ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဘုံသဘောတူချက် ၅ ခုကို မြန်မာ့သဘောတူညီချက်မယူဘဲချမှတ်ခဲ့တာလို့ နိုင်ငံခြားရေးကထုတ်ပြန်

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ပြောဆိုလာတာအပါအဝင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • နေပြည်တော်မှာ ဒက္ခိဏသီရိမြို့နယ်မှာ ရေစိုဝတ်နဲ့ ဖုန်းအားသွင်းလိုက်တာကြောင့် ကျောင်းသားတစ်ယောက် ဓာတ်လိုက်သေဆုံး
  • ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်သူနဲ့ ဆက်စပ်ဖမ်းမိသူ ၅ ယောက်ကို ပြင်ဦးလွင်တရားရုံးက သေဒဏ် ချမှတ်
  • အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့တာမဟုတ်ဘူးလို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာပြော
  • ရခိုင်မှာ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၄၅ ယောက် ရှိခဲ့
  • မုံရွာအကျဉ်းထောင်မှာ ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အခမ်းအနား ကျင်းပနေချိန်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ထောင်ဝန်ထမ်းတွေက ခေါ်ဆောင်သွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ရေးခြိမ်းခြောက်မှုအပေါ် ဗြိတိန် ပေါ့ဆနေတယ်လို့ လက်နက်ကုမ္ပဏီအကြီးအကဲ သတိပေး

    ဗြိတိန်ဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုခုက တိုက်ခိုက်နိုင်ခြေ အန္တရာယ်နဲ့ပတ်သက်လို့ ပေါ့လျော့နေတယ်လို့ ဥရောပရဲ့ အကြီးဆုံးလက်နက်ကုမ္ပဏီ BAE Systems ရဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

    သူ့ဘဝတစ်လျှောက်မကြုံဖူးတဲ့ အမြင့်ဆုံးခြိမ်းခြောက်မှုမျိုးကိုမြင်နေရတယ်လို့ ဒေါက်တာ ချားစ် ဝုဒ်ဘန်းက ဘီဘီစီနဲ့သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုခဲ့ပါတယ်။

    ဗြိတိန်အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မယ့်အစီအစဥ်ကို ကြိုဆိုပေမဲ့ လျာထားချက် ပြည့်မီဖို့ဆိုရင် အခုထက်ပိုသုံးရမယ်လို့ သူက ပြောပါတယ်။

    ၂၀၃၅ ခုနှစ် မှာ ဂျီဒီပီရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အတွက် သုံးစွဲမယ်လို့ ဗြိတိန်အစိုးရက ကတိပြုထားပါတယ်။

    လူသားထိန်းချုပ်မှုမူဝါဒကိုပဲ ဆက်လက်ထားရှိမယ်ဆိုတဲ့ ဗြိတိန်ရဲ့ စည်းမျဉ်းကို မလိုက်နာတဲ့ နိုင်ငံတွေကနေ အလိုအလျောက်ထိန်းချုပ်စနစ်ပါတဲ့ လက်နက်တွေနဲ့တိုက်ခိုက်ဖို့ သိပ်မဝေးတော့ဘူးလို့ သူက သတိပေးပါတယ်။

    ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးနဲ့ကျင့်ဝတ်ဆိုင်ရာ မူဝါဒဖြစ်တဲ့ "လူသားထိန်းချုပ်မှု" ဆိုတာ လူ ဒါမှမဟုတ် ပစ်မှတ်ကို ဖျက်ဆီးဖို့ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်ကို လူသားစစ်သည်ကပဲ အဆုံးအဖြတ်ပေးရမယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။

    ခေတ်သစ်စစ်ပွဲတွေဟာ အကြီးအကျယ်ပြောင်းလဲသွားပြီဖြစ်ပြီး ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း လိုက်လျောညီထွေစွာပြောင်းလဲရမယ်လို့ ဝုဒ်ဘန်းကပြောခဲ့ပါတယ်။

    ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒရုန်းနဲ့ ဖျက်ဒရုန်းစနစ်မှာ အလိုအလျောက်ထိန်းချုပ်စနစ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်နေပြီလို့ သူက ဆိုပါတယ်။

    ဖန်ဘာရိုနိုင်ငံတကာလေကြောင်းပြပွဲမှာ BAE Systems ဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးသစ် ဝက်စ် စထရိတင်းရှေ့မှောက်မှာ တကယ့်အရွယ်အစားအတိုင်းရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို ပြသခဲ့ပါတယ်။

    ပူပေါင်းတိုက်ခိုက်ရေးလေယာဉ်အဖြစ် အသုံးပြုမယ့် အဲဒီလေယာဉ်လေးစင်းဟာ လူပါတဲ့ တိုက်လေယာဉ်တစ်စင်းကို ရံပြီးလိုက်ပါမှာဖြစ်ပါတယ်။ ဒီမောင်းသူမဲ့လေယာဉ်တွေရဲ့တန်ဖိုးဟာ လူသားပါတဲ့ တိုက်လေယာဉ်တစ်စင်းကုန်ကျစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်း ပဲရှိပါတယ်။

    ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပွဲအသင့်ဖြစ်မှုနဲ့ပတ်သက်လို့ လက်နက်ကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့်အရာရှိတွေက မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဆာဂွန်း ဂျန်ကင်စ်က ဗြိတိန်ရေတပ်ဟာ စစ်ပွဲအတွက် အသင့်မဖြစ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်က ကြီးမားပြီး ဆိုးရွားတဲ့ တော်ဝင်ရေတပ်လို့ သရော်ခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ဗြိတိန်ရဲ့လေယာဉ်တင်သင်္ဘောတွေဟာ ကစားစရာတွေလို့ ပြောဆိုခဲ့ပါတယ်။

  2. ရခိုင်မှာ ဒီလထဲ လေကြောင်းဗုံးကြဲလို့ ၁၀ ယောက်သေဆုံး

    ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင်လ ၁ ရက်ကနေ ၂၄ ရက်အထိ သေဆုံးသူ ၁၀ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၄၅ ယောက် ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ချက်နဲ့ စစ်ရေးသတင်းအရင်းအမြစ် ပြောပြချက်အရ သိရပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေဟာ AA ထိန်းချုပ်ထားတဲ့ သံတွဲ၊ ဂွ၊ တောင်ကုတ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရှိခဲ့ပြီး အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင် ၁၉ ရက်တစ်ရက်တည်းမှာပဲ သေဆုံးသူ ၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ဆုံး တိုက်ခိုက်မှုအဖြစ် ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းက သံတွဲမြို့ ဒိုးတောင်ရပ်ကွက်ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီမတိုင်ခင် ဇူလိုင် ၂၃ ရက်ကလည်း သံတွဲမြို့နယ်နဲ့ ငပလီဒေသဘက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

    ရခိုင်စစ်ရေးသတင်းအရင်းအမြစ်တစ်ယောက်ကတော့ ရေဘေးဒဏ်ခံနေရတဲ့ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဟာ AA ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာအောင် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးဖို့ရည်ရွယ်တာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

  3. ''မနက် ၃ နာရီမှာ အမြဲတရေးနိုးတာ ဘာကြောင့်လဲ''

    ညအိပ်နေချိန် ညလယ်မှာ ရုတ်တရက်နိုးလာပြီး ပြန်အိပ်မပျော်တော့တဲ့ အတွေ့အကြုံ ရှိဖူးပါသလား။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ညဘက်မှာ ပိုပြီး မကြာခဏ အိပ်ရာနိုးတတ်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။

    လူမှုဘဝက ဖိအားတွေ အမျိုးသမီးတွေရဲ့ အိပ်စက်မှုကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့အကြောင်း နဲ့ လူအများ စိတ်ဝင်စားဆွေးနွေးကြတဲ့ ခေါင်းစဉ်တစ်ခုဖြစ်လာတဲ့ တရေးနိုးချိန် ပြန်အိပ်မရတဲ့ အကြောင်းအရာကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါပြီ။

  4. မုံရွာထောင်မှာ အကျဥ်းသားတွေ အာဇာနည်နေ့ကျင်းပလို့ဆိုပြီး စစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အခမ်းအနား ကျင်းပနေချိန်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ထောင်ဝန်ထမ်းတွေက ခေါ်ဆောင်သွားတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

    မုံရွာအကျဉ်းထောင်ထဲမှာ ၇၉ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားတွေက သက်ဆိုင်ရာ အိပ်ဆောင်တွေထဲမှာ ကျင်းပခဲ့တာလို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထုတ်ပြန်ပါတယ်။

    ဝမ်းနည်းခြင်းအနေနဲ့ တစ်မိနစ်ငြိမ်သက်နေချိန်မှာ ထောင်ဝန်ထမ်းတွေ လာရောက် ခေါ်ဆောင်သွားပြီးနောက် အခု ဇူလိုင် ၂၄ ရက်အထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိကြရဘူးလို့ ကိုရှင်းသန့်က ပြောပါတယ်။

    ဒါ့အပြင် အခမ်းအနားမှာ ပါဝင်တဲ့ အကျဉ်းသားတွေကို ခြိမ်းခြောက်တာတွေရှိတယ်လို့လည်း သိရပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြော‌ရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီးဦးအောင်ဇော်ဦးကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

    မုံရွာအကျဉ်းထောင်မှာ အကျဉ်းသား ၉၀၀ နီးပါးရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

    ဒီနှစ်ကျရောက်တဲ့ အာဇာနည်နေ့မှာ တော်လှန်ရေးအင်အားကောင်းတဲ့ မြို့နယ်တွေမှာ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုအောက်မေ့တဲ့ လှုပ်ရှားမှုတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အလေးပြု အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

  5. ရေကြီးနေတဲ့ နေပြည်တော်မှာ ကျောင်းသားတစ်ယောက် ဓာတ်လိုက်သေဆုံး

    ရေကြီးနေတဲ့ နေပြည်တော်မှာ ဒက္ခိဏသီရိမြို့နယ်ထဲက ကျောင်းသားတစ်ယောက် ဓာတ်လိုက်သေဆုံးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု ၊ သဲဖြူရွာမှာ အိမ်ထဲ ရေဝင်တဲ့အချိန် ပစ္စည်းတွေ ရွှေ့ပြောင်းရင်း ရေစိုဝတ်နဲ့ ဖုန်းအားသွင်းလိုက်တာကြောင့် အသက် ၁၄ နှစ်ဝန်းကျင် ကျောင်းသားတစ်ယောက် ဓာတ်လိုက်သေဆုံးတာလို့ သဲဖြူရွာခံက ဘီဘီစီကို ပြောပါတယ်။

    ကျောင်းထဲမှာ ရေဝင်တာတွေ၊ ကျောင်းသွားတဲ့လမ်းတလျှောက် လမ်းရေမြုပ်တာတွေကြောင့် အထက်တန်းကျောင်းကိုလည်း ပိတ်ထားတာ ၃ ရက်ပြီလို့ သိရပါတယ်။

    ဗေဗေ့မောင် ဆည်လက်တံ ရေနှုတ်မြောင်းရေလျှံတာကြောင့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ ငဝန်လမ်း၊ စိန်ပန်းပြာလမ်း၊ ရွှေလီလမ်းနဲ့ ပမ္ပဝတီလမ်းတွေထဲက အိမ်တွေထဲထိ ရေဝင်ရောက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ဇမ္ဗူသီရိမြို့နယ်၊ စိုက်ခင်းသုံးရွာမှာလည်း လေပြင်းတိုက်ပြီး မိုးများတာကြောင့် ဘုရားပြိုတာတွေလည်း ရှိတယ်လို့ မြို့ခံက ပြောပါတယ်။

    ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းတာ၊ လေထုမငြိမ်တာတွေကြောင့် ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၂ ရက်အထိ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ နေရာကွက်ပြီး မိုးကြီးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

  6. ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး

    မောင်အောင်မင်းခန့်ဟာ ၄ နှစ်နီးပါးအတွင်း မိဘအရင်းတွေဆီ ပြန်ချင်တဲ့စိတ်ကြောင့် သူရှိနေတဲ့နေရာတွေကနေ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ သူ့ကို ကူညီပေးခဲ့သူ နှစ်ဦးက ပြောပါတယ်။

    "သူကိုယ်တိုင်ကမဆုတ်မနစ် ရုန်းကန်ခဲ့တာကြောင့် အခုလို လွတ်မြောက်လာတာပါ" လို့ ကူညီပေးခဲ့သူတစ်ဦးဖြစ်တဲ့ မခိုင်သဇင်ဦးက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်သူတွေကို သေဒဏ်ချမှတ်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်သူနဲ့ ဆက်စပ်ဖမ်းမိသူ ၅ ယောက်ကို သေဒဏ် ချမှတ်ခဲ့တယ်လို့ အောင်စံပယ်ရွှေဆိုင်နဲ့ နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။

    အောင်စံပယ်ရွှေဆိုင်ကို မနှစ်က နိုဝင်ဘာမှာ ဓားပြတိုက်ခဲ့သူနဲ့ ဆက်စပ်သူတွေကို ၈ လ ကြာပြီးနောက်၂၀၂၆ ခုနှစ် ဇူလိုင် ဒုတိယပတ်မှာ ပြင်ဦးလွင်တရားရုံးက အမိန့်ချတာလို့ ပြောပြပါတယ်။

    အောင်စံပယ်ရွှေဆိုင်ကို ဓားပြမှု ကျူးလွန်သူတွေဟာ ဒီဆိုင်တင်မကဘဲ မန္တလေး၊ မြစ်ကြီးနားမြို့တွေထဲက ရွှေဆိုင်တချို့ကိုလည်း ဓားပြမှုကျူးလွန်တာတွေကို ဆက်စပ်‌တွေ့ရှိတာကြောင့် အမှုစစ်ဆေးဖို့ ကျန်နေသေးတယ်လို့လည်း ရွှေဆိုင်နဲ့နီးစပ်သူက ရှင်းပြပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်က ရွှေဆိုင်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်ကိုင်ကာ ဆိုင်ထဲကို ဝင်လာပြီး ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်ပြီးနောက် ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို CCTV မှတ်တမ်းကနေ တွေ့ရပါတယ်။

    သူတို့ကို ဆိုင်လုံခြုံရေးဝန်ထမ်းက ဝင်ရောက်တားဆီးချိန်မှာ အပစ်ခံရပြီး အသက်သေဆုံးခဲ့ပါတယ်။

    ပတ်ဝန်းကျင်က လူတွေ ဝိုင်းဖမ်းတာကြောင့် အဲဒီထဲက တစ်ယောက်ကိုဖမ်းမိခဲ့ပြီးနောက် ပါဝင်သူတွေက ဆက်စပ်ဖမ်းမိတာလို့ ရွှေဆိုင်နဲ့ နီးစပ်သူက ပြောပါတယ်။

    “အခုလို အမိန့်ချတာကတော့ သူတို့လုပ်ရပ်ကို သူတို့လုပ်တဲ့အတိုင်း ပြန်ခံရတာပဲလေ။ ရွှေဆိုင်ဘက်ကဆိုရင်လည်း ဝန်ထမ်းတစ်ယောက် အသက်ဆုံးရှုံးသွားရတာပဲ”လို့ သူက ပြောပါတယ်။

    သေဆုံးသွားတဲ့ လုံခြုံရေးဝန်ထမ်းရဲ့ မိသားစုကို ကျပ် သိန်း ၃၀၀ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

    ၂၀၂၆ ခုနှစ် ဧပြီ မှာ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းပေါ်က မေ စိန်ရွှေရတနာဆိုင်လည်း ဓားပြတိုက်မှုဖြစ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင်လည်း ဓားပြတိုက်ခံရပြီး ရွှေတွေလည်း ပါသွားခဲ့ပါတယ်။

  8. ကိုးကန့်တပ်နဲ့ 'ဝ' တပ်-နေပြည်တော်ခရီးနဲ့တရုတ်တွန်းအား

    တရုတ်ရဲ့ ကြားဝင်တွန်းအားပေးမှုအောက်မှာ "ဝ" တပ်ဖွဲ့ (UWSA) နဲ့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) တို့ဟာ လာမယ့် ဩဂုတ်လအတွင်း နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိနေပါတယ်။

    အဲဒီဆွေးနွေးပွဲတွေဟာ ဦးမင်းအောင်လှိုင် အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာပါ။ MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ တွေ့ဆုံမှုတွေဖြစ်လာမယ့်အရေးဟာ တရုတ်ရဲ့ သံတမန်ရေးဖိအားနဲ့ တိုက်တွန်းမှုတွေကြောင့်လို့ ဘီဘီစီကို ပြောဆိုပါတယ်။

    ကိုးကန့်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် (TNLA) ခေါင်းဆောင်အဖွဲ့ နေပြည်တော်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက အခြားလက်နက်ကိုင်အဖွဲ့တွေလည်း အလားတူ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

    ဘေကျင်းက ကိုးကန့်တပ်နဲ့ နေပြည်တော်ကြား တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ဘာကြောင့် တွန်းအားပေးနေတာလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. အာဆီယံအစည်းအဝေးတွေနဲ့ အလှမ်းဝေးနေဆဲလို့ လာဇာရိုပြောဆိုမှုပြီးနောက် နေပြည်တော်ပြန်တုံ့ပြန်

    မြန်မာခေါင်းဆောင်တွေအနေနဲ့ အာဆီယံ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့်ရဖို့ အလှမ်းဝေးနေတုန်းပဲလို့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဇူလိုင် ၂၃ ရက် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားအပြီးမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက “အာဆီယံဘုံသဘောတူညီချက် (၅) ချက်” ထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ပြန်လည်မေးခွန်းထုတ်လာပါတယ်။

    အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ “ဘုံသဘောတူညီချက် (၅) ချက်” ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ထွက်လာခဲ့တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ပြောဆိုလိုက်ပါတယ်။

    အာဆီယံဘက်ကတော့ ၅ ချက်ကို မြန်မာ့အရေးအတွက် အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားပြီး မြန်မာဘက်က အဲဒီအစီအစဉ် ဘယ်လောက်အထိ လိုက်နာဆောက်ရွက်တယ်ဆိုတာ အကဲဖြတ်နေဆဲလို့ ပြောဆိုထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံကို မူကြမ်းကြိုတင်ချပြ ညှိနှိုင်းတာ မရှိခဲ့ဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထည့်သွင်းကြေညာခဲ့တာကြောင့် ASEAN Consensus (အာဆီယံ ဘုံသဘောတူညီချက်) လို့ ခေါ်ဆိုနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

    ဇူလိုင် ၉ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံအခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုအတည်ပြုချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးကားခဲ့ပါတယ်။

    ဒါ့အပြင် ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ မြန်မာနိုင်ငံဟာ “မြန်မာ့ကိုယ်ပိုင် နည်းလမ်း” (Myanmar-owned and Myanmar-led approach) နဲ့ အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်အောင် ဆက်လုပ်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

    တစ်ဖက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ပြောထားပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချုပ်အခြာအာဏာကို လေးစားရေးနဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို လိုက်နာသင့်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  10. မင်္ဂလာပါ။

    ဇူလိုင် ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။