အဆုတ်ပလိပ်ရောဂါ ကမ္ဘာတဝန်း ပျံ့နိုင်ခြေနည်းတာ ဘာကြောင့်လဲ

အီယာကုစ်ခ်မြို့မှာရှိတဲ့ ပလိပ်ရောဂါတိုက်ဖျက်ရေးသိပ္ပံဌာနဝင်း အဝင်ပေါက်ကို မြင်တွေ့ရပုံ
    • ရေးသားသူ, ဂျက်စမင်း ဖောက်က်စ် စကယ်လီ
    • ရာထူးတာဝန်, ဘီဘီစီ Future ဌာန
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ပလိပ်ရောဂါလို့ပြောလိုက်ရင် ကိုယ်ကြည့်ဖူး ဖတ်ဖူး မြင်ဖူးတဲ့ ရုပ်ရှင်တွေ စာပေတွေ သတင်းတွေကြောင့် စိုးတထိတ်ထိတ်ရင်းနှီးမှုမျိုးတော့ ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့မှာ ပလိပ်ရောဂါပိုးနဲ့ ထိတွေ့ခဲ့နိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အကြောင်းရင်း "မသတ်မှတ်နိုင်သေးတဲ့" အဆုတ်ရောင်ရောဂါနဲ့ ဆိုက်ဘေးရီးယားမှာ သေဆုံးခဲ့ပါတယ်။

လူ ၂၀၀ နီးပါးကို သီးခြားခွဲထားခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ စိုးရိမ်ပူပန်တာတွေ မြန်မြန်ငြိမ်သွားအောင် တာဝန်ရှိသူတွေ ကြိုးပမ်းခဲ့ပေမဲ့ အွန်လိုင်းပေါ်မှာတော့ ခန့်မှန်းပြောဆိုမှုတွေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပျံ့နှံ့နေပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒါယာ ရှီပီလိုဗာဟာ ဆိုက်ဘေးရီးယားဒေသ အီယာကုစ်ခ် ပြည်နယ်က ပလိပ်ရောဂါ တိုက်ဖျက်ရေးသိပ္ပံဌာနမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့သတင်းတွေအရ သူဟာ ပလိပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပါဝင်တဲ့ စမ်းသပ်ဖန်ပြွန်တစ်ခု ကွဲသွားပြီးနောက် ဒါမှမဟုတ် မွန်ဂိုလီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘာယာတီယာဒေသကို ကွင်းဆင်း လေ့လာရေးခရီး သွားခဲ့အပြီးမှာ အဆုတ်ရောင်ရောဂါနဲ့တူတဲ့ လက္ခဏာတွေ ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကြားမှာ ပလိပ်ရောဂါ အမြဲတမ်းရှိနေတာ ဖြစ်ပါတယ်။

ရှီပီလိုဗာ သေဆုံးရတဲ့အကြောင်းရင်းကို အခုအချိန်အထိ တရားဝင် အတည်မပြုသေးဘဲ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ သေချာတဲ့အချက်တစ်ခု ရှိပါတယ်။ ဒီဖြစ်ရပ်ကနေ ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့မှုတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်သလောက် နည်းပါးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။

ပလိပ်ရောဂါဟာ ယာဆင်နီယာ ပက်စ်တစ် (Yersinia pestis) လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတာပါ။ ဆေးဘက်ဆိုင်ရာအရ အဖုအကျိတ် ပလိပ်ရောဂါ၊ အဆုတ်ပလိပ်ရောဂါနဲ့ သွေးဆိပ်သင့်ပလိပ်ရောဂါ ဆိုပြီး သုံးမျိုးရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဖုအကျိတ် ပလိပ်ရောဂါဟာ အဖြစ်အများဆုံး ပုံစံဖြစ်ပြီး ရောဂါပိုး ရှိထားတဲ့ ခွေးလှေးတွေ ကိုက်ရာကနေ ကူးစက်ပါတယ်။ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် ပြန်ရည်ကျိတ်တွေဆီ ရောက်ရှိသွားပြီး ပေါင်ခြံ၊ လည်ပင်းနဲ့ ချိုင်းကြားတွေမှာ ဗျူဘိုးစ် (buboes) လို့ခေါ်တဲ့ နာကျင်တဲ့အဖုအနာတွေ ဖြစ်ပေါ်စေပါတယ်။

အဖုအကျိတ် ပလိပ်ရောဂါဟာ လူတစ်ဦးကနေ တစ်ဦးဆီ ကူးစက်တာ ရှားပါတယ်။ ဒါပေမဲ့ ဘက်တီးရီးယားက သွေးထဲ ပျံ့နှံ့သွားပြီး သွေးဆိပ်သင့် ပလိပ်ရောဂါ ဖြစ်စေနိုင်သလို အဆုတ်ဆီ ပျံ့နှံ့သွားပြီး အဆုတ်ပလိပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။

ပလိပ်ရောဂါရဲ့တခြားပုံစံတွေနဲ့ မတူတာက အဆုတ်ပလိပ်ရောဂါဟာ လူတစ်ဦး ချောင်းဆိုး၊ နှာချေတဲ့အခါ လေထဲ ပျံ့လွင့်သွားတဲ့ အလွန်သေးငယ်တဲ့ အရည်စက်တွေကတစ်ဆင့် လူတစ်ဦးကနေ တစ်ဦးဆီ ကူးစက်နိုင်ပါတယ်။

အဆုတ်ပလိပ်ရောဂါကို စောစောစီးစီး မကုသနိုင်ရင်လည်း များသောအားဖြင့် အသက်ဆုံးရှုံးစေတတ်ပြီး ရောဂါပိုးနဲ့ ထိတွေ့ချိန်ကနေ ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ချိန်အထိ ၂၄ နာရီသာ ကြာနိုင်ပါတယ်။

အဖုအကျိတ် ပလိပ်ရောဂါနဲ့ အဆုတ်ပလိပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ Black Death ကပ်ဘေးဟာ ၁၄ ရာစုအတွင်း ဥရောပတိုက်မှာ လူပေါင်း ၂၅ သန်းကျော် သေဆုံးစေခဲ့ပြီး လူဦးရေရဲ့ သုံးပုံတစ်ပုံကနေ သုံးပုံနှစ်ပုံအထိ ဆုံးရှုံးခဲ့ရပါတယ်။ အသစ်ဖွင့်လှစ်ခဲ့တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ သင်္ဘောတွေက တဆင့် ကောက်နှံနဲ့ ဂျုံမှုန့်လို ကုန်စည်တွေ တင်သွင်းလာမှုကြောင့် ဒီလို ကူးစက်ပျံ့နှံ့နိုင်ခဲ့တာပါ။

ဒါပေမဲ့ ခေတ်သစ်အခြေအနေတွေက ပလိပ်ရောဂါပျံ့နှံ့ဖို့ အဲဒီခေတ်ကလောက် အခွင့်မသာတော့ပါဘူး။

ပထမအချက်က ယာဆင်နီယာ ပက်စ်တစ် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆုတ်ပလိပ်ရောဂါကို မကုသဘဲ ထားရင် အရင်က အသက်ဆုံးရှုံးစေတတ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ ရိုးရှင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ရနိုင်တဲ့ ပဋိဇီဝဆေးတွေနဲ့ ကုသ ပျောက်ကင်းနိုင်ပါတယ်။

၁၃၅၀ ပြည့်နှစ်ဝန်းကျင်က အဖုအကျိတ် ပလိပ်ရောဂါဘေးကနေ ကယ်တင်ပေးဖို့ ဆုတောင်းနေကြသူတွေကို သရုပ်ဖော်ထားတဲ့ အနုပညာလက်ရာ။ မူရင်းအနုပညာလက်ရာကို E Corbould က ပုံစံရေးဆွဲပြီး F Howard က ကျောက်ပုံနှိပ်ပြုလုပ်ခဲ့။
ဓာတ်ပုံ ပုံစာ, ၁၃၅၀ ပြည့်နှစ်ဝန်းကျင်က အဖုအကျိတ် ပလိပ်ရောဂါဘေးကနေ ကယ်တင်ပေးဖို့ ဆုတောင်းနေကြသူတွေကို သရုပ်ဖော်ထားတဲ့ အနုပညာလက်ရာ။ မူရင်းအနုပညာလက်ရာကို E Corbould က ပုံစံရေးဆွဲပြီး F Howard က ကျောက်ပုံနှိပ်ပြုလုပ်ခဲ့။

"အဖုအကျိတ် ပလိပ်ရောဂါကို အလွန်ကောင်းမွန်စွာ ကုသနိုင်တဲ့ ဆေးနှစ်မျိုး ကျွန်တော်တို့မှာ ရှိပါတယ်" လို့ အောက်စဖို့ဒ် တက္ကသိုလ်က ဆင်းရဲမွဲတေမှုနဲ့ ဆက်နွှယ်တဲ့ ကူးစက်ရောဂါများဆိုင်ရာ ပါမောက္ခ ပြဲရို အော်လီယာရို က ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ အော်လီယာရို နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မဒါဂတ်စကားနိုင်ငံမှာ အဖုအကျိတ်ပလိပ်ရောဂါကုသမှုအတွက် ပထမဆုံး ကျပန်း ရွေးချယ် ထိန်းချုပ်ထားတဲ့ စမ်းသပ်လေ့လာမှုကို ထုတ်ပြန်ခဲ့ပါတယ်။

ပါးစပ်ကနေ သောက်သုံးရတဲ့ ciprofloxacin နဲ့ ဆေးထိုးသွင်းရတဲ့ aminoglycoside ဆိုတဲ့ ပဋိဇီဝဆေးနှစ်မျိုးဟာ အဖုအကျိတ် ပလိပ်ရောဂါကုသရာမှာ ၉၁ ရာခိုင်နှုန်းနဲ့ ၉၂ ရာခိုင်နှုန်း အသီးသီး ထိရောက်မှုရှိကြောင်း ဒီလေ့လာမှုက ပြသခဲ့ပါတယ်။

ပလိပ်ရောဂါကနေ အဆုတ်ပလိပ်ရောဂါအဖြစ် ပြောင်းလဲသွားတဲ့ ဖြစ်ရပ် အနည်းငယ်မှာတောင် လျင်လျင်မြန်မြန် ကုသပေးနိုင်ခဲ့ရင် လူနာ ၈၅ ရာခိုင်နှုန်းဟာ သက်သာလာပြီး အသက်ရှင်နိုင်တာကို တွေ့ခဲ့ပါတယ်။

ပလိပ်ကပ်ရောဂါ ဖြစ်ပွားဖို့ မဖြစ်နိုင်သလောက် နည်းပါးရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက အဆုတ်ပလိပ်ရောဂါဟာ Covid-19 ဗိုင်းရပ်စ်နဲ့ မတူဘဲ ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်ပြီးမှသာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ၂၄ နာရီအတွင်း ပေါ်လာလေ့ရှိပါတယ်။ လက္ခဏာတွေက ပြင်းထန်ပြီး သိသာ ထင်ရှားပါတယ်။

ဒီအတွက် နောက်ထပ်ကူးစက်ခံရသူတွေကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်၊ သီးခြားခွဲထားပြီး ထပ်ကူးစက်မှု မဖြစ်ခင် ကုသပေးနိုင်ပါတယ်။

"သတိမထားမိဘဲ လွတ်သွားနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ လူတွေ လေယာဉ်ပေါ်တက်ပြီး ဟိုဟိုဒီဒီ သွားလာနေရာက နေရာတိုင်းမှာ ကူးစက်မှုအသစ်တွေ ဖြစ်နေတာကို မြင်ရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး" လို့ ဘာမင်ဟမ် တက္ကသိုလ်က ဗိုင်းရပ်စ်ကိုယ်ခံအားပညာ တွဲဖက်ပါမောက္ခ ဇာနီယာ စတာမာတာကီ က ပြောပါတယ်။

အချိန်တိုအတွင်းမှာပဲ အတော်လေး သိသာထင်ရှားလာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ လူနာအားလုံးနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပြီး လက်ရှိမှာတော့ ဘယ်သူ့ဆီမှာမှ နာမကျန်းမှု လက္ခဏာမျိုး မတွေ့ရသေးပါဘူး။

ဒီလုပ်ဆောင်ချက်ဟာ အန္တရာယ်ရှိနိုင်သူတွေအဖြစ် သတ်မှတ်ခံရသူတွေကို ရှာဖွေဖော်ထုတ်ပြီး စောင့်ကြည့်တာ၊ စစ်ဆေးတာ၊ အသွားအလာကန့်သတ် သီးခြားခွဲထားတာနဲ့ ပဋိဇီဝဆေးပေးတာတွေ လုပ်ဆောင်ဖို့ အကြံပြုထားတဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြံပြုချက်နဲ့ ကိုက်ညီပါတယ်။

Black Death ကပ်ဘေးမှ ကယ်တင်ပေးဖို့ Tournai မြို့မှာ ဆုတောင်းပူဇော်နေကြတဲ့ ကိုယ်တိုင်ဒဏ်ခတ်သူများ။ Pierart dou Tiel ရေးဆွဲတဲ့ Aegidius li Muisis ရာဇဝင်မှတ်တမ်းထဲက ပန်းချီကားငယ်
ဓာတ်ပုံ ပုံစာ, လူ့သမိုင်းတစ်လျှောက် ပလိပ်ကပ်ရောဂါ သုံးကြိမ် ဖြစ်ပွားခဲ့ပါတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီယန် လင်ဒ်မေယာ က အဖွဲ့ရဲ့ ကနဦး အန္တရာယ်ဆန်းစစ်ချက်ကို အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အန္တရာယ်အဆင့်ဟာ "အီယာကုစ်ခ်ဒေသအတွက် အလယ်အလတ်ကနေ နိမ့်တဲ့အဆင့်၊ ရုရှားဖက်ဒရေးရှင်း တစ်နိုင်ငံလုံးအတွက် နိမ့်တဲ့အဆင့်နဲ့ WHO ဥရောပဒေသအတွက် အလွန်နိမ့်တဲ့အဆင့်" ဖြစ်တယ်လို့ သတင်းထောက်တွေကို သူက ပြောပါတယ်။

ယေဘုယျအားဖြင့် ဓာတ်ခွဲခန်း ပတ်ဝန်းကျင်မှာ ရောဂါကူးစက်တာဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ မတော်တဆ ထိတွေ့မှုကို တားဆီးဖို့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို များသောအားဖြင့် ကျင့်သုံးထားတာကြောင့် ဖြစ်ပါတယ်။

"ဒါတွေက အလွန်အထူးပြုထားတဲ့ ဓာတ်ခွဲခန်းတွေပါ" လို့ စတာမာတာကီ က ပြောပါတယ်။ "ကာကွယ်မှုအဆင့်ဆင့် အထပ်ထပ် ရှိပါတယ်။"

ဥပမာအားဖြင့် သုတေသီတွေဟာ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းအပြည့်အစုံ (PPE) ဝတ်ဆင်ကြတယ်လို့ စတာမာတာကီ က ရှင်းပြပါတယ်။ နမူနာပစ္စည်းတွေကိုလည်း ဇီဝလုံခြုံရေး အကာအကွယ်ဗီရိုထဲမှာသာ ကိုင်တွယ်ကြပါတယ်။

ဒီလုံခြုံရေး အကာအကွယ် ဗီရိုတွေထဲမှာ လေဖိအားကို အနုတ်လက္ခဏာဖြစ်အောင် ထိန်းထားတာကြောင့် လေက အသုံးပြုသူဘက်ကနေ ဝေးရာ ဗီရိုအတွင်းဘက်ကို စီးဝင်ပါတယ်။

"ဖန်ပြွန်တစ်ခု ကွဲသွားရင် ဗီရိုထဲမှာပဲ ကွဲမှာဖြစ်ပြီး အသုံးပြုသူကတော့ အကာအကွယ် ရနေမှာပါ" လို့ သူက ပြောပါတယ်။

ဖန်ပြွန်တစ်ခုကို သယ်ယူတဲ့အချိန်မှာတောင် အဲဒီဖန်ပြွန်ကို ဒုတိယအဆင့် အလုံပိတ် ထိန်းသိမ်းရေးဘူးထဲ ထည့်ထားတယ်လို့ စတာမာတာကီ က ရှင်းပြပါတယ်။ အဲဒီလို ဓာတ်ခွဲခန်းတွေမှာ အလုပ်မလုပ်ခင် နည်းပညာဝန်ထမ်းတွေဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားမှုတွေကိုလည်း ခံယူရတယ်လို့ သူက ဆိုပါတယ်။

၁၄ ရာစုမှာ ပလိပ်ရောဂါ အလျင်အမြန် ပျံ့နှံ့ခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုက အဲဒီခေတ်က ယေဘုယျအားဖြင့် ဆိုးရွားတဲ့ လူနေမှုအခြေအနေတွေ ဖြစ်ပါတယ်။

အမှိုက်တွေနဲ့ စားကြွင်းစားကျန်တွေ လမ်းတွေပေါ်မှာ ပြန့်ကျဲနေပြီး ရောဂါပိုးသယ်ဆောင်တဲ့ ခွေးလှေးတွေရှိနေတဲ့ ကြွက်နက်တွေအတွက် အသိုက်လုပ် နေထိုင်ဖို့ အကောင်းဆုံးအခြေအနေ ဖြစ်စေခဲ့ပါတယ်။

လူတွေဟာ တစ်ဦးနဲ့တစ်ဦး အလွန်နီးကပ်စွာ နေထိုင်ကြသလို ကုန်သည်တွေကလည်း ကျဉ်းကျပ်တဲ့ သင်္ဘောတွေပေါ်မှာ လနဲ့ချီ နေထိုင်ခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေဟာ အခုအခါ ကမ္ဘာ့ဒေသအများစုမှာ မရှိတော့ပါဘူး။

ဒါပေမဲ့ ပလိပ်ရောဂါဟာ သမိုင်းထဲမှာပဲ ကျန်ခဲ့တဲ့ ရောဂါတစ်ခု မဟုတ်ဘူးဆိုတာ အလေးထားပြောဖို့ အရေးကြီးပါတယ်။

အာဖရိက၊ အာရှ၊ တောင်အမေရိကနဲ့ အမေရိကန်နိုင်ငံအတွင်းက ကြွက်မျိုးနွယ်ဝင် တိရစ္ဆာန်အုပ်စုတွေမှာ ပလိပ်ရောဂါ အမြဲတမ်း ရှိနေပါတယ်။ နှစ်စဉ် လူတွေမှာလည်း ရောဂါဖြစ်ပွားမှုတွေ ရှိပါတယ်။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ နှစ်စဉ် ပျမ်းမျှ လူခုနစ်ဦး ပလိပ်ရောဂါဖြစ်ပွားကြောင်း သတင်းပို့ပါတယ်။

ကမ္ဘာ့ဒေသအချို့မှာတော့ အဆုတ်ပလိပ်ရောဂါ လူတစ်ဦးကနေ တစ်ဦးဆီ ကူးစက်မှုရှိတဲ့ ဒေသတွင်းမှာ ရောဂါဖြစ်ပွားမှုတွေ တစ်ခါတစ်ရံ ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ မဒါဂတ်စကားနိုင်ငံက ရောဂါဖြစ်ပွားမှု တစ်ခုကြောင့် ပလိပ်ရောဂါဖြစ်ပွားသူ ၂,၄၁၇ ဦးရှိခဲ့ပြီး ၂၀၉ ဦး သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ ဒီရောဂါဖြစ်ပွားမှု အဆုံးသတ်သွားခဲ့တာက ပလိပ်ရောဂါ ဖြစ်ပွားမှုတွေဟာ အကန့်အသတ်ရှိတဲ့ နေရာအတွင်းမှာသာ ဖြစ်ပွားလေ့ ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ဖြစ်တယ်လို့ အော်လီယာရို က ထောက်ပြပါတယ်။ အများအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခု ဖြစ်လာလေ့ မရှိပါဘူး။

ဒါပေမဲ့ ပလိပ်ရောဂါဖြစ်ပွားမှုတစ်ခု ကမ္ဘာတဝန်း အမှန်တကယ် ပျံ့နှံ့ဖို့ မဖြစ်နိုင်သလောက် နည်းပါးတယ်ဆိုတာ ပလိပ်ရောဂါ ကုသရေးနဲ့ ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

"ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ကြည့်ရင် လူအများအပြားကို ထိခိုက်ချင်မှ ထိခိုက်မှာဖြစ်ပေမဲ့ ဒုက္ခဝေဒနာတွေတော့ ဖြစ်စေတုန်းပါပဲ" လို့ အော်လီယာရို က ပြောပါတယ်။

"ဒါဟာ အရေးကြီးတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ပလိပ်ရောဂါ ရှိနေဆဲဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။"