ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြံ့ခိုင်ရေးပါတီညီလာခံနဲ့ အာဏာလွန်ဆွဲပွဲတွေ
အာဏာရပါတီတစ်ခုရဲ့ ညီလာခံဟာ အာဏာလွန်ဆွဲပွဲတွေနဲ့ အမြဲဒွန်တွဲနေတတ်ပါတယ်။
စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံ အကြိုကာလမှာလည်း အငြင်းပွားမှုတွေ စတင်နေပါပြီ။
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီထဲမှာကျန်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်လည်း ပါတီဥက္ကဋ္ဌနေရာယူလာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်လာနေပါတယ်။
အငြင်းပွားမှု ဘယ်ကစ
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ပါတီမှာရှိတဲ့ သူတို့ရဲ့ ရာထူးတွေ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ စိုးရိမ်ချက်ကနေ စပါတယ်။
USDP ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်သိမ်းက သမ/ကျေးလက် ဝန်ကြီး အဖြစ်အစိုးရအဖွဲ့ထဲပါဝင်နေပါတယ်။
ဒုတိယသမ္မတဒေါ်နန်းနီနီအေးနဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်း၊ ဦးမောင်မြင့်တို့က USDP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။
"ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဗဟိုကော်မတီဝင်နေရာပဲပေးတော့မယ်လို့ သတင်းတွေထွက်လာတယ်။ ဒါကိုမကျေနပ်ကြတာ" လို့ အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပါတီထောက်ခံသူတချို့ကလည်း အစိုးရအဖွဲ့ထဲရောက်သွားသူတွေနေရာမှာ ဘယ်သူတွေ အစားထိုးဝင်ရောက်လာမလဲ ဆိုပြီး အွန်လိုင်းပေါ်မှာ ရေးသားခဲ့ကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ USDP နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေကို ဘီဘီစီကမေးကြည့်တဲ့အခါ အစိုးရအဖွဲ့ထဲရောက်သွားသူတွေနေရာမှာ အစားထိုးဖို့ရှိလာနိုင်တယ်လို့ အတည်ပြုပါတယ်။
"ဝန်ကြီးတွေက ပါတီလုပ်ငန်းတွေ လာလုပ်လို့မရတော့ဘူးလေ။ ဒါကြောင့်အစားထိုးရမယ်။ ရာထူးချတာမဟုတ်ဘူး" လို့ သူက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ နဲ့ ၂၃၂ (ဋ ) အရ သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံရေးပါတီဝင်ဖြစ်ရင် မိမိရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရ လို့ ပြဋ္ဌာန်းထားပါတယ်။
ဦးခင်ရီတုန်းက ဘယ်လိုဖြစ်ခဲ့လဲ
အစိုးရအဖွဲ့ထဲရောက်သွားတဲ့ အင်အားစုက ဦးခင်ရီဖြစ်စဥ်ကို ထောက်ပြပါတယ်။
ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်ကောင်စီအစိုးရအဖွဲ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ပါတီ ညီလာခံကျင်းပခါနီးမှာ ဝန်ကြီးအဖြစ်ကနေ အနားပေးခံရပြီး ပါတီကို ဒုဥက္ကဋ္ဌအဖြစ် ပြန်ရောက်လာပါတယ်။ အဲဒီညီလာခံမှာပဲ ဦးခင်ရီက ပါတီဥက္ကဋ္ဌဖြစ်လာခဲ့တာပါ။
ကြံ့ခိုင်ရေးပါတီရဲ့ ဝါရင့် ပါတီဝင်တစ်ဦးကတော့ ဦးခင်ရီ အစိုးရတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ ပါတီညီလာခံမရှိခဲ့တဲ့အတွက် မူလရာထူးပြန်ရတာလို့ ထောက်ပြပါတယ်။
"ညီလာခံရှိရင်တော့ CEC အားလုံးနုတ်ထွက်ပြီးမှ ပြန်အရွေးခံရတာ ထုံးစံပါပဲ၊ CEC ဖြစ်ခြင်းမဖြစ်ခြင်းကို ညီလာခံကဆုံးဖြတ်လိမ့်မယ်" လို့ သူက ပြောပါတယ်။
ဦးလှဆွေကလည်း ဒီအချက်ကို အတည်ပြုပါတယ်။
ပါတီစည်းမျဥ်းအရ ညီလာခံမှာ ဗဟိုကော်မတီဝင်တွေအဖြစ် ပြန်အရွေးခံပြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဆက်လက်ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအရ ဗဟိုကော်မတီဝင် နေရာ ၃၅၀ ရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာက ၆၀ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၀ ဝန်းကျင်နဲ့ပဲ လည်ပတ်ခဲ့တယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၄ နဲ့ ၁၅ မှာလုပ်ဖို့လျာထားပြီး ညီလာခံကိုတော့ ၁၇ ရက် နဲ့ ၁၈ ရက်မှာ ကျင်းပနိုင်ရေး လျာထားတယ် လို့ သိရပါတယ်။
အစိုးရ - ပါတီ အားပြိုင်မှုတွေနဲ့ ကြံ့ခိုင်ရေးပါတီညီလာခံတွေ
ကြံ့ခိုင်ရေးပါတီညီလာခံတွေမှာ အစိုးရအဖွဲ့နဲ့ လွှတ်တော် အားပြိုင်မှုတွေက အမြဲလိုလိုရှိခဲ့ပါတယ်။
၂၀၁၀ မှာ အသင်းကနေ ပါတီပြောင်းပြီးတဲ့နောက် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေပေးခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်းနဲ့အတူ သမ္မတဦးသိန်းစိန်က ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးသိန်းစိန်ဂိုဏ်းနဲ့ သူရဦးရွှေမန်းဂိုဏ်းဆိုပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်အားပြိုင်မှုတွေရှိလာခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ပထမဆုံးအကြိမ်ပါတီညီလာခံခေါ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌဖြစ်လာပါတယ်။
ဦးသိန်းစိန်က သမ္မတဖြစ်တဲ့အတွက် ပါတီလုပ်ငန်းတွေ လုပ်လို့မရပေမဲ့ ဥက္ကဋ္ဌအဖြစ်ဆက်ရှိနေတယ်လို့ အစိုးရဘက်ကမြင်ပြီး လွှတ်တော်ဘက်ကတော့ သူရဦးရွှေမန်းသာ ညီလာခံကတက်လာတဲ့ ပါတီဥက္ကဋ္ဌလို့ မြင်ကြပါတယ်။
ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ ကြားက အကွဲအပြဲကြောင့်၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သြဂုတ်လမှာ သူရဦးရွှေမန်းဖယ်ရှားခံခဲ့ရပြီး အဲဒီဖြစ်စဥ်က သန်းခေါင်ယံအာဏာသိမ်းပွဲဆိုပြီး နာမည်ကြီးပါတယ်။
အဲဒီ အကွဲအပြဲဖြစ်စဥ်ကြောင့် ရွေးကောက်ပွဲရှုံးခဲ့ရတယ်လို့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းက ယုံကြည်ခဲ့ကြပြီး သင်ခန်းစာယူခဲ့ကြရတဲ့ 9/11 ဖြစ်စဥ်လို့ ပါတီခေါင်းဆောင်တွေကြားမှာ အမည်ဝှက်ပေးခဲ့ကြပါတယ်။
ဦးသိန်းစိန်ရဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၉ နဲ့ သူရဦးရွှေမန်းရဲ့စစ်တက္ကသိုလ်အပတ်စဥ် ၁၁ ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲရှုံးပြီးတဲ့နောက်မှာ ပြန်လုပ်တဲ့ ၂၀၁၆ ညီလာခံမှာတော့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲမှာ ပါခဲ့တဲ့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ဥက္ကဋ္ဌဖြစ်လာပါတယ်။
ဦးသန်ဌေးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ ရှုံးတဲ့အပြင် အာဏာသိမ်းကာလအစောပိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ အသတ်ခံရတဲ့အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
လွှတ်တော်မရှိတဲ့ကာလဖြစ်ပေမဲ့ ပြဿနာတွေကတော့ ရှိနေခဲ့ပါတယ်။
ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ထဲမှာ ဦးသန်ဌေးရဲ့ ဦးဆောင်မှုကို မကြိုက်သူတွေရှိခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ ပါတီညီလာခံပြန်လုပ်ပြီး အာဏာသိမ်းအစိုးရအဖွဲ့ကနေ ပါတီကိုပြန်လာတဲ့ ဦးခင်ရီက ဥက္ကဋ္ဌဖြစ်လာပါတယ်။
ပါတီညီလာခံနဲ့ အဝင်အထွက်
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ပါတီရာထူးမှာဆက်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသစ်တွေ ပေါ်ပေါက်လာမယ် လို့ ဝါရင့်ပါတီဝင်တွေက သုံးသပ်နေကြပါတယ်။
အထူးသဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ထိပ်ပိုင်းရောက်လာနိုင်တယ် လို့ သုံးသပ်နေကြတာပါ။
အစိုးရအဖွဲ့ထဲရောက်သွားတဲ့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဝန်ကြီးတွေဖြစ်တဲ့ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်းနဲ့ ဦးမောင်မြင့်တို့နေရာတွေ အတွက် CEC အသစ်တွေ ရောက်လာနိုင်မှာဖြစ်ပါတယ်။
ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်သိမ်းက ဝန်ကြီးဖြစ်သွားပြီး ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးမြတ်ဟိန်းလည်း ညီလာခံမှာပြန်အရွေးခံဖို့ သြဂုတ်လကုန်အထိ လျှောက်လွှာမတင်ထားဘူးလို့ သိရတဲ့အတွက် ဒုတိယဥက္ကဋ္ဌအသစ် နှစ်ဦးလည်း ပေါ်လာနိုင်ပါတယ်။
"အစိုးရအဖွဲ့သက်တမ်းကုန်သွားလို့ ပါတီကိုပြန်လာတဲ့အခါ သူတို့မူလပါတီရာထူးမဆုံးရှုံးချင်တဲ့သဘောတွေ့ရတယ်၊ အစိုးရအဖွဲ့ထဲကတချို့က သမ္မတ(ဦးမင်းအောင်လှိုင်)ကို တင်ပြမယ်ကြားပါတယ်" လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပါတီကို ရောက်လာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေလည်း ထိပ်တန်းရာထူးတွေရလာနိုင်ပါတယ်။
လွှတ်တော်ထဲမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးသက်ပုံ၊ ဦးတေဇကျော်၊ ဦးစိုးတင့်နိုင်၊ ဦးသန်းထွန်းဦး တို့ရှိနေပါတယ်။ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းလည်း ပါတီမှာနေရာရလာနိုင်တယ် လို့ ခန့်မှန်းနေကြပါတယ်။
ဦးမင်းအောင်လှိုင် ပါတီ ဥက္ကဋ္ဌနေရာယူမလား
လာမယ့် ညီလာခံမှာ စိတ်ဝင်စားနေကြတဲ့ မေးခွန်းတစ်ခုက ဦးမင်းအောင်လှိုင် ပါတီဥက္ကဋ္ဌနေရာကို ယူသွားမလားဆိုတာပဲ ဖြစ်ပါတယ်။
သမ္မတက ပါတီတာဝန်ဆောင်ရွက်လို့မရပေမဲ့ ဥက္ကဋ္ဌနေရာယူခဲ့တာကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကြုံခဲ့ဖူးပါပြီ။
"နောက်သက်တမ်းအတွက် ရည်ရွယ်ချက်ရှိရင်တော့ ဥက္ကဋ္ဌနေရာယူလိမ့်မယ်။ သူစိတ်ချရတဲ့သူတစ်ယောက်ကို ဒုတိယဥက္ကဋ္ဌ ထားထားမှာပေါ့" လို့ ဝါရင့်ပါတီဝင်တစ်ဦးက သုံးသပ်ပါတယ်။
ဒါပေမဲ့ လက်ရှိဥက္ကဋ္ဌ ဦးခင်ရီက သမ္မတလည်းမဖြစ်ခဲ့တဲ့အပြင် ဥက္ကဋ္ဌနေရာကပါ ဖယ်ပေးရရင် ပြောစရာဖြစ်သွားမယ် လို့ သူက ပြောပါတယ်။
ပါတီထဲမှာ စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်းဖြစ်တဲ့ ဦးမင်းအောင်လှိုင်ထက် စီနီယာကျသူတွေရှိနေပါတယ်။
လက်ရှိပါတီဥက္ကဋ္ဌ ဦးခင်ရီက စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းဖြစ်ပြီး ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးမြတ်ဟိန်းကလည်း ၁၇ ဆင်းဖြစ်ပါတယ်။
နောက်ထပ် ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးလှထွန်းက စစ်တက္ကသိုလ်အပတ်စဥ် ၁၅ ဆင်း ဖြစ်ပါတယ်။
စီနီယာတွေကို နာယက ဒါမှမဟုတ် ဗဟိုအကြံပေးတွေခန့်ပြီး ဦးမင်းအောင်လှိုင်က သူ့လူတွေနဲ့အစားထိုးလာမလားဆိုတာလည်း စောင့်ကြည့်ရမယ်လို့ အစိုရအဖွဲ့ဘက်ကရော ပါတီဘက်ကပါ ပြောပါတယ်။
ဦးခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့အတွက် ပါတီဥက္ကဋ္ဌအနေနဲ့ ဆက်ရှိသင့်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကတော့ လွှတ်တော်ဥက္ကဋ္ဌဖြစ်သွားရင် ပါတီစွဲကင်းတဲ့အနေနဲ့ ပါတီကနုတ်ထွက်သင့်တယ်လို့ ၂၀၂၁ အာဏာမသိမ်းခင်က ဆောင်းပါးတစ်ပုဒ်မှာရေးခဲ့ဖူးပါတယ်။
ဦးမင်းအောင်လှိုင် ဥက္ကဋ္ဌနေရာယူရင်တော့ ဦးခင်ရီကို ဥက္ကဋ္ဌပူးတွဲတာဝန်ပေးမလား ဒါမှမဟုတ် နာယကနေရာရွှေ့လိုက်မလားဆိုတဲ့ စဥ်းစားချက်လည်း ရှိနေပါတယ်။
"အဓိကအဆုံးအဖြတ်ပေးမှာကတော့ ဦးမင်းအောင်လှိုင်နဲ့ ဦးခင်ရီ ဘယ်လောက်အထိသဘောတူညီမှုယူထားလဲ ဆိုတာပါပဲ" လို့ ဝါရင့်ပါတီဝင်တစ်ဦးက ပြောပါတယ်။