မြန်မာ့ဒုစရိုက်မှုတွေကြား ကျူးလွန်သူရော သားကောင်ပါဖြစ်လာတဲ့ရဲတွေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ဒုစရိုက်မှုကို တားဆီးရမယ့်ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် ဒုစရိုက်မှု ကျူးလွန်သူဖြစ်လာရင် နိုင်ငံရဲ့လုံခြုံရေးဘာဖြစ်လာမလဲ။

မိတ္ထီလာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားငှားစီးပြီး ယာဉ်မောင်းကို သတ်ဖြတ်ကာ ကားလုယက်ခဲ့မှုက ဒီမေးခွန်းကို ထွက်လာစေပါတယ်။

မြန်မာမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တချို့က ပြစ်မှုကျူးလွန်သူတွေဖြစ်လာသလို သူတို့ မိသားစုဝင်တွေတောင် ဒုစရိုက်မှုတွေရဲ့သားကောင်တွေလည်းဖြစ်လာပါတယ်။ ဘာကြောင့်လဲ။

ရဲမှူးကြီးဟောင်းတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ)က အငြိမ်းစားအရာရှိတွေက သူတို့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီအခြေအနေတွေရဲ့နောက်ကွယ်က ပြဿနာကို ခြေရာကောက်ထားပါတယ်။

လူမျိုးဘာသာမရွေးတဲ့ ဒုစရိုက်မှု

၂၀၂၆ စက်တင်ဘာ ၆ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၉ / ၁ ဖာလုံ၊ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီးမှာ ရဲတပ်ဖွဲ့ဝင်တွေအတွက် အမဲစက်ဖြစ်စေတဲ့ပြစ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုဆိုသူဟာ ကားငှားစီးတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့သတ်ဖြတ်မှုကိုခံရပြီး ကားလည်းလုယက်ခံခဲ့ရပါတယ်။

ထူးခြားတာက သတ်ဖြတ်ခံရသူ ကိုဝင်းကိုဟာလည်း နိုင်ငံဖြတ်ကျော် မှုခင်းရဲတပ်ဖွဲ့က ရဲမှူးတစ်ဦးရဲ့သားဖြစ်ပါတယ်။ ကိုဝင်းကို သတ်ဖြတ်ပြီး ကားလုယက်ခဲ့သူကလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ရဲတပ်သားဖြစ်နေပါတယ်။

"ရဲမှူးရဲ့သားက တက္ကစီ အငှားဆရာပေါ့။ ကျူးလွန်တဲ့ရဲက ငှားစီးတာပါ။ သတ်ဖြတ်၊ အလောင်းစွန့်ပြီး Hyundai Accent ကားကို ယူသွားခဲ့တာ" လို့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကိုဝင်းကိုရဲ့ရုပ်အလောင်းမှာ ဦးခေါင်းခွံ ပေါက်ပြဲဒဏ်ရာတစ်ချက်နဲ့ ညာဘက်မျက်လုံးမှာ ဖူးရောင်ဒဏ်ရာတွေ ရှိပြီး သေဆုံးနေတယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖြစ်စဥ်အပြီးမှာ ကျုးလွန်သူဖြစ်တဲ့ရဲတပ်သားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲသတင်းရင်းမြစ်တချို့က ပြောပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ စက်တင်ဘာ ၁၄ ရက်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခုလိုရဲတပ်ဖွဲ့ဝင်တစ်ဦးကိုယ်တိုင် လူသတ်မှုကျူးလွန်တယ်ဆိုတာက "ဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်တစ်ခု" လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)က အငြိမ်းစားအရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။

တစ်ဖက်မှာ ဒုစရိုက်မှုကို တားဆီးနှိမ်နင်းဖို့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုယ်တိုင် ဒုစရိုက်မှုကျူးလွန်သူ ဖြစ်လာပြီး တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဒုစရိုက်မှုရဲ့ပစ်မှတ်ဖြစ်လာနေပါတယ်။

ဒါဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းရဲ့ပြစ်မှုတစ်ခုအဖြစ်နဲ့ပဲ ရပ်တန့်နေတဲ့ပြဿနာလား၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့အတွင်းက စည်းကမ်း၊ ကြီးကြပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကိုပါ ပြသနေတာလား။

ရဲတပ်ဖွဲ့အတွင်းမှာ နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူးကြီးဟောင်းတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက အငြိမ်းစားအရာရှိတွေကတော့ ဒီလိုဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်လာနိုင်သလဲဆိုတာကို သူတို့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး သုံးသပ်ထားပါတယ်။

မုဆိုး မှ သားကောင်သို့

ရဲတပ်ဖွဲ့ဝင် ဒါမှမဟုတ် သူတို့ မိသားစုဝင်တွေကိုယ်တိုင် မုဆိုးကနေ သားကောင်ဖြစ်လာတဲ့အမှုတွေလည်း ရှိလာပါတယ်။

ဇူလိုင် ၈ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားက ဝန်ထမ်းလိုင်းခန်းတစ်ခုမှာ ရဲအုပ်တစ်ဦးရဲ့ကျပ်သိန်း ၄၀ တန် စက်ဘီးတစ်စီး ခိုးခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

နှစ်လအကြာ စက်တင်ဘာ ၅ ရက်မှာ ချမ်းအေးသာစံမြို့နယ်ထဲမှာပဲ ၆၇ လမ်းနဲ့ ၆၈ လမ်းကြားက နေအိမ်ရှေ့မှာ ဆွမ်းလောင်းနေတဲ့ရဲအရာရှိဇနီးဖြစ်သူရဲ့ ၃ ကျပ်သားရှိတဲ့ ရွှေလည်ဆွဲ ဖြုတ်လုခံခဲ့ရတယ်လို့ Eleven သတင်းဌာနက ရေးသားပါတယ်။

ရဲအရာရှိဇနီးဖြစ်သူဟာ အိမ်ရှေ့မှာ ဆွမ်းလောင်းလေ့ရှိပြီး စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ဆိုင်ကယ်စီးလာသူတစ်ဦးက လုယူခဲ့တာလို့ ဆိုပါတယ်။

"အခု ဘယ်အဖွဲ့အစည်းက တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းနေလဲဆိုတာကို ဘယ်သူမှမပြောနိုင်ဘူး။ ဆရာမနိုင်၊ နှစ်ဆောင်ပြိုင် ဖြစ်နေတာ" လို့ အငြိမ်းစားရဲမှူးကြီးတစ်ဦးက ပြောပါတယ်။

ရဲအရာရှိမိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကြုံရတဲ့ဒီဖြစ်စဥ်တွေက သာမန်အရပ်သားတွေရဲ့လုံခြုံရေးပြဿနာ ဘယ်လောက်ကြီးနေလဲဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပါတယ်။

တချိန်က Smart City ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ ခိုးမှုနဲ့ လုယက်မှုတွေက ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေကို မျက်စိအောက်က အပျောက်မခံကြတော့ပါဘူး။

NLD အစိုးရလက်ထက်က မန္တလေးမြို့ဟာ နည်းပညာအခြေခံပြီး အရှိန်အဟုန်နဲ့ မြို့ပြစီမံခန့်ခွဲမှုစနစ်တွေကို တိုးတက်အောင် အကောင်အထည်ဖော်နိုင်ခဲ့လို့ ၂၀၁၉ ခုနှစ်မှာ စမတ်စီးတီးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အခုတော့ နေ့စဥ်နဲ့ အမျှ ဆိုင်ကယ်ခိုးခံရမှုလို အမှုသေးကနေ မကြာခဏဖြစ်နေတဲ့ ရွှေဆိုင်၊ စိန်ဆိုင်တွေ ဓားပြတိုက်ခိုက်ခံရမှုလို အမှုကြီးတွေအထိ ရဲတပ်ဖွဲ့က မနှိမ်နင်းနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ မြို့ခံတချို့က ပြောပါတယ်။

အောင်မြေသာစံမြို့နယ်မှာ နေတဲ့ ကိုစိုး (အမည်လွှဲ) ဆိုရင်လည်း သူ့ရဲ့ ဆိုင်ကယ် အခိုးမခံရရေး အလုပ်တစ်ခု ပိုလာပါတယ်။

" ခိုးလွန်းအားကြီးလို့ အခု Alarm(အချက်ပေးသံပါတဲ့) သော့လေးတွေ ဝယ်ထားရတယ်။ အဲဒီတော့မှ လူကနည်းနည်းစိတ်ချရတယ်" လို့ ကိုစိုးက ပြောပါတယ်။

ခိုးဆိုးလုယက်မှုတွေကြောင့် သူ့ ပတ်၀န်းကျင်က လူတွေဟာ ည ၇ နာရီကျော်တာနဲ့ အပြင် မထွက်ရဲတော့ဘူးလို့လည်း သူက ပြောပါတယ်။

"ည ၇ နာရီကျော်ရင် အပြင်ကို မထွက်ရဲဘူး။ ပေါ်တာဆွဲတာ ကြောက်ရ၊ လုယက်၊ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်ရဖြစ်နေတာ"

မန္တလေးမြို့က လုယက်သူတွေဟာ အမျိုးသားတွေတင်မက အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်၊ ညနေ ၆ နာရီခွဲလောက်က ၁၉ လမ်း နဲ့ ၈၈ လမ်းထောင့်မှာ အမျိုးသမီးနှစ်ဦးက ဆိုင်ကယ်နဲ့ ရွှေဆွဲကြိုးလုယက်မှု လုပ်ခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ ရှေ့မှာတင် ဖြစ်သွားတာ။ ကောင်မလေးနှစ်ယောက်က ဆိုင်ကယ်နဲ့လုတာ။ လုခံရတဲ့သူက အနောက်က လိုက်ဆွဲတော့ သူတို့နှစ်ယောက်ကို မိသွားတယ်။ ဒါပေမဲ့ သူ့ပစ္စည်း ပြန်ရတော့ ပြန်လွှတ်ပေးလိုက်တယ်" လို့ သူကပြောပါတယ်။

ရဲချုပ်ဟောင်း အုပ်ချုပ်တဲ့ ရန်ကုန်

ရဲချုပ်ဟောင်းကနေ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာတဲ့ ဦးအောင်နိုင်သူ အုပ်ချုပ်နေတဲ့ ရန်ကုန်မြို့မှာလည်း ဒုစရိုက်မှုတွေဟာ မြို့လယ်ခေါင်ထိဖြစ်နေတာပါ။

သူဟာ ဒုရဲအုပ်လောင်းသင်တန်းအပတ်စဉ် ၁၇ ဆင်းဖြစ်ပြီး ရဲချုပ်ဖြစ်တဲ့အချိန်အထိ လုပ်ရည်ကိုင်ရည်ရှိပြီး ထူးချွန်သူတစ်ဦးအဖြစ် နာမည်ကောင်းထွက်သူလို့ စသုံးလုံးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဒုစရိုက်မှုတွေပိုတိုးလာတဲ့ရန်ကုန်မှာ သူ ဝန်ကြီးချုပ်ဖြစ်လာချိန်မှာလည်း ဒုစရိုက်မှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။

စက်တင်ဘာ ၇ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်း အပေါ်ဘလောက်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာ ၂ ရက်ညပိုင်းတုန်းကလည်း မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဟော့ပေါ့ဆိုင်ထဲကို လူတစ်စု ဝင်ရောက်ပြီး ဆိုင်ရှင်ကို ဓားနဲ့တိုက်ခိုက်တဲ့လုယက်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီး ဒဏ်ရာရတဲ့ဖြစ်စဉ်လည်းရှိခဲ့တဲ့အကြောင်း ကာယကံရှင်က လူမှုကွန်ရက်ပေါ် ရေးပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကဆိုလည်း ရန်ကုန်မြို့တော်ခန်းမ ရှိတဲ့ မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ကို လက်နက်ကိုင်ထားတဲ့လူတစ်ဦးက ဓားပြတိုက်လို့ ရွှေထုပ်နဲ့ ကျပ်သိန်းတစ်ထောင် ပါသွားခဲ့ဖူးပါတယ်။

အဆိုးဆုံးဖြစ်ရပ်ကတော့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်း အထက်ဘလောက်မှာ ဖြစ်ပွားခဲ့ပါတယ်။

၃၂ လမ်းအထက်ဘလောက်မှာရှိတဲ့ဟိုတယ်တစ်ခုမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပါ။ သူဟာ သတ်ဖြတ်ပြီးတဲ့နောက် ရုပ်အလောင်းကို အမှိုက်အိတ်ထဲထည့်ပြီး သူနေထိုင်တဲ့ ၅ လွှာကနေ အောက်ကို စွန့်ပစ်ခဲ့တာပါ။

Global Organized Crime Index ရဲ့ ၂၀၂၅ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံဟာ ဒုစရိုက်မှုအများဆုံး အဆင့် ၁ နေရာမှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒီသတ်မှတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှုတွေ၊ လက်နက်မှောင်ခိုမှုတွေ၊ ဒုစရိုက်မှုတွေ၊ ပဋိပက္ခတွေကို အခြေခံပြီး တွက်ချက်ထားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

Global Organized Crime Index အဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ရုံးစိုက်ပြီး ကမ္ဘာတဝန်းက နိုင်ငံဖြတ်ကျော်မှုခင်းတွေကို စောင့်ကြည့်အစီရင်ခံနေတဲ့အဖွဲ့အစည်းပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့မှုခင်းတွေကို ကြည့်ရင် အာဏာပိုင်တွေနဲ့ဆက်စပ်တဲ့ အမှုတွေ၊ လူပြောများတဲ့အမှုတွေမှာတော့ တရားခံတွေ ဖမ်းမိလေ့ရှိတယ်လို့ စသုံးလုံးက အငြိမ်းစားအရာရှိက သုံးသပ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအလုခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ရဲမှူးသားဖြစ်စဉ်ကလည်း ဥပမာတစ်ခု ဖြစ်ပါတယ်။

"ဥပမာ အပြင်မှာ လူပြောများတဲ့အမှုတွေ၊ နိုင်ငံရေး အမှုတွေ၊ အာဏာပိုင်တွေနဲ့ ဆက်စပ်နေတဲ့အမှုတွေဆိုရင် တရားခံဖမ်းမိတာ ပိုမြန်တယ်" လို့ စသုံးလုံး အငြိမ်းစားအရာရှိက ပြောပါတယ်။

"မူ မပြောင်းဘူး ... လူ ပြောင်းသွားတာ"

"တရားဥပဒေစိုးမိုးဖို့နေနေသာသာ ဘယ်အဖွဲ့အစည်းက တရားဥပဒေစိုးမိုးရေးထိန်းသိမ်းနေလဲဆိုတာတောင် ဘယ်သူမှမပြောနိုင်ဘူး။ အခြေအနေက ဆရာမနိုင်၊ နှစ်ဆောင်ပြိုင်ဖြစ်နေတာ" လို့ အငြိမ်းစားရဲမှူးကြီးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လုပ်ငန်းတာဝန် ၆ ချက်ထဲမှာ ပြစ်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီး ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်တရားစွဲရေးနဲ့ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေးဆိုတဲ့အချက်တွေ ပါပါဝင်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီလုပ်ငန်းတာဝန်တွေကို ၂၀၂၁ ခုနှစ်ကစလို့ အခုချိန်အထိ ရာနှုန်းပြည့် မလုပ်နိုင်သေးဘူးလို့ ရဲမှူးကြီးဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

ခေတ်အဆက်ဆက်တည်ရှိလာတဲ့ မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ ရဲ့ကျင့်ဝတ်နဲ့ စံနှုန်းတွေက ပြောင်းလာတာ မဟုတ်ဘဲ အုပ်ချုပ်သူ ပြောင်းလဲသွားလို့သာ အခုလိုအခြေအနေဖြစ်နေတာလို့ သူက ထောက်ပြပါတယ်။

"ရဲတပ်ဖွဲ့ရဲ့လုပ်ထုံးလုပ်စဉ်တွေက ခေတ်အဆက်ဆက်မှာ ရှိပြီးသားပဲ။ မပြောင်းလဲသွားဘူး။ လိုက်နာတယ်၊ မလိုက်နာဘူးဆိုတာ အုပ်ချုပ်သူတွေအပေါ်မှာ မူတည်ပြီးပြောင်းလဲသွားတာ" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ မှုခင်း စုံစမ်းဖော်ထုတ်မှုတွေကို မှုခင်းရဲတပ်ဖွဲ့နဲ့ အတူ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ ရဲ့စုံစမ်းဖော်ထုတ်မှု လုပ်ငန်းစဉ်တချို့မှာ အရင်နဲ့မတူတဲ့ အပြောင်းအလဲ တချို့လည်း တွေ့လာတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အငြိမ်းစားအရာရှိကပြောပါတယ်။

"ရဲတပ်ဖွဲ့က မစုံစမ်းနိုင်တဲ့အမှုတွေကို ပြည်ထဲရေးကတဆင့် စသုံးလုံးကို လွှဲပြောင်းပေးတာတွေ ရှိတယ်။ အခုနောက်ပိုင်း သိပ်မရှိတော့ဘူး"

လက်ရှိ မြန်မာနိုင်ငံမှာ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေက ဥပဒေကို ချိုးဖောက်နေတာဟာ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ ရှုမြင်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်မောင်းကို သတ်ဖြတ်ပြီး ကားလုယက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို လူမျိုးတွေ ထပ်တိုးလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ရဲမှူးကြီးဟောင်း တစ်ဦးကတော့ ဒီလိုဖြစ်စဉ်ရဲ့အဓိကဇာစ်မြစ်ကို အခုလိုပဲထောက်ပြပါတယ်။

"ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လို စုစည်းရွေးချယ်ခဲ့သလဲ။ ဘယ်လို လေ့ကျင့်ပျိုးထောင်ခဲ့သလဲဆိုတာက ဒီနေရာမှာ စကားပြောသွားမှာ"