ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်ချုပ်စိုးတင့် - ကိုးကန့်က ဖမ်းထားတဲ့ လားရှိုးတိုင်းမှူးဟောင်း
၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်တွေသိမ်းတုန်းက ဗိုလ်ချုပ်တစ်ယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ တရုတ်အကူအညီနဲ့လားရှိုးကိုပြန်ရခဲ့ပေမဲ့ လားရှိုးတိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်ကိုတော့ ပြန်မရသေးပါဘူး။
ဗိုလ်ချုပ်စိုးတင့်အဖမ်းခံထားရတာ နှစ်နှစ်ကျော်လာတာကြောင့် ရန်သူ့လက်အတွင်းမှာ ဗိုလ်ချုပ်အဆင့်အရာရှိကြီးတစ်ဦး အချိန်အကြာဆုံးဖမ်းဆီးခံရမှုလို့ စစ်ရုံးကဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လာမယ့် စက်တင်ဘာနောက်ဆုံးပတ်မှာ ကိုးကန့်တပ် (MNDAA) နေပြည်တော်ကို လာဖို့စီစဥ်ထားတာကြောင့် တိုင်းမှူးဟောင်းရဲ့ ကံကြမ္မာက ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။
ဗိုလ်ချုပ်စိုးတင့် ဘယ်သူလဲ
ဗိုလ်ချုပ် စိုးတင့်ဟာ စစ်တက္ကသိုလ်ဆင်းတစ်ယောက်မဟုတ်ဘဲ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် ၁၆ (တေဇ-၁၆)ဆင်း ဖြစ်ပါတယ်။
သူက တပ်မတော်တန်းမြင့်လေ့ကျင့်ရေး(တကက)ကျောင်းအုပ်ကြီးအဖြစ် ကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အဲဒီကျောင်းက လက်ရှိမှာ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးမှာ ရှိပါတယ်။
"စီနီယာကျတဲ့ အရာရှိတစ်ယောက်ဖြစ်သလို ဗိုလ်မှူးချုပ် ရာထူးမှာ အကြာကြီး ရပ်နေခဲ့ရတဲ့သူဖြစ်တယ်" လို့ စစ်ဘက်ဆိုင်ရာသုတသနအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
တကက ကျောင်းအုပ်ကနေမှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(ကကလ) ကို ပြောင်းရွှေ့ပြီးနောက်မှာမှ လားရှိုးရမခ တိုင်းမှူးအဖြစ် ရာထူးတိုးလာတာလို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
ဗိုလ်ချုပ်စိုးတင့်ဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်မှာပဲ ရမခတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့ပြီး လားရှိုးမြို့ကိုတော့ ကိုးကန့်က စစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ သိမ်းခဲ့တာဖြစ်ပါတယ်။
ကစထမှူးနဲ့ စကားများခဲ့ကြ
လားရှိုးမှာ တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄ ဇူလိုင်လထဲမှာပဲ ဗိုလ်ချုပ်စိုးတင့် အနားပေးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအချိန်က ရှမ်းပြည်ကိုကိုင်ရတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့စကားများခဲ့ရာကနေ အနားပေးခံလိုက်ရတာလို့ စစ်ရုံးက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်စိုးတင့်နေရာမှာ မူဆယ်မှာရှိနေတဲ့ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို ခန့်လိုက်ပေမဲ့ လားရှိုးကို ရဟတ်ယာဥ် ဆင်းလို့မရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။
တိုင်းမှူးအသစ်လည်း လားရှိုးကို မလာနိုင်သလို တိုင်းမှူးဟောင်းကိုလည်း နေပြည်တော်ပြန်ခေါ်မရသေးတဲ့အချိန်မှာ လားရှိူးစစ်ဌာနချုပ် ကျပြီး ဗိုလ်ချုပ်စိုးတင့် အဖမ်းခံရတာဖြစ်ပါတယ်။
ဗိုလ်ချုပ်စိုးတင့်ကို မြို့တွင်းက အမြောက်တပ်အနီးမှာပဲ ကိုးကန့်တပ်က ဖမ်းမိခဲ့တာလို့ ဒေသတွင်းသတင်းတွေကနေ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်ကို ကိုးကန့်က ပြန်မလွှတ်ပေးသေးတာက လာမယ့် ညှိနှိုင်းမှုကာလတွေအတွက် အဆင်ပြေအောင် လက်ကျန်ဖဲချပ်အနေနဲ့ ထိန်းသိမ်းထားတာမျိုးလို့ CDM ဗိုလ်ကြီး စင်ရော်က ပြောပါတယ်။
တပ်တွေအနေနဲ့ အပစ်ရပ်လိုက်ပြီဆိုရင် "သုံ့ပန်းလွှဲရတာကတော့ လုပ်ထုံးလုပ်နည်းပါပဲ။ အချိန်ကတော့ ရသလောက် ဆွဲထားပြီး ဆွေးနွေးမှုပြီးပြတ်သွားမှ ပြန်လွှတ်တာမျိုးဖြစ်နိုင်ပါတယ်" လို့ သူက ဆိုပါတယ်။
ရမခတိုင်းစစ်ဌာနချုပ်တစ်ခုလုံး ဆုံးရှုံးခဲ့ရပြီး ဗိုလ်ချုပ်အဆင့်အပါအဝင် တပ်ရဲ့ထိပ်ပိုင်းအရာရှိတွေအပြင် တိုင်းရုံးလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ထောင်နဲ့ချီ လက်နက်ချ အဖမ်းခံခဲ့ရတာကြောင့် မြန်မာစစ်တပ်သမိုင်းမှာ အထိအနာဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။
ကိုးကန့်တပ်ကတော့ လားရှိုးရမခတိုက်ပွဲမှာ ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်သန့်ထင်စိုး နဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးအပါအဝင် တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော် လက်နက်ချခဲ့တယ်လို့ မြို့သိမ်းအပြီးမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကန့်လက်ထဲ သုံ့ပန်း ဘယ်လောက်ကျန်လဲ၊ ဘယ်နေရာတွေမှာထားလဲ
၁၀၂၇ စစ်ဆင်ရေး ၂ ပိုင်းစလုံးက ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ကိုးကန့်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းအရေအတွက်ဟာ ၅,၀၀၀ ဦးထက်မနည်းရှိတယ်လို့ ကိုးကန့်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းမိထားတဲ့ သုံ့ပန်းတွေထဲက ၂,၀၀၀ ကျော်ကို ကိုးကန့်တပ်က ဆက်ပြီးထိန်းသိမ်းထားတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။
တစ်ဖက်မှာလည်း လားရှိုးမြို့သိမ်းတိုက်ပွဲအပြီးမှာပဲ ကိုးကန့်နဲ့ စစ်တပ်ကြား ဆွေးနွေးညှိနှိုင်းမှုတွေရှိခဲ့ပြီး တပ်ရဲ့ ထိပ်ပိုင်းအရာရှိတချို့ကို ကိုးကန့်က ပြန်လွှတ်ပေးခဲ့ပါတယ်။
လက်ရှိနှစ်ဝက်ကာလအထိ ကိုးကန့်တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့ သုံ့ပန်း ၂,၀၀၀ ကျော်ရှိတယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။
ကိုးကန့် ပထမဦးဆုံးလွှတ်ပေးလိုက်တဲ့ အုပ်စုထဲမှာ ရာထူးအကြီးပိုင်းထဲက ဗိုလ်မှူးချုပ် ၂ ဦး ပါဝင်တယ်လို့ သူက အတည်ပြုပါတယ်။
ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် မျိုးမင်းထွေးကိုတော့ ကိုးကန့်က ပြန်လွှတ်ပေးပြီးနောက် လပိုင်းအကြာ ၂၀၂၄ နှောင်းပိုင်းလောက်မှာပဲ တပ်က သူ့ကို နမခ တိုင်းမှူးအဖြစ် ပြန်ခန့်လိုက်တယ်လို့ နမခရဲ့ အခြေအနေကိုစောင့်ကြည့်နေတဲ့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်တချို့နဲ့ စစ်ဘက်သုတေသနအဖွဲ့ MDSI က ပြောပါတယ်။
၂၀၂၅ နှောင်းပိုင်းမှာတော့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နမခ တိုင်းမှူးတာဝန်ကနေ တပ်က အနားပေးလိုက်တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဂတိမှုတွေနဲ့ စစ်ဆင်ရေးမအောင်မြင်မှုဆိုတဲ့အချက်တွေနဲ့ စစ်ဆေးခံနေရတယ်ဆိုပြီး ပြောဆိုချက်တွေထွက်လာပြီးတဲ့နောက်မှာ ဒီလိုအနားပေးခံရတာလို့ သူကဆိုပါတယ်။
နောက် ကိုးကန့်တပ် ပြန်လွှတ်ပေးလိုက်တဲ့ ဗိုလ်မှူးချုပ်သန့်ထင်စိုးကိုတော့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် တပ်က ပြန်လည်တာဝန်ပေးထားတယ်လို့ MDSI က ဆိုပါတယ်။
၂၀၂၆ နှစ်စပိုင်းတုန်းကတော့ တရုတ်ရိုးရာ ပြက္ခဒိန်အရ တရုတ်ရိုးရာ အာဇာနည် ဝိညာဥ်ပူဇော်ပွဲကာလအတွင်း လားရှိုး စစ်သုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
လားရှိုးတိုက်ပွဲကနေ ဖမ်းမိတဲ့ သုံ့ပန်းထောင်နဲ့ချီကိုတော့ ၂ နှစ်နီးပါးကာလအတွင်း အသုတ်လိုက်ပြန်လွှတ်ပေးနေပြီး ၇ သုတ်ထက်မနည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ကိုးကန့်တပ်က သုံ့ပန်းတွေထဲ စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိ အများစုကို အထူးဒေသ ၁ ရဲ့ မြို့တော် လောက်ကိုင်က ထောင်တွေထဲမှာ ထိန်းသိမ်းထားတယ်လို့ ဒီအခြေအနေကို သိတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
"အရာရှိတွေကို လက်အောက်ငယ်သားတွေနဲ့ သီးသန့်ခွဲပြီး ကောင်းကောင်းထားတယ်"လို့ သူကဆိုပါတယ်။
လောက်ကိုင်မြို့ထဲမှာ အကျဉ်းထောင်က တစ်ခုတည်းရှိပေမဲ့ အမှုစစ်ဆေးနေဆဲသူတွေကိုထားတဲ့ အချုပ်ထောင်တွေကတော့ ၃ ခုထက်မနည်းရှိတယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ် စိုးတင့်ကိုတော့ လောက်ကိုင်မြို့ထဲက ထောင်မဟုတ်တဲ့နေရာတစ်ခုမှာ အစောင့်အကြပ်နဲ့ သီးသန့်ထားထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ အရာရှိ၊ အရာခံမဟုတ်တဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေကိုတော့ ချင်းရွှေဟော်မြို့နယ်ထဲက ထောင်တချို့မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်အနေနဲ့ ဗိုလ်ချုပ် စိုးတင့်ကို ဘာကြောင့်ချန်လှပ်ထားလဲဆိုတာနဲ့ သုံ့ပန်းအရေအတွက် ဘယ်လောက်ပြန်လွှတ်ပေးထားလဲဆိုတာကို သိရဖို့ ဘီဘီစီက ကိုးကန့်သတင်းကွန်ရက်ကို မေးမြန််းထားပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
သုံ့ပန်းလွှဲတာ နိုင်ငံရေးအပေးအယူဖြစ်သေးလား
ကိုးကန့်အနေနဲ့ သုံ့ပန်းတွေကို ပြန်လွှတ်ပေးရတာဟာ စစ်တပ်နဲ့ ကိုးကန့်တို့ရဲ့ အပစ်ရပ်စာချုပ်ထဲမှာ အချက်တစ်ချက်အနေနဲ့ တစ်စိတ်တစ်ပိုင်းပါဝင်နေတာကြောင့်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"စစ်တပ်ကလည်း ဖမ်းထားတဲ့ တပ်ဖွဲ့ဝင်တွေကို လူပုဂ္ဂိုလ်နာမည်နဲ့ ရာထူးနဲ့ ပြန်လွှတ်ပေးဖို့ ညှိတာတွေလည်းရှိတယ်"လို့ သူက ဖြည့်ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့် စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ၂၀၂၅ ဇန်နဝါရီမှာ အပစ်ရပ်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
ကိုးကန့်အနေနဲ့ စစ်သုံ့ပန်းတွေကို ဒီလိုလွှဲတာဟာ နိုင်ငံရေးအရ ပျော့ပျောင်းတဲ့သဘောကိုပြချင်တာလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
ဒီလိုလုပ်တာက တစ်ဖက်မှာလည်း စစ်သုံ့ပန်းအရေအတွက် ထောင်နဲ့ချီကို ကျွေးမွေးထိန်းသိမ်းရတဲ့ ရိက္ခာပိုင်း ဝန်ထုပ်ဝန်ပိုးကို လျှော့ချရာရောက်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
စစ်တပ်က အပစ်ရပ်ပြီးနောက်ပိုင်းမှာလည်း ကိုးကန့်တပ်နဲ့ လားရှိုးမှာ တွေ့ဆုံမှုတွေလုပ်ပြီး လက်လွှတ်ခဲ့ရတဲ့မြို့တွေကိုပြန်လွှဲပေးဖို့ တရုတ်အကူအညီနဲ့ အစဉ်တစိုက်တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီမြို့တွေကို ပြန်မပေးဘဲ ထိန်းထားဖို့ တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ မိသားစုဝင်တွေကို တပ်ဘက်က ကျေနပ်အောင် ပြန်လွှတ်ပေးရတဲ့အခြေအနေလို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
"လားရှိုးမြို့ကလွဲရင် ကျန်တဲ့မြို့တွေကို ထပ်မပေးရသေးတာက နိုင်ငံရေးမှာ အလျှော့အတင်းအနေနဲ့ သက်ရောက်မှုရှိတယ်။ လူသားချင်းစာနာတဲ့အသွင်လည်းဆောင်တယ်" လို့ သူကပြောပါတယ်။
ကိုးကန့်က နေပြည်တော်ကိုငြိမ်းချမ်းရေးလာဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်စိုးတင့်ရဲ့ကံကြမ္မာက အပြောင်းအလဲဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။