၁၉၆၂ နဲ့ ဦးချစ်လှိုင်၊ အောင်ဗလ၊ ဦးသက်ထွန်း- ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လူသုံးယောက်

    • ရေးသားသူ, ဘိုဘို
    • ရေးသားပေးပို့သည့်နေရာ, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၃

လွန်ခဲ့တဲ့ နှစ်တရာက မွေးဖွားခဲ့တဲ့ မြန်မာအမျိုးသားသုံးယောက်ရဲ့ ဘ၀ခရီးက ကွာခြားခဲ့ပါတယ်။ သုံးဦးလုံး သူ့နယ်နဲ့သူ ထင်ရှားအောင်မြင်ခဲ့ကြပြီး နာမည်တွင်ကျန်ရစ်ခဲ့ပေမယ့် ဘ၀အကျိုးပေး ကွာခြားတာတွေ ရှိခဲ့ပါတယ်။ ကိုကိုမောင်ခေါ် ဦးချစ်လှိုင်၊ အောင်ဗလ ခေါ် ကြေးမုံဦးသောင်းနဲ့ သံအမတ်ကြီး ဦးသက်ထွန်းဆိုတဲ့ ပုဂ္ဂိုလ်သုံးဦးဟာ စာရေးဆရာတွေအဖြစ်လည်း ထင်ရှားခဲ့ပြီး မြန်မာနိုင်ငံရေး၊ စာနယ်ဇင်းနဲ့ ပညာရပ်နယ်ပယ်တွေမှာ သူ့နည်းသူ့ဟန်နဲ့ ထွန်းပေါက်ခဲ့ကြပါတယ်။

ပထမနှစ်ဦးက မြန်မာပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသက လာကြပြီး ဦးသက်ထွန်းကတော့ ရန်ကုန်သားဖြစ်ပါတယ်။ လာတဲ့ လူတန်းစားနောက်ခံလည်း ကွဲပြားပြီး ဦးသက်ထွန်းတယောက်ပဲ အထက်လွှာလောကမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ပညာရေးအရလည်း ဦးချစ်လှိုင်နဲ့ ဦးသက်ထွန်းတို့ နှစ်ဦးဟာ ပြင်သစ်၊ ဂျပန်၊ ဗြိတိန်နိုင်ငံတွေမှာ သင်ယူခဲ့ပြီး အောင်ဗလက အခြေခံပညာရေး၊ ကိုယ်ထူကိုယ်ထ လေ့လာရေးတွေနဲ့ ကြီးပြင်းခဲ့ရသူပါ။ ဒီလိုကွဲပြားတဲ့ နောက်ခံတွေ ရှိပေမယ့် သူတို့ဘ၀မှာ ၁၉၆၂ အာဏာသိမ်းပွဲရဲ့ ရိုက်ခတ်ချက်တွေနဲ့ ကြုံခဲ့ရပြီး ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ထိစပ်ပတ်သက်ခဲ့ရပါတယ်။ ဒီပတ်သက်မှု အဆိုးအကောင်းပေါ် မူတည်ပြီး သူတို့ဘဝတွေ ပြောင်းလဲခဲ့သလို ဦးချစ်လှိုချစ်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ ပူးပေါင်းအားထုတ်မှုကြောင့် မြန်မာပြည်ရဲ့ ကံကြမ္မာလည်း တဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်မီ ကိုလိုနီခေတ်မှာ လူဖြစ်ခဲ့ကြတဲ့ မြန်မာလူငယ်သုံးဦးဟာ ဆယ်ကျော်သက်ဘဝနဲ့ ကမ္ဘာစစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ စစ်အတွင်း ဖက်ဆစ်တော်လှန်ရေးမှာ ပထမနှစ်ဦး ပါဝင်ခဲ့ပြီး ကိုသက်ထွန်းကတော့ စစ်အတွင်း ဂျပန်မှာ ပညာတော်သင် စေလွှတ်ခံခဲ့ရပါတယ်။ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးကာလ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမငြိမ်သက်တဲ့ ကာလတွေမှာလည်း အလံနီ၊ ဆိုရှယ်လစ်၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေနဲ့ ပထမနှစ်ဦး ထိတွေ့ခဲ့ကြပြီး ကိုသက်ထွန်းကတော့ ဗြိတိန် ပညာတော်သင်ဘဝနဲ့ အမေရိကန်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဝန်ထမ်းအဖြစ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

၁၉၆၂ အာဏာသိမ်းပွဲ မဖြစ်ခင်မှာတော့ သူတို့သုံးဦးလုံး ရန်ကုန်မှာ သူ့နည်းသူ့ဟန်နဲ့ ထင်ရှားသူတွေ ဖြစ်နေပါပြီ။ ဦးချစ်လှိုင်က တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးမှာ ပြင်သစ်ပြန် အရာရှိ ဖြစ်နေသလို အောင်ဗလကလည်း ဗမာ့ခေတ်၊ ကြေးမုံ၊ ရှုမဝ စတဲ့ ဖဆပလခေတ် စာနယ်ဇင်းတွေကနေ ထွန်းတောက်လာတဲ့ သတင်းစာဆရာ၊ ဝတ္ထုရေးဆရာ ဖြစ်နေပါတယ်။ ဦးသက်ထွန်းကတော့ အစိုးရ ဗဟိုစာရင်းအင်းအဖွဲ့မှာ အရာရှိဖြစ်နေပြီး နိုင်ငံတကာ အစည်းအဝေးတွေ တက်ရတဲ့ ဘဏ္ဍာရေး ပညာရှင်တယောက် ဖြစ်ပါတယ်။

အာဏာသိမ်းပွဲအပြီးမှာတော့ မြဝတီမဂ္ဂဇင်းမှာ ကိုကိုမောင်အမည်နဲ့ ဦးချစ်လှိုင် ရေးသားခဲ့တဲ့ နာမရူပ ဝါဒကို အခြေခံတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပေါ်ထွက်လာပြီး အောင်ဗလကတော့ ကြေးမုံအယ်ဒီတာဘဝနဲ့ ထောင်ထဲ ရောက်သွားခဲ့ပါတယ်။ ထောင်ထဲက ပြန်ထွက်လာပြီးတဲ့နောက် ပြည်သူပိုင် သိမ်းထားတဲ့ ကြေးမုံသတင်းစာမှာ အယ်ဒီတာ ဆောင်းပါးရှင်ဘဝနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အောင်ဗလကြားမှာ ဆက်ဆံရေး ဖြောင့်ဖြူးပြီး သြဇာကြီးတဲ့ ကလောင်တချောင်း ဖြစ်လာခဲ့ပါတယ်။ ဦးသက်ထွန်းကတော့ အာဏာသိမ်း တော်လှန်ရေးကောင်စီထဲက ဗိုလ်ချုပ်နီလို့ ထင်ရှားတဲ့ ဗိုလ်မှူးချုပ်တင်ဖေနဲ့ ဦးဘညိမ်၊ ဦးချစ်မောင် စတဲ့ လက်ဝဲစွန်းဂိုဏ်းသားတွေရဲ့ အလွန်အမင်း ပြည်သူပိုင်သိမ်းမှုနဲ့ စီးပွားရေးထိန်းချုပ်မှု ကို တခြားပညာရှင်တွေနဲ့အတူ တွန်းလှန်ရင်း စီးပွားရေး လွန်ကျွံမှုတွေဒဏ်က နိုင်ငံ သက်သာရာရအောင် ကြိုးစားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးအတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆရာ

ပါရီတွင် သောင်တင်ခဲ့စဉ်က၊ အာကာကိုလွှာပုံပြုပါလို့ စတဲ့ ဆောင်းပါးရှည်ကြီးတွေနဲ့ မြဝတီမဂ္ဂဇင်းမှာ ထင်ရှားခဲ့တဲ့ ကိုကိုမောင် ခေါ် ဦးချစ်လှိုင်ဟာ ဖဆပလခေတ်မှာ ပြည်ထဲရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ မိုးကုတ်သား သခင်သာခင်ရဲ့ ယောက်ဖဖြစ်ပါတယ်။ ကိုလိုနီခေတ်နှောင်းမှာ ကြီးပြင်းခဲ့ကြတဲ့ တခြားမြန်မာလူငယ်တွေလိုပဲ ဦးချစ်လှိုင်ရဲ့ ငယ်ဘဝမှာ တို့ဗမာအစည်းအရုံးနဲ့ နဂါးနီအသင်းက ဖြန့်ဖြူးတဲ့ လက်ဝဲဝါဒ စာပေတွေရဲ့ သြဇာက ကြီးစိုးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘီအိုင်အေ၊ ကွန်မြူနစ်ပါတီနဲ့ စစ်ပြီးခေတ်မှာ သခင်စိုးရဲ့ အလံနီပါတီတွေနဲ့ ထိတွေ့ခဲ့တဲ့ ကိုချစ်လှိုင်ဟာ လွတ်လပ်ရေးရပြီးနောက် အလံနီတွေနဲ့ တောခိုရာမှာ ပါမသွားဘဲ ဆိုရှယ်လစ်ရဲဘော်တွေရဲ့ ဗီယက်နမ်ကူညီရေး ခရီးမှာ ကိုသန်း (ကြည့်မြင်တိုင်)၊ ဗိုလ်ဘုန်းအောင်တို့နဲ့အတူ ပါသွားပါတယ်။

ဗီယက်နမ်ကအပြန် ဆိုရှယ်လစ်နဲ့ လက်ဝဲဝါဒ စိတ်သန်သူတွေ တည်ထောင်တဲ့ ပြည်သူ့စာပေတိုက်မှာ ပါဝင်ရင်း ဆိုရှယ်လစ် ခေါင်းဆောင် ဦးဗဆွေရဲ့ အစီအစဉ်နဲ့ ဆိုဗီယက်မှာ ပညာသင်ဖို့ ကိုချစ်လှိုင်ကြိုးစားပေမယ့် ပြည်ဝင်ခွင့်မရဘဲ ပြင်သစ်က ဆော်ဘွန်းတက္ကသိုလ်မှာ ပညာသင်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပ်မတော် ရန်ပုံငွေနဲ့ သင်ယူတာဖြစ်လို့ အပြန်မှာ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ အရပ်သား အရာရှိအဖြစ် အမှုထမ်းရင်း ကိုကိုမောင်၊ ရွှေမိုး စတဲ့ ကလောင်အမည်တွေနဲ့ မြဝတီ မဂ္ဂဇင်းမှာ ကွန်မြူနစ် ဆန့်ကျင်ရေးနဲ့ ဆိုရှယ်လစ် ဝါဒသစ် ထူထောင်ရေးဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ယူဂိုဆလားဗီးယား ကွန်မြူနစ် ခေါင်းဆောင် ဂျီးလပ်စ်နဲ့ တွေ့ဆုံခဲ့ရတဲ့ ကိုချစ်လှိုင်ဟာ ဆိုဗီယက်နဲ့ တရုတ် ကြီးစိုးတဲ့ အရှေ့အုပ်စုပုံစံ ကွန်မြူနစ်ဝါဒထက် စီးပွားရေးလွတ်လပ်ခွင့် အတော်အတန်ရှိတဲ့ မာရှယ်တီးတိုးပုံစံ ဆိုရှယ်လစ်ဝါဒကို အားကျခဲ့ပုံ ရပါတယ်။ ဒါနဲ့ပဲ နာမရူပဝါဒအဖြစ် မြဝတီမှာ သန္ဓေတည်ခဲ့တဲ့ ဝါဒဟာ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား အဖြစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ပေါ်ထွန်းလာပါတယ်။

ပြင်သစ်က ပြန်ရောက်စ ၁၉၅၆ က ဖဆပလ ပြန်လည်စည်းရုံးရေးအတွက် ကိုချစ်လှိုင်တယောက် ဦးနုကို ကူညီခဲ့ရပေမယ့် ၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက်ပိုင်းမှာတော့ စစ်တပ်က ဖဆပလကို ဝန်းရံတဲ့အဆင့်ကနေ ကိုယ်ပိုင်ပါတီသစ် ထူထောင်ပြီး နိုင်ငံရေးလုပ်ဖို့ စိုင်းပြင်းလာဟန် ရှိပါတယ်။ နောင်မှာ ဗိုလ်မှူးချုပ်နီအဖြစ် ထင်ရှားလာတဲ့ ဗိုလ်မှူးချုပ်တင်ဖေနဲ့ ဗိုလ်မှူးကြီးတစုတို့ ဆိုရှယ်လစ်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဆီမှာ သဘောတရားရေး သင်တန်းတက်နေစဉ်မှာပဲ ကိုချစ်လှိုင်ကလည်း ပါတီသစ်မှာ ပါဝင်မယ့် လူငယ်ကေဒါတွေကို အာဏာမသိမ်းခင် တနှစ်လောက်ကတည်းက စတင်ရှာဖွေနေပါတယ်။ ဒါကြောင့် ဖက်ဒရယ်မူကိစ္စ အကြောင်းပြပြီး ၁၉၆၂ မှာ အာဏာသိမ်းခဲ့ပေမယ့် နိုင်ငံရေးသမားတွေလက်ထဲက အာဏာကို ရယူဖို့ ဒီမတိုင်ခင်ကပဲ စစ်ခေါင်းဆောင်တွေ ပိုင်းဖြတ်ပြီး ဖြစ်ပုံရပါတယ်။

ဒီလို ကြံစည်ပြီး အာဏာသိမ်းခဲ့ရာမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၆၂ ဧပြီမှာ ကြေညာနိုင်ပေမယ့် အညမညသဘောတရားကိုတော့ ၁၉၆၃ ကျမှ ကိုချစ်လှိုင် ရေးသားပြီးစီးပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်။ အရပ်သားကေဒါတွေနဲ့ မတည်ပြီး သဘောတရားရေးတွေ ဖြန့်ဖြူးပြီး တည်ထောင်တဲ့ ပုံမှန်ဆိုရှယ်လစ်ပါတီမျိုး မဟုတ်တဲ့ လမ်းစဉ်ပါတီဟာ စစ်ဗိုလ်အရာရှိတွေနဲ့ တောပြန်လက်ဝဲသမားတွေကို အားထားတည်ထောင်တာဖြစ်လို့ စကတည်းက စစ်တပ်နဲ့ တောပြန်အုပ်စုကြား အာဏာပြိုင်ဆိုင်မှုက ရှိခဲ့ပါတယ်။

ဗိုလ်မှူးချုပ်တင်ဖေနဲ့ ဦးဘညိမ်တို့အုပ်စုရဲ့ အလွန်အကျွံ ပြည်သူပိုင်သိမ်းရေး လမ်းစဉ်နဲ့ ကျောင်းသားဆန္ဒပြပွဲတွေအပေါ် စစ်တပ်ဖိနှိပ်ဖြိုခွဲမှုတွေကြောင့် လူကြိုက်မများခဲ့တဲ့ လမ်းစဉ်ပါတီဟာ ၁၉၇၂ မှာ အမြုတေပါတီကနေ ပြည်သူ့ပါတီ ဖြစ်လာပေမယ့် အာဏာရှင်ကြိုးဆွဲပါတီ ဆက်ဖြစ်နေပြီး မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကလည်း အစိုးရရုံးတွင်း ရာထူးတက်လိုသူတွေနဲ့ အာဏာရလောကမှာ ဝင်ဆန့်လိုသူတွေအတွက် လှေကားထစ်လို ဖြစ်နေခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြားက ဦးချစ်လှိုင် နောက်ဆုတ်ပြီး ပါတီက ခွာခဲ့ပေမယ့် ပါတီဥက္ကဋ္ဌနဲ့ သမ္မတ ဦးနေဝင်းဆီကိုတော့ အဝင်အထွက်မပြတ်ဘဲ နေခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းမှာ သားဖြစ်သူ ကိုမိုးမြင့် ပါဝင်လှုပ်ရှားရင်း စစ်အစိုးရသစ်ကို ဆန့်ကျင်မှုနဲ့ ထောင်ကျခဲ့ပါတယ်။

ဦးချစ်လှိုင်ကတော့ ကိုကိုမောင်ကြီးအမည်နဲ့ ရေးတဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ဦးနေဝင်းက သူ အနိစ္စ အနတ္တ တရားတွေကို သိခဲ့ရင် ၁၉၆၂ အာဏာသိမ်းတာမျိုး လုပ်မှာ မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ရေးခဲ့ပါတယ်။ တခါ စစ်ဗိုလ်ချုပ်တွေ လမ်းညွှန်မှုနဲ့ ဆိုရှယ်လစ် သဘောတရားရေး ထူထောင်ခဲ့ရတဲ့ ဦးချစ်လှိုင်က ၁၉၆၂ က ဖြစ်တဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ကျောင်းသားသမဂ္ဂ ဖောက်ခွဲဖျက်ဆီးခံရမှုနဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကို ဘဝင်မကျကြောင်းလည်း ကိုကိုမောင်ကြီး အမည်နဲ့ ရေးတဲ့ သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။ စစ်တပ်မှာ အမိန့်နာခံမှုနဲ့ အုပ်ချုပ်နိုင်ပေမယ့် နိုင်ငံရေးမှာတော့ စည်းရုံးမှုနဲ့ ဆောင်ရွက်ရကြောင်း ဦးချစ်လှိုင်က ထောက်ပြပြီး ဦးဘညိမ်ရဲ့ မအောင်မြင်တဲ့ ပြည်သူပိုင်သိမ်းမှုကို နမူနာပြပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့တဲ့ နိုင်ငံရေးက ကွန်မြူနစ်ပုံစံ တပါတီအာဏာရှင်စနစ်နဲ့ နိုင်ငံတော်က စီမံအုပ်ချုပ်တဲ့ ဆိုရှယ်လစ် နာမည်ခံ နိုင်ငံတော်အရင်းရှင်စနစ် ဖြစ်ခဲ့ကြောင်း ဦးချစ်လှိုင်က နိုင်ငံရေး သရုပ်ခွဲပြခဲ့ပါတယ်။ ဦးနေဝင်းဟာ ၁၉၇၂ ထိ နှစ်ပါတီစနစ်ကျင့်သုံးမလား စဉ်းစားခဲ့လို့ တရားသေ နိုင်ငံရေးသမားမဟုတ်ဘူး ဆိုပြီး ထောက်ပြပါတယ်။

သူ့လိုပဲ ပြင်သစ်မှာ ပညာသင်ခဲ့ပြီး အပြန်မှာ ထိုင်းရဲ့ အကြွင်းမဲ့ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာပရီဒီနဲ့ မတူတဲ့ ဦးချစ်လှိုင်ဟာ ခမာနီခေတ်မှာ ကမ်ပူးချားသမ္မတ ဖြစ်ခဲ့တဲ့ ဒေါက်တာခယူဆမ်ဖန်နဲ့လည်း မတူပြန်ပါဘူး။ ခယူဆမ်ဖန်တို့ ပဲရစ် ကျောင်းသားအုပ်စုနဲ့ ဦးချစ်လှိုင်တို့ ခေတ်ပြိုင်ဖြစ်ပေမယ့် ဦးချစ်လှိုင်က သဘောတရားရေးဆရာအဖြစ် စစ်ဗိုလ်ချုပ်တွေကြားမှာ တိုးလို့မပေါက်ခဲ့သူ ဖြစ်ပါတယ်။ ခမာနီလိုပဲ လူမျိုးရေးအမြင်ကျဉ်းတဲ့ တံခါးပိတ်လက်ဝဲဝါဒ ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ခမာနီတွေလို ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်တာ၊ ဘာသာရေးနှိပ်ကွပ်တာတွေအထိ အစွန်းမရောက်ခဲ့ပါဘူး။ ထိုင်းက လက်ဝဲဝါဒီ ပရီဒီ စစ်ဗိုလ်ချုပ်တွေနဲ့ နန်းတော်ရဲ့ အာဏာကို မယှဉ်ပြိုင်နိုင်ဘဲ ပြည်ပထွက်ပြေးရသလိုမျိုးလည်း ဦးချစ်လှိုင် မဖြစ်ခဲ့ဘဲ စစ်ဗိုလ်ချုပ်တွေနဲ့ အလိုက်သင့်နေပြီး လမ်းစဉ်ပါတီရဲ့ ဇာတ်သိမ်းခန်းကို ကြည့်ခဲ့ရပါတယ်။

နိုင်ငံရေးလက်တွေ့ဝါဒီတွေ ဖြစ်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဆိုရှယ်လစ်ခေတ်စားချိန် ဆိုရှယ်လစ်၊ ဒီမိုကရေစီ ခေတ်စားချိန် ဒီမိုကရေစီ ဆိုသလို နိုင်ငံရေးရာသီချိန်ကို ကြည့်ပြီး အာဏာကို စစ်အုပ်စုချင်း လွှဲပြောင်းပေးတတ်တဲ့အတွက် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေအုပ်စုတွေကနေ ဗိုလ်မင်းအောင်လှိုင်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီခေတ်ထိ ရောက်လာပြီ ဖြစ်ပါတယ်။ ဒီလို ခေတ်တွေပြောင်း၊ နိုင်ငံရေးအကွေ့တွေ ပြောင်းခဲ့ပေမယ့် ဦးချစ်လှိုင်ခေတ်ကလို တခမ်းတနား နိုင်ငံရေးလမ်းစဉ် ရေးဆွဲပြီး စစ်တပ်က အာဏာကို ချုပ်ကိုင်နိုင်တဲ့ အနေအထားကတော့ ပြန်ရောက်မလာသေးပါဘူး။

သမိုင်းရဲ့ ပြောင်လှောင်မှုအနေနဲ့လည်း တချိန်က ခေတ်မီရေး၊ လက်၀ဲဆန့်ကျင်ရေး၊ ဘာသာရေးအစွန်းရောက်မှု ဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ စစ်တပ်ပိုင် မြ၀တီမဂ္ဂဇင်းရဲ့ ကလောင်ရှင် ကိုကိုမောင် ခေါ် ဦးချစ်လှိုင်ရေးဆွဲပေးတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်က ပေါက်ဖွားလာတဲ့ မြန်မာပြည်သစ်ဟာ ရှေးရိုးစွဲ ဘာသာရေးနဲ့ အမျိုးသားရေး ထိန်းကျောင်းမှုတွေအောက်က အရှေ့အုပ်စုပုံစံ တပါတီ ဆိုရှယ်လစ်နိုင်ငံ ဖြစ်ခဲ့ရုံမကဘဲ အာဖရိကနဲ့ လက်တင်အမေရိကမှာ ဆိုဗီယက် ပျိုးထောင်ပေးခဲ့တဲ့ စစ်ဆိုရှယ်လစ်နိုင်ငံမျိုးလည်း ဖြစ်လာခဲ့ပါတယ်။ ကိုကိုမောင်ဟာ ပါရီမြို့က အနောက်တိုင်း ပညာတတ်တွေကြားက လွတ်လပ်ရဲတင်းတဲ့ နေထိုင်မှုပုံစံကို မြန်မာစာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သူအဖြစ် လူသိများရုံသာမက ဒေစီရေး၊ ဒွန်ဂျူ၀မ်း စတဲ့ အနောက်တိုင်း ရာဇ၀င် အချစ်ဇာတ်လမ်းတွေကိုလည်း ပြန်ဆိုပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနဲ့ သတင်းစာဆရာ

၁၂ နှစ်သားနဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ညောင်ဦး ကျောင်းသားသမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့တဲ့ အောင်ဗလ ခေါ် ဦးသောင်းဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကွန်မြူနစ် ဖြစ်လာပြီး ဦးချစ်လှိုင်လိုပဲ သခင်စိုးရဲ့ အလံနီဘက် ယိမ်းခဲ့သလို ဦးဗဆွေရဲ့ မယားညီအစ်ကို ဗိုလ်မှူးကြီး ကြည်ဝင်းရဲ့ တပည့်လည်း ဖြစ်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ နိုင်ငံရေး စိတ်ကုန်ပြီး သတင်းထောက် ဖြစ်လာတဲ့ ကိုသောင်းဟာ ကွန်မြူနစ်ဘဝက နာမည်ဝှက် အောင်ဗလအမည်နဲ့ လက်ယာယိမ်း ဗမာ့ခေတ်သတင်းစာကြီးရဲ့ နာမည်ကျော် သတင်းထောက် ဖြစ်လာပါတယ်။

ဗမာ့ခေတ် ဦးအုန်းခင်ရဲ့ တပည့်လက်ရင်းဖြစ်တဲ့ အောင်ဗလဟာ အဝါရောင် သတင်းလို့ ခေါ်တဲ့ မှုခင်းနဲ့ အိမ်ထောင်ရေးအကွဲအပြဲ သတင်းတွေ လိုက်ရာမှာ နာမည်ကြီးသလို နိုင်ငံရေး သတင်းထောက်အဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရကို လုပ်ကြံမှု၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ် လုပ်ကြံခံရမှု၊ ဟယ်ရီတန် ခုနစ်တန်း မေးခွန်းပေါက်မှု အရေးအခင်း စတဲ့ နာမည်ကြီး နိုင်ငံရေးသတင်းတွေအပြင် ဖဆပလခေတ်က ဟိုးဟိုးကျော်ခဲ့တဲ့ ဓားပြ စိန်ဓားမြှောင်ရဲ့ ဓာတ်ပုံကို ရအောင် ခဲရာခဲဆစ် ရှာဖွေဖော်ပြခဲ့ပါတယ်။

သတင်းလောကမှာသာမက မိန်းမပုံပြင်၊ အောင်ဗလ ပြဇာတ်များ စတဲ့ ထင်ရှားတဲ့ ဟာသပြဇာတ်နဲ့ ဝတ္ထုတွေကို ရေးသားခဲ့တဲ့ အောင်ဗလဟာ အချစ်အတွက် တဝဂူမှာ ပိတ်ဆို့ အသတ်ခံခဲ့ရတဲ့ စောင်းဆရာလေးနဲ့ ချစ်သူမိန်းကလေးအကြောင်း တဝဂူမှ ဂီတ ဇာတ်လမ်းနဲ့လည်း ထင်ရှားခဲ့ပါတယ်။ အောင်ဗလရဲ့ ပထမအိမ်ထောင် ဒေါ်မြမြစိန်ကလည်း ရှုမဝ တထောင်ဆုရ စာရေးဆရာမအဖြစ် ထင်ရှားခဲ့ပါတယ်။

သမိုင်းဝင် မြန်မာပြဇာတ်များ ကတော့ အောင်ဗလရဲ့ စာပေလေ့လာမှု လက်ရာတအုပ် ဖြစ်ပါတယ်။

ဒီအောင်မြင်မှုတွေနဲ့ မတင်းတိမ်သေးဘဲ ဗြိတိန်က ဒေးလီးမေရာသတင်းစာကို နမူနာယူပြီး ကြေးမုံသတင်းစာကို အယ်ဒီတာချုပ် ဇဝန၊ အယ်ဒီတာ ဦးဝင်းတင်တို့နဲ့အတူ ၁၉၅၇ မှာ အောင်ဗလ တည်ထောင်ခဲ့ပါတယ်။ အဲဒီချိန်က မြန်မာပြည်မှာ စောင်ရေအများဆုံး စောင်ရေ ကိုးသောင်းထိ ပုံနှိပ်ခဲ့ရတဲ့ ကြေးမုံသတင်းစာဟာ သတင်းဓာတ်ပုံကောင်းမှု၊ သတင်းစာအပြင်အဆင် ခေတ်မီဆန်းသစ်မှုနဲ့ အရေးအသားသွက်လက်မှုတွေကြောင့် ခေတ်ပြိုင် မြန်မာသတင်းစာတွေနဲ့ မတူကွဲထွက်ပြီး အောင်မြင်ခဲ့ပါတယ်။ ကြေးမုံရဲ့ အရေးအသားက လက်ဝဲယိမ်းပြီး အဲဒီခေတ် မြန်မာသတင်းစာဖတ်ပရိသတ်ကို သြဇာညောင်းခဲ့ကြောင်းလည်း သတင်းစာဆရာ ဦးညိုမြက ဦးသောင်းရဲ့ ဗမာ့ခေတ်မှ ကြေးမုံသို့ စာအုပ်အမှာစာမှာ ရေးသားခဲ့ပါတယ်။ ကြေးမုံဟာ မြန်မာပြည်မှာ တယ်လီပရင့်တာစက်ကို ပထမဆုံးသုံးပြီး ပြည်ပနဲ့ သတင်းပို့ သတင်းယူ လုပ်တဲ့ သတင်းစာတိုက်ဖြစ်တယ်လို့ အောင်ဗလက ရေးသားခဲ့ပါတယ်။

ဒီအချိန်မှာပဲ ၁၉၆၂ စစ်အာဏာသိမ်းပွဲနောက်ပိုင်း သတင်းစာတွေကို ဖိနှိပ်အရေးယူလာရာမှာ ၁၉၆၄ အရောက်မှာတော့ အောင်ဗလ ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး အင်းစိန်ထောင်မှာ သုံးနှစ် ဝါဆိုခဲ့ရသလို သတင်းစာကိုလည်း ပြည်သူပိုင် သိမ်းခံခဲ့ရပါတယ်။ ထောင်က ပြန်လွတ်လာပြီးနောက် တချိန်က တလ သုံးထောင် ဝင်ငွေရှိခဲ့တဲ့ အောင်ဗလဟာ တလ သုံးရာစား ပြည်သူပိုင် သတင်းစာဝန်ထမ်းအဖြစ် ဘဝကို ပြန်စခဲ့ရပါတယ်။ ကြည့်သောသူသည် မြင်၏၊ ကျွန်တော် ကြားဖူးသလို ပြောဆိုပါမည် စတဲ့ နာမည်တွေနဲ့ စစ်အစိုးရကို စောင်းပါးရိပ်ခြည် ထောက်ပြတဲ့ ဆောင်းပါးတွေ ရေးပြီး ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ရင်းနှီးတဲ့ ကြေးမုံ ပင်တိုင်ဆောင်းပါးရှင်အဖြစ် အောင်ဗလ ထင်ပေါ်ခဲ့သလို ဖဆပလခေတ် သတင်းလောကကို မှတ်တမ်းတင်တဲ့ ဗမာ့ခေတ်မှ ကြေးမုံသို့ စာအုပ်ကိုလည်း ကြေးမုံ ဦးသောင်း အမည်နဲ့ ရေးသားခဲ့ပါတယ်။

သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာ၊ ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းစာတိုက်တွေကို အုပ်ချုပ်ရတဲ့ ဒုတိယညွှန်ကြားရေးမှူး ဘဝတွေနဲ့ ဆယ်နှစ် ကျင်လည်ခဲ့ပြီးနောက် ၁၉၇၇ မှာ အမေရိကန်ထွက်ပြီး စစ်အစိုးရကို ဆန့်ကျင်ရေးသားရာက ပြည်တော်မပြန်နိုင်ဘဲ အတိုက်အခံ သတင်းစာဆရာ ဖြစ်လာခဲ့ပါတယ်။ လမ်းစဉ်ပါတီ အတွက် ဝါဒဖြန့်ဖို့ အမေရိကန် လွှတ်တာကို မြန်မာအစိုးရ ဆိုးယုတ်မှုတွေကို အောင်ဗလ ဟောကြားရေးသားနေတာကို ဦးနေဝင်း ဒေါသူပုန်ထပြီး မြန်မာပြည်မှာ ကျန်တဲ့ သူ့ ပစ္စည်းတွေကို သိမ်းတယ်လို့ ဆိုပါတယ်။ အောင်ဗလစာတွေကို မထုတ်ဖို့ တားမြစ်ခဲ့တဲ့အတွက် နှစ် ၃၀ ကျော် သူ့စာအုပ်အသစ်တွေ မြန်မာပြည်ထဲမှာ မထုတ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

အောင်ဗလ ခေါ် ဦးသောင်း အင်္ဂလိပ်လို ရေးတဲ့ မြန်မာပြည်က သတင်းစာဆရာ၊ ဗိုလ်ချုပ်ကြီးနဲ့ စစ်တပ် စာအုပ်ကို ဘီလူးတို့ရွာ ဆိုပြီး မြန်မာလို ပြန်ဆိုကာ လွတ်လပ်တဲ့ အာရှအသံကနေ အသံလွှင့် ဆောင်းပါးအဖြစ် ထုတ်လွှင့်ပြီး စာအုပ်ထုတ်ခဲ့ပါတယ်။ ပြည်တွင်းမှာ ရေးခဲ့တဲ့ ဗမာ့ခေတ်မှ ကြေးမုံသို့ နဲ့ မတူဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာနဲ့ ရာထူးစည်းစိမ်မက်မောမှု၊ ပြည်သူအပေါ် ဖိနှိပ်မှုတွေကို ရယ်ရင်း မောစရာဖြစ်အောင် စာပြောင်အဖြစ် ဘီလူးတို့ရွာမှာ မှတ်တမ်းတင် ရေးထားခဲ့ပါတယ်။ ပြည်သူပိုင် သိမ်းပွဲကြီး၊ သတင်းမှောင်ချသော တာဝန်ကြီး၊ အာဏာကို လူထုလက်သို့ အကြိမ်ကြိမ်ပြန်အပ်ခြင်း၊ ဗိုလ်နေဝင်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး စတဲ့ အခန်းခွဲ နာမည်တွေကို ကြည့်ရင်ပဲ အောင်ဗလရဲ့ လက်သံပြောင်ပုံကို ရိပ်စားနိုင်ပါတယ်။ ဦးနေဝင်းနှင့် လက်မရွံ့ အာဏာသားများ ၊ ဗိုလ်နေဝင်း၏ စစ်ဓားပြ လမ်းစဉ် စတဲ့ အောင်ဗလရဲ့ စာအုပ်တွေကလည်း ၁၉၆၂ နောက်ပိုင်း မြန်မာပြည်သူတွေ ကြုံခဲ့တဲ့ စစ်အာဏာသိမ်းခေတ်ရှည်ကြီးကို ပြောင်မြောက်စွာ ရေးဖွဲ့ခဲ့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

သတင်းစု ရေးနည်း၊ ဆန့်ကျင်ဘက် ရေးနည်း၊ မေးခွန်း ရေးနည်း၊ အကြောင်းသရုပ်ဖော် ရေးနည်း၊ ပန်းချီကား ရေးနည်း၊ အချက်အလက်များ ရေးနည်း၊ ဥပစာတင်စား ရေးနည်း၊ စာပေပညာရှိစကားနဲ့ ရေးနည်း၊ ပုံကြီးချဲ့ သရော်စာ ရေးနည်း၊ မှီငြမ်းပြု အညွှန်းနဲ့ ရေးနည်း၊ အပြန်အလှန် ပြောဆို ရေးနည်း၊ စုပေါင်းပြီး စိတ်ဝင်စားအောင် ရေးနည်း၊ ဖတ်တငံ့ငံ့ဖြစ်စေတဲ့ ရေးနည်း၊ အစီအစဉ်အတိုင်း ရေးနည်း၊ တိုက်ရိုက် ရေးနည်း၊ ထူးဆန်းစွာ ရေးနည်းဆိုပြီး သတင်းရေးနည်း ၁၆ နည်းရှိကြောင်းလည်း သတင်းနှင့် သတင်းထောက် စာတမ်းမှာ အောင်ဗလက လမ်းညွှန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးခေတ်က စီးပွားရေးပညာရှင်

အထက်ပါ နိုင်ငံရေးဆရာ ၊ သတင်းစာဆရာတွေနဲ့ မတူတဲ့ ဦးသက်ထွန်းကတော့ သူ့ဘဝတလျှောက် နိုင်ငံရေးနဲ့ မပတ်သက်သလောက်နေခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန်မြို့မကျောင်းနဲ့ ရွှေတိဂုံ အနောက်မုခ်က နှစ်ပြားတန်ဆောင်းကို ဆောက်တဲ့ အင်ဂျင်နီယာ ဦးဘိုးသောင်ရဲ့သား၊ မြန်မာအိုင်စီအက်ထဲမှာ အချမ်းသာဆုံး ဆိုတဲ့ ဦးအုန်းရဲ့ သမက် ဦးသက်ထွန်းဟာ ကိုလိုနီခေတ် ရန်ကုန်အထက်လွှာလောကမှာ ကြီးပြင်းခဲ့ပြီး ပညာရေး လိုက်စားသူ ဖြစ်ပါတယ်။ ခေတ်ပြိုင်လူငယ်အများစုလိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတဲ့အတွက် မြို့မကျောင်းသားဘဝ အိမ်နားက ပဲရော့ ဦးဆန်နီ စာကြည့်တိုက်မှာ နဂါးနီတိုက်ထုတ် နိုင်ငံရေး စာပေတွေကို ဖတ်ရှုခဲ့ပါတယ်။

စစ်အတွင်း ဂျပန်ကို ပညာတော်သင် စေလွှတ်ခံရချိန်မှာတော့ ပင်ပန်းဆင်းရဲမှု၊ ငတ်မွတ်မှုတွေကို ခါးစည်းခံပြီး ပညာသင်ခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်မှာ ဥပဒေနဲ့ ဘောဂဗေဒပညာ သင်ယူခဲ့တဲ့ ကိုသက်ထွန်းဟာ စစ်ပြီးစ ရန်ကုန်မှာ ဂျပန်စစ်ရာဇဝတ်ကောင်တွေကို စစ်တဲ့ ဗြိတိသျှ စစ်ခုံရုံးမှာလည်း ဂျပန်စကားပြန် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ဗြိတိန်မှာ ပုံနှိပ်နဲ့ ဘောဂဗေဒပညာသင်ပြီး လန်ဒန်တက္ကသိုလ်က ဘွဲရခဲ့ပါတယ်။

အမေရိကန်နဲ့ ထိုင်းမှာလည်း ကမ္ဘာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှနဲ့ အရှေ့ဖျား စီးပွားရေးကော်မရှင် ဆိုတဲ့ ဌာနတွေမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၁ ကနေ ၁၉၇၅ ထိ အမျိုးသား စီမံကိန်း ဝန်ကြီးဌာနက ဗဟို စာရင်းအင်းနဲ့ စီးပွားရေး ဌာနခွဲမှာ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ ဦးသက်ထွန်း ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၈ က သူ မင်္ဂလာဆောင်တဲ့နေ့မှာ စစ်တပ်ကို ပထမအကြိမ် အာဏာလွှဲပေးလို့ သူ့မင်္ဂလာပွဲကို ဝန်ကြီးချုပ်ကတော် နှစ်ယောက်တက်တယ်ဆိုပြီး ဦးသက်ထွန်းက ရေးပါတယ်။ သူ့ရုံး စာကြည့်တိုက်က လက်ဝဲဘောဂဗေဒ စာအုပ်တွေကို ဗိုလ်မှူးချုပ်တင်ဖေက ငှားခိုင်းကတည်းက နောက်ထပ် အာဏာသိမ်းမှာလည်း ဦးသက်ထွန်း သိနေပါတယ်။ ၁၉၆၂ မှာ ဒုတိယအကျော့ စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ဖွဲ့ချိန်မှာတော့ တော်လှန်ရေး မရှိသလို ပြုမူနေထိုင်ခဲ့ကြောင်း ဦးသက်ထွန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။ ဆိုရှယ်လစ်နိုင်ငံပုံစံ နိုင်ငံခြားသားတွေနဲ့ ပြည်သူတွေ တွေ့ဆုံမှုကို ကန့်သတ်လာချိန်မှာ သံရုံးဧည့်ခံပွဲတွေကို သူ မှန်မှန်သွားပါတယ်။ ပြည်ပကို ထွက်ခွာမယ့် သမ္မတဟောင်းသမီး စဝ်စန္ဒာ၊ ဘောဂဗေဒပညာရှင် ဒေါက်တာ ဆွန်ဒရမ် စသူတွေအတွက် နှုတ်ဆက်ပွဲတွေ သူ ကျင်းပပေးသလို အထိန်းသိမ်းခံ ဝန်ကြီးဟောင်း ဦးရာရှစ် ထောင်က ထွက်ပြီး သားမင်္ဂလာဆောင် လာတက်တာကိုလည်း ထောက်လှမ်းရေးတွေအလယ်မှာ သူ သွားနှုတ်ဆက်ပါတယ်။

အလုပ်ထဲမှာလည်း အာဏာသိမ်း တော်လှန်ရေးကောင်စီရဲ့ စီးပွားရေး အကြံပေး ဦးဘညိမ်တို့ လူစုရဲ့ ပြည်သူပိုင်သိမ်းရေး အားပေးတဲ့ လက်ဝဲစွန်း စီးပွားရေးမူတွေကို သူနဲ့ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးလှိုင်၊ ပြည်ထောင်စု ဘဏ်ဥက္ကဋ္ဌ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း စတဲ့ ပညာရှင်တစုက ဆန့်ကျင်ခဲ့ကြပေမယ့် ဗိုလ်မှူးချုပ်နီ ခေါ် ဗိုလ်တင်ဖေအုပ်စု တန်ခိုးထွားချိန်ဖြစ်လို့ မလွန်ဆန်နိုင်ခဲ့ကြပါဘူး။ မြန်မာပြည်ဟာ လက်လီဆိုင်တွေအထိ ပြည်သူပိုင်သိမ်းတဲ့ ကမ္ဘာပေါ်က နှစ်နိုင်ငံစာရင်းမှာ ဒီမိုကရက်တစ်ကွန်ဂို ဖြစ်လာမယ့် ဇိုင်ယာနဲ့အတူ ပါဝင်ခဲ့ကြောင်း ဦးသက်ထွန်းက ရေးပါတယ်။ ဦးသက်ထွန်းဟာ ဗိုလ်ချုပ်ကြီးခေတ်မှာ လက်ဝဲစွန်းမူတွေကို ဆန့်ကျင်ခဲ့သလို ဦးနုခေတ်မှာလည်း အမေရိကန်အကြံပေးတွေရဲ့ လက်ယာစီးပွားရေးမူတွေကို ဒေါက်တာဆွန်ဒရမ်နဲ့အတူ ဆန့်ကျင်ခဲ့ပါတယ်။

နောက်ပြီး အဲဒီခေတ်က ဝန်ကြီး ဝန်ကလေး ဖြစ်ချင်ကြတဲ့ ပညာရှင်တွေ ဝင်ကြတဲ့ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုလည်း သံအမတ် ဖြစ်ချိန်ထိ သူ မဝင်ဘဲ နေခဲ့ပါတယ်။ ၁၉၇၄ ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်လာပြီးနောက် ၁၉၇၅ မှာ ပြင်သစ်ကို သံအမတ်ကြီးအဖြစ် ဦးသက်ထွန်းကို စေလွှတ်ပါတယ်။ အဲဒီနောက် သံအမတ်ကနေ အနားယူပြီး ပဲရစ်က ယူနက်စကိုဌာနချုပ်မှာ အာရှ ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ပါတယ်။

မြန်မာပြည် ပြန်လာပြီးနောက် ထွန်းဖောင်ဒေးရှင်းဘဏ်နဲ့ မြန်မာသမိုင်းအဖွဲ့မှာ ပါဝင်ပြီး မြန်မာပြည် ပညာရေးသမိုင်း ဆိုင်ရာ စာတမ်းတွေကို ရေးသားခဲ့ပါတယ်။ ကင်းဝန်ခြေရာ လိုက်၍သာ ၊ သူတို့အကြောင်း တစေ့တစောင်း၊ မျက်မှောက်ခေတ် မြန်မာ၊ မြန်မာတစ်ဦး၏ ကမ္ဘာ့အမြင် စတဲ့ သူ့စာအုပ်တွေနဲ့ အတွေးအမြင်စာစောင်က ဆောင်းပါးတွေဟာ ၁၉၆၂ မတိုင်ခင်က မြန်မာပြည် စီးပွားလူမှု မြင်ကွင်းကို ပြန်နှိုင်းယှဉ် သုံးသပ်နိုင်တဲ့ စာပေလက်ရာတွေ ဖြစ်ခဲ့ပါတယ်။

စီးပွားရေးပညာရှင်နောက်ခံကလာတဲ့ ဦးသက်ထွန်းဟာ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ သမ္မတကြီး ဒေါက်တာမောင်မောင် စတဲ့ သူနဲ့ ခင်မင်ပတ်သက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေအကြောင်း ရေးသားရာမှာ နိုင်ငံရေးဆန်တဲ့ စာရေးဆရာတွေ ရေးတတ်သလို လိုတမျိုး မလိုတမျိုး မရေးဘဲ ဝေဖန်စရာရှိရင်လည်း ဟာသနှောပြီး ရေးတတ်တာကို တွေ့ရပါတယ်။ ဦးဘညိမ်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ လက်ဝဲစွန်း ပြည်သူပိုင်သိမ်းမူဝါဒကို ထောက်လှမ်းရေးစိတ်ထားထက်မြက်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ဘာကြောင့် လက်ခံသလဲလို့လည်း ဦးသက်ထွန်းက မေးခွန်းထုတ်ပါတယ်။ နှစ်ချီပြီး ချောင်ရောက်နေမှုက တွန်းပေးလိုက်တဲ့ ဦးဘညိမ်ရဲ့ သူဌေးမုန်းစိတ်နဲ့ ဗိုလ်ချုပ်ကြီးရဲ့ စူးရှတဲ့ မျက်စိက ပေါ်လာတဲ့ ဘာမဆို အတိုက်အခံလုပ်လိုစိတ်တို့ ရောသွားပုံရတယ်လို့ပဲ သူက မှတ်ချက်ပြုပါတယ်။ ဦးနုလက်ထက်မှာ ပစားပေးခံခဲ့ရတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ ဘီအီးဒီစီ တပ်ပိုင်စီးပွားရေးတွေကို မျက်မုန်းကျိုးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ်တင်ဖေ-ဦးဘညိမ်အုပ်စုရဲ့ လက်ဝဲစွန်းလိုင်းကို ဓာတ်ကျသွားခဲ့ပုံ ရပါတယ်။

စစ်အတွင်း ဗြိတိန်ရောက် မြန်မာပညာတော်သင်များ၊ မြန်မာစကားတတ်သည့် ဗြိတိသျှ သံအမတ်ကြီး လေးဦး၊ ဦးလောကနာထနောက်က လိုက်ခဲ့သူ ကိုကျော်ကျော်သိန်း၊ အတွင်းဝန်ချုပ် ဦးရွှေမရ စတဲ့ ရုပ်ပုံလွှာ ဆောင်းပါးတွေနဲ့လည်း နှောင်းလူတွေ မသိတော့တဲ့ ၂၀ ရာစုလယ်က မြန်မာပုဂ္ဂိုလ်ကျော်တွေနဲ့ ဖြစ်ရပ်တွေကို သူ တို့ထိပြခဲ့ပါတယ်။

လိုအပ်တဲ့ အချိန်မှာ ဆောင်းဖို့ ဦးထုပ်တွေ ဝယ်ထားရတယ် ဆိုတဲ့ စကားတခွန်းကလည်း စစ်ဗိုလ်ချုပ်အဆက်ဆက်အောက်မှာ ရှင်သန်အောင် ရပ်တည်ဖို့ ကြိုးစားခဲ့ရတဲ့ ဝဏ္ဏကျော်ထင် ဦးသက်ထွန်းရဲ့ လက်သုံးစကားဖြစ်ပါတယ်။ စီးပွားရေးပညာရှင် အနေနဲ့ မြန်မာပြည် စီးပွားပျက်မှုကို သူ မတားဆီးနိုင်ခဲ့ပေမယ့် စာပေဘက်က မှတ်တမ်းကျန်ရစ်အောင် လွှမ်းမိုးမှု လှိုင်းများလို ကိုယ်ရေးမှတ်တမ်းကို ဦးသက်ထွန်း ရေးထားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနားက ကမ်းနားသစ်ပင်များ

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း မရှိတာလည်း အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဦးချစ်လှိုင်၊ အောင်ဗလနဲ့ ဦးသက်ထွန်းဆိုတဲ့ စာရေးဆရာ သုံးယောက် ရာပြည့်တဲ့အချိန်မှာပဲ သူတို့ထူထောင် ကြီးကြပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ကြေးမုံသတင်းစာ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဆိုတဲ့ အဖွဲ့အစည်းဌာနတွေလည်း ချုပ်ငြိမ်းတာက ချုပ်ငြိမ်း၊ မှေးမှိန်တာက မှေးမှိန်၊ ရှင်သန်ကျန်ရစ်တာက ကျန်ရစ်ဆိုသလို ပြောင်းလဲကုန်ကြပါတယ်။ ရာထူး အာဏာနေရာတွေ ဘယ်လိုပဲ ပြောင်းလဲစေကာမူ ဒီသုံးဦး ချန်ရစ်ခဲ့တဲ့ စာပေလက်ရာ အဆိုးအကောင်းတွေရဲ့ အကျိုးအကြောင်းကိုတော့ နောက်မျိုးဆက်တွေက ဆက်လက်ဖတ်ရှုရင်း ဝေဖန်သုံးသပ်နေကြမှာ ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေခေတ်မှာ ရှင်သန်အောင် ကြိုးစားရတဲ့ အရပ်သား ပညာတတ်တွေရဲ့ ဖြတ်သန်းမှု မျိုးစုံကိုလည်း ဒီသုံးဦးရဲ့ ဘဝမှာ တွေ့ရပါတယ်။ တိုင်းပြည်တာဝန်ကို စစ်ဗိုလ်တွေအောက်မှာ ထမ်းဆောင်ရချိန် ဖြစ်လို့ စစ်ဗိုလ်ချုပ်တွေနဲ့ အလိုက်သင့် ဆက်ဆံရင်း စစ်ဗိုလ်ချုပ်တွေရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ မူဝါဒနဲ့ လုပ်ငန်းစဉ်အမှားတွေကို ဖော်ဆောင်လုပ်ကိုင်ရင်း လမ်းစဉ်ပါတီ ပျက်သုဉ်းချိန်မှာ အတူ နာမည်ပျက်ခဲ့ရတဲ့ ပညာတတ် စာပေသမား သတင်းသမားဆိုသူတွေ အကြောင်းကိုလည်း သူတို့ဘဝနဲ့ သူတို့ ရေးသားမှုတွေက တွေ့ရသလို စစ်ဗိုလ်တွေ အလိုမလိုက်ဘဲ ကိုယ်ယုံကြည်ရာကို ကြံ့ကြံ့ခံရပ်တည်လို့ အာဏာစင်မြင့်က လွင့်စင်ခဲ့သူတွေအကြောင်းကိုလည်း တွေ့နိုင်ပါတယ်။ အာဏာဖိအားကို မလွန်ဆန်နိုင်တဲ့ အကြောင်းတွေထဲမှာလည်း ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယာ ဆိုတဲ့ အဂတိတရားလေးပါးနဲ့ မကင်းနိုင်ကြတာက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

မြန်မာနဲ့ စစ်အာဏာ ရေမြေချင်း နီးစပ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား စတဲ့ အမေရိကန်ဘက်ယိမ်း နိုင်ငံမျိုးမှာသာ ဦးချစ်လှိုင်၊ အောင်ဗလနဲ့ ဦးသက်ထွန်းတို့ မတိမ်းမယိမ်း လူဖြစ်ခဲ့ကြရင်လည်း ဘ၀အကျိုးပေးက မြန်မာပြည်နဲ့မတူ ကွာခြားနေကြမှာ ဖြစ်ပါတယ်။ ၁၉၆၀ က ငွေတာရီမဂ္ဂဇင်းမှာ ပြင်သစ် စာရေးဆရာ မိုပါဆွန်းရဲ့ ည ၀တ္ထုကို ထမင်းလုံး တစ္ဆေ အမည်နဲ့ ကိုကိုမောင် မှီငြမ်းပြု ရေးခဲ့သလိုပဲ မြန်မာပြည်ဟာလည်း ၁၉၆၂ ကတည်းက ခုထိ စစ်၀ါဒပေါင်းစုံရဲ့ ထမင်းလုံးတစ္ဆေခြောက်တာကို ကြုံနေရဆဲ ဖြစ်ပါတယ်။