
ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဓာတ်ပုံ ပုံစာ, ဓားပြတိုက်ခံရချိန်မှာ တွေ့ရတဲ့ CCTV ရုပ်သံမှတ်တမ်းမြင်ကွင်း (ပုံဟောင်း)မန္တလေးတိုင်း၊
ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင်ကို
ဓားပြတိုက်သူနဲ့ ဆက်စပ်ဖမ်းမိသူ ၅ ယောက်ကို သေဒဏ် ချမှတ်ခဲ့တယ်လို့
အောင်စံပယ်ရွှေဆိုင်နဲ့ နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။
အောင်စံပယ်ရွှေဆိုင်ကို မနှစ်က နိုဝင်ဘာမှာ ဓားပြတိုက်ခဲ့သူနဲ့ ဆက်စပ်သူတွေကို ၈ လ ကြာပြီးနောက်၂၀၂၆ ခုနှစ် ဇူလိုင် ဒုတိယပတ်မှာ ပြင်ဦးလွင်တရားရုံးက အမိန့်ချတာလို့ ပြောပြပါတယ်။
အောင်စံပယ်ရွှေဆိုင်ကို
ဓားပြမှု ကျူးလွန်သူတွေဟာ ဒီဆိုင်တင်မကဘဲ မန္တလေး၊ မြစ်ကြီးနားမြို့တွေထဲက ရွှေဆိုင်တချို့ကိုလည်း
ဓားပြမှုကျူးလွန်တာတွေကို ဆက်စပ်တွေ့ရှိတာကြောင့် အမှုစစ်ဆေးဖို့ ကျန်နေသေးတယ်လို့လည်း
ရွှေဆိုင်နဲ့နီးစပ်သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်က ရွှေဆိုင်ဖွင့်ဖို့
ပြင်ဆင်နေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်ကိုင်ကာ ဆိုင်ထဲကို ဝင်လာပြီး ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်ပြီးနောက်
ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို CCTV မှတ်တမ်းကနေ တွေ့ရပါတယ်။
သူတို့ကို
ဆိုင်လုံခြုံရေးဝန်ထမ်းက ဝင်ရောက်တားဆီးချိန်မှာ အပစ်ခံရပြီး အသက်သေဆုံးခဲ့ပါတယ်။
ပတ်ဝန်းကျင်က
လူတွေ ဝိုင်းဖမ်းတာကြောင့် အဲဒီထဲက တစ်ယောက်ကိုဖမ်းမိခဲ့ပြီးနောက် ပါဝင်သူတွေက ဆက်စပ်ဖမ်းမိတာလို့
ရွှေဆိုင်နဲ့ နီးစပ်သူက ပြောပါတယ်။
“အခုလို အမိန့်ချတာကတော့
သူတို့လုပ်ရပ်ကို သူတို့လုပ်တဲ့အတိုင်း ပြန်ခံရတာပဲလေ။ ရွှေဆိုင်ဘက်ကဆိုရင်လည်း ဝန်ထမ်းတစ်ယောက်
အသက်ဆုံးရှုံးသွားရတာပဲ”လို့ သူက ပြောပါတယ်။
သေဆုံးသွားတဲ့
လုံခြုံရေးဝန်ထမ်းရဲ့ မိသားစုကို ကျပ် သိန်း ၃၀၀ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။
၂၀၂၆ ခုနှစ်
ဧပြီ မှာ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းပေါ်က မေ စိန်ရွှေရတနာဆိုင်လည်း ဓားပြတိုက်မှုဖြစ်ခဲ့ပြီး
ဇူလိုင် ၂၀ ရက်မှာလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင်လည်း
ဓားပြတိုက်ခံရပြီး ရွှေတွေလည်း ပါသွားခဲ့ပါတယ်။