ခင်ပွန်းဖြစ်သူရဲ့ဆေးခတ်တာ ခံရပြီး သူစိမ်းတွေရဲ့အဓမ္မပြုကျင့်ခံခဲ့ရသူ

    • ရေးသားသူ, ဘတ်သ် ခရုဇ်
    • ရာထူးတာဝန်, အင်္ဂလန်အနောက်ပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

သတိပေးချက် - ဒီဆောင်းပါးမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့ ချိုးဖောက်မှုကိစ္စတွေအကြောင်း ထည့်သွင်းရေးသားထားပါတယ်။

ဂျိုအန် ယန်းတစ်ယောက် နိုးလာချိန်မှာ ကုတင်မှာ ချည်နှောင်ခံထားရတယ်ဆိုတာကို သိလိုက်ပါတယ်။ ဒါပေမဲ့ သူ သတိမေ့နေချိန်အတွင်း ဘယ်လောက် ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေခဲ့တယ်ဆိုတာကို မသိခဲ့ပါဘူး။

အဲဒီတုန်းက သူ့ ယောက်ျား ဖိလစ် ယန်းက "အောက်ကို ဆင်းလိုက်" လို့ တခြားလူတစ်ယောက်ကို စကားပြောလိုက်တာကို သူကြားလိုက်ရပါတယ်။ ဒါကြောင့် သူတို့ရဲ့အိပ်ခန်းထဲမှာ တခြားလူတစ်ယောက် ရှိနေတယ်ဆိုတာကို ဂျိုအန် ချက်ချင်း သဘောပေါက်သွားပါတယ်။

သူ့ယောက်ျား ယန်းဟာ ဂျိုအန် မသိလိုက်ဘဲ တခြားအမျိုးသားတွေ သူ့ကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်နိုင်ဖို့ အွန်လိုင်းမှာ ကြော်ငြာတင်ခဲ့ပါတယ်။

အဲဒီနောက် ဂျိုအန်ကို ဆေးခတ်ပြီး သူစိမ်းအမျိုးသား အများအပြားကို သူတို့ရဲ့ အိပ်ခန်းထဲ ဖိတ်ခေါ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားစေခဲ့ပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ၁၃ နှစ်ကြာ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းကတော့ အဲဒီအမျိုးသားတွေထဲက လေးဦးဟာ သူ့ကို မုဒိမ်းကျင့်မှုနဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုအပါအဝင် ပြစ်မှုအများအပြားအတွက် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရပါတယ်။

သူ့ရဲ့ခင်ပွန်းဟောင်း ယန်း ကတော့ မုဒိမ်းမှု စွဲချက်အများအပြားအတွက် အပြစ်ရှိကြောင်း အရင်ကတည်းက ဝန်ခံထားပြီးဖြစ်ပါတယ်။

ခင်ပွန်းဟောင်း ယန်းက ကွန်ဆာဗေးတစ်ပါတီဝင် ဒေသခံကောင်စီဝင်ဟောင်း ဖြစ်ပါတယ်။ သူနဲ့ နောက်ထပ် အမျိုးသားတစ်ဦးဖြစ်တဲ့ ဒင်း ဟာမီလ်တန်တို့ကတော့ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အပြစ်ရှိကြောင်း အစောပိုင်း ကြားနာမှုတစ်ခုမှာ ဝန်ခံခဲ့ကြပါတယ်။

တစ်ချိန်က ခင်ပွန်းသည် ခေါ်လို့ ဂျိုအန်တို အိပ်ခန်းထဲအထိ ရောက်လာခဲ့ကြတဲ့အမျိုးသားတွေဟာ အလွှာစုံက ဖြစ်ပါတယ်။

သူတို့ထဲက တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နျူကလီးယား ကာကွယ်ရေး စီမံကိန်းတွေမှာ လုပ်ကိုင်ခဲ့ပြီး နောက်တစ်ဦးက ၁၉၈၀ ပြည့်နှစ်တွေမှာ ကြက်ခြေနီ ကားတွေကို ရိုမေးနီးယားနိုင်ငံဆီ မောင်းပို့ခဲ့ဖူးသူဖြစ်ပါတယ်။

ဂျိုအန်ရဲ့အမှုဟာ ပြင်သစ်နိုင်ငံမှာ ဂျီဇဲလ် ပယ်လီကို ထပ်ခါတလဲလဲ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ထူးထူးခြားခြား ဆင်တူနေပြီး အကဲခတ်တွေက ဒီပြစ်မှုကို "အလွန်အမင်း မတရားဖိနှိပ်စော်ကားတဲ့လုပ်ရပ်" လို့ ဆိုကြပါတယ်။

ခင်ပွန်းသည်ဖြစ်တဲ့ယန်းဟာ ဒီမတရားပြုကျင့်မှုတွေကို "cuckolding" လို့ ခေါ်တဲ့ နှစ်ဦးသဘောတူ လိင်စိတ်ဝင်စားမှုပုံစံတစ်ခုအဖြစ် အွန်လိုင်းပေါ်မှာ ပုံဖော်ခဲ့ပါတယ်။

Craigslist နဲ့ Grindr လို ဝက်ဘ်ဆိုက်တွေမှာ တင်တဲ့ကြော်ငြာတွေမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေထဲမှာ ဂျိုအန်ဟာ လှုပ်ရှားမှုမရှိဘဲ အိပ်ရာနဲ့ ချည်နှောင်ထားခံရတဲ့ ပုံစံနဲ့ ပေါ်နေပါတယ်။

အစိုးရတရားစွဲဌာနဖြစ်တဲ့ Crown Prosecution Service (CPS)ရဲ့အထူးရှေ့နေ ဂျိမ်းစ် ဖော်စတာက ယန်းဟာ "သူ့(ဂျိုအန်)ကို ဆေးခတ်ပြီး လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်နိုင်ဖို့ လုပ်ဆောင်ခဲ့တယ်။ အဲဒီလိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုကို မှတ်တမ်းတင်ရိုက်ကူးခဲ့သလို အခြားအမျိုးသားတွေကိုပါ အဲဒီနေရာကို လာရောက်ပြီး လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်စေဖို့ စီစဉ်ခဲ့တယ်" လို့ ပြောပါတယ်။

အွန်လိုင်းမှာ ကြော်ငြာကို မေးမြန်းခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ဒင်း ဟာမီလ်တန်ကတော့ ၂၀၁၅ ခုနှစ်မှာ ဂျိုအန်ကို မတရားပြုကျင့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂျိုအန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခံရတဲ့ တခြားအမျိုးသားတွေကတော့ အသက် ၃၂ နှစ်အရွယ် ကော်နာ ဆန်းဒါဆန် ဒေါ်ယယ်၊ အသက် ၆၂ နှစ်အရွယ် ရစ်ချတ် ဝီလ်ကင်စ်၊ အသက် ၄၈ နှစ်အရွယ် နော်မန် မက်ဆက်ကိုနီနဲ့ အသက် ၃၈ နှစ်အရွယ် မိုဟာမက် ဟက်ဆန်တို့ ဖြစ်ပါတယ်။

ဟက်ဆန်ဟာ အပေါ်မှာပြောခဲ့တဲ့ ဂျိုအန် နိုးလာချိန်မှာ "အောက်ကို ဆင်းလိုက်" လို့ ခင်ပွန်းဖြစ်သူ ယန်းက ပြောခဲ့သူဖြစ်ပါတယ်။

သူတို့ကတော့ ဂျိုအန်နဲ့ ယန်း နှစ်ဦးစလုံးရဲ့သဘောဆန္ဒနဲ့လက်ခံတယ်လို့ အခုလိုဖြစ်တယ်လို့ ယုံကြည်ပြီး ဂျိုအန်ဟာ အိပ်ချင်ယောင်ဆောင်နေခဲ့တာလို့ သူတို့အပြောခံခဲ့ရကြောင်း တရားရုံးမှာ ထွက်ဆိုပါတယ်။

တကယ်တော့ အဲဒီအချိန်မှာ ဂျိုအန်ဟာ ဆေးခတ်ခံခဲ့ရတာပါ။

"ဒါပေမဲ့ ဒီလို မတရားပြုကျင့်မှုတစ်လျှောက်လုံးမှာ သူတို့ဟာ ဂျိုအန် ယန်း ဖြစ်ချင်တာက ဘာလဲ ဆိုတာကို တစ်ကြိမ်တစ်ခါမှ မမေးခဲ့ကြသလို သူ့ဆန္ဒအပေါ်လည်း စိတ်ဝင်စားမှု မပြခဲ့ကြပါဘူး" လို့ ဖော်စတာက ပြောပါတယ်။

လိင်ဆက်ဆံဖို့ သဘောတူညီမှုဆိုတာ "မိမိဆန္ဒအလျောက် သဘောတူခြင်း ... နဲ့ အဲဒီရွေးချယ်မှုကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်းရှိခြင်း" ဖြစ်မှသာ ပေးနိုင်တယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။

"တရားလိုရဲ့သဘောတူညီမှုကို ရယူဖို့ သံသယတရားခံဟာ ဘယ်လိုအဆင့်တွေ ဆောင်ရွက်ခဲ့သလဲ၊ ဆောင်ရွက်ခဲ့ရဲ့လား" ဆိုတာကို စစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးသူတွေကို ညွှန်ကြားခဲ့ပါတယ်။

ဘရစ္စတိုတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင် ပါမောက္ခ မန်ရီယမ် ဟတ်စတာ က ဂျိုအန်မှာ "ငြင်းဆန်ဖို့ရာ မစွမ်းသာခဲ့ဘူး" လို့ ပြောပြီး "အိပ်ပျော်နေတဲ့အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး သဘောမတူကြောင်း ပြောနိုင်မှာလဲ'' လို့ မေးခွန်းထုတ်ပါတယ်။

"ဒါကြောင့် လုံးဝ ဆေးမိနေတဲ့အခြေအနေမှာလည်း အတူတူပါပဲ။ သဘောတူမလားဆိုတာ ဆုံးဖြတ်နိုင်တဲ့အနေအထား မရှိပါဘူး" လို့ သူက ဆိုပါတယ်။

ကျားမအခြေပြု အကြမ်းဖက်မှုကို နှစ်ပေါင်းများစွာသုတေသနလုပ်လာခဲ့တဲ့ ဟတ်စတာ က ဒီအမှုတွေဟာ အမျိုးသမီးတွေနဲ့ လိင်ကိစ္စအပေါ် လူတွေရဲ့သဘောထားအမြင်နဲ့ ပတ်သက်တဲ့ ပိုကျယ်ပြန့်တဲ့ မေးခွန်းတွေကို ပေါ်ပေါက်စေတယ်လို့ ပြောပါတယ်။

"ဒီလို လိင်ဆက်ဆံတာ အဆင်ပြေတယ်လို့ အမျိုးသားတွေ ဘာကြောင့် ထင်ကြတာလဲဆိုတာကို ကျွန်မတို့ မေးခွန်းထုတ်ရမယ်။ ပြီးတော့ အလွန်အမင်း မတရားဖိနှိပ်တဲ့ ဒီလိုလုပ်ရပ်တွေကို လိင်ဆက်ဆံမှုထဲမှာ ပုံမှန် သဘောထားလာတာကိုလည်း မေးခွန်းထုတ်ရမယ်။ ဒါဟာ တကယ် ပြဿနာရှိပါတယ်" လို့ သူက ပြောပါတယ်။

"အခုတော့ ဝက်ဘ်ဆိုက်အချို့အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဆိုတာကို ကျွန်မတို့ သိထားပါတယ်။ နိုင်ငံအမျိုးမျိုးမှာလည်း အလားတူ လုပ်ရပ်အတိအကျ ကျူးလွန်နေတဲ့ လူတွေကို ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် အလားတူ အမှုတွေ အများကြီး ထပ်မံ ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်မ ယူဆပါတယ်" လို့ ပြောပါတယ်။

ဒီအမှုက မတရားပြုကျင့်မှုတွေကို လွယ်ကူစေခဲ့တဲ့ အင်တာနက်စာမျက်နှာတွေရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံ ပေါ်ပေါက်လာစေပါတယ်။

ပို့စ်မောက်တက္ကသိုလ်က ဆိုက်ဘာရာဇဝတ်မှုနဲ့ ကျားမရေးရာ ပါမောက္ခ လီဆာ ဆူဂီရာက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ပုံမှန်လို မြင်လာစေတဲ့အကြောင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အွန်လိုင်းပလက်ဖောင်းတွေမှာ တာဝန်ရှိတယ်လို့ အခိုင်အမာ ပြောပါတယ်။

"မကြာခဏဆိုသလို ဒီဆိုက်တွေမှာ ပုံရိပ်အခြေပြု မတရားပြုကျင့်မှုတွေအပြင် အမျိုးသမီးတွေကို ဦးတည်တဲ့အလွန်အမင်း ကြမ်းတမ်းတဲ့ဘာသာစကားနဲ့ အတွေးအခေါ်တွေပါ ပါလာတတ်ပါတယ်" လို့ သူက ပြောပါတယ်။

"ကြီးကြပ်ကွပ်ကဲမှုနဲ့ တာဝန်ယူမှု မရှိဘဲ ဘာကြောင့် အွန်လိုင်းပေါ် ဒီလို စုဖွဲ့နိုင်အောင် ဒီလိုလုပ်ခွင့်ပေးထားသလဲဆိုပြီး တွေးမိပါတယ်။''

''ကိုယ်တိုင်နဲ့ ဇနီးကိုယ်စား ပြောနေတယ်လို့ အမျိုးသားတစ်ယောက် ပြောတာကို လက်ခံသင့် မသင့်ဆိုတဲ့မေးခွန်းအဆင့်အထိတောင် မရောက်သင့်ဘူး" လို့ သူက ဆိုပါတယ်။

အချက်အလက်တွေအရ ယူကေတဝန်းမှာ အလားတူ ဖြစ်နိုင်ခြေရှိတဲ့ပြစ်မှု ရာနဲ့ချီကို လက်ရှိ စုံစမ်းစစ်ဆေးနေပါတယ်။

ရာဇ၀တ်မှုတိုက်ဖျက်ရေးအမျိုးသားအဆင့်အေဂျင်စီ (NCA) က ဒီပြဿနာကို နိုင်ငံတကာ အရေးကိစ္စတစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းဖို့ "အရေးပေါ်လိုအပ်ချက်" ရှိတယ်လို့ ပြောပါတယ်။

NCA စုံစမ်းစစ်ဆေးသူတွေဟာ လိင်ကိစ္စဖလှယ်တဲ့အွန်လိုင်းစုဖွဲ့မှုတစ်ခုနဲ့ အဲဒီနောက်ဆက်တွဲအဖွဲ့တွေကို ချိတ်ဆက်ထားတဲ့လူပေါင်း ၂၇၀ ကျော်ကို ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။

အစိုးရတရားစွဲဌာန (CPS) ကတော့ ဒီလို ပြစ်မှုမျိုးကို စုံစမ်းစစ်ဆေးသူတွေအတွက် အသစ်ပေါ်ထွက်လာတဲ့စိန်ခေါ်မှုတစ်ခုအဖြစ် ဖော်ပြပါတယ်။

"ခင်ပွန်းတစ်ယောက်က သူ့ဇနီးကို ဆေးခတ်ပြီး မတရားပြုကျင့်တဲ့အပြင် အခြားအမျိုးသားတွေကိုပါ မတရားပြုကျင့်ဖို့ စီစဉ်ပေးတဲ့ ဒီလိုပြစ်မှုမျိုးဟာ အသစ်ပေါ်လာတဲ့ ပြစ်မှုအမျိုးအစားတစ်ခုလို့ ထင်ရပါတယ်" လို့ ဖော်စတာက ပြောပါတယ်။

ပါမောက္ခ ဆူဂီရာကတော့ ဒီလို ပြစ်မှုမျိုးဟာ အသစ်မဟုတ်ဘူးလို့ဆိုပါတယ်။

နှစ်ပေါင်းများစွာ ရှိနေခဲ့နိုင်တဲ့မတရားပြုကျင့်မှုတွေကို နည်းပညာကြောင့် လွယ်လွယ်ကူကူဖုံးနိုင် ဖိနိုင်ဖြစ်စေတယ်လို့ သူက ယုံကြည်နေတာပါ။

"နည်းပညာကြောင့် နာမည်ဖော်စရာမလို၊ ဘယ်သူမှန်းမသိအောင် လုပ်လို့ရတာတွေဖြစ်နေစေတယ်။ ဘယ်သူဆိုတာ ခွဲခြားနိုင်ဖို့ ပိုခက်သွားနိုင်တယ်။ အပြင်လောကမှာ လေးစားခံပုံရိပ်ကို ပြပြီး အွန်လိုင်းမှာတော့ ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေကို ကျူးလွန်တာမျိုးလည်း ဖြစ်စေပါတယ်" လို့ သူက ပြောပါတယ်။

ပြီးတော့ ကျူးလွန်သူတွေဟာ အမျိုးသမီးမုန်းတီးတဲ့သဘောထားတွေကို အားပေးလှုံ့ဆော်ပြီး မတရားပြုကျင့်မှုဆိုင်ရာအကြောင်းအရာတွေ မျှဝေတဲ့ ပိုကျယ်ပြန့်တဲ့ အွန်လိုင်းအသိုင်းအဝိုင်းတွေအတွင်း လှုပ်ရှားနေကြတာ မကြာခဏ တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

"ဒါတွေက ဘယ်တုန်းကမှ သီးခြားဖြစ်ရပ်တွေ မဟုတ်ခဲ့ပါဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်''

''သူတို့ဟာ အမျိုးသမီးတွေကို အလွန်အမင်း နှိပ်စက်တဲ့ကိစ္စတွေကို တခြားသူတွေနဲ့ မျှ၀ေတာ၊ တိုက်တွန်းတာ၊ နည်းလမ်းမျှ၀ေတာ၊ အားပေးတာမျိုးလုပ်တဲ့ ပိုကြီးမားတဲ့ကွန်ရက်ကြီးထဲက အပိုင်းတစ်ပိုင်းလည်းဖြစ်နေနိုင်ပါတယ်''

"အလားတူအမှုတွေ အများကြီး ထပ်မံ ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။