ရုရှားခြိမ်းခြောက်မှုက ဂျာမနီကို ဥရောပမှာ အရေးအပါဆုံးစစ်တပ်ဖြစ်လာစေပြီလား

- ရေးသားသူ, အယ်လန် လစ်တဲ
- ရာထူးတာဝန်, အထူးသတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၁၂
ဗိုလ်ချုပ်ကြီး ကာစတန် ဘရော်ယာ တစ်ယောက် အလျင်စလိုဖြစ်နေပါတယ်။ ဂျာမနီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်ဖြစ်တာကြောင့် သူဟာ ဥရောပမှာ အင်အားအကြီးဆုံး ဒါမှမဟုတ် အရေးအကြီးဆုံးစစ်သားဆိုလည်း မမှားပါဘူး။ ဂျာမနီဟာ နိုင်ငံ့စစ်တပ်ကို ဥရောပတိုက်ကြီးတစ်ခုလုံးမှာ တိုက်ရည်ခိုက်ရည်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်အောင် ပြောင်းလဲနေတာကြောင့် သူဟာ စစ်တပ်ကို ခေါင်းဆောင်နေချိန်ဟာ ဂျာမနီရဲ့စစ်ရေးစွမ်းအားကို အခိုင်ခံ့ဆုံးဖြစ်အောင် လုပ်နေရတဲ့အချိန်လည်းဖြစ်နေပါတယ်။
ရုရှားဟာ စစ်မှုထမ်းလူတိုးစုတာ လက်နက်ခဲယမ်းအတွက် ငွေသုံးတာတွေ တိုးပြီး သူ့ရဲ့ စစ်စွမ်းရည်ကို တိုးမြှင့်ဖို့ ကြိိုးပမ်းနေတာဟာ ၂၀၂၉ ခုနှစ်မှာ နေတိုးနယ်မြေတစ်ခုကို တိုက်ခိုက်နိုင်လောက်တဲ့အထိ စွမ်းရည်တိုးလာမယ်လို့ သူက ယုံကြည်နေပါတယ်။
''ဒီနေ့ခေတ်အခါလောက် အန္တရာယ်ကြီးတဲ့အခြေအနေမျိုးကို ဘယ်သူမှ မကြုံဖူးဘူး'' လို့ သူက ဒတ်ချ်နဲ့ နယ်စပ်အနီးမှာရှိတဲ့ မွန်စတာ စစ်ခြေစိုက်စခန်းတစ်ခုကိုရောက်တုန်း ကျွန်တော့်ကို ပြောပြပါတယ်။

''ဒီတော့ ကျွန်တော်တို့ မြင်နေရ၊ တွေ့နေရ၊ ကြုံနေရတာက ရုရှားဆီကနေ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ အခု ရုရှားဟာ ယူကရိန်းကို မတိုက်ခင်တုန်းကထက် နှစ်ဆလောက်နီးပါး တိုးလာတဲ့ စစ်ရေးစွမ်းအားကို တည်ဆောက်နေပါတယ်။ ... ၂၀၂၉ ခုနှစ်မှာ ရုရှားအနေနဲ့ နေတိုးအဖွဲ့ကို ဆန့်ကျင်တဲ့စစ်ပွဲကြီးတစ်ခုကို လုပ်လာနိုင်တယ်။ ဒီတော့ စစ်သားတစ်ယောက်အနေနဲ့ပြောရရင် ''ဟုတ်ပြီ ငါတို့လည်း အဲဒီအတွက် ပြင်ကြစို့ပေါ့လေ''
ဘရော်ယာဟာ တစ်ချိန်တုန်းက အနောက်ဂျာမနီရယ်လို့ ရှိနေသေးတဲ့ ၁၉၈၄ ခုနှစ်မှာ ဂျာမနီစစ်တပ်ထဲ ဝင်ပါတယ်။ တပ်ထဲ ဝင်တော့ သူ့အသက် ၁၉ နှစ်ရှိပါပြီ။ စကားတိုးတိုးညှင်းညှင်း ပြောပေမဲ့ ပြောတဲ့စကားကို ချိန်ဆပြောတာပါ။ အင်အားကြီးစစ်တပ် တစ်တပ်ကို ဦးဆောင်နေတဲ့သူဆိုပေမဲ့ ဟိတ်တွေ ဟန်တွေ မရှိနေပါဘူး။ ဒါပေမဲ့ သူဟာ ဂျာမနီစစ်တပ်ကို ပြောင်းလဲဖို့ ဦးဆောင်နေသူဖြစ်ပြီး ဂျာမနီစစ်တပ်ကို ဥရောပတိုက်ကြီးရဲ့အင်အားမြေပုံမှာ အခရာကျတဲ့စစ်တပ်အသွင်ပြောင်းဖို့ လုပ်နေပါတယ်။

သူ့ရဲ့ကွပ်ကဲမှုအောက်မှာ ဂျာမနီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အင်အားအရရော၊ အရေအတွက်အပိုင်းမှာပါ မြန်မြန်ကြီး တိုးပွားလာနေပါတယ်။ ဂျာမနီဟာ ၂၀၂၅ ခုနှစ်မှာ ယူရို ၉၅ ဘီလျံ သုံးစွဲရာကနေ ၂၀၂၉ ခုနှစ်ရောက်တဲ့အခါမှာ စစ်အသုံးစရိတ် ယူရို ၁၆၂ ဘီလျံအထိ သုံးဖို့ လျာထားပါတယ်။ အမြင်သဘောထားစစ်တမ်းတွေမှာတော့ ဒီလိုစစ်အသုံးစရိတ်တိုးမြှင့်မှာကို လူထုကလည်း ထောက်ခံကြောင်း ပြနေပါတယ်။
များမကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့ လက်နက်ပြန်လည်တပ်ဆင်ရေး ဒီလိုအစီအစဉ်ဟာ ဂျာမနီရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ ဟိုးတစ်ချိန်အတိတ်က ဥရောပရဲ့အိပ်မက်ဆိုးကို လှုပ်နှိုးသလိုဖြစ်မှာကို စိုးထိတ်ခဲ့ကြတာကြောင့်ပါ။
၂၀ ရာစုမှာ ဂျာမနီဟာ လူသားသမိုင်းမှာ သေကြေပျက်သုဉ်းမှု အဆိုးရွားဆုံးစစ်တွေထဲက အချို့ကို ဆင်နွှဲဖို့ သူ့ရဲ့အင်အားကြီး စစ်တပ်ကို အသုံးပြုခဲ့ပါတယ်။ ဥရောပတိုက်ကြီးတစ်ခုလုံး သွေးအလိမ်းနဲ့ လူသန်းချီ သေကြေခဲ့ပါတယ်။
တစ်ချိန်က ကျူးလွန်ခဲ့တဲ့အတိတ်ဖြစ်ရပ်တွေကို နမူနာယူနိုင်ဖို့ နိုင်ငံ့စစ်တပ်ကို သိုသိုသိပ်သိပ်ထားခဲ့တာကြောင့် ဂျာမနီဟာ ဥရောပမှာ စစ်အင်အားပြန်ကြီးဖို့လုပ်နေတဲ့ သူ့ရည်မှန်းချက်အသစ်ကို ဖြည့်ဆည်းနိုင်မှာပါလား။ လုပ်နိုင်တယ်ဆိုရင်တောင် ဥရောပတိုက်ကြီးတစ်ခုလုံးရဲ့ ရှေ့က မားမားရပ်နိုင်မယ့် စစ်တပ်ကြီးတစ်ခုဖြစ်လာအောင် ဘယ်လိုရပ်တည်မှာပါလဲ။
နယ်စပ်တွေကို ဖြတ်ကျော်ခြင်း
ဥရောပမှာ ဂျာမနီရဲ့အခန်းကဏ္ဍကို မှန်းမြင်ကြည့်ရင်မယ်ဆိုရင်တော့ လစ်သူယေးနီးယားကနေ စရမယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျာမနီဟာ နာဇီသိမ်းပိုက်မှုဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အဲဒီမှာ အမြဲတမ်းတပ်ကို ဖြန့်ကြက်ထားတာကြောင့်ဖြစ်ပါတယ်။
လစ်သူယေးနီးယားမှာ ဂျာမနီတပ်ဖွဲ့ဝင် ၁,၂၀၀ တပ်စွဲထားပါတယ်။ ဒီပမာဏဟာ လာမယ့်နှစ်မှာ ၅,၀၀၀ အထိ တိုးလာမှာဖြစ်ပါတယ်။

ဘီဘီစီဟာ ရုရှားမဟာမိတ် ဘယ်လာရုဇ်နဲ့နယ်စပ် မိုင်အနည်းငယ်အကွာမှာ ပြုလုပ်တဲ့ အမှတ် ၄၅ သံချပ်ကာတပ်မဟာရဲ့ကျည်အစစ်ပစ်ခတ် လေ့ကျင့်မှုတွေကို ကြည့်ရှုခဲ့ပါတယ်။ အရှေ့ဘက်ကနေ ကျူးကျော်မှုကို စစ်ဆင်နွှဲတဲ့ပုံစံ ဇာတ်တိုက်လေ့ကျင့်ကြတာဖြစ်ပါတယ်။
နှင်းတွေဖုံးနေပြီး တောမထူတဲ့ဒီမြေဟာ ဥရောပမြေပြန့်ကြီးရဲ့အစိတ်တစ်ပိုင်းထဲမှာ ပါဝင်ပါတယ်။ မြောက်နဲ့ ဘော်လ်တစ်ပင်လယ်တွေကနေ ရုရှားနောက်နယ်စပ်အထိပျံ့တဲ့ဒီတပြန့်ကြီးဟာ မြေပြန့်ကြီးဖြစ်ပါတယ်။ ဒီမှာ သဘာဝအလျောက် ဖြစ်တည်ဖန်တီးထားအဟန့်ရယ်ဆိုတာ အကျဉ်းအကျဉ်းရယ်ပါ။ တောင်တန်းတွေ မရှိနေပါဘူး။ ကူးမရ ဖြတ်မရဖြစ်တဲ့ မြစ်ကြောရှိမနေပါဘူး။ ဒီတော့ ကျူးကျော်လာရင် အလွယ်လေးရနိုင်တဲ့အခြေအနေကို ဖန်တီးပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၈၁၂ ခုနှစ်၊ စက်တင်ဘာလမှာ နပိုလီယံရဲ့စစ်တပ်ဟာ ရုရှားမြို့တော်အထိ ရောက်ပါတယ်။ ဟစ်တလာတပ်တွေကတော့ လျှပ်စီးလိုအလျင်နဲ့ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလမှာ မော်စကိုမြို့အဝင်ပေါက်တွေအထိ ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုတပ်တွေက ဘာလင်အထိ ရောက်အောင် ပြန်တိုက်ခိုက်ခဲ့တာကြောင့်ပါ။ စစ်တပ်ကြီးတွေဟာ ဒီလွင်ပြင်ကို တက်လိုက် ဆုတ်လိုက်နဲ့ ဖြတ်ခဲ့ကြပါတယ်။
ပထဝီအနေအထားက ကြမ္မာဖန်တယ်ဆိုရင် ဒီလွင်ပြင်ကြီးဟာ စစ်မက်ရေးရာသမိုင်းကို ပုံဖော်ပေးခဲ့တာ ရာစုနှစ်ချီ ရှိနေပါပြီ။
''ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ဆီကနေ မျှော်လင့်ထားတာကို ဒီမှာ လာဖြည့်ဆည်းပေးနေတာလို့ပဲ ကျွန်တော် ထင်ပါတယ်'' လို့ အမှတ် ၄၅ သံချပ်ကာ တပ်မဟာရဲ့ ဗိုလ်မှူးကြီး စဘတ်ရှန် ဟာဂျန်က ပြောပါတယ်။
"ကျွန်တော်တို့ အဓိပတိ (ဝန်ကြီးချုပ် ဖက်ဒရစ် မာ့ဇ်)ကလည်း ဥရောပမှာ တိုက်ရည်ခိုက်ရည်ကြီးမားတဲ့စစ်တပ်တည်ဆောက်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ စီးပွားရေးအင်အားနဲ့ချိန်ထိုးရင် ဥရောပမှာ ဂျာမနီရဲ့အခန်းကဏ္ဍနဲ့ကိုက်ညီပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ တစ်နိုင်ငံတည်း သဘောထားနဲ့လုပ်နေတာ မဟုတ်ပါဘူး။ ဒီလိုစစ်ရေးတည်ဆောက်တာကို နေတိုးအဖွဲ့၊ ဥရောပသမဂ္ဂတို့နဲ့အတူ လုပ်ဆောင်နေတာဖြစ်ပါတယ်။''

ဓာတ်ပုံ ရင်းမြစ်, Getty Images
မေတ္တာရပ်ခံလို့ သတိကြီးကြီးနဲ့အင်အားတိုးဖို့လုပ်တဲ့ ဂျာမနီစစ်တပ်ရဲ့လုပ်ဆောင်ချက်တွေ စစ်တပ်ထဲမှာ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကို ကြည့်ရင် အခုတစ်ကြိမ်မှာတော့ ဂျာမနီဟာ ကျူးကျော်သူ ပိုင်စိုးသူအနေနဲ့ မဟုတ်တော့ဘဲ အများလိုလိုလားလားရှိတဲ့ အဖိုးတန် မဟာမိတ်တစ်ဦး၊ ဒီမိုကရေစီနည်းကျတဲ့ဂျာမနီအဖြစ် ပူးပေါင်းဆောင်ရွက်မှုရှာဖွေတယ်ဆိုတာကို ပြသပါတယ်။
စစ်အေးကာလအမြင့်ဆုံးရောက်ချိန်တုန်းကတော့ ဂျာမနီမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ သိန်းကျော် ရှိခဲ့ပါတယ်။ဒါပေမဲ့ နေတိုးနဲ့ အမေရိကန်ရဲ့ကြီးကြပ်မှုအောက်မှာပဲ အမြဲရှိနေခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့အခါ ဂျာမနီဟာ တခြားဥရောပတလွှားနေရာအတော်များများမှာလိုပဲ အရင်က ရှိဖူးတဲ့လူသူလက်နက်အင်အားထက် တဝက်အထိ နည်းပါးအောင် လျှော့ချခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပစ္စည်းပစ္စယ ရှားပါးလွန်းလို့ တပ်သားသစ်တွေဟာ ရိုင်ဖယ်သေနတ်အစား တံမြက်စည်းတံတွေကို ကိုင်ပြီး လေ့ကျင့်ရေးဆင်းခဲ့ကြရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
၂၀၀၇ ကနေ ၂၀၁၇ ဆယ်နှစ်တာအတွင်း ဂျာမနီဟာ ဥရောပမှာ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်လာပြီး စီးပွားရေးကလည်း အခိုင်မာဆုံးရောက်ပါတယ်။ အဲဒီတုန်းက နိုင်ငံ့ GDP ရဲ့ ၁.၂ ရာခိုင်နှုန်းကိုသာ ကာကွယ်ရေးအသုံးစရိတ်အဖြစ်သုံးပါတယ်။ ဒါကိုကြည့်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးအပိုင်းမှာ ဂျာမနီဟာ ဘယ်လောက်အထိ လျှော့ချသုံးခဲ့တယ်ဆိုတာကို မြင်သာပါတယ်။ ပြီးတော့ ဥရောပတလွှားမှာလည်း ထို့နည်းတူဖြစ်ခဲ့ပါတယ်။ အခုတော့ ဂျာမနီဟာ သူ့ရဲ့ကာကွယ်ရေးအသုံးစရိတ်သစ်ကို နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးဖို့ ရည်မှန်းထားပါတယ်။
ရုရှားက ယူကရိန်းကို တိုက်တဲ့စစ်ကြောင့် ဥရောပက တခြားနိုင်ငံတွေဟာလည်း သူတို့ရဲ့စစ်ဘက်ဆိုင်ရာဦးစားပေးမှုတွေကို ပြန်လည် ဆန်းစစ်ဆင်ခြင်နေကြပါပြီ။ ဗြိတိန်ဆိုရင် သူ့ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၃၅ မှာ နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ မြှင့်မယ်လို့ ပြီးခဲ့တဲ့ နှစ်တုန်းက ပြောသလို ပြင်သစ်ကလည်း ၃.၅ ရာခိုင်နှုန်းအထိ ရည်မှန်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးစရိတ်ပမာဏတွေဟာ ရုရှားထက်စာရင် နည်းနေပါသေးတယ်။ ရုရှားဟာ ၂၀၂၄ ခုနှစ်တုန်းက သူ့အသုံးစရိတ်ကို ၇.၁ ရာခိုင်နှုန်းအထိ သုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
ယဥ်ကျေးမှုအရွေ့
အခုလောက်ပမာဏနဲ့ ဂျာမနီ လက်နက်ပြန်လည်တပ်ဆင်မှုဟာ နိုင်ငံ့ကာကွယ်ရေးနဲ့ လူမှုအသိုင်းအဝန်းထဲ လက်နက်ကိုင်တပ်တွေရဲ့နေရာကို ရှုမြင်ပုံအပိုင်းမှာလည်း အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ လိုအပ်ပါတယ်။
ဂျာမနီ လက်နက်ချအပြီး ၁၉၄၅ ခုနှစ် ပေါ့စ်ဒမ်ညီလာခံမှာ မဟာမိတ်ခေါင်းဆောင်တွေက ဂျာမနီနဲ့အနာဂတ်ဟာ စစ်ရေးနဲ့ လက်နက်လျှော့ချရေးပဲ ဖြစ်သင့်တယ်လို့ သဘောတူခဲ့ကြပါတယ်။ အနောက်ဂျာမနီကတော့ တစ်ချိန်က ဥရောပတိုက်ကြီးတလွှား သူလုပ်ခဲ့တဲ့အကြမ်းဖက်မှုကို ပြန်လည်ဆင်ခြင်အောက်မေ့ဖို့ ကြိုးပမ်းတဲ့နေနဲ့ ဒါကို လက်ခံပါတယ်။
အခုတော့ ဒီခေတ် ပြီးဆုံးပါပြီ။ ၂၀၂၅ မှာ ဂျာမနီ လွှတ်တော်ဟာ နိုင်ငံ့ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ မဲပေးခဲ့ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုကို သုံးစွဲနိုင်မှုအပိုင်းမှာ အကန့်အသတ်တွေကို ကျော်လွှားပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိလာဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲပေးခဲ့တာပါ။
ပြည်ပကနေ ရှုမြင်သူတွေအတွက် ဒါဟာ ဂျာမနီအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာကို နားလည်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ သမိုင်းကြောင်းဟာ မခေါ်ဘဲ ရောက်လာတတ်တဲ့ဧည့်သည် ဖြစ်နေတတ်ပါတယ်။ ဂျာမနီဟာ ၁၉၂၀ ပြည့်နှစ်တွေမှာ အင်မတန်ကျဆင်းခဲ့တဲ့စီးပွားရေးကြောင့် အလွန်အမင်းငွေကြေးဖောင်းပွဲခဲ့တဲ့အိပ်မက်ဆိုးနဲ့ နာဇီတွေ အာဏာရဖို့ ရေခံမြေခံဖြစ်ခဲ့တယ်ဆိုတဲ့အိပ်မက်ဆိုးတွေ ရှိနေဆဲပါ။ ဂျာမနီဟာ အကြွေးနဲ့ ငွေကြေးမတည်ငြိမ်မှုနဲ့ပတ်သက်လာရင် ခြေလွန်လက်လွန်အဆင့်အထိ မရောက်အောင် သတိထားလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အနည်းဆုံးတော့ တင်းကျပ်တဲ့စည်းကမ်းတွေကို ချိုးဖျက်ပြီး နိုင်ငံ့ကာကွယ်ရေးအသုံးစရိတ်ကိုတော့ သုံးခွင့်ပြုထားပါသေးတယ်။
ဒါဟာ သိပ်ကို ထူးခြားလှတဲ့အခိုက်အတန့်ဖြစ်ပြီး ''ယဥ်ကျေးမှု တော်လှန်ရေးလို့တောင် ပြောမရလားပဲ'' လို့ ၀ါရှင်တန်ဒီစီအခြေစိုက် တတ်သိပညာရှင်အဖွဲ့ဖြစ်တဲ့ ကာနေဂီငြိမ်းချမ်းရေးအင်စတီကျုက အကြီးတန်းသုတေသီ ဆိုဖီယာ ဘတ်ရှ်က ပြောပါတယ်။
''ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ ကာကွယ်ရေးအပိုင်းနဲ့ပတ်သက်ပြီး ဂျာမနီရဲ့ချဥ်းကပ်ပုံကို တကယ့်ကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်''

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
အခုလိုခပ်ကျဲကျဲလှမ်းလိုက်တဲ့ဂျာမနီရဲ့ခြေလှမ်းဟာ သမ္မတ ဒေါ်နယ်ထရမ့် ရာထူးရယူပြီး သီတင်းပတ်အနည်းငယ်အကြာ ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ အဆင်ခြင်မဲ့အပြောကြောင့်ဆိုလည်း မမှားလှပါဘူး။ အဲဒီမှာ ဂျေဒီဗန့်စ်က အမေရိကန်ဟာ ဥရောပလုံခြုံရေးအတွက် အာမခံပေးမယ့်သူ မဟုတ်တော့ဘူးဆိုတဲ့သတင်းစကားကို ဥရောပမဟာမိတ်တွေကြားထဲ ထည့်ခဲ့ပါတယ်။ နောက်ပြီး ထရမ့်ရဲ့ အိမ်ဖြူတော်ဘက်ကနေ ဥရောပမဟာမိတ်တွေဆီ ပြောထားတဲ့ စကားအချို့ ပေါက်ကြားခဲ့တာလည်းရှိပါတယ်။ တစ်နေရာမှာဆိုရင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်က ''အခမဲ့မျှောလိုက်နေကြတဲ့ဥရောပသားတွေအပေါ် မနှစ်မြိုမှု ခံစားချက်ကို ကျွန်တော်လည်း နားလည်တယ်'' လို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောတဲ့စကားလည်း ပါဝင်ပြီး ''သနားစရာကောင်းတယ်'' ဆိုတာလည်းပြောပါတယ်။
ဒါတွေဟာ ဂျာမနီ အဓိပတိ ဖက်ဒရစ် မာ့ဇ်အတွက်တော့ ဥရောပအင်အားကြီးနိုင်ငံတွေအနေနဲ့ နေတိုးအဖွဲ့အစည်းထဲကနေပဲ အမေရိကန်အပေါ် စစ်ရေးအရ အမီအခိုကင်းစေမယ့်လမ်းကို လိုက်ဖို့ ဖြစ်လာစေပါတယ်။
''စစ်ပွဲအလွန် ဂျာမနီရဲ့စစ်ရေးနဲ့ စီးပွားရေးပိုင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်တစ်ခြမ်းစီက အမေရိကန်ရဲ့ ဥရောပရဲ့မဟာမိတ်ဖြစ်တည်မှုအပေါ်မှာ အများကြီး မှီတည်ထားတယ်'' လို့ ဘာလင်အခြေစိုက် သတင်းထောက်လည်းဖြစ်၊ စာရေးသူလည်းဖြစ်တဲ့ ဂျွန် ကမ်ဖ်နာက ပြောပါတယ်။
''အမေရိကန်ဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးတွေမှာ ထောက်ပံ့လိမ့်မယ်ဆိုတဲ့ယူဆချက်ဖြစ်ပါတယ်။ ဒါကို နုံအတယ်လို့တော့ ပြောချင်ပြောလို့ရပါတယ်။ ... ဒါပေမဲ့ ဒီလိုလုံခြုံရေးအာမခံချက်မျိုးက ထရမ့်ရဲ့ဒုတိယမြောက်သမ္မတ သက်တမ်းမှာ လေပူပေါင်းလိုပဲ အငွေ့ပျံသွားပြီ''
''အခိုင်အမာ ပြောရဲတာကတော့ ဒါက ဗြိတိန်နဲ့ ပြင်သစ်တို့ထက် ဂျာမန်တွေအတွက် ပိုပြီး လှုပ်ခတ်စေတယ်။ ဘာလို့ဆို ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ သမိုင်းကြောင်းအရ၊ နိုင်ငံဖြစ်တည်မှုအရ ကျောချင်းကပ်လို့ရတဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အလွန် ဂျာမနီအတွက် အားလုံးကို တစ်ကနေ ပြန်လည်စတင်ရတာ။ ဘယ်လောက်ပဲ မပြည့်စုံသည်ဖြစ်ပါစေ၊ ဒုတိယကမ္ဘာစစ်အလွန် ဥပဒေတွေ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ဒါကိုအခြေပြုထားတာ။ ဒါကပဲ ဂျာမနီနိုင်ငံခြားရေးမူဝါဒကို သွားပြီးအခြေတည်စေတယ်။ အခုတော့ သူတို့နိုင်ငံအရှေ့ပိုင်း၊ သူ့မိတ်ဆွေ မဟာမိတ်နိုင်ငံရဲ့အနောက်ပိုင်းမှာ စစ်ပွဲကို သူတို့ မြင်နေရပြီ။ ပြီးတော့ တစ်ချိန်က သူတို့ အားထားရတဲ့မဟာမိတ်ကလည်း အားထားစရာအဖြစ် မခံစားရတော့ဘူး''
''ဒီတော့ ခံစားချက်က မကောင်းဘူးလေ။ ဒါ ဂျာမနီ တစ်နိုင်ငံတည်း မဟုတ်ဘူး။ ဥရောပတလွှား ဖြစ်နေတာ။ ဒါကြောင့် အရာအားလုံးကို ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့သင့်ပြီဆိုတာမျိုး မြင်လာကြပြီ''

''ဒါဟာ သတိကပ်ဖို့ လှုပ်နှိုးလိုက်သလိုပါပဲ''လို့ ဘရော်ယာက ပြောပါတယ်။ ''ကျွန်တော်တို့ဟာ ဒီလောက်အထိသွားဖို့ ဘယ်တုန်းကမှ စိတ်မရှိခဲ့သလို သွားဖို့လည်း မကြိုးပမ်းခဲ့ပါဘူး။ ... ဒါဟာ ဂျာမနီအတွက်တော့ ခြေလှမ်းကြီး တစ်လှမ်း လှမ်းလိုက်ရတာပါပဲ။ ပိုပြီး တိတိကျကျပြောရရင် ဂျာမနီလူထုအတွက်တော့ ခြေလှမ်းကြီးပါ''
ဘရော်ယာကတော့ ဂျာမနီဟာ လက်ရှိမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၈၂,၀၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်အတွင်း တပ်ဖွဲ့ဝင် အင်အား ၂၀,၀၀၀၊ နောက် ဆယ်နှစ်အတွင်း ၆၀,၀၀၀ အထိ တိုးလာဖို့ သူမျှော်လင့်နေပါတယ်။ ပြီးတော့ ဒီ ပရော်ဖက်ရှင်နယ် စစ်တပ်ဟာ အရန်အင်အားကိုလည်း ၂ သိန်းအထိ ထားဖို့ ရည်မှန်ထားပါတယ်။
စစ်တပ်ထဲ လူငယ်လူရွယ် ထောင်ချီ ဝင်လာဖို့ စစ်မှုထမ်း စုဆောင်းရေးကိုလည်း သူ တိုးလုပ်နေပါတယ်။ ဒီလိုတိုးလုပ်နေပေမဲ့ သတ်မှတ်အရေအတွက် မရဘူးဆိုရင်တော့ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာမျိုးလည်း ရှိလာနိုင်ပါတယ်။ လက်ရှိမှာ အခုစီအစဥ်တွေကို လူထုရဲ့ထောက်ခံမှုအရဆိုရင်တော့ အဆိုတင်တဲ့အခါ သူ အနိုင်ရမယ့်အခြေရှိပါတယ်။
ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဖို့ လျှောက်တဲ့ နိုင်ငံသား ၁၆,၁၀၀ ဦးရှိတယ်လို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကထက် ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ အဲဒီတုန်းကတော့ စစ်မှုထမ်းတပ်သားသစ် ၅,၃၀၀ ရှိခဲ့ပါတယ်။
စစ်ရေးစစ်ရာဆင်နွှဲတဲ့အပိုင်း အမှီအခိုကင်းမှု
ဂျာမနီဟာ ကိုယ်ပိုင်လက်နက်ခဲယမ်း တိုးထုတ်နိုင်အောင်လုပ်ပြီး အမေရိကန်အပေါ် မီခိုမှု လျှော့ချနိုင်ဖို့ လုပ်နေပါတယ်။ ကာကွယ်ရေးအသုံးစရိတ်အတွက် ငွေကြေး ချေးငှားနိုင်တဲ့အခင်းအကျင်းကို ဖန်တီးပေးလိုက်တာကလည်း ဂျာမနီကုမ္ပဏီတွေအနေနဲ့ အရပ်ဘက်ထုတ်လုပ်ရေးကနေ စစ်ဘက်ထုတ်လုပ်ရေးကို အာရုံပြောင်းဖို့ အားဖြစ်နေစေပါတယ်။ ဂျာမနီဟာ ဥရောပက တခြားနိုင်ငံတွေလိုပဲ တိုက်လေယာဥ်၊ ဒုံးကျည်နဲ့ တင့်ကားလို ကျည်ကာယာဥ်တွေအတွက် အမေရိကန်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေကို အများကြီးမှီခိုရပါတယ်။ အမေရိကန်ထုတ်လက်နက်ခဲယမ်းကို အမှီအခိုနည်းအောင်လုပ်ပြီး ဂျာမနီထုတ်တွေကို တတ်နိုင်သမျှ များများဝယ်ဖို့ဆိုတဲ့မူဝါဒကို တိတ်တိတ်လေး လှုပ်ရှားနေပါတယ်။
ဒီတော့ ဥရောပဟာ ဂျာမနီ အဓိပတိပြောတဲ့ ''စစ်ရေးစစ်ရာဆင်နွှဲမှုမှာ အမှီအခိုကင်းမှု''ဆိုတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ လက်ရှိမှာ အမေရိကန်ဆီကနေပဲ ရနိုင်တာက ဘာတွေပါလဲ။
"ကျွန်တော်တို့မှာ ဦးစားပေး စာရင်းပြုစုထားတာရှိပြီးသား'' လို့ ဗိုလ်ချုပ်ကြီး ဘရောယာက ပြောပါတယ်။
''လက်ရှိ ကျွန်တော်တို့ လိုနေတာက ISR( ထောက်လှမ်း၊ စောင့်ကြည့်၊ သတင်းပို့) ဒရုန်းတွေ ဖြစ်ပါတယ်။ ပစ်မှတ်ကို တိတိကျကျပစ်ခတ်နိုင်စွမ်းရှိမယ့်အရာတွေ လိုနေတာ။ ဒီနေရာမှာ အာကာသနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့နည်းပညာမျိုးလည်း ပါလာတာပေါ့လေ။ ဒါတွေက ကျွန်တော်တို့ဆီမှာ လိုနေတာတွေ။ ဆိုတော့ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။ကျွန်တော်တို့ လိုနေတာတွေကို စာရင်းပြုထားပြီးဖြစ်တယ်။ ရရှိအောင်လည်း လုပ်နေတယ်။ အခုတောင် အကောင်အထည် ပေါ်နေပါပြီ''
၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ ဂျာမနီကို စစ်ပွဲမှာ ဦးဆောင်မယ့် ပထမဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာဖို့ ပြင်ဆင်ထားပြီးပြီလားဆိုတဲ့မေးခွန်းကိုတော့ သူက ''စစ်ပွဲအတွက်ပဲ မဟုတ်ဘူး'' လို့ ပြန်တုံ့ပြန်ပါတယ်။

''ကျွန်တော် အခုလုပ်နေတာက ဒီလိုကာကွယ်ရေးစွမ်းရည်တွေ တည်ဆောက်ပြီး ဂျာမနီကို ကိုယ့်ဘာသာ ခုခံကာကွယ်နိုင်စွမ်းရှိဖို့ပါ။ ဒါဟာ ကျွန်တော်တို့ ဟန့်တားနိုင်စွမ်းရှိဖို့ပါ။ ရုရှားဘက်က လာမယ့် ခြိမ်းခြောက်မှုကို ကျွန်တော်တို့ ဟန့်တားရပါမယ်''
တစ်နည်းအားဖြင့်ဆိုရင်တော့ စစ်ပွဲမဖြစ်အောင် ကာကွယ်ဖို့ စစ်ပွဲအရေး ကြိုတင်ပြင်ဆင်တာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ဆင်ရေးစီမံလည်ပတ်မှုအပိုင်းမှာ အမှီအခိုကင်းနိုင်ပါ့မလား။ ဥရောပက ကာကွယ်ရေးစနစ်ခုခုဟာ အမေရိကန်ရဲ့အကူအညီမပါဘဲ စစ်ပွဲကြီးတစ်ပွဲကို ဆင်နွှဲနိုင်စွမ်းရှိပါ့မလား။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်မှာအကြီးမားဆုံးအလုပ်ခန့်အပ်သူဖြစ်ပါတယ်။ အခုနှစ်မှာတင် အမေရိကန်ဒေါ်လာ ၉၆၁.၆ ဘီလျံအထိ အသုံးပြုမယ်လို့ မှန်းရပါတယ်။ ဒီပမာဏဟာ ဂျာမနီအတွက်တော့ သူတို့တိုးသုံးမယ်လို့ပြောထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ထက်စာရင် ကွာဟချက်ကြီးသလို ဗြိတိန်နဲ့ ပြင်သစ်တို့လို မဟာမိတ်တွေက တိုးမြှင့်သုံးစွဲမယ်လို့ ပြောထားတဲ့ပမာဏထက်စာရင်လည်း များနေဆဲပါ။
''ငွေကြေးပမာဏကို ကြည့်လိုက်ရင် သုံးမှကို ဖြစ်မယ့်အနေအထားမှာ ရှိနေတယ်။ အနာဂတ်မှာ ဂျာမနီဟာ ဥရောပ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ပုံဖော်ပေးသွားမှာ'' လို့ ဆိုဖီယာ ဘတ်ရှ်က ပြောပါတယ်။
''ဒါပေမဲ့ အမေရိကန်လျှောက်ခဲ့တဲ့လမ်းကို အစားထိုးဝင်နိုင်ဖို့ဆိုရင် ဥရောပက နိုင်ငံတစ်နိုင်ငံတည်းနဲ့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဂျာမနီ ဒါမှမဟုတ် ပြင်သစ်က အနာဂတ်မှာ ဒီနေရာကို ဝင်ယူနိုင်မလားဆိုတဲ့မေးခွန်းကို ထုတ်ဖို့ရာ ဝန်လေးမိတာပေါ့။''
''ပြီးတော့ ဒီမှာက ယုံကြည်မှုဆိုတဲ့ပြဿနာကလည်း ရှိတယ်။ ဥရောပ ကာကွယ်ရေးအပိုင်းမှာ အမေရိကန်ရဲ့အခန်းကဏ္ဍ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကြီးထွားခဲ့တာလေ။ ဒီယုံကြည်မှုက တည်ဆောက်ထားပြီးသား။ ဒါကြောင့် ဒီယုံကြည်မှုနေရာမှာ နေ့ချင်းညချင်း တစ်ယောက်ယောက်က နေရာဝင်ယူလိုက်မယ်ဆိုရင် အသာတကြည် ယုံကြည် လက်ခံလိုက်မယ့်ဟန်လည်း မတွေ့ရဘူး။''
''ဒါပေမဲ့ ဒီယုံကြည်မှုက တဖြည်းဖြည်းလှိုက်စားနေပါပြီ။ ဂျာမနီတို့ရဲ့ အမေရိကန်အပေါ် ယုံကြည်မှုက ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ အတော်လေး ကျဆင်းသွားပါပြီ။ ထရမ့် ပြန်လည်ရွေးကောက်မခံရခင် ၂၀၂၄ ခုနှစ်တုန်းက ပျူးစင်တာရဲ့သုတေသနအရ ဂျာမနီလူဦးရေရဲ့ ၇၄ ရာခိုင်နှုန်းဟာ အမေရိကန်နဲ့ ဂျာမနီတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ယုံကြည်မှုရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ အဲဒီယုံကြည်မှုဟာ ၂၇ ရာခိုင်နှုန်းသာ ရှိတော့ပြီး နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းနေပြီလို့ ပြောသူက ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
မရှိမဖြစ်နိုင်ငံလား
ဥရောပမှာ ဂျာမနီရဲ့အခန်းကဏ္ဍအပြောင်းအလဲဟာ သူ့ အိမ်နီးချင်းတွေရဲ့အမြင်နဲ့လည်း အများကြီးဆက်စပ်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ ဟိုးတစ်ချိန် အတိတ် ၂၀ ရာစုနှစ် ဂျာမနီရဲ့ စစ်ဝါဒဟာ ကျိန်စာသင့်နေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အမြင်သဘောထားစစ်တမ်းတွေအရ လစ်သူယေးနီးယားမှာ ဂျာမနီစစ်တပ်ရှိနေတာကို လူကြိုက်များနေပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslav Sikorski ရဲ့ ဘာလင်ခရီးမှာ မိန့်ခွန်းပြောခဲ့တာရှိပါတယ်။ တစ်ချိန်က နာဇီ ဂျာမနီရဲ့ ပိုလန်ကို သိမ်းပိုက်မှုသမိုင်းကြောင်းနဲ့ချိန်ထိုးပြောခဲ့တဲ့သူ့မိန့်ခွန်းကို ပွဲတက်လာတဲ့ ဂျာမနီသံတမန်တွေ အများစု အံ့သြခဲ့ကြပါတယ်။
သူက ဂျာမနီကို ဥရောပမှာ ခေါင်းဆောင်မှုနေရာယူဖို့ တိုက်တွန်းခဲ့တာပါ။ ဆိုလိုတာကတော့ ဥရောပဇုန်မှာအကျပ်အတည်းကြုံရတဲ့အခါ ဂျာမနီအနေနဲ့ စစ်ရေးအရမဟုတ်ဘဲ စီးပွားရေးအရ ခပ်မဆိတ် မနေဖို့ တိုက်တွန်းတာဖြစ်ပါတယ်။ "ဂျာမနီရဲ့စွမ်းအားထက် ဂျာမနီ ဘာမှမလုပ်တာကို ပိုပြီး ကြောက်မိတယ်။'' လို့ သူက ပြောပြီး ဂျာမနီဟာ ဥရောပရဲ့ ''မရှိမဖြစ်နိုင်ငံအဖြစ်'' ရည်ညွှန်းပြောဆိုပါတယ်။
ဂျာမနီရဲ့ လက်နက်ပြန်လည်တပ်ဆင်မှုဟာ ပိုလန်၊ ဥရောပနဲ့ နေတိုးအဖွဲ့အတွက် သတင်းကောင်းပါပဲ'' လို့ ပိုလန်ကာကွယ်ရေးဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Andrzek Falkowski က ပြောပါတယ်။ သူဟာ နေတိုးစစ်ဌာနချုပ်မှာ အကြီးတန်းရာထူးတွေနဲ့ ၁၂ နှစ်ကြာ တာဝန်ထမ်းခဲ့သူလည်းဖြစ်ပါတယ်။
''သူတို့ (ဂျာမန်တွေ)ဟာ အတိတ်က ဘယ်လောက်အထိ စစ်ဝါဒီဆန်ခဲ့လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအရ ဗျူဟာကျမှုကိုလည်း ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ဟာ စူပါအင်အားကြီးနှစ်နိုင်ငံကြားမှာ အမြဲညပ်နေခဲ့တယ်''
"၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက ဂျာမနီဟာ (ကာကွယ်ရေးအသုံးစရိတ်)ပိုင်းမှာ အရင်းမစိုက် လှေထိုးလိုက်နေခဲ့တာ''
"အဲဒီအစား စီးပွားရေး လူမှုရေး ပညာရေးဘက်မှာပဲ ငွေသုံးစွဲဖို့ ပိုစိတ်အားထက်သန်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုရင် သူ့ အရှေ့ဘက်မှာ ကျွန်တော်တို့ ပိုလန်က ကြားခံနယ်တစ်ခုလို ရှိနေတာကိုး။ ဖြစ်ကြဟေ့ဆို ကျွန်တော်တို့က ကြားခံသဘောဖြစ်နေတယ်။''
"ဒါပေမဲ့ အခုတော့ ဂျာမနီဟာ ကမ္ဘာမှာ စတုတ္ထမြောက် ကာကွယ်ရေးအသုံးစရိတ်အများဆုံးသုံးတဲ့နိုင်ငံဖြစ်လာပါပြီ''
"ဥရောပမှာ စီးပွားရေးအခိုင်မာဆုံးဆိုလည်း မမှားဘူး။ သူတို့ ပိုလန်အတွက်၊ ဥရောပအတွက် ပိုသုံးစွဲသင့်တယ်။ ဒါမှပဲ သတင်းကောင်းတွေရှိမှာ''
ဗိုလ်ချုပ်ကြီး ဘရော်ယာနဲ့ စကားပြောချိန်မှာတော့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့စကားကို သူ ထပ်ချည်းတလဲလဲ ပြောတာကို သတိထားမိပါတယ်။ အတိတ် ဂျာမနီရဲ့သမိုင်းကြောင်းကြောင့်ဖြစ်ပြီး ဂျာမနီဟာ စစ်ရေးလွှမ်းမိုးဖို့ မကြိုးစားဘူးဆိုတာပြဖို့ လွင်ပြင်ကြီးကို ယူရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးကို နောက်ဆုံးမေးခွန်း မေးမြန်းချိန် သူဖြေတဲ့အဖြေကို ခေါင်းထဲက မထွက်ပါဘူး။ ဗိုလ်ချုပ်ကြီးဟာ ဥရောပမှာ အရေးအပါဆုံးနဲ့ အင်အားအရှိဆုံး စစ်သားဖြစ်နေပြီဆိုတော့ ''အဲဒီတွက် ဝန်ထုပ်ဝန်ပိုးလို့ ခံစားမိလား'' ဆိုတဲ့ မေးခွန်းကို ပြန်ဖြေတဲ့ဖြေကြားချက်ကို ခေါင်းထဲက မထွက်တာပါ။
''အဲဒီအတွက် ကျွန်တော်မှာ တာဝန်လည်းကြီးတယ်လို့ နေ့တိုင်းခံစားရပါတယ်'' လို့ သူက ပြောပြီး ''ဂျာမနီမှာ ကျွန်တော် ဦးဆောင်နေတဲ့တပ်ဖွဲ့တွေအတွက် ကျွန်တော် တာဝန်ကြီးမှုကိုပါ'' လို့ဆိုပါတယ်။ ပြီးတော့ ''ကျွန်တော်ဟာ ဂျာမနီက တပ်ဖွဲ့ဝင် ၁၈၂,၀၀၀ ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။ ခေါင်းဆောင်မှုအပိုင်း တာဝန်ယူမှု တာဝန်ခံမှုကို ခံစားရပါတယ်။ တပ်ရဲ့ခေါင်းဆောင်ပိုင်းထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေတာကိုလည်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ဟာ အတူရင်ဆိုင်ပြီး ဒီစိန်ခေါ်မှုကို အတူကိုင်တွယ်ဖြေရှင်းကြမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး''
နေတိုးအဖွဲ့ စတင်ထူထောင်တုန်းကတော့ အဖွဲ့ရည်ရွယ်ချက်ဟာ အမေရိကန်ကိုအဖွဲ့ထဲမှာ ထား၊ ရုရှားကို ထုတ်ပြီး ဂျာမနီကို ကွပ်ဖို့ ဖြစ်ပါတယ်။ အခုတော့ အဲဒီခေတ် ပြီးဆုံးသွားပြီ။ နှစ် ၈၀ အကြာမှာ ဂျာမနီဟာ အကွပ်ခံရတာထက် သူ့ခြေပေါ် သူပြန်ရပ်လို့ လက်နက်ပြန်လည်တပ်ဆင်ကာ ဥရောပရဲ့အင်အားမြေပုံမှာ အခရာကျတဲ့နေရာကို ရောက်နေပါပြီ။
ထိပ်ပိုင်းဓာတ်ပုံ ခရစ်ဒစ် : NurPhoto / AFP / Photothek / Getty Images














