ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICJ ရဲ့ စီရင်ချက် နေပြည်တော် ဘယ်လိုတုံ့ပြန်လဲ
မြန်မာဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ဂျီနိုဆိုက်(လူမျိုးတုံးသတ်ဖြတ်မှု)ကျူးလွန်တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) က စီရင်ချက်ချပြီးနောက် များစွာ စိတ်ပျက်အားလျော့မိတယ်လို့ နေပြည်တော်က ဆိုပါတယ်။
စီရင်ချက်ထွက်ပြီး ၁ ရက်အကြာမှာပဲ နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တုံ့ပြန်ချက်တွေ ထုတ်လာပြီး စီရင်ချက်ကို အချိန်ယူအလေးထားလေ့လာသွားမယ်လို့ဆိုပါတယ်။
နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာလည်း နေပြည်တော် သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက မြန်မာအပေါ် ICJ ရဲ့ စီရင်ချက်က မမျှတဘူးလို့ ထုတ်ပြောထားပါတယ်။
ICJ ရဲ့ စီရင်ချက်အပေါ် နေပြည်တော် တုံ့ပြန်ထားတဲ့အချက်တွေက ဘာတွေလဲ။
နေပြည်တော် ပြောတဲ့အချက်တွေ
နေပြည်တော်ဘက်ကတော့ စီရင်ချက်နဲ့ ပတ်သက်ပြီး …
- စီရင်ချက်ခိုင်မာမှုအပေါ် မေးခွန်းထုတ်ခြင်း
- သက်သေအဆင့်အတန်း စံနှုန်းသွေဖြည်နေခြင်း
- တဆင့်ကြား အစီရင်ခံစာတွေကိုလက်ခံခြင်း
- ပြည်တွင်းရေးနဲ့ နယ်မြေရှင်းလင်းရေးရပ်တည်ချက် စတဲ့ အချက်တွေနဲ့ တုံ့ပြန်လာပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုလို ကြီးလေးတဲ့ ရာဇဝတ်မှုကို ဆုံးဖြတ်ရာမှာ တရားသူကြီးတွေရဲ့ သဘောထားကွဲလွဲတဲ့ အမြင် ၁၇ ခုတောင်ရှိခဲ့တယ်လို့ နေပြည်တော်က ပြောပါတယ်။
တရားသူကြီးအများစုသီးခြားရေးခဲ့ကြတဲ့ ကိုယ်ပိုင် အမြင် သဘောထားကွဲလွဲချက် စာမျက်နှာတွေက ၂၆၉ မျက်နှာ အထိရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဒီအချက်အပေါ် နေပြည်တော်က တရားရုံးဟာ အမိန့်ကို သဘောထားအမြင်ကွဲလွဲမှုတွေ၊ ထောက်ခံမဲ ၉ မဲ ကန့်ကွက်မဲ ၆ မဲ အများစုမဲအသာနဲ့ ဆုံးဖြတ်ခဲ့တာကြောင့် ညီညွတ်တဲ့ စီရင်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စီရင်ချက်ကို ICJ ရဲ့ တရားသူကြီး ၁၅ ဦးမှာ ၉ ဦးက သဘောတူညီခဲ့တာဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုလို့ ဆုံးဖြတ်ရာမှာ နိုင်ငံတကာဥပဒေအရ တရားရုံးအနေနဲ့ သက်သေစံနှုန်းတွေအပေါ်မှာ သံသယကင်းတဲ့အထိ သက်သေပြဖို့လိုသလို တရားသူကြီးတွေရဲ့ အမြင့်ဆုံးသဘောတူညီမှုရမှသာ အတည်ပြုဆုံးဖြတ်သင့်တယ်လို့ နေပြည်တော်ကဆိုပါတယ်။
ကန့်ကွက်တဲ့ တရားသူကြီးတွေလည်းရှိခဲ့တာကြောင့် ရုံးတော်အနေနဲ့ ဆုံးဖြတ်တဲ့အခါ သံသယကင်းရှင်းတဲ့ သက်သေပြမှုစံနှုန်းကနေ သွေဖီသွားတယ်လို့ နေပြည်တော်က ဆိုလိုပါတယ်။
တရားရုံးကိုတင်ပြခဲ့တဲ့ မြန်မာ့အရေးအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ(NGOs)ရဲ့ အစီရင်ခံစာတွေဟာလည်း တရားရုံးဘက်က တွေ့မြင်နိုင်ခြင်းမရှိတဲ့ အချက်တွေအပေါ် တဆင့်ကြား ဖော်ပြရေးသားချက်တွေသာဖြစ်တယ်လို့ နေပြည်တော်က ဝေဖန်ပါတယ်။
ဒီအဖွဲ့အစည်းတွေမှာ အထောက်အထားတွေကို ပြုစုဖို့အတွက် ကျွမ်းကျင်မှု၊ အရင်းအမြစ်တွေမရှိတဲ့အပြင် လုပ်ပိုင်ခွင့်သတ်မှတ်ပေးထားခံရတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူးလို့ နေပြည်တော်က ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါကတော့ အမှုအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အသေးစိတ် အစီရင်ခံစာတွေအပြင် ကုလသမဂ္ဂရဲ့ ….
- ဂြိုဟ်တုဓာတ်ပုံအချက်အလက်ဆိုင်ရာမှတ်တမ်းတွေ
- ဒုက္ခသည်စခန်းတွေထဲ ကိုယ်တိုင် သွားရောက်ခဲ့သူတွေရဲ့လူတွေ့ မေးမြန်းချက်
- မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ကြရသူတွေရဲ့ ထွက်ဆိုချက်တွေ စတဲ့ ရင်းမြစ်တွေကိုလည်း စိစစ်အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
အမှုစီရင်ချက်ချရာမှာ သက်သေအထောက်အထားတွေအပေါ် အခြေခံပြီး ဖြစ်ရပ်မှန်တွေကို ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် ဂမ်ဘီယာဘက်က သက်သေအဖြစ် တင်သွင်းလာတဲ့ နစ်နာခဲ့သူ ၄ ဦးရဲ့ ကိုယ်တိုင် ကြားနာပွဲတွေမှာ သက်သေထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက်တွေဟာလည်း ယုံကြည်လက်ခံနိုင်စရာရှိတယ်လို့ တရားရုံးဘက်က သုံးသပ်ခဲ့တယ်လို့လည်း သူကဖြည့်ပြောပါတယ်။
သက်သေတွေရဲ့ အဓိကထွက်ဆိုချက်တွေကို တစ်ဖက်ရှေ့နေတွေက ပြန်လည်စစ်မေးချိန်မှာလည်း စိန်ခေါ်နိုင်ခြင်းမရှိခဲ့တဲ့အချက်ကိုလည်း တရားသူကြီးက စီရင်ချက်ချတဲ့နေ့မှာ အဓိကအချက်တစ်ခုအဖြစ် ထောက်ပြခဲ့ပါတယ်။
နေပြည်တော်ကတော့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ ကိုးကားထားတဲ့ အစီရင်ခံစာတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး မှားယွင်းတဲ့ စွပ်စွဲချက်တွေလို့ ဆိုပါတယ်။
နေပြည်တော်က ၂၀၁၇ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ လူမျိုးတုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်တုံ့ပြန်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
တရားသူကြီး ယူဂျီကတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာကို ဆုံးဖြတ်ဖို့ ခိုင်လုံတဲ့ အချက်တွေ ရှိခဲ့တယ်လို့ စီရက်ချက်ချတဲ့နေ့မှာ ထောက်ပြပါတယ်။
ရိုဟင်ဂျာတွေ အတင်းအဓမ္မ တိမ်းရှောင်ခဲ့ရမှု
နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရမှု
တပ်က အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့မှု
ဒီအချက်တွေကို မြင်တွေ့ခဲ့ရတယ်လို့ တရားသူကြီးက ပြောပါတယ်။
နောက်တစ်ချက်ကတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတာနဲ့ စစ်တပ်နဲ့ နယ်မြေရှင်းလင်းရေးတွေမှာ ရိုဟင်ဂျာတွေနဲ့ သူတို့ရဲ့ နေအိမ်တွေ၊ ရွာတွေပဲ ထိခိုက်ခဲ့တယ်ဆိုတဲ့အချက်အလက်တွေကို သူက ပြောခဲ့တာပါ။
နောက်ဆုံးတစ်ချက်ကတော့ ရိုဟင်ဂျာမျိုးဆက် ရေရှည်ရှင်သန်ရေးအတွက် အရေးပါတဲ့ ကလေးငယ်တွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း သတ်ဖြတ်ခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာကို ညွှန်ပြနေတယ်လို့ သူက ထပ်ဖြည့်ပြောခဲ့ပါတယ်။
ICJ ရဲ့ စီရင်ချက်အရ မြန်မာရဲ့ လုပ်ရပ်တွေအတွက် ရိုဟင်ဂျာတွေကို ပြန်လည်ကုစားပေးဖို့ တာဝန်ရှိတယ်လို့ တရားသူကြီး အီဝါဆာဝါက ပြောပါတယ်။
ဒါပေမဲ့ လျော်ကြေးပေးရမယ့် ပမာဏကိုတော့ အခုအချိန်မှာ သတ်မှတ်မထားသေးဘူးလို့ သူက ဆိုပါတယ်။
ပြန်လည်ကုစားပေးမှုဟာ နစ်နာဆုံးရှုံးမှုနဲ့ အချိုးညီရမှာဖြစ်ပြီး လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေကိုတော့ တရားစွဲဆိုမှုရဲ့ နောက်ထပ်အဆင့်တစ်ခုမှာ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပါတယ်။
ဒီစီရင်ချက်ချမှတ်တဲ့နေ့ကစပြီး ၂ နှစ်အတွင်း ပြန်လည်ကုစားပေးရေးအတွက် ဆောင်ရွက်မယ့် အစီရင်ခံစာတစ်စောင်ကိုလည်း မြန်မာနိုင်ငံက ပြုစုတင်ပြရမယ်လို့ တရားသူကြီးက ပြောပါတယ်။
စီရင်ချက်အပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာ တုံ့ပြန်သံတွေ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ICJ ရဲ့ စီရင်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် နိုင်ငံတကာကနေ တရားမျှတမှုရအောင် ဖော်ဆောင်ပေးရေးမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူနိုင်ခြင်းမရှိတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ ICJ ရဲ့ ဆုံးဖြတ်ချက်က အထောက်အကူပြုတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို အာရက္ခတပ်တော်(အေအေ)နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့တောင်းဆိုလိုက်ပါတယ်။
အာရက္ခတပ်တော်(အေအေ)ကတော့ အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာရပ်တည်ပြီး အာရက္ခဒေသ(ရခိုင်ဒေသ)ရဲ့ အကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမယ်လို့ ဘီဘီစီကို နိုဝင်ဘာ ၁၉ ရက်မှာ ဖြေကြားထားပါတယ်။
အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် စတဲ့ အနောက်နိုင်ငံတချို့က ICJ ရဲ့ စီရင်ချက်ကို ကြိုဆိုလက်ခံခဲ့ကြပြီး မြန်မာအနေနဲ့ စီရင်ချက်ပါ တာဝန်တွေကို အကောင်အထည်ဖော်ဖို့ကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာသိန်းနဲ့ချီကို လက်ခံထားတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ICJ ရဲ့ စီရင်ချက်အပေါ်မှာ ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
အလားတူ ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် အဓိကကျတဲ့ တွန်းအားတစ်ခုဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ထိုင်းရဲ့သဘောထားကတော့ ICJက ချမှတ်လိုက်တဲ့ စီရင်ချက်နဲ့ ထိုင်းရဲ့ မြန်မာအပေါ်ဆက်ဆံတဲ့ မူဝါဒက ပဋိပက္ခမဖြစ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က သောကြာနေ့မှာ ပြောပါတယ်။
ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံနဲ့ ICJ ကြားက ဥပဒေရေးရာ ကိစ္စရပ် ဖြစ်ပြီး နေပြည်တော်နဲ့ ဘန်ကောက် ဆက်ဆံရေးကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ အညီဖြစ်တယ်လို့ သူက ပြောပါတယ်။
နေပြည်တော်ဘက်ကတော့ နိုင်ငံနယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး လုပ်ငန်းစဉ်တွေကို အခြေအနေပေးတာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဆောင်ရွက်မယ်လို့ထုတ်ပြန်ပါတယ်။
တရုတ်ဘာပြောလဲ
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာအပေါ်စီရင်ချက်ချခဲ့တဲ့ တရားသူကြီး ၁၅ ဦးထဲမှာ တရုတ်တရားသူကြီး ဇူးဟန်ချင်း (Xue Hanqin) လည်း ပါဝင်ခဲ့ပြီး ဆုံးဖြတ်ချက်အများအပြားမှာ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံမဲပေးခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာက ဂျီနိုဆိုက်ကျူးလွန်တယ်ဆိုပြီး ICJ စီရင်တဲ့ ဆုံးဖြတ်ချက် ၁၃ ခုမှာ ၁၀ ခုအထိ သူက ကန့်ကွက်ခဲ့တာပါ။
သူထောက်ခံတဲ့ ၃ ခုထဲမှာတစ်ခုက ဂမ်ဘီယာနိုင်ငံရဲ့ "တခြားသောလျှောက်ထားတောင်းဆိုချက်တွေကို တရားသူကြီးအားလုံးက ပယ်ချတဲ့ ဆုံးဖြတ်ချက်" ဖြစ်ပါတယ်။
ဒီလိုထောက်ခံခဲ့တာက တရုတ်အစိုးရရဲ့ ညွှန်ကြားချက်လားလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနက မေးခွန်းထုတ်ခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကောကျားခွန်း က"ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်လို့ တရားသူကြီးတွေက တစ်ဦးချင်းလွတ်လပ်စွာ တာဝန်ထမ်းဆောင်နေကြတယ်" လို့ ဖြေကြားခဲ့ပါတယ်။
နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး စီရင်ပိုင်ခွင့် ကျင့်သုံးခြင်းနဲ့ ကျယ်ပြန့်စွာအဓိပ္ပာယ်ဖွင့်ဆိုခြင်းတွေကို တရုတ်က စိုးရိမ်ပူပန်တယ်လို့ သူကပြောပါတယ်။
တဖက်ကကြည့်မယ်ဆိုရင် တရုတ်နိုင်ငံကိုလည်း ရှင်ကျန်းဒေသက ဝီဂါလူမျိုးစုတွေအပေါ် လူ့အခွင်အရေးချိူးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေတာဖြစ်ပါတယ်။
ICJ ကနေ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ စိစစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စီရင်ချက်ချနိုင်ခဲ့တဲ့အပေါ် တရုတ်ဘက်ကလည်း အလားတူ တရားစွဲဆိုခံရနိုင်တဲ့ အစဉ်အလာရှိလာနိုင်တယ်ဆိုတာကို စိုးရိမ်တာကြောင့် စီရင်ချက်အပေါ်မှာ ဝေဖန်နေတာမျိုးဖြစ်နိုင်တယ်လို့ အကဲခတ်တစ်ဦးက ထောက်ပြပါတယ်။
အလားတူ လူမျိူးတုံးသတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ ရခိုင်ပြည်နယ်ဟာ တရုတ်အကောင်အထည်ဖော်ဖို့ကျန်နေတဲ့ စီမံကိန်းတွေ အခြေတည်ရာဖြစ်သလို ရေနက်ဆိပ်ကမ်းစီမံကိန်း ဖော်ဆောင်ထားတဲ့ ဒေသဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးက အလွန်ရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိလို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုမိုရှုပ်ထွေးလာအောင်မလုပ်ဖို့ တရုတ်ကသတိပေးပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘေးလွတ်ရာ တိမ်းရှောင်နေသူတွေကို ပြန်လည်နေရာချထားရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်က ဆက်လက်ထောက်ခံပါဝင်ဆောင်ရွက်မယ် လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
အနောက်နိုင်ငံတွေဘက်က မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်နေချိန်မှာ တရုတ်ကတော့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာအပေါ် အကာအကွယ်ပေးပြီး ဩဇာလွှမ်းမိုးမှုကို ထိန်းထားချင်တဲ့သဘောလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
" အာဏာပိုင်တွေအနေနဲ့ တရုတ်ကိုပဲ ပိုပြီးမှီခိုစေချင်တယ်။ အနောက်ဩဇာမသက်ရောက်နိုင်ရေးနဲ့ စီမံကိန်းအကျိုးစီးပွားတွေနဲ့ သယံဇာတအကျိုးအမြတ်တွေကြောင့်ပေါ့" လို့ သူက ပြောပါတယ်။