမြတ်အစွန်းတွေဟာ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတွေကနေ စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသလို စစ်တပ်အတွင်း သစ္စာခံမှုကို ထိန်းသိမ်းထားနိုင်ဖို့လည်း အထောက်အကူပြုနေတယ်လို့ မစ္စ အက်ကယ်စ်-ကာရီက ရှင်းပြပါတယ်။

    နိုင်ငံအတွင်း ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းအများစုရဲ့ အဓိကအထောက်အပံ့ဖြစ်နေတဲ့ “ကျောရိုး” ဟာ တရုတ်နိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    အဲဒီကွန်ရက်တွေဟာ Tether လိုမျိုး ခရစ်ပ်တိုငွေကြေးပလက်ဖောင်းတွေနဲ့ TikTok၊ Meta၊ X လိုမျိုး လူမှုကွန်ရက်တွေကို အသုံးပြုပြီး သူတို့ရဲ့ လုပ်ငန်းတွေကို လည်ပတ်နေကြတယ်လို့ ဆိုပါတယ်။

    အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေတဲ့ အကျင့်ပျက်ခြစားမှုတွေကလည်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ တရားမဝင်လုပ်ငန်းတွေကို အထောက်အကူပြုနေတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

    ဒီလို ရာဇဝတ်ဂိုဏ်းကွန်ရက်တွေကို ဖြိုခွဲဖို့ ကြိုးပမ်းရာမှာ အရပ်သားတွေကို ထိခိုက်နစ်နာမှုမရှိစေဖို့ ခက်ခဲကြောင်းကိုလည်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြပါတယ်။

    ငွေလိမ်ဂိုဏ်းတွေ အသုံးပြုနေတဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ဖို့ ကြိုးပမ်းမှုတွေကြောင့် လူသားချင်းစာနာမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေပါ အရေးကြီးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အသုံးပြုခွင့် ဆုံးရှုံးခဲ့ရတယ်လို့ လည်း သူက ဥပမာပေးပြောထားပါတယ်။

    နေပြည်တော်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ ရဲ့ ပြောဆိုချက်နဲ့ သူ့ရဲ့ အစီရင်ခံစာအပေါ် တိုက်ရိုက်တုံ့ပြန်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    ဒါပေမဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ နေပြည်တော်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆိုးရွာနေကြောင်းပြောထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နေပြည်တော် ဘက်ကတော့ ကန့်ကွက်ကြောင်း ပြောထားပါတယ်။

    ကုလရဲ့ အဲဒီအစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်ပယ်ချထားပါတယ်။

    အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ တုံ့ပြန်ထားတာလည်းရှိပါတယ်။

  5. လူငယ်တွေကို စစ်သမိုင်းပြတိုက်ကို လေ့လာခိုင်းဖို့ ဦးမင်းအောင်လှိုင်ညွှန်ကြား

    အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲ တက်တဲ့ ဦးမင်းအောင်လှိုင်
    ဓာတ်ပုံ ပုံစာ, အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲ တက်တဲ့ ဦးမင်းအောင်လှိုင်

    ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုကာကွယ်နေကြလို့ မြန်မာမှာလည်း မျိုးဆက်သစ်လူငယ်တွေက အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ခိုင်မာနေဖို့လိုအပ်တယ်ဆိုပြီး နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    မနေ့က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲမှာရော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး မှာပါ သူက ဆက်တိုက်ပြောလာတာပါ။

    လူငယ်တွေရဲ့ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်တွေကို မြှင့်တင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ယဉ်ကျေးမှုပြတိုက်တွေကိုပို့ဆောင်ပြသကြဖို့ဆိုတာလည်း ပြောပါတယ်။

    သူ့အပြောအရ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်တွေကို လူငယ်တွေ လာရောက်လည်ပတ်လေ့လာရင် နိုင်ငံနဲ့လူမျိုး ချစ်မြတ်နိုးစိတ်တွေ ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

    တဖက်မှာလည်း အခုလပိုင်းအတွင်းမှာ စစ်သမိုင်းပြတိုက်ကို ကျောင်းသူကျောင်းသားတွေ အပတ်တိုင်းလေ့လာလည်ပတ်နေတာကို နိုင်ငံပိုင်သတင်းစာတွေက ဆက်တိုက်လို ထည့်သွင်း ဖော်ပြနေပါတယ်။

    ဦးမင်းအာင်လှိုင်ကတော့ အင်တာနက်ကို အသုံးပြုလာနိုင်ခြင်းနဲ့အတူ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေက နယ်စည်းမခြားတိုးပွားလာနေတယ်လို့ ထည့်ပြောပါတယ်။

    ဒီအခြေအနေမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ ရိုးရာယဉ်ကျေးမှုအပေါ်မြတ်နိုးမှုနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ခိုင်မာရှင်သန်နေအောင် အနုပညာရှင်တွေနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ဆိုပြီး တိုက်တွန်း‌‌နေပါတယ်။

  6. မင်္ဂလာပါ။

    အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။