ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုးကန့်ထိန်းချုပ် ကွတ်ခိုင်မှာ အုပ်ချုပ်ရေးနဲ့ ဘဏ်လုပ်ငန်းပြန်စရေး နေပြည်တော်ကြိုးပမ်း
တအာင်းတပ် (TNLA) ဆီကနေ ကိုးကန့်တပ် (MNDAA) ရယူထိန်းချုပ်လိုက်တဲ့ ရှမ်း(မြောက်) ကွတ်ခိုင်မြို့မှာ နေပြည်တော်ဘက်က ဌာနဆိုင်ရာနဲ့ ဘဏ်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပါတယ်။
မေလနောက်ဆုံးပတ်အတွင်း နေပြည်တော်ရဲ့ဝန်ထမ်းတချို့ မြို့ကို ပြန်ဝင်လာပြီလို့ ကွတ်ခိုင်ဒေသခံတွေနဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အထူးသဖြင့် ဗဟိုဘဏ်ထိန်းချုပ်မှုအောက်က မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဝင်ရောက်လာဖို့ရှိတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ထိန်းချုပ်နယ်မြေထဲကို နေပြည်တော်ဘက်က ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ရောက်လာတာက ဘာသဘောဆောင်လဲ။
ကွတ်ခိုင်ကို ဘယ်ဌာနဆိုင်ရာတွေ ဝင်လာလဲ
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ လားရှိုးမြို့နဲ့ ကပ်လျက်ရှိတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်(MNDAA) က သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် (TNLA) ဆီကနေ မတ်လအတွင်း ထိန်းချုပ်ရယူထားတာ ဖြစ်ပါတယ်။
နှစ်လအကြာ မေလနောက်ဆုံးပတ်ကစပြီး ကွတ်ခိုင်မြို့ထဲကို နေပြည်တော်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတချို့ ပြန်ရောက်လာတာလို့ ကွတ်ခိုင်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ကွတ်ခိုင်ဗျူဟာကုန်းထဲမှာ စစ်အစိုးရဆီက ဌာနဆိုင်ရာဝန်ထမ်းတွေပြန်ရောက်နေတာ ရက်ပိုင်းလောက်ရှိပြီ" လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ကွတ်ခိုင်ဗျူဟာကုန်းဟာ မြို့အစွန်ဘက်မှာရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီးမှာရှိပါတယ်။
ဒါပေမဲ့ နေပြည်တော်လက်အောက်ခံ ဝန်ထမ်းတွေ ရုံးထိုင်ခဲ့တဲ့ဌာနဆိုင်ရာရုံးတွေမှာ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာမျိုး မတွေ့ရသေးဘူးလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA)က သူ့ရဲ့ "အထူးဒေသ ၁" အတွင်း ထည့်သွင်းအုပ်ချုပ်နေပါတယ်။ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးကတော့ ဝန်ထမ်းတချို့ ပြန်ဝင်လာတာဟာ နေပြည်တော်အနေနဲ့ ကွတ်ခိုင်မှာ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားတွေကို တစ်စိတ်တစ်ပိုင်း ပြန်ထူထောင်ဖို့ ကြိုးပမ်းတာလို့ သုံးသပ်ပါတယ်။
"အရပ်ဘက်ပဲ ဝင်လာတာ၊ စစ်ဘက်နဲ့ ဝင်လာတာမဟုတ်တော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းတွေကိုတော့ ကိုးကန့်ဘက်က ဆက်ကိုင်ထားနိုင်တယ်'' သူက ပြောပါတယ်။
MNDAA နဲ့ မြန်မာစစ်တပ်တို့ဟာ တရုတ်က ကြားဝင်ကမကထလုပ်ပေးတဲ့ ဆွေးနွေးမှုတွေအပြီး ၂၀၂၅ နှစ်အစပိုင်းမှာ အပစ်ရပ်ခဲ့ကြပြီးနောက် လားရှိုးမြို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် အခုကွတ်ခိုင်မှာ အလားတူအခြေအနေမျိုးဖြစ်လာတာပါ။ ကွတ်ခိုင်ဒေသခံစစ်ရေးသတင်းရင်းမြစ်ကတော့ ကွတ်ခိုင်လည်း လားရှိုးလိုမျိုး နေပြည်တော်လက်အောက်ကို အလုံးစုံပြန်ရောက်နိုင်ခြေရှိတယ်လို့ ကောက်ချက်ချပါတယ်။
''တရုတ်ဘက်က ကိုးကန့်တပ်ကို စစ်တပ်နဲ့ နေပြည်တော်ဘက်ကို ပြန်ပေးခိုင်းရင် ကိုးကန့်လည်းပြန်လွှဲပေးလိုက်ရမှာပဲ'' လို့ ကွတ်ခိုင်ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
ဒါအပြင် ရှမ်းမြောက်ဒေသက ပြည်ထောင်စုလမ်းမကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ဆယ်စုနှစ်သုံးခုနီးပါး လုပ်ကိုင်ခဲ့တဲ့ Oriental Highway Co., Ltd. လည်း ကွတ်ခိုင်မြို့ထဲ ပြန်ဝင်လာနိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေ ဒေသခံတွေကြား ပျံ့နှံ့နေပါတယ်။
ကွတ်ခိုင်မြို့ထဲကို နေပြည်တော်ဘက်က ဌာနဆိုင်ရာဝန်ထမ်းတချို့ ဝင်ရောက်လာနိုင်တာဟာ ကိုးကန့်တပ်အပေါ် တရုတ်ရဲ့ ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ နယ်မြေအခြေစိုက် တရုတ်-မြန်မာအရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
ကိုးကန့်တပ် (MNDAA) အနေနဲ့ သူ့ထိန်းချုပ်နယ်မြေတွေထဲ ဝင်လာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းတွေဆီက အကျိုးအမြတ်တွေကို မှီခိုနေရသလို နယ်စပ်ကုန်သွယ်ရေးကို အဓိကချုပ်ကိုင်ထားတဲ့ တရုတ်ရဲ့သြဇာကို လွန်ဆန်ဖို့လည်း အခက်အခဲရှိနိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar)ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ နေပြည်တော်ဘက်က ကွတ်ခိုင်မှာ အရပ်ဘက်အုပ်ချုပ်ရေးယန္တရား တစ်စိတ်တစ်ပိုင်း ပြန်လည် ထူထောင်ဖို့ ကြိုးပမ်းတာဟာ တရုတ်အနေနဲ့ G-to-G အစိုးရချင်းတိုက်ရိုက်ဆက်ဆံမှု ပိုလုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
''ရှမ်းမြောက်ဒေသက နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အစိုးရချင်းတိုက်ရိုက်ဆက်ဆံလိုတဲ့သဘောလက္ခဏာ ဖြစ်နိုင်တယ်'' လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ဟာ မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ နိုင်ငံတွင်းအခြေအနေကို အသေးစိတ်လေ့လာသုတေသနပြုတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
"တရုတ်ကြားဝင်စေ့စပ်မှုနဲ့ပဲ ကိုးကန့်ဘက်ကလည်း အချက်တချို့ အလျှော့ပေး၊ နေပြည်တော်ဘက်ကလည်း တစ်စိတ်တစ်ပိုင်းအုပ်ချုပ်ရေးပြန်ချလာတဲ့ သဘောပဲ" လို့ သူက ပြောပါတယ်။
ကွတ်ခိုင်မြို့ထဲ နေပြည်တော်ရဲ့အရပ်ဘက်အုပ်ချုပ်ရေးစနစ် စတင်ဝင်ရောက်နေပြီလားဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ကိုးကန့်သတင်းကွန်ရက်နဲ့ နေပြည်တော်ဘက်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ကိုးကန့်သတင်းကွန်ရက် တာဝန်ရှိသူတစ်ဦးကတော့ နေပြည်တော်ဌာနဆိုင်ရာဝန်ထမ်းတချို့ ကွတ်ခိုင်မြို့ထဲ ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေဟာ "ကောလာဟလ" သာဖြစ်တယ်လို့ မေ ၂၄ ရက်မှာ တုံ့ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့ဟာ တရုတ်ရဲ့ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း - Belt and Road Initiative (BRI) စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း ဖြတ်သန်းမယ့် မြို့တွေထဲက တစ်မြို့လည်း ဖြစ်ပါတယ်။
နယ်စပ်ဒေသက ဘဏ္ဍာရေးလမ်းကြောင်းကို ဟန့်တားဖို့ ကြိုးပမ်းတာလား
တဖက်မှာလည်း ဘဏ်စနစ်နဲ့ အရပ်ဘက်ဝန်ဆောင်မှုတချို့ ပြန်ဝင်ဖို့ကြိုးပမ်းချက်ဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ အားနည်းလာတဲ့ မြန်မာကျပ်ငွေစနစ်လည်ပတ်မှုကို ပြန်လည်ထိန်းညှိဖို့ဆိုတဲ့ပြောဆိုချက်တွေရှိပါတယ်။
ရှမ်းမြောက်ဒေသတွင်းကုန်သွယ်ရေးနဲ့ မြန်မာကျပ်ငွေပြန်လည်ပတ်နိုင်ရေးအတွက် MNDAA နဲ့ နေပြည်တော်ကြား ဆွေးနွေးမှုရှိတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တချို့ က သုံးသပ်ကြပါတယ်။
ရှမ်းမြောက်နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရုတ်ယွမ်ငွေကို အဓိကအသုံးပြုလာတာကြောင့် ဒေသတွင်း ငွေကြေးစနစ်ဟာ ယွမ်အပေါ် မှီခိုမှု ပိုများလာနေတယ်လို့ ဒေသတွင်း စီးပွားရေးအကဲခတ်တွေက အစောပိုင်းကတည်းကပြောထားပါတယ်။
ဒါကြောင့် တရုတ်- မြန်မာနယ်စပ်မှာ ယွမ်ငွေလွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ဖို့ နေပြည်တော်ဘက်က ရည်ရွယ်တာဖြစ်နိုင်တယ်လို့ အမည်မသုံးစေလိုတဲ့ တရုတ်-မြန်မာအရေး အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
"နေပြည်တော်ဘက်က ဘဏ်စနစ်ကို ပြန်လည်လည်ပတ်နိုင်ရင် ယွမ်အသုံးပြုမှုကိုအတိုင်းအတာ တစ်ခုအထိ ထိန်းညှိဖို့ ကြိုးစားလာနိုင်တယ်" လို့ သူက ပြောပါတယ်။
စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) ဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေတွေအတွင်း သီးခြားဘဏ်ခွဲတွေ ဖွင့်လှစ်ပြီး ဒေသတွင်း ငွေကြေးစနစ်ကို ကိုယ်ပိုင်ထိန်းချုပ်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရှမ်းမြောက်အရေး စောင့်ကြည့်နေတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဘီဘီစီအနေနဲ့ ကိုးကန့်တပ် (MNDAA) က ဘဏ်လုပ်ငန်းလုပ်ကိုင်မယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တဖက်က တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းဒေသမှာလည်း The Mountain Bank (TMB) ဆိုတဲ့ ဘဏ်အသစ်အတွက် ဝန်ထမ်းခေါ်ယူတဲ့ ကြော်ငြာစာတွေ မြေပြင်မှာ ကပ်ထားတာကို တွေ့ရသလို ဘဏ်ခွဲတစ်ခု ဆောက်လုပ်ထားတဲ့ပုံတွေကိုလည်း ဘီဘီစီသတင်းရင်းမြစ်တွေက ပေးပို့ထားပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်ဘက်ကတော့ ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်လိုင်စင်ထုတ်ပေးထားခြင်းမရှိတဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်အသုံးပြုတာ မလုပ်ဖို့ မေ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နေပြည်တော်အနေနဲ့ တရုတ်နဲ့ နယ်စပ်ဒေသတွေမှာ ကျပ်ငွေစနစ် ပြန်လည်လည်ပတ်နိုင်လာရင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့ အနာဂတ် ရထားလမ်းစီမံကိန်းဆိုင်ရာ ငွေကြေးစီးဆင်းမှုတွေကို ဗဟိုဘဏ်ကတစ်ဆင့် ပြန်လည်စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာလို့ ISP Myanmar ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
"နယ်စပ်ဒေသက ငွေကြေးစနစ်နဲ့ စီးပွားရေးသမားတွေရဲ့ ငွေအဝင်အထွက်ကို စောင့်ကြည့်ထိန်းချုပ်ခွင့် ပြန်ရလာနိုင်တယ်။ တစ်ဖက်မှာလည်း နယ်မြေစိုးမိုးမှုကို တစ်နည်းတစ်ဖုံ ပြန်တည်ဆောက်လာနိုင်တယ်" လို့ သူက ပြောပါတယ်။
ကွတ်ခိုင်မြို့ထဲ နေပြည်တော်ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ဝင်လာတဲ့အပေါ် ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒေသခံတွေဆီက အဲဒီအချက်အလက်ကို ကြားသိထားရတယ်လို့ ဘီဘီစီကို မေလ ၂၅ ရက်မှာ ဖြေပါတယ်။
လက်ရှိမှာ KIA ဟာ ကွတ်ခိုင်မြို့ကနေ တရုတ်- မြန်မာနယ်စပ်၊ မူဆယ်မြို့ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖက်တာတိုက်နယ်ထဲမှာလည်း နယ်မြေဖြန့်ကြက်နေတာဖြစ်ပါတယ်။
နေပြည်တော်က ကွတ်ခိုင်မှာ အုပ်ချုပ်ရေးယန္တရားထူထောင်မယ်ဆိုရင် KIA (ကချင်လွတ်လပ်ရေးတပ်) တပ်ဖွဲ့တွေအနေနဲ့ သွားရေးလာရေးတွေ အဟန့်အတားဖြစ်ပြီး ခက်ခဲသွားမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခတွေဖြစ်သွားနိုင်လို့ လက်နက်ကိုင်တပ်တွေအနေနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးမှ အဖြေရှာတာတွေ လုပ်သင့်တယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပြုပါတယ်။