အကြီးဆုံးဝယ်လက် ထိုင်းဈေးကွက်ပိတ်လို့ မြန်မာထောပတ်သီးတောင်သူတွေ အကျပ်ဆိုက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

"မြန်မာတစ်နိုင်ငံလုံးက ထွက်တဲ့ ထောပတ်သီးအားလုံးနီးပါးက ထိုင်းကိုပဲ ပို့နေရတာပါ။ အခု ထိုင်းက လုံးဝပိတ်လိုက်တော့ ကျွန်တော်တို့ နှစ်ရှည်ရင်းနှီးထားတာတွေ ရေစုန်မျောသွားတာပေါ့ဗျာ။"

ဒီလို စိတ်ပျက်လက်ပျက်နဲ့ ပြောလာသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသက ထောပတ်သီးစိုက်တောင်သူ ဦးခွန် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ထောပတ်သီးတွေရဲ့အကြီးဆုံးဝယ်လက်ဖြစ်တဲ့ ထိုင်းနိုင်ငံက မြန်မာထောပတ်သီးတွေကို နယ်စပ်ကနေ ဝယ်ယူတင်သွင်းနေမှုကို ပိတ်လိုက်ပါတယ်။ ဒါ့အပြင် တရားဝင် တင်သွင်းခွင့်ကိုလည်း အခုချိန်ထိ ခွင့်မပြုသေးပါဘူး။

ဒါကြောင့် လာမယ့် ထောပတ်သီးရာသီမှာ ထွက်ရှိလာမယ့် တန်ချိန် ၁၅,၀၀၀ ကျော်ကနေ ၂၀,၀၀၀ နီးပါးအထိ ထောပတ်သီးတွေအတွက် ဝယ်လက်ပျောက်သွားနိုင်တဲ့အခြေအနေ ဖြစ်လာပါတယ်။

မြန်မာထောပတ်သီးစိုက်တောင်သူတွေ "ထိုင်းကို မပို့နိုင်တော့ရင် ဘာဆက်ဖြစ်မလဲ"။

နှစ်တိုင်း ထိုင်းဘက်ကို ထောပတ်သီးပို့ပြီး ဝင်ငွေရှာခဲ့တဲ့မြန်မာတောင်သူတွေဟာ လာမယ့်ရာသီမှာ စိုက်ခင်းက ထွက်လာမယ့် ထောပတ်သီးတွေကို ဘယ်သူဝယ်မလဲဆိုတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ဦးခွန်ဆိုရင် သူ့ခြံမှာ အရည်အသွေးမြင့် ထောပတ်သီးတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ အချိန်၊ ငွေကြေးနဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ရင်းနှီးမြှုပ်နှံထားတဲ့ တောင်သူတစ်ဦး ဖြစ်ပါတယ်။

သူ့လိုပဲ တခြားထောပတ်သီးစိုက်တောင်သူတွေလည်း မြေ၊ စိုက်စရိတ်နဲ့ မျိုးနည်းပညာအပါအဝင် လုပ်သားအင်အားအတွက်ပါ ရင်းနှီးထားကြရတာဖြစ်ပါတယ်။

''စိုက်ခင်းထဲ သီးလာကြီးလာတဲ့ထောပတ်တွေကြည့်ပြီး ရောင်းစရာစျေးကွက်မရှိမှာ ကြောက်နေရတယ်'' လို့ တောင်ကြီးက ထောပတ်သီးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထိုင်းဘက်က မြန်မာထောပတ်သီးတွေကို တရားဝင်တင်သွင်းရောင်းချခွင့် မပြုသေးတာကြောင့် မြန်မာတောင်သူတွေက ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်-မယ်ဆိုင်နဲ့ မြဝတီ-မဲဆောက်လို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ထိုင်းဘက်ကို ပို့ကြပါတယ်။

မြန်မာဘက်မှာ ပို့ကုန်လိုင်စင်နဲ့အကောက်ခွန်ဌာနကို ဖြတ်ပြီးတရားဝင်ပို့ဆောင်ကြပေမဲ့ ထိုင်းဘက်မှာတော့ ကုန်သွယ်ရေးအေးဂျင့်လို့ခေါ်တဲ့ ပွဲစားတွေကတဆင့် ထိုင်းဈေးကွက်ထဲ ဝင်ရောက် ရောင်းချကြရတာပါ။

တကယ်တော့ ဒီလိုပို့ဆောင်တာဟာ တရားဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာဘက်ကနေ အသီးနဲ့ပတ်သက်တဲ့လိုအပ်တဲ့အထောက်အထားတွေ အမြောက်အများ ပြင်ဆင်ပေးရပါတယ်။

"နယ်စပ်ကနေ ပို့တာလည်း ဖြစ်သလို ပို့လို့မရပါဘူး။ စိုက်ခင်း GAP လက်မှတ်၊ ထုပ်ပိုးရုံတွေမှာ HACCP၊ GMP အကုန်တောင်းပါတယ်။ မဆီမဆိုင် ISO လက်မှတ်ပါ တောင်းတယ်။ Health Certificate၊ LPI၊ အစားအသောက်သယ်ယူခွင့်လက်မှတ် တောင်းတယ်။ အဲဒါလည်း ဒီဘက်က ပေးပါတယ်" လို့ ထောပတ်သီးတင်ပို့ရောင်းချတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မနက်စာအဖြစ် ပေါင်မုန့်မီးကင်ပေါ် တင်စားတာကနေ အရွက်စုံ၊ ပေါင်မုန့်ညှပ်(sandwich)၊ ရေခဲစမုသီဖျော်ရည်(smoothie)နဲ့ Guacamole (ဂွါကာမိုလီ)အထိသာမက ဂျပန်၊ ကိုရီးယား ဆူရှီလိပ်တွေထဲမှာပါ ထည့်သုံးလာကြတာကြောင့် ထောပတ်သီးဟာ နိုင်ငံတကာစားသုံးသူတွေအတွက် နေ့စဉ်အစားအစာတစ်မျိုးလိုဖြစ်လာပြီး ဝယ်လိုအားလည်း မြင့်ပါတယ်။

ဦးခွန်လိုပဲ ထောပတ်သီးစိုက်ပျိုးတဲ့ မြန်မာတောင်သူ သုံးဦးထက်မနည်းကလည်း ထိုင်းနိုင်ငံကို ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရှိရေးကိုပဲ လိုလားနေကြပါတယ်။

"တရားမဝင်ရောင်းနေရတာတောင် ကျွန်တော် ထွက်သမျှ အားလုံးကို ထိုင်းက ဖြုန်းပေးနေတာပါ။ တရားဝင်သာ ပို့ခွင့်ရမယ်ဆို ဒီထက်တောင် ပို့နိုင်မှာ" လို့ ပြင်ဦးလွင်က ထောပတ်သီးစိုက် တောင်သူတစ်ဦးက ရှင်းပြပါတယ်။

မြန်မာ့ထောပတ်သီးထွက်ရှိမှုရဲ့ ၈၅ ရာခိုင်နှုန်းက ထိုင်းဈေးကွက်ကို မှီခိုနေရတယ်လို့ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(MAVO) က ပြောထားပါတယ်။

၂၀၂၄ ခုနှစ်က မြန်မာကနေ ထိုင်းနိုင်ငံကို ထောပတ်သီး ၇,၀၅၅ တန်ကျော် တင်ပို့ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၆ သန်းကျော်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ WITS ကုန်သွယ်မှုအချက်အလက်တွေက ဖော်ပြပါတယ်။

လတ်ဆတ်တဲ့အသီးအဖြစ် ဒါမှမဟုတ် အခြောက်ခံထားတဲ့ ထောပတ်သီး ၇,၀၅၅,၅၀၀ ကီလိုဂရမ် တင်ပို့ခဲ့တာဖြစ်ပြီး ပျမ်းမျှ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၀.၆၅ ခန့် တန်ဖိုးရှိပါတယ်။

ဒါပေမဲ့ တရားဝင်ကုန်သွယ်မှုစာရင်းမှာ ဖော်ပြထားတဲ့ ပမာဏထက် မြေပြင်မှာ တင်ပို့တဲ့ပမာဏက ၃ ဆခန့် ပိုများပါတယ်လို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ကုန်သည်တွေက ပြောပါတယ်။

သူတို့ရဲ့အချက်အလက်အရ မြန်မာက ထိုင်းကို တစ်နှစ်ကို ထောပတ်သီး တန်ချိန် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြား တင်ပို့နေပါတယ်။ ကုန်သွယ်မှုတန်ဖိုးအားဖြင့် ထောပတ်သီးတစ်မျိုးတည်းနဲ့တင် အမေရိကန်ဒေါ်လာ ၁၀ သန်း ကနေ ၁၅ သန်းကြား ရှိနေပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံကို တရားဝင်တင်ပို့ခွင့်ရပြီး စျေးကွက်ချဲ့နိုင်ရေး မြန်မာဘက်က နှစ်နဲ့ချီ ကြိုးပမ်းနေပေမဲ့ ထိုင်းအစိုးရရဲ့ကန့်သတ်ချက်တွေက အများကြီးရှိနေပါတယ်။

ထိုင်းဈေးကွက်မှာ တရားဝင်တင်ပို့ရောင်းချနိုင်ဖို့ နှစ်နိုင်ငံအစိုးရကြားမှာ အပင်ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်နဲ့ တင်ပို့မှုဆိုင်ရာ စည်းမျဥ်းလုပ်ထုံးလုပ်နည်းတွေသဘောတူညီထားဖို့ လိုအပ်ပါတယ်။

အဓိကအဆင့်ကတော့ ပိုးမွှားအန္တရာယ်ဆန်းစစ်မှု (PRA) ဖြစ်ပါတယ်။ မြန်မာဘက်က ၂၀၂၀ ခုနှစ်ကတည်းက အဲဒီလုပ်ငန်းစဉ်အတွက် ကြိုးပမ်းနေခဲ့ပေမဲ့ အခုအချိန်ထိ PRA အဆင့် မပြီးသေးတာကြောင့်ဆိုပြီး ထိုင်းဘက်က ခွင့်ပြုချက်မပေးဘဲ ဖြစ်နေတာပါ။

"PRA အတွက် ဆွေးနွေးတဲ့အချိန်မှာ သူတို့ဘက်က ထိုင်းထောပတ်သီးရာသီနဲ့ မထပ်တဲ့ကာလမှာ တင်ပို့ဖို့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ PRA လုပ်ဖို့ သဘောတူပါတယ်။ ဒါပေမဲ့ အခုက သူတို့ဘက်က PRA ကို အကြောင်းမပြန်ဖြစ်နေတာပါ" လို့ MAVO က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၃ မှာ မြန်မာဘက်က သီးနှံပင်ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ထပ်ပေးပို့ပြီး PRA အတွက်ထပ်ညှိနှိုင်းပေမဲ့ ထိုင်းအမျိုးသားအပင်ကာကွယ်ရေးအဖွဲ့ (NPPO) ဆီက တုံ့ပြန်မှုမရသေးပါဘူး။

၂၀၂၆ ခုနှစ် မေလမှာလည်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)က ကိုယ်စားလှယ်တွေ ဘန်ကောက်ကို သွားပြီး ထိုင်းစိုက်ပျိုးရေးအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်းခဲ့ပေမဲ့ ၂၀၂၆ သြဂုတ်အထိ ပြေလည်မှု မရသေးပါဘူး။

''တရားဝင်ပို့ဖို့ကို ကျွန်တော်တို့အသင်းဘက်က ညှိနှိုင်းလည်း ထိုင်းဘက်က လက်မခံသေးတာက သူတို့တောင်သူတွေရဲ့အကျိုးစီးပွားကို သူတို့အစိုးရက ကာကွယ်ပေးနေတာပါ'' လို့ MAVO ကတာဝန်ရှိသူက ပြောပါတယ်။

ဒီလိုတရားဝင်လမ်းကြောင်း ပြေလည်မှုမရှိသေးချိန်မှာ နယ်စပ်ကနေတင်ပို့ရောင်းချတဲ့ လမ်းကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာထောပတ်သီးတွေ နယ်စပ်ကနေ ပို့တဲ့အခါမှာလည်း စာရွက်စာတမ်းနဲ့ အသီးကျန်းမာရေးစစ်ဆေးမှုတွေကို ထိုင်းအာဏာပိုင်တွေက တင်းကျပ်စွာ စစ်ဆေးပါတယ်။

ထိုင်းအကောက်ခွန်ဌာနက ၂၀၂၆ ခုနှစ် ပထမ ၈ လ အတွင်းမှာ တရားဝင်လမ်းကြောင်းက တင်သွင်းတာမဟုတ်တဲ့ ထောပတ်သီးအပါအဝင်တခြားသီးနှံတွေကို ဖမ်းဆီးသိမ်းဆည်းတာတွေဆက်တိုက်လုပ်ပါတယ်။

၂၀၂၆ မတ်လမှာ တာချီလိတ်ကနေ ထိုင်းဘက်ဝင်တဲ့မြန်မာထောပတ်သီး ၄.၉ တန်ကျော်ကို သွင်းကုန်ခွင့်ပြုချက်၊ မူရင်းနိုင်ငံက ကျန်းမာရေးထောက်ခံချက်နဲ့ quarantine ဆိုင်ရာ စာရွက်စာတမ်းတွေ မပြည့်စုံတာကြောင့် သိမ်းဆည်းခဲ့ပါတယ်။

ဇွန်လတုန်းကဆိုရင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း(အီဆန်ဒေသ)မှာ နိုင်ငံခြားမူရင်းထောပတ်သီး ၈.၅ တန်ကျော်ကို အကောက်ခွန်အထောက်အထား မရှိတာကြောင့် ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။ တန်ဖိုးက ဘတ် တစ်သန်းကျော်ရှိပြီး အပင်စစ်ဆေးရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားပါတယ်။

''ထိုင်းက နိုင်ငံခြားကနေ သူတို့ဆီဝင်တဲ့အသီးတွေမှာ ပိုးမွှားတွေ ပါလာမှာစိုးရိမ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းပြီး သိမ်းတာတွေ ရှိပါတယ်'' လို့ ထိုင်းကို နယ်စပ်လမ်းကြောင်းက ထောပတ်သီးပို့တဲ့မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။

ထိုင်းဘက်က ဒီလိုအကြောင်းပြချက်ပေးပေမဲ့ မြန်မာထောပတ်သီးစိုက်တောင်သူတွေနဲ့ တင်ပို့သူတွေကတော့ ထိုင်းရဲ့အကျိုးစီးပွားနဲ့ မြန်မာဘက်က ထိုင်းကို အပေးအယူလုပ် ညှိနှိုင်းနိုင်မှု အင်အား အားနည်းတာကြောင့်လို့ ကောက်ချက်ချပါတယ်။

နေပြည်တော်အစိုးရအနေနဲ့ bargaining power ဆိုတဲ့ ညှိနှိုင်းဆွေးနွေးရာမှာ ကိုယ့်ဘက်က အသာစီးရနိုင်တဲ့အင်အားကို အသုံးမချနိုင်တာလို့ တောင်သူတွေနဲ့ တင်ပို့သူတွေက ရှုမြင်နေကြပါတယ်။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ဦးမင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဥ်ရှိခဲ့လို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတွေက ဒီအရေးဆွေးနွေးမလား မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံသဘောတူညီချက်ထွက်လာချိန်မှာ ထိုင်းဘက်ကအလိုရှိတဲ့ရေနံနဲ့ဓာတ်ငွေ့လို ကိစ္စတွေပါပေမဲ့ မြန်မာဘက်က တစ်ရာသီမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဝင်ငွေရနိုင်တဲ့ထောပတ်သီးအရေး မပါခဲ့ဘူးလို့ စိတ်ပျက်ခဲ့ကြတယ်လို့ဆိုပါတယ်။

''ထိုင်းက သူတို့ကုန်စည်ကို မြန်မာအစိုးရဘက်က ကန့်သတ်တော့ သူတို့ကလည်း မြန်မာနယ်စပ်ဘက်က အဓိကသွင်းတဲ့အသီးတွေကို ကန့်သတ်လိုက်တာလို့ ကျွန်တော်တို့ယူဆပါတယ်'' လို့ ထောပတ်စိုက်တောင်သူ ဦးခွန်က ပြောပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်ရဲ့အမေရိကန်ဒေါ်လာ လျှော့သုံးပြီး သွင်းကုန်တင်သွင်းမှု တင်းကျပ်တဲ့ မူဝါဒနောက်မှာ ထိုင်းဘက်က ကုန်စည်အမျိုးအစားတချို့ မြန်မာဘက်ကို တင်သွင်းတာကို ကန့်သတ်ထားပါတယ်။ ဒီလိုမြန်မာဘက်က ကန့်သတ်မှုကြောင့် ထိုင်းကုန်စည်တွေကို မြန်မာဘက်စျေးကွက်မှာ ဝယ်လိုအား လျော့ကျနေပါတယ်။

''ကိုယ့်အစိုးရဘက်က bargaining power မရှိတာပေါ့။ တကယ်တော့ထိုင်းကုန်တွေကကျွန်တော်တို့ဆီကို ဒေါ်လာဘီလျံချီ သွင်းနေတာလေ။ ကျွန်တော်တို့ဘက်က ပို့စရာဆိုလို့ ထောပတ်သီးနဲ့ ပြောင်းသီးနှံ လောက်ပဲရှိတာ။ တကယ်ဆို ကိုယ့်အစိုးရက အသီးတွေကိုတရားဝင်တင်ပို့ခွင့်ရချင်တယ်ဆိုတာမျိုး မာမာတင်းတင်းပြောသင့်တယ်'' လို့ ဦးခွန်က ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ထိုင်းသစ်သီးအေးဂျင့်တချို့ကတော့ မြန်မာဘက်က စျေးကွက်မဝင်တဲ့ ထောပတ်သီးအနုတွေကို ရောထည့်ရောင်းချပြီး စံချိန်စံညွှန်းလိုက်နာမှု မရှိတာကြောင့် အသီးဝယ်ယူမှုတွေ ရပ်ဆိုင်းလိုက်တာလို့ ပြောကြပါတယ်။

''အသီးနုပါတဲ့ပြဿနာက ဒီလောက်မကြီးစေပါဘူး။ ဒါကဖြစ်နေကျပါပဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ အသီးနုတွေထည့်တာ လုံးဝမလုပ်သင့်ပါဘူး'' လို့ နောက်ထပ်ထောပတ်သီးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

မြန်မာမှာ ထောပတ်သီးကို အေးတဲ့ဒေသတွေ၊ အထူးသဖြင့် နိုင်ငံအထက်ပိုင်း၊ ရှမ်း (တောင်ပိုင်း) တခွင်နဲ့ မန္တလေးတိုင်းထဲက ပြင်ဦးလွင်၊ မိုးကုတ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ နာဂတောင်တန်းဒေသတွေမှာ အဓိကစိုက်ပျိုးကြပါတယ်။

စျေးကွက်အားကောင်းတဲ့ Hass မျိုးအပါအဝင် ပြည်ပတင်ပို့ဖို့ ရည်ရွယ်တဲ့ ဘူကေးနီးယားနဲ့ အခြားမျိုးတွေကို ပြင်ဦးလွင်၊ ရွာငံ၊ ရပ်စောက်နဲ့ တောင်ကြီးတို့မှာ အဓိက စိုက်ပျိုးကြပါတယ်။

နိုင်ငံတဝန်း ထောပတ်သီးစိုက် ဧက ၂၅,၀၀၀ ဝန်းကျင်ရှိပြီး တစ်နှစ်ကို တန်ချိန် ၂၅,၀၀၀ ခန့် ထွက်ရှိပါတယ်။ အဲဒီထဲက တန်ချိန် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြားကို ထိုင်းဈေးကွက်ကို တင်ပို့ရပါတယ်။

တကယ်တော့ ထိုင်းဘက်မှာ မြန်မာထောပတ်သီးအတွက် ဈေးကွက်လိုအပ်ချက် ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့စိုက်ပျိုးရေးလေ့လာချက်တစ်ခုမှာ မြန်မာနဲ့ ဗီယက်နမ်က ထွက်တဲ့ထောပတ်သီးတွေ ထိုင်းဈေးကွက်ထဲ ဝင်ရောက်ပြီး ထိုင်းထွက်ကုန်နည်းပါးတဲ့ကာလတွေမှာ ရောင်းချနိုင်တာကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာထောပတ်သီးတွေဟာ ထိုင်းထောပတ်သီး ထွက်ရှိမှုနည်းတဲ့ ဇန်နဝါရီကနေ ဧပြီလအတွင်း ဈေးကွက်ဝင်တာကိုလည်း အဲဒီလေ့လာချက်မှာ တွေ့ရပါတယ်။

စျေးကွက်ဝယ်လိုအားကြီးတဲ့ ထိုင်းစျေးကွက်မရေမရာဖြစ်နေချိန်မှာ တရုတ်ကို အစားထိုးစျေးကွက်အဖြစ်ပြောင်းနိုင်ဖို့ MAVO က ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ တရုတ်စျေးကွက်အတွက်လည်း တရုတ်အကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) ရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။

''လာမယ့်နှစ်အတွင်းမှာ တရုတ်နဲ့ တရားဝင်တင်ပို့နိုင်ဖို့ နားလည်မှုစာချုပ် ချုပ်ဆိုဖို့ကို အသင်းက အားစိုက်နေပါတယ်။ ဒါပေမဲ့လည်း အသင်းတစ်ခုတည်းနဲ့တော့ အတော်ရုန်းရမှာပါ'' လို့ MAVO က တာဝန်ရှိသူကပြောပါတယ်။

ဒါပေမဲ့ တရုတ်ဈေးကွက်က ထိုင်းဈေးကွက်ကို ချက်ချင်း အစားထိုးပေးနိုင်တဲ့အခြေအနေမရောက်သေးတာကြောင့် လာမယ့် ထောပတ်သီးထွက်မယ့်ရာသီအတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

"ထိုင်းကိုမှ ဆက်ပို့လို့မရတော့ဘူးဆိုရင် ကျွန်တော်တို့ အပင်တွေကို မသေရုံတမယ်ပဲ စိုက်ထားရတော့မှာပါ။ ပြည်တွင်းဈေးကွက်က ဖြုန်းအား မရှိပါဘူး။ ဒီပြဿနာမပြေလည်ရင် နှစ်ချီရင်းနှီးထားရတဲ့ ထောပတ်သီးစိုက်ခင်းတွေလည်း ပျောက်ကုန်မှာပါ" လို့ ထောပတ်သီးစိုက်တောင်သူ ဦးခွန်ကပြောပါတယ်။