မေ ၂ ရက် သတင်းအနှစ်ချုပ် - ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလ၊ အမေရိကန်နဲ့ ဂျပန်ထပ်တိုက်တွန်း

အစိမ်းရောင်နောက်ခံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပန်းချီကားရှေ့မှာ ရင်ဖုံးအင်္ကျီအဖြူ နှင်းဆီပန်းအဖြူပန်ပြီး မတ်တပ်ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်(ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၂

သတ်မှတ်နေအိမ်ကို အကျယ်ချုပ်ပြောင်းရွှေ့ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ထုတ်ပြန်ချက်တွေနဲ့ ထပ်မံတိုက်တွန်းပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့တာကို မှတ်သားထားတယ်လို့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က မေ ၁ ရက် ကုလထုတ်ပြန်ချက်မှာပြောပါတယ်။

ယုံကြည်ရတဲ့နိုင်ငံရေးဖြစ်စဥ်တည်ဆောက်ရေး လုပ်ငန်းစဥ်ရဲ့ အခြေခံအကျဆုံး အရွေ့အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံး အမြန်ဆုံး အကြွင်းမဲ့လွှတ်ပေးဖို့လည်း ကုလက တိုက်တွန်းထားပါတယ်။

စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့တဲ့သတင်းထုတ်ပြန်ပြီးနောက်တစ်ရက်မှာ အမေရိကန်ကလည်း အကြွင်းမဲ့လွှတ်ပေးရေးကို ဦးတည်တိုက်တွန်းလာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက"သူ့ရဲ့ ချက်ချင်း အကြွင်းမဲ့လွှတ် ပေးဖို့ဆက်တိုက်တွန်းသွားမယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ရေးအတွက် လိုအပ်တဲ့ဆေး ဝါး၊ စောင့်ရှောက်မှုရဖို့ အာဏာပိုင်တွေကို တိုက်တွန်းတယ်" လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံကတော့ မကြာသေးခင်က သမ္မတဦးဝင်းမြင့်လွတ်ငြိမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာကို သေချာစောင့်ကြည့်နေသလို ကောင်းတဲ့အပြောင်းအလဲအဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

မနေ့က ဂျပန်သတင်းပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်တာပါ။

မြန်မာရဲ့ အခြေအနေက မရေရာသေးတာကြောင့် အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့၊ သက်ဆိုင်သူအားလုံးအကြား ရိုးသားတဲ့ဆွေးနွေးမှုဖြစ်လာဖို့နဲ့ ပြည်သူ့အကျိုးရှေးရှုတဲ့ လုပ်ဆောင်ချက်တွေဖြစ်လာဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်က ဧပြီ ၃၀ ရက် ညပိုင်းသတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြောင်းရွှေ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ချက်ပါ ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ အချိန်မသိရတာကြောင့် လူထုအကြားသံသယရှိနေကြတာပါ။ စစ်တပ်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ထားတဲ့နေအိမ်တည်နေရာလည်း အသိပေးထုတ်ပြန်တာမရှိပါဘူး။

ဒီသတင်းမထုတ်ပြန်ခင် ရက်ပိုင်းကမှ မြန်မာကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆွေဟောင်းဖြစ်ပြီး သူ့အခြေအနေကို အမြဲမပြတ် ဂရုပြုနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက်ရွာတွေ စစ်တပ်စစ်ကြောင်းထိုး

ညမှောင်နေတဲ့အချိန် မြစ်တစ်ဖက်ကမ်းက ရွာမှာ မီးလောင်နေတာကို လှမ်းရိုက်ထားပုံ

ဓာတ်ပုံ ရင်းမြစ်, Ko Nway Oo-Myaung

ဓာတ်ပုံ ပုံစာ, မေ ၁ ရက်၊ ညနေပိုင်းမှာ စစ်တပ် စစ်ကြောင်းက မီးရှို့နေတဲ့ ဆင်ချောင်းရွာ အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ရွာတွေကို မနေ့ကစပြီး စစ်တပ်က အင်အား ၂၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းဖြန့်ခွဲဝင်ရောက်လာတယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီနေ့မနက်မှာ စစ်တပ်က တောပု၊ ညောင်တို၊ ဆင်ချောင်းနဲ့ ရန္တပိုရွာတွေမှာ တပ်စွဲထားတယ်လို့ သူကပြောပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်တပ်စစ်ကြောင်းဟာ ဧရာဝတီမြစ် အရှေ့ခြမ်းက ဆင်ချောင်းရွာကို မီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။

"ဒီမနက်အခြေအနေကတော့ ဒရုန်းပျံနေတာရှိတယ်။ အခုသူတို့ဝင်နေတဲ့ရွာက ကျွန်တော်တို့ တိုက်ယူခဲ့ရတဲ့နေရာတွေကို ပြန်ဝင်တာပေါ့။ ဆီမီးခုံအထိ စစ်ကြောင်း ဆက်ထိုးလောက်မယ်" လို့ မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးက ရွာတွေကို စစ်ကြောင်းဝင်လာတာကြောင့် ရွာသားတွေက မြစ်ကူးပြီး စစ်ကိုင်းတိုင်း၊ မြောင်နယ်ဘက်ကို စစ်ရှောင်နေကြရပါ တယ်။

အင်အား ၂၅၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ မြင်းခြံမြို့မြောက်ဘက် ၆ မိုင်အကွာက တူရင်းဘို့နဲ့ သစ်ရုံရွာတွေဘက်ကနေ တောပုရွာကိုစတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာလည်း စစ်တပ် စစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်းကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။