ဇနီးဟောင်းကို ဒေါ်လာ ၆၄၄ သန်း ကွာရှင်းစရိတ်ပေးရတဲ့ တောင်ကိုရီးယား နည်းပညာ သူဌေးကြီး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

တောင်ကိုရီးယား နည်းပညာ ဘီလျံနာ သူဌေးတယောက်ရဲ့ ကွာရှင်းမှုမှာ ဇနီးဟောင်းကို ပေးရမယ့်ငွေကို သုံးပုံတပုံ လျှော့ပေးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

အက်စ်ကေ Hynix ချစ်ပြား ကုမ္ပဏီ ဥက္ကဋ္ဌ ချွဲတေဝမ်က ဇနီးဟောင်း နိုဆိုယန်းကို ဒေါ်လာ သန်း ၆၄၀ ကျော် ပေးရမှာ ဖြစ်ပါတယ်။

နိုဆိုယန်းကလည်း တောင်ကိုရီးယား သမ္မတဟောင်းတယောက်ရဲ့ သမီး ဖြစ်ပါတယ်။

ဘီလျံနာသူဌေး ဖောက်ပြန်ပြီး တခြားအမျိုးသမီးနဲ့ ကလေး ရခဲ့ကြောင်း တွေ့ရှိပြီး ဆယ်နှစ်ကျော် အကြာမှာ ဒီလို ကွာရှင်းငွေကိစ္စ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

Nvidia အတွက် ချစ်ပြားတွေ ထုတ်ပေးတဲ့ အက်စ်ကေ Hynix တပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကြီးကို အက်စ်ကေအုပ်စုက ပိုင်ဆိုင်ပါတယ်။ အမေရိကန် စတော့စျေးကွက်မှာ အက်စ်ကေ Hynix က ပွဲဦးထွက် တန်ဖိုးအမြင့်ဆုံးရသွားတဲ့ စံချိန်ကို မကြာခင်က တင်ခဲ့ပါတယ်။

ဒီ ကွာရှင်းမှု ဖြစ်စဉ်တွေကြောင့် ပြည်သူအများအပြား စိတ်ပူပန်ခဲ့ရလို့ ဥက္ကဋ္ဌ ချွဲတေဝမ်က အင်မတန် ဝမ်းနည်းကြောင်း ချွဲရဲ့ ရှေ့နေတွေက ပြောပါတယ်။

အက်စ်ကေအုပ်စုက တောင်ကိုရီးယား စီးပွားရေးကို ကြီးစိုးတဲ့ မိသားစုပိုင် လုပ်ငန်းစုကြီးတရပ်လည်း ဖြစ်ပါတယ်။

၃၅ နှစ်ကြာ လက်ထပ်ခဲ့ကြတဲ့ နိုရဲ့ ချွဲတို့ကြား ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ အမှုရင်ဆိုင်ခဲ့ကြအပြီး အခုနောက်ဆုံး ဒီလိုဆုံးဖြတ်ချက် ပေါ်ထွက်လာတာပါ။

၂၀၂၄ မှာ တရားရင်ဆိုင်ကြစဉ်က ချွဲဟာ ယောက္ခမဟောင်း နိုတေဝူးရဲ့ အကူအညီကို သိသိသာသာ ရရှိခဲ့ကြောင်း နိုရဲ့ ဥပဒေ အဖွဲ့က အောင်မြင်စွာ စောဒက တက်ခဲ့ကြပါတယ်။ နိုတေဝူးက ၁၉၈၈ ကနေ ၁၉၉၃ ထိ တောင်ကိုရီးယားသမ္မတ ဖြစ်ခဲ့ပါတယ်။

၁၉၉၁ မှာ အဲဒီတုန်းက သမ္မတက ချွဲကို သူပိုင်ငွေထဲက ထုတ်ပြီး ကိုရီးယား ဝမ်ငွေ ဘီလျံ ၃၀ ပေးခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဇနီးဟောင်းကို ၁. ၃၈ ထရီလျံပေးဖို့ ချွဲကို အမိန့်ချခဲ့ပါတယ်။

မနှစ်ကတော့ တရားရုံးချုပ်က အောက်ရုံးရဲ့ အဲဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး သမ္မတဟောင်းရဲ့ ငွေဟာ တရားမဝင်နည်းနဲ့ ရရှိခဲ့တာ ဖြစ်လို့ သမီးခင်ပွန်းရဲ့ ပိုင်ဆိုင်မှု အစိတ်အပိုင်း အနေနဲ့ ယူဆလို့ မရနိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုက တောင်ကိုရီးယားကို ကိုင်လှုပ်ခဲ့ပါတယ်။

အက်စ်ကေအုပ်စုကို ၁၉၅၃ မှာ အထည်အလိပ် ကုမ္ပဏီ အနေနဲ့ စတင်ခဲ့ပြီး လုပ်ငန်းပေါင်းစုံကို လျင်လျင်မြန်မြန် တိုးချဲ့လုပ်ကိုင်ရင်း တောင်ကိုရီးယားရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးတခု ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့မှာ ဆမ်ဆောင်းအုပ်စုပြီးရင် ဒုတိယအကြီးဆုံး မိသားစုပိုင် လုပ်ငန်းကြီးလည်း ဖြစ်ပါတယ်။

အက်စ်ကေတယ်လီကွန်းက လပေး ဖုန်းစနစ်တွေ ဝယ်ပြီး အက်စ်ကေ ဓာတ်ဆီဆိုင်တွေမှာ တောင်ကိုရီးယားနိုင်ငံသားတွေ ဆီဖြည့်ကြပါတယ်။

အက်စ်ကေ Hynix က အေအိုင် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးမှုရဲ့ ဗဟိုချက်မှာ ရောက်ရှိလာချိန်မှာတော့ အက်စ်ကေအုပ်စုက ကမ္ဘာသိ ဖြစ်လာခဲ့ပါတယ်။

မေလက ဒီ ချစ်ပြား ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက တောင်ကိုရီးယား စတော့စျေးကွက်မှာ ဒေါ်လာ တစ်ထရီလျံကျော်သွားခဲ့ပါတယ်။

အက်စ်ကေ Hynix ရဲ့ တန်ဖိုးတက်လာတာနဲ့အမျှ အက်စ်ကေအုပ်စုနဲ့ ဥက္ကဋ္ဌ ချွဲရဲ့ အဆင့်အတန်းကလည်း မြင့်လာခဲ့ပါတယ်။

အရင်လက အေအိုင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို ကြေညာချိန်မှာ တောင်ကိုရီးယား သမ္မတ အီဂျေမြောင်က ချွဲကို ချီးကျူးခဲ့ပါတယ်။ ချွဲနဲ့ ဆမ်ဆောင်း ဥက္ကဋ္ဌ ဂျေဝိုင်လီးတို့ကို "ကိုရီးယားပြည်သူတွေရဲ့ သူရဲကောင်းတွေ" အဖြစ်လည်း ခေါ်ဆိုသုံးနှုန်းခဲ့ပါတယ်။

နယူးယော့ စျေးကွက်မှာ အက်စ်ကေကုမ္ပဏီက ဒေါ်လာ ၂၆ ဘီလျံခွဲ ရရှိခဲ့ပြီး အမေရိကန်မှာ အများဆုံး စျေးပေါက်တဲ့ နိုင်ငံခြား ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

မှတ်ချက်ပေးဖို့ အက်စ်ကေ အုပ်စုကို ဘီဘီစီက ဆက်သွယ်ထားခဲ့ပါတယ်။