စက်တင်ဘာ ၁၃ ရက်သတင်းများအနှစ်ချုပ် - ဗန်းမော်ကနေ ဆင်းလာတဲ့ စစ်တပ် သင်္ဘော ၄ စင်းထက်မနည်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာမှာ စစ်အင်အားနဲ့ လက်နက်ရိက္ခာပို့ပြီး ရွှေကူဘက် ပြန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ၄ စင်းထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တွေက မနေ့က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်ရဲ့သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲက စင်းခန်းတံတားအနီးနဲ့ ရွှေဘုံသာရွာနားအရောက်မှာ တိုက်ခိုက်လိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်က တိုက်ခိုက်မှုမှာ စစ်တပ်ရဲ့တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အမြန်စက်လှေ တစ်စင်း ပျက်စီးသွားတယ်လို့ သူက ထပ်ပြောပါတယ်။

အလားတူ ဗန်းမော်မြို့နယ်ထဲက စားဝတီကျေးရွာမှာလည်း မြစ်ကြောင်းထဲ ခုတ်မောင်းနေတဲ့ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းအဖွဲ့တွေက မြေပြင်ကနေ ဒရုန်းနဲ့ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဗန်းမော်ကနေ ပြန်ဆင်းလာတဲ့စစ်တပ်သင်္ဘောအုပ်စု ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ သင်္ဘော ၄ စင်းထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။

လက်ရှိ စင်းခန်းတံတားအနီးနဲ့ ရွှေကူမြို့နယ်ထဲက ဇင်းဘုံရွာအနီးမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မြေပြင်တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

စစ်တပ်က ဧရာဝတီမြစ်ကြောင်းတလျှောက် ဗန်းမော်နဲ့ ရွှေကူမြို့နယ်ထဲက မြစ်ကမ်းဘေးနှစ်ဖက်ကိုလည်း လေယာဉ်တွေသုံးပြီး လေကြောင်းကနေ ပစ်ခတ်တာအပြင် ဒရုန်းတွေ သုံးပြီးလည်း တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်က စက်တင်ဘာ လဆန်းပိုင်းမှာပဲ ဗန်းမော်ကို စစ်ကူဖို့ လူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေအပါအ၀င် သင်္ဘောအစင်းရေ ၃၀ ကျော်ကို စေလွှတ်ထားပါတယ်။

ဒီသင်္ဘောအုပ်စု မတိုင်ခင် ပထမ စစ်ကူသင်္ဘောအုပ်စုကိုလည်း KIA/ KPDF တပ်တွေက ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘော ၅ စင်းထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၁၅၀ ကျော်ဖမ်းမိခဲ့တယ်လို့ KIA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ကတော့ ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

စစ်တွေ၊ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေအနီးတဝိုက်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ကြား တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ကပ်လျက်က ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်က အင်အားထောင်ချီသုံးပြီး စက်တင်ဘာပထမသီတင်းပတ်ကတည်းက ထိုးစစ်ဖော် တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်ထဲက "မင်းချောင်း၊ မင်းလှ၊ ဝါဘို၊ ကွမ်းတောင်ရွာတွေဘက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာ" လို့ စစ်ရေးသတင်းရင်းမြစ်က ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ခမောင်းတော၊ ရဲရိုးပြင်၊ အောင်မြေကုန်းနဲ့ အောင်ဇေယျရွာတွေအနီးမှာလည်း စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အေအေဘက်ကလည်း ခုခံစစ်နဲ့ ထိုးစစ် တလှည့်စီ တန်ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့ကိုတော့ အေအေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စက်တင်ဘာ ဒုတိယသီတင်းပတ်ထဲ စစ်တပ်နဲ့ အေအေတို့ကြား တိုက်ပွဲပိုပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်ကြောင်းမှူးအဆင့်ရှိသူတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သူက ဆိုပါတယ်။

"နှစ်ဖက်စလုံး အကျအဆုံးများတယ်၊ စစ်တပ်က လေကြောင်းကနေလည်း ဖိပစ်နေတယ်" လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်တပ်က ဒီမြို့နယ် ၂ ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ အင်အား ၁,၀၀၀ ကျော်ကနေ စစ်ကြောင်းတွေကို ရာနဲ့ချီ အသုတ်လိုက်နဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

ဒီအင်အားတွေနဲ့ ရခိုင်ပြည်နယ်ထဲက သူထိန်းချုပ်ထားတဲ့ မြို့နယ်တွေ လက်မလွှတ်ရရေး ပြည်နယ်ဝင်ပေါက်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ ဗျူဟာကို သုံးနေတာလို့လည်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့အခုထိုးစစ်ကို ၄၆၂၉ စစ်ဆင်ရေးလို့ အမည်ပေးရေးသားနေကြပါတယ်။

စစ်တပ်ရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်သလို ဂြိုဟ်တုဓာတ်ပုံတွေအရ ရေငုပ်သင်္ဘောလည်း ရပ်နားလေ့ရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့ တောင်မော်ဦးရေတပ်စခန်းတဝိုက်မှာလည်း စစ်တပ်က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဖော်လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

ကျောက်ဖြူနဲ့ ရမ်းဗြဲကြားက စနဲမြို့အပြင် ရမ်းဗြဲမြို့နယ်ထဲက အဝတောင်ရွာအနီးတဝိုက်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ အေအေတို့ ပစ်ခတ်နေကြတာလို့ သူက ဆိုပါတယ်။

ကျောက်ဖြူမြို့အတွက် စစ်ရေးအရ အခရာကျတဲ့ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်အတွက် ကာကင်းစခန်းကြီးတစ်ခုဖြစ်တဲ့ တောင်မော်ဦးရေတပ်စခန်းတို့ကို လက်မလွှတ်ရရေး စစ်တပ်က ထိုးစစ်ဖော်ပြီး တိုက်ခိုက်နေတာလို့ သူက ဖြည့်ပြောပါတယ်။

မြန်မာစစ်တပ်ကတော့ လက်ရှိမှာ ရခိုင်ပြည်နယ်ကို အကြီးမားဆုံးထိုးစစ်ဆင်နေသလို ပြီးခဲ့တဲ့နှစ်ကတည်းက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေးသုံးပြီး တိုက်ခိုက်သွားမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အေအေကတော့ သူထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းသာမက ရေကြောင်းကနေပါ ပစ်ခတ်မှုတွေ တိုးလုပ်နေတာကြောင့် အေအေထိန်းချုပ်ဒေသတွေမှာ နေထိုင်နေတဲ့ ရခိုင်လူထုတွေကို သတိပြုနေထိုင်ကြဖို့ သတိပေးနေပါတယ်။