ရဟတ်ယာဥ် ကိုယ်တိုင်မောင်းပြီး တာလီဘန်တွေ လက်ထဲအပ်ခဲ့တဲ့ အာဖဂန်ရဟတ်ယာဥ်မှူး

ရေးသားခဲ့သည်။

မိုဟာမက် အီဒရစ်မိုမန် အာဖဂန်လေပိုင်နက်ထဲမှာ ရဟတ်ယာဉ်ပျံသန်းနေစဥ်
ဓာတ်ပုံ ပုံစာ, မိုဟာမက် အီဒရစ်မိုမန် အာဖဂန်လေပိုင်နက်ထဲမှာ ရဟတ်ယာဉ်ပျံသန်းနေစဥ်

"တချို့လူတွေက ကျွန်တော်နဲ့အတူလိုက် ပျော်နိုင်ကြမှာ မဟုတ်ဘူး။အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနိုင်ပေမယ့် တိုင်းပြည်ဆိုတာက မိခင်တစ်ယောက်လိုပဲလေ။ ဘယ်သူမှ သစ္စာမဖောက်သင့်ဘူး" လို့ မိုဟာမက် အီဒရစ်မိုမန်က ပြောပါတယ်။

မိုမန်ဟာ အမေရိကန်မှာ လေ့ကျင့်မှုတွေ သွားလုပ်ခွင့်ရတဲ့ အာဖဂန်စစ်တပ်က ရှားရှားပါးပါး လေယာဥ်မှူးတွေထဲက တစ်ယောက်ပါ။ ဒါပေမဲ့ တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းပိုက်ဖို့ နီးလာတဲ့အချိန်မှာ သူ့ မဟာမိတ်တွေကို သူကိုယ်တိုင် သစ္စာဖောက်ပြီး သူ့ ရဟတ်ယာဉ်ကို ရန်သူဟောင်း တာလီဘန်တွေဆီ လွှဲပြောင်းပေးဖို့ ဇာတိရွာကို ပျံသန်းခဲ့တဲ့သူ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အာဖဂန်နစ္စတန်နိုင်ငံက ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးဖို့ပါ”လို့ မိုမန်က ဘီဘီစီကို ပြောပါတယ်။

သူ့ လုပ်ဆောင်ချက် တစ်နှစ်လောက်ကြာတဲ့အချိန်မှာ သူဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အကြောင်းကို ပြန်ရှင်းပြပါတယ်။

Momand writing on a military class with colleagues
ဓာတ်ပုံ ပုံစာ, မိုမန်ဟာ အမေရိကန်မှာ လေ့ကျင့်မှုတွေ သွားလုပ်ခွင့်ရတဲ့ အာဖဂန်စစ်တပ်က ရှားရှားပါးပါး လေယာဥ်မှူးတွေထဲက တစ်ယောက်ပါ။

အမေရိကန် သင်တန်း

၂၀၀၉ခုနှစ်က အာဖဂန်စစ်တပ်ထဲကို မိုမန်စဝင်ခဲ့ပြီး၊ဝက်စ်ပွိုင့် West Point လို့ လူသိများတဲ့ အမေရိကန်စစ်တက္ကသိုလ်မှာ လေးနှစ်ကြာ လေ့ကျင့်မှုရယူဖို့ အမေရိကန်နိုင်ငံကို သင်တန်းသွားတက်ခွင့် ရခဲ့ပါတယ်။

အစပိုင်းမှာ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်တွေ သူမောင်းခဲ့တဲ့ အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်မြို့ ကို စေလွှတ်ခံခဲ့ရပါတယ်။ နောက် နှစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့ နောက်ထပ် အလုပ် အားလပ်ရက်တစ်ခု သူရခဲ့ပါတယ်။

"၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ နောက်ဆုံးပေါ် လေတပ်နည်းပညာကို လေ့လာခဲ့တဲ့ လူငယ်လေယာဉ်မှူး အုပ်စုငယ်လေးတစ်ခုကို ဘလက်ဟော့ခ် Black Hawk ရဟတ် ယာဉ်တွေ ပျံသန်းဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော် ဘလက်ခ်ဟော့ ရဟတ်ယာဥ်ကို စမောင်းခဲ့ရတယ်"

ဘလက်ဟော့ခ်တွေကို ထောက်ပံ့ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

အမေရိကန်တွေ အာဖဂန်ကထွက်မယ်လို့ ဘိုင်ဒန် ကြေညာ

၂၀၂၁ခုနှစ်ထဲမှာ သမ္မတဘိုင်ဒန်က သူ့ရဲ့ အမေရိကန်တပ်တွေအားလုံးကို စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု နှစ်နှစ်ဆယ် နှစ်ပတ်လည်မတိုင်မီ အာဖဂန်ကနေ ပြန်ထွက်မယ်လို့ ကြေညာတဲ့ အချိန်တုန်းက Mazar-e-Sharif မဇာရီရှာရိ မြို့မှာ ရှိနေပါတယ်။အမေရိကန်တွေ အာဖဂန်ကထွက်မယ့် ရက်ကို ဇူလိုင်ကနေ ဩဂုတ်လ (၃၁) ရက်နေ့အထိ ထပ်တိုးခဲ့ပါတယ်။

အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အာဖဂန်နိုင်ငံကနေ သူတို့ ထွက်ခွာသွားပြီးရင်လည်း တာလီဘန်တွေကို နှိမ်နင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့အာဖဂန်စစ်တပ်ကို လေ့ကျင့်ရေးနဲ့ လက်နက်တပ်ဆင်ပေးမှုမှာ ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။

Momand standing n front of his helicopter
ဓာတ်ပုံ ပုံစာ, မိုမန်ဟာ ပို့ဆောင်ရေး စစ်ရဟတ်ယာဉ် မောင်းရတာရှိပြီး တိုက်ခိုက်ရေးဘက်မှာ မမောင်းခဲ့ရဘူးလို့ပြောပါတယ်။

အဲဒီ မျှော်လင့်ချက်က လက်တွေ့မှာ အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ အာဖဂန် စစ်တပ်က နိုင်ငံကို ဆက်မထိန်းချုပ်နိုင်တော့ဘဲ တာလီဘန်တို့က အံ့အားသင့်ဖွယ် အရှိန်အဟုန်နဲ့ နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဇူလိုင်လအတွင်းမှာ တာလီဘန်ကေဒါတပ်ဖွဲ့တွေက ကျေးလက်ဒေသတွေကို လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့ပြီး၊ ဩဂုတ်လ ၆ ရက်နေ့မှာ ပထမဆုံး ပြည်နယ်မြို့တော်ကလည်း သူတို့ လက်ထဲ ကျသွားပါတယ်။

ပြည်နယ်အများစုကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တာလီဘန်တပ်တွေက ဩဂုတ်လ ၁၅ ရက်နေ့မှာ ကဘူးလ်မြို့ကို အတားအဆီးမရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွ တာလီဘန်တပ်ဖွဲ့ဟာ စက်တင်ဘာ၇ရက်နေ့က မြို့တော်မြောက်ဘက် ပန်ဂျီရှာတောင်ကြားမှာ သူတို့ကိုခုခံနေတဲ့ နောက်ဆုံးလက်ကျန် အဖွဲ့ကို အပြီးသတ် ချေမှုန်းခဲ့ပါတယ်။

ထွက်ပြေးဖို့ အမိန့်

တိုင်းပြည် ကမောက်ကမ ဖြစ်နေတဲ့အချိန် ဇူလိုင်လထဲမှာပဲ မဇာရီရှာရိ မြို့မှာရှိနေတဲ့ မိုမန်ရဲ့ ခြောက်လခွင့်ကလည်း ကုန်သွားပါတယ်။အဲ့ဒါကြောင့် သြဂုတ် လ ၁၄ ရက်နေ့မှာ ကဘူးလ်လေတပ်စခန်းကို သတင်းပို့ပြီး အလုပ်ထဲကို သူပြန်ရောက်လာပါတယ်။

အဲဒီအချိန်မှာ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကောလာဟလတွေ မျိုးစုံထွက်နေပြီး အခြေအနေတွေကလည်း တင်းမာနေပါတယ်။

တစ်ဖက်မှာလည်း တာလီဘန်တွေက ကဘူးလ်မြို့ ဂိတ်အပြင်ဘက်ကိုတောင် ရောက်နေပါပြီ။ လေဆိပ်က အမေရိကန်စစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ် ဆိုပေမယ့် အဲ့ဒီနေရာက ဘယ်လောက်ကြာကြာ လုံခြုံနေဦးမလဲ ဆိုတာကလည်း စိုးရိမ်စရာရှိနေပါတယ်။

"လေယာဉ်မှူးတွေအားလုံး လေယာဥ်တွေမောင်းပြီး အာဖဂန်က ထွက်ပြေးကြဖို့ ကျွန်တော်တို့ လေတပ်မှူးက အမိန့်ထုတ်ထားတယ်။သွားဖို့ သူ ညွှန်ကြားထားတဲ့နေရာက ဥဇဘက်ကစ္စတန်ပါ" လို့ မိုမန်က ပြန်ရှင်းပြပါတယ်။

Momand standing in front of his helicopter
ဓာတ်ပုံ ပုံစာ, မိုမန်နဲ့ အာဖဂန်က ရဟတ်ယာဉ်တစ်စင်း

အဲ့ဒီအမိန့် ထုတ်တာနဲ့ပတ်သက်ပြီး မိုမန် ဒေါသထွက်ခဲ့ရပြီး မနာခံဘူးလို့လည်း သူ ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်တော့် တပ်မှူးက ကျွန်တော့်နိုင်ငံကို ပြန်သစ္စာဖောက်ဖို့ တိုက်တွန်းတာ၊ ဘာကြောင့် ဒီလိုအမိန့်မျိုးကို နာခံရမှာလဲ။ နိုင်ငံကို သစ္စာဖောက်တဲ့ကိစ္စက အဆိုးရွားဆုံး ရာဇ၀တ်မှုလေ။ အဲဒါကြောင့် အဲ့ဒီအမိန့်ကို ကျွန်တော် မလိုက်နာနိုင်ဘူး" လို့ မိုမန်က ရှင်းပြပါ တယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မိသားစုဆီကပါ အကြံဉာဏ်တောင်းခံခဲ့ပါတယ်။သူ လုပ်မယ့်အစီအစဥ်ကို သူ့အဖေက အထူး အားပေးထောက်ခံခဲ့တယ်လို့ မိုမန်က ရှင်းပြပါတယ်။

“ကျွန်တော် တိုင်းပြည်ထဲက ထွက်သွားရင် သူ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ အဖေက ကျွန်တော့်ကို သတိပေးတယ်။ ရဟတ်ယာဉ်က အာဖဂန်နစ္စတန်နိုင်ငံက ပိုင်တာ။ဒီနိုင်ငံကနေ ဘယ်ကိုမှ မယူသွားသင့်ဘူး"လို့ သူ့အဖေကပြောခဲ့တယ်လို့ မိုမန်က ပြန်ရှင်းပြပါတယ်။

အဖွဲ့သားတွေကို ပထုတ်

အဲ့ဒီအချိန်မှာ မိုမန်နေခဲ့တဲ့ သူ့ဇာတိပြည်နယ်က တာလီဘန်တွေလက်ထဲ ရောက်နေပါပြီ။ သူ့အဖေက ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ စကားပြော တိုင်ပင်ခဲ့ပြီး၊ ရဟတ်ယာဉ်ကို အဲဒီနေရာရောက်အောင် မောင်းလာခဲ့မယ်ဆိုရင် ဘာမှ ထိခိုက်စရာအကြောင်း မရှိဘူးလို့လည်း အာမခံချက်ရထားပါတယ်။

Momand in front of his helicopter
ဓာတ်ပုံ ပုံစာ, အခုအခါ Black Hawk ရဟတ်ယာဉ် ခုနစ်စင်းသာ ပျံသန်းလို့ရတယ်လို့ မိုမန်ကပြောပါတယ်။

မိုမန်က သူထွက်ပြေးမယ့် အစီအစဉ်ကို အသေအချာချမှတ် လုပ်ဆောင်ခဲ့ပေမယ့် သူပျံသန်းမယ့်လမ်းကြောင်းမှာ ကြီးမားတဲ့ အတားအဆီးတစ်ခုနဲ့ ပထမဆုံး ရင်ဆိုင် ခဲ့ရပါတယ်။

"ဘလက်ခ်ဟော့ ရဟတ်ယာဥ်တိုင်းမှာ ကျွန်တော်အပါအဝင် ရဟတ်ယာဥ်ဝန်ထမ်းလေးဦးရှိတယ်။ ကျွန်တော့်အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ သူတို့ကို ယုံလို့မရဘူး။ ပြီးတော့ ကျွန်တော့်အစီစဥ်ကိုလည်း သူတို့က သဘောတူမှာ မဟုတ်ဘူး။ သူတို့က ကျွန်တော့် အသက်အန္တရာယ်ကိုရန်ရှာပြီး ရဟတ်ယာဉ်ကို ပျက်စီးအောင်လုပ်ကြမှာ "လို့ မိုမန်ကပြောပါတယ်။ အဲ့ဒါကြောင့် သူတို့ကို လှည့်စားဖို့ သူ့အနေနဲ့ အကြံထုတ်ရပါတယ်။

"ရဟတ်ယာဉ် စက်ချို့ယွင်းချက်ရှိလို့ ပျံလို့မရဘူးလို့ လေတပ်က တပ်မှူးကို ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော်ပြောတာကိုကြားသွားတဲ့ လေယာဉ်အမှုထမ်း သုံးဦးစလုံး ဥဇဘက်ကစ္စတန်နိုင်ငံကို ထွက်ဖို့ ပြင်နေတဲ့ နောက်ထပ် ရဟတ်ယာဉ်တစ်စီးပေါ် တက်သွားကြတယ်”

Mohammad Edris Momand. flying in the helicopter cockpit with ground visible out of the window
ဓာတ်ပုံ ပုံစာ, မိုမန်က သူ့ရဟတ်ယာဉ်ကို ရွာကို ပျံသွားခဲ့ပြီး တာလီဘန်တွေလက်ထဲ လွှဲပေးခဲ့ပါတယ်။

ကူနာပြည်နယ်ကို ထွက်ပြေးခြင်း

အခြားရဟတ်ယာဉ်တွေအားလုံး ထွက်သွားတဲ့အချိန်မှာ ကူနာပြည်နယ်ကို မိနစ်(၃၀)ကြာ တစ်ကိုယ်တော်ပျံသန်းမယ့် အစီအစဥ်စဖို့ မိုမန်က သူ့ရဲ့ ရဟတ်ယာဥ်အင်ဂျင်ကို စက်စနှိုးလိုက်ပါတယ်။

"အဲ့ဒီအချိန်တုန်းက အာဖဂန်နိုင်ငံရဲ့ လေကြောင်းအသွားအလာကို အမေရိကန်တွေက ထိန်းချုပ်ထားတုန်းပဲ။ အဲဒါကြောင့် ဥဇဘက်ကစ္စတန်ကို သွားမှာလို့ ရေဒီယိုကနေ သူတို့ကို သတင်းပို့လိုက်တယ်။ ရဟတ်ယာဥ်လေဆိပ်က တက်ပြီးတဲ့နောက် ရေဒါကိုပိတ်ပြီး ကူမာကို တန်းမောင်းသွားလိုက်တယ်"

“ကျွန်တော့်အိမ်နဲ့နီးတဲ့နေရာ ကျွန်တော့်ရွာထဲမှာ ရဟတ်ယာဥ်ကို ဆင်းတယ်။ တာလီဘန် တွေဆီက သဘောတူအာမခံချက် ရပြီးတဲ့အတွက် ရဟတ်ယာဉ်ကို အရင်က ရဟတ်ယာဥ်တွေဆီ ဖြည့်တဲ့နေရာကို မောင်းသွားလိုက်တယ်။ “

သူ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေက သူ့ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောပါတယ်။

သူ့လုပ်ရပ်အတွက် နောင်တမရဘူးလို့ မိုမန်က ပြောပါတယ်။ ဇနီး သားသမီးတွေနဲ့အတူ အာဖဂန်နစ္စတန်ကနေ ထွက်ခွာဖို့ ရွေးချယ်ခွင့်ရှိခဲ့ပေမယ့် ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်အကြောင်း မိုမန်က ရှင်းပြပါတယ်။

"အမေရိကန် အကြံပေးတွေက ကျွန်တော့်ကို သုံးကြိမ် မက်ဆေ့ချ်ပို့တယ်။ ရဟတ်ယာဉ် မယူလာနိုင်ရင်တောင် မိသားစုဝင်တွေနဲ့အတူ ကုန်းလမ်းက ထွက်လာခဲ့ဖို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်မခံခဲ့ဘူး။"

အာဖဂန်လေတပ်ရဲ့ အင်အား

၂၀၂၁ခုနှစ် ဇွန်လကုန်မှာ အာဖဂန်လေတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေ အပါအဝင် လေယာဉ် ၁၆၇ စီးနဲ့ လည်ပတ်နေတယ်ဆိုတာ အမေရိကန် အခြေစိုက် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူးချုပ် (Sigar) က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

Pictures of the aircraft and helicopters in the Afghan inventory prior to the Talban takeover

အဆိုပါလေယာဥ်နဲ့ ရဟတ်ယာဥ်တွေထဲက အချို့ကို မိုမန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဥဇဘက်ကစ္စတန်နိုင်ငံကို မောင်းသွားခဲ့ကြ ပါတယ်။ သြဂုတ် ၁၆ ရက်က ဥဇဘက်ကစ္စတန် တားမက်ဇ်Termez လေဆိပ်ကို ဂြိုလ်တုဓာတ်ပုံတွေကနေ ဆန်းစစ် လေ့လာချက်အရ MI-17s၊ MI-25s၊ Black Hawks၊ A-29 အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ C-208 လေယာဉ်တွေ အပါအဝင် ရဟတ်ယာဉ် နှစ်ဒါဇင်ကျော် ရှိနေတာ တွေ့ရပါတယ်။

ဖျက်ဆီးမှု

ကဘူးလ်မှာ ကျန်ရစ်ခဲ့တဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်အများစုကို အမေရိကန် တပ်ဖွဲ့တွေက တတ်နိုင်သမျှ ဖျက်ဆီးခဲ့ကြပါတယ်။

အခုအချိန် အာဖဂန်နစ္စတန်မှာ လေယာဥ်ဘယ်လောက် အသုံးပြုလည်ပတ်နိုင်သေးလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

"အခု ကျွန်တော်တို့မှာ သုံးလို့ရတဲ့ ဘလက်ခ်ဟော့ ရဟတ်ယာဉ် ခုနစ်စင်းရှိနေတယ်။ အာဖဂန် အင်ဂျင်နီယာတွေက ရှိတဲ့ရင်းအရင်းအမြစ်တွေသုံးပြီး ရဟတ်ယာဥ်တွေကို ပြင်ဆင်ထားတယ်။ တခြား ဘလက်ခ်ဟော့ ရဟတ်ယာဉ်တွေ အသုံးပြုလာနိုင်ဖို့အတွက်လည်း အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ" လို့ မိုမန်က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက ထွက်ခွာဖို့ အမိန့်ကို မျက်စိမှိတ် လိုက်နာတဲ့ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကြောင့် အာဖဂန်နိုင်ငံဟာ အကြီးအကျယ်နစ်နာခဲ့ရတယ်လို့ မိုမန်က အပြစ်တင်ဝေဖန်နေပါတယ်။

"သူတို့ရဲ့ ရဟတ်ယာဉ်တွေကိုမောင်းပြီး ဥဇဘက်ကစ္စတန်နိုင်ငံကို ထွက်ပြေးသွားတဲ့ သူတွေက တကယ်ပဲ တိုင်းပြည်ကို ပျက်အောင် လုပ်တဲ့သူတွေ။အဲ့ဒီရဟတ်ယာဉ်တွေက ကျွန်တော်တို့ နိုင်ငံက ပိုင်တာ။ အရမ်းစျေးကြီးတဲ့ ရဟတ်ယာဉ်တွေ။ အဲဒီရဟတ်ယာဉ်တွေကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ရနိုင်မယ်လို့ မထင်ဘူး။"

တာဝန် ဆက်ထမ်းမယ်

Momand standing with colleagues holding a certificate displaying a helicopter
ဓာတ်ပုံ ပုံစာ, မိုမန်က သူရဟတ်ယာဉ်မှူးတာဝန်ဆက်ထမ်းဆောင်မယ်လို့ ပြောပါတယ်။

ရဟတ်ယာဉ်မှူးတစ်ဦးကို လေ့ကျင့်သင်ကြားပေးဖို့ အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ကုန်ကျတယ်ဆိုတာ အမေရိကန်မှာ သူ လေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ အချိန်တုန်းက သိရပါတယ်။ အဲ့ဒီအခွင့်အရေးကို သူ့အနေနဲ့ တန်ဖိုးထားနေဆဲဖြစ်ပြီး အမေရိကန် မှာ ရဟတ်ယာဥ်ပျံသန်းခွင့် ပထမဆုံးရတဲ့နေ့ကိုလည်း အမှတ်ရနေဆဲဖြစ်ပါတယ်။

"အဲ့ဒီတုန်းက အရမ်းပျော်ပြီး စိတ်လှုပ်ရှားခဲ့ရတယ်။ ဒီလိုနေ့မျိုး ကျွန်တော့်ဘဝမှာ ကြုံရမယ်ဆိုတာ ယုံတောင် မယုံမိခဲ့ဘူး"

အမေရိကန်မှာ လေးနှစ်ကြာလေ့ကျင့်မှု လုပ်ခဲ့တဲ့ အချိန်အတွင်းမှာလည်း အာဖ ဂန်နစ္စတန်က မိသားစုဆီ ပြန်လည်ပတ်တာမျိုးမလုပ်ခဲ့ဘဲ အမေရိကန်မှာပဲ တောက်လျှောက် နေထိုင်လေ့ကျင့်ခဲ့ပါတယ်။

မိုမန်ကို တာလီဘန်တွေကို တိုက်ခိုက်ဖို့ အတွက် လေ့ကျင့်သင်ကြားပေးခဲ့ပေမယ့်၊ အခုတော့ သူဟာ တာလီဘန် အစိုးရအတွက် ဘလက်ဟော့ခ် ရဟတ်ယာဥ်မောင်းပေးတဲ့ ရဟတ်ယာဥ်မှူး တစ်ယောက် ဖြစ်နေပါပြီ။

မိုမန်ကတော့ သူ့လုပ်ဆောင်မှုက အများနဲ့ ဆန့်ကျင်နေတယ်လို့ မမြင်ပါ ဘူး။

"အစိုးရတွေဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ။ ကျွန်တော်တို့လို လူတွေကို နိုင်ငံတော်က ပိုင်ဆိုင်ပြီး တိုင်းပြည်အတွက်ပဲ အကျိုးပြုရပါမယ်။ စစ်တပ်က နိုင်ငံရေးမှာ ဝင်မပါဝင်သင့်ဘူး။ နိုင်ငံတော်က ကျွန်တော်တို့လို လူတွေအတွက် အများကြီး ရင်းနှီးမြှုပ်နှံထားတာ။"

အခုဆို တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်အုပ်ချုပ်တာ တစ်နှစ်ကြာလာပေမယ့် ဘယ်နိုင်ငံကမှ သူတို့ကို တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုသေးပါဘူး။

အဲဒီလိုမျိုးအခြေအနေကြားမှာပဲ မိုမန်ရဲ့ သဘောထားရပ်တည်ချက်ကလည်း ပြတ်သားနေဆဲပါ။

"ကျွန်တော်မသေခင် နောက်ဆုံးနေ့အထိ၊ကျွန်တော့် တိုင်းပြည်အတွက် တာဝန်ဆက် ထမ်းသွားပါမယ်။ “ လို့ မိုမန်ကပြောပါတယ်။