တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော်နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထိုင်းပြော

နေပြည်တော်နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထိုင်းပြောတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူးလမ်းပိုင်းက နေရာအများစုကို စစ်တပ်ပြန်ထိန်းချုပ်၊ လမ်းပိုင်းတချို့နေရာတွေမှာ တိုက်ပွဲတွေဆက်ရှိနေ
  • ထောင်ဒဏ် နှစ် ၁၆၀ ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ NLD ပါတီဝင် ကိုလှိုင်ဘွားသေဆုံး
  • နှစ်နိုင်ငံနယ်စပ်ဖြတ်‌ကျော် ပြဿနာတွေနဲ့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထိုင်းပြော
  • ထိုင်း၊ ဘန်ကောက်မြို့လယ်ထဲက ပလက်တီနမ်ကုန်တိုက်နဲ့ တခြားကုန်တိုက်တွေကို စစ်ဆေးရာကနေ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၂၇ ဦးအပါ နိုင်ငံခြားသား ၃၅ ဦးကို ဖမ်းဆီး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အေအေထိန်းချုပ် သံတွဲ- ငပလီ ကို စစ်တပ်ဗုံးကြဲ

    ဇူလိုင် ၁၉ ရက်က သံတွဲမြို့ ဗုံးကြဲခံထားရတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၉ ရက်က သံတွဲမြို့ ဗုံးကြဲခံထားရတဲ့မြင်ကွင်း

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ထဲက ငပလီမြို့ကို ဒီနေ့ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ငပလီမြို့နယ်ထဲက လင်းသာ၊ ဂျိတ္တောရပ်ကွက်တွေနဲ့ မောင်ရွှေလေးရေတပ်စခန်းအနီးက နေရာတွေကို ဗုံးကျခဲ့လို့ အသက် ၁ နှစ် ကလေးငယ်တစ်ဦးနဲ့ သံဃာတော်တစ်ပါး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

    “တိုက်လေယာဉ် ၄ စင်း၊ Y-12 လေယာဉ် ၁ စင်းစုစုပေါင်း ၅ စင်းနဲ့တိုက်ခိုက်ခဲ့တာ”လို့ သူကဆိုပါတယ်။

    လေကြောင်းတိုက်ခိုက်တာနဲ့အတူ စစ်တပ်ရဲ့ ရေတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ သံတွဲမြို့နယ်ထဲကို ပစ်ခတ်နေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    ဇူလိုင် ၁၉ ရက်တုန်းကလည်း စစ်တပ်က သံတွဲမြို့ပေါ်ကို တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

    အဲဒီနေ့မှာပဲ မအီမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ထဲကို စစ်တပ်လေကြောင်းတိုက်လို့ ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။

    အေအေကတော့ ဒီနေ့ သံတွဲမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  2. အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာအကြောင်း ဆွေးနွေး

    ကင်မရာတစ်ဖက်ခြမ်းကိုကြည့်ပြီး လက်ချင်းဆွဲနှုတ်ဆက်နေတဲ့ ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, MFA THAI

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ဟာ မြန်မာ့အရေးအပါအဝင် ထိုင်း- အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

    နှစ်နိုင်ငံဝန်ကြီးတွေဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    အာဆီယံနဲ့ ဒေသတွင်းဖိုရမ်၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေကို မနီလာမှာ ကျင်းပနေချိန် အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    နှစ်နိုင်ငံဝန်ကြီးတွေဟာ စစ်ဘက်နဲ့ အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တိုက်ဖျက်ရေးတွေကို ဆွေးနွေးချိန် မြန်မာ့အရေးကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    ထိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ မနီလာမှာပြုလုပ်တဲ့ အခုအစည်းအဝေးတွေ မတိုင်ခင် ဇူလိုင် ၁၂ ရက်တုန်းကတော့ မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

    အဲဒီဆွေးနွေးပွဲတွေကို အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအဖြစ်လည်း တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

  3. ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး

    MSDK ပရဟိတအဖွဲ့ဝင်နဲ့ မောင်အောင်မင်းခန့်

    ဓာတ်ပုံ ရင်းမြစ်, MSDK

    ဓာတ်ပုံ ပုံစာ, MSDK ပရဟိတအဖွဲ့ဝင်နဲ့ မောင်အောင်မင်းခန့်

    အသက် ၅ နှစ်အရွယ်မှာ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲသွားခဲ့တဲ့ မောင်အောင်မင်းခန့်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တာ ၃ နှစ်နဲ့ ၈ လ ကြာခဲ့ပါတယ်။

    အဲဒီကာလတွေအတွင်းမှာ ပန်းရောင်းခိုင်းသူတွေနဲ့ ကြုံခဲ့ရသလို တောင်းရမ်းခိုင်းစေသူတွေနဲ့လည်းနေခဲ့ရတယ်လို့ ရဲစခန်းမှာ ဖွင့်ပြောထားပါတယ်။ဒါတင်မက မွေးစားမိဘဆိုသူတွေနဲ့လည်းကြုံခဲ့ရပြီး အလားတူအလုပ်တွေကို လုပ်ပေးခဲ့ရပါတယ်။

    ဒါပေမဲ့ ၄ နှစ်နီးပါးအတွင်း မိဘအရင်းတွေဆီ ပြန်ချင်တဲ့စိတ်ကြောင့် သူရှိနေတဲ့နေရာတွေကနေ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ သူ့ကို ကူညီပေးခဲ့သူ နှစ်ဦးက ပြောပါတယ်။

    နောက်ဆုံးမှာတော့ ရန်ကုန်မြို့ရှိ ပရဟိတအဖွဲ့တချို့ရဲ့ကူညီမှုနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်မှာ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ကိုးကန့်တပ်(MNDAA)နဲ့ “၀”တပ်(UWSA)တို့ နေပြည်‌တော်သွားမယ်လို့ဆို

    လားရှိုးမြို့ထဲမှာတွေ့ရတဲ့ ကိုးကန့်တပ် တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ထဲမှာတွေ့ရတဲ့ ကိုးကန့်တပ် တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ကိုးကန့်တပ်(MNDAA)နဲ့ “ဝ”တပ် (UWSA) တို့ဟာ လာမယ့်ဩဂုတ်လမှာ နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ အဲဒီတပ်တွေနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

    နေပြည်တော်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး သွားတက်ကြဖို့ ကိုးကန့်နဲ့ ''ဝ''တပ်တို့ကို တရုတ်ဘက်က သတင်းစကားပါးထားတယ်လို့လည်း အဲဒီတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    တရုတ်ဘက်က ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဒီဆွေးနွေးပွဲကို တက်ဖို့ ဇူလိုင်လဝက် မတိုင်ခင်ကတည်းက ခေါ်ပြောထားတယ်လို့ ကိုးကန့်တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ခေါ်ယူ တွေ့ဆုံပြီး “တွန်းတွန်းတိုက်တိုက်ပြောခဲ့တာ”လို့လည်း သူကပြောပါတယ်။

    “၀” တပ်ဖွဲ့ နေပြည်တော်သွားမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက လားရှိုးမြို့က “၀” အဖွဲ့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို မေးမြန်း မှတ်ချက်တောင်းထားဆဲ ဖြစ်ပါတယ်။

    နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ “၀” တပ်ဖွဲ့ အခြေစိုက်တဲ့ ပန်ဆန်းမြို့အထိ ပြီးခဲ့တဲ့လတုန်းက လာခဲ့တယ်လို့ ၀ တပ်ဘက်က ဘီဘီစီကို အဲဒီတုန်းက အတည်ပြုထားပါတယ်။

    ရှမ်းမြောက်မှာ ကိုးကန့်နဲ့ တအာင်းတပ်တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဝင် တပ်တွေနဲ့ စစ်တပ်တို့ရဲ့ ဆွေးနွေးပွဲတွေကို တရုတ်က ကြား၀င်ညှိနှိုင်းပေးခဲ့ပြီးအပစ်ရပ်သဘောတူညီချက်တွေ ရရှိထားပါတယ်။

    ယူနန်မြို့က ဟိုင်ဂင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးတာတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ရတဲ့သဘောတူညီချက်ဖြစ်လို့ အဲဒီသဘောတူညီချက်ကို ဟိုင်ဂင်သဘောတူညီချက်အဖြစ် အများသိကြပါတယ်။

    ကိုးကန့်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်(TNLA) ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် တတိယ သီတင်းပတ်ထဲမှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NPNC)နဲ့ တွေ့ဆုံ ဆွေးနွေးထားပါတယ်။

    အဲဒီတွေ့ဆုံပွဲမှာ ဆွေးနွေးကြတဲ့အကြောင်းအရာတွေထဲ "တအာင်းပြည်နယ်" သတ်မှတ်ပေးဖို့ TNLA ဘက်က တောင်းဆိုခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    နေပြည်တော်ကတော့ ဦးမင်းအောင်လှိုင်ရဲ့ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာ ပူးပေါင်းရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရေးအပါအဝင် အချက် ၆ ချက်ပါ ဆွေးနွေးချက်တွေကို TNLA နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    တအာင်းတပ်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA) တို့ဟာ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တပ်တွေဖြစ်ပြီး ၂၀၂၃ ခုနှစ်‌၊ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၂ ပိုင်းစလုံးမှာလည်း ဦးဆောင်တိုက်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

    တရုတ်ကြား၀င်စေ့စပ်မှုနဲ့ ကိုးကန့်နဲ့ စစ်တပ်တို့ အပစ်ရပ်ချိန် ၂၀၂၅ ခုနှစ်မှာတော့ စစ်တပ်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို ပြန်ရခဲ့ပါတယ်။

    တရုတ်ကြား၀င်မှုနဲ့ပဲ TNLA နဲ့ စစ်တပ်တို့ အပစ်ရပ်မှု နောက်ပိုင်းမှာ ဆက်ထွက်ပေါ်လာပြီး အဲဒီတစ်ခေါက်မှာတော့ စစ်တပ်က မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တို့ကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။

  5. ဘန်ကောက်မြို့၊ ပတူနမ်စျေးအနီးမှာ မြန်မာ ၃၀ နီးပါးအဖမ်းခံရ

    ဘန်ကောက်မှာ ဇူလိုင် ၂၁ ရက်တုန်းက မြန်မာ ၂၇ ဦးအပါ နိုင်ငံခြားသား ၃၅ ဦးဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းအလုပ်သမားဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မှာ ဇူလိုင် ၂၁ ရက်တုန်းက မြန်မာ ၂၇ ဦးအပါ နိုင်ငံခြားသား ၃၅ ဦးဖမ်းဆီးခံရ

    ထိုင်းနိုင်ငံထဲက ဘန်ကောက်မြို့လယ်ခေါင်မှာ လူသွားလူလာများတဲ့ နာမည်ကြီးကုန်တိုက်တွေကို ရှာဖွေစီးနင်းစစ်ဆေးရာကနေ ကုန်တိုက်ထဲကဆိုင်တွေမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၂၇ ဦးအပါအဝင် နိုင်ငံခြားသား ၃၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    မနေ့က ဖမ်းဆီးခံလိုက်ရသူတွေထဲ မြန်မာအများဆုံးပါဝင်ပြီး အိန္ဒိယ၊ လာအို၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံသားတွေလည်းပါဝင်ပါတယ်။

    ထိုင်းနိုင်ငံသားတွေသာ အလုပ်လုပ်ခွင့်ရှိတဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေကို ဖမ်းဆီးနှိမ်နင်းနိုင်ရေးခေါင်းစဉ်အောက်ကနေ ပတူနမ်ဈေး အနီးနားက ပလက်တီနမ်နဲ့ အင်ထရာစကွဲ ဈေးဝယ်စင်တာတွေထဲ ဇူလိုင် ၂၁ ရက်မှာ ဝင်ရောက်စစ်ဆေးပြီး တရားမဝင်အလုပ်လုပ်နေသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာနအောက်က အလုပ်သမားဥပဒေချိုးဖောက်မှု ကာကွယ်နှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူတွေကို တားမြစ်ထားတဲ့အလုပ်အမျိုးအစားတွေမှာ ဝင်ရောက်လုပ်ကိုင်တာနဲ့ အလုပ်သမားမှတ်ပုံတင်ကတ်မရှိဘဲ တရားမဝင်လုပ်ကိုင်နေတာကြောင့် အလုပ်သမားဥပဒေပုဒ်မ ၈၊ ၁၀၁ တို့နဲ့ အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

    ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသား ‌ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေမှာ ဝင်လုပ်ရင် ငွေဒဏ် ထိုင်းဘတ် ၅ ထောင်ကနေ ဘတ် ၁ သောင်း နဲ့ ပြည်နှင်ဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။

    ဥပ‌‌ဒေနဲ့ မညီဘဲ အလုပ်သမားတွေကို ခန့်ထားတဲ့ လုပ်ငန်းရှင်တွေကိုလည်း အလုပ်သမားတစ်ယောက်အတွက် ထိုင်းဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ငွေဒဏ်ကျခံရမှမှာဖြစ်ပြီး တစ်ကြိမ်ထက်မက ကျူးလွန်ရင်လည်း ထောင်ဒဏ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။

    ဇူလိုင် ၁၉ ရက်တုန်းကလည်း နိုင်ငံခြားသားလည်ပတ်မှုများတဲ့ ပတ္တရားမြို့ က ညဈေးတန်းက အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး မြန်မာ ၁၁ ဦးအပါအဝင် နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    အလားတူ ထိုင်းမြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း မြန်မာ ၁ ဦးဟာ နိုင်ငံသားခြားလုပ်ခွင့်မရှိတဲ့ အလုပ်တစ်ခုဖြစ်သလို လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အလုပ်လုပ်ကိုင်ကိုင်တာကြောင့် အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

    ဒ့ါအပြင် ချွန်ဘူရီခရိုင်ထဲက ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် တခြားလုပ်ငန်းတွေကို ဖမ်းဆီးခဲ့ပြီး အဲဒီနေရာမှာလည်း မြန်မာတချို့အပါအဝင် နိုင်ငံခြားသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံထဲက အလုပ်သမားခန့်အပ်စီမံတဲ့ စံနှုန်းတွေကို မြှင့်တင်သွားမယ်လို့ ပြောပါတယ်။

    ထိုင်းအစိုးရကတော့ မြန်မာအပါအဝင် လက်ရှိအလုပ်လုပ်ကိုင်နေထိုင်ခွင့်မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ သက်တမ်းတိုးပေးမယ်ဆိုပြီး ကြေညာထားပါတယ်။

    ဒါပေမယ့် တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခွင့်ပြုချက်မရှိတဲ့ အလုပ်အမျိုးအစားတွေမှာ ဝင်ရောက်လုပ်ကိုငက်နေတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးအရေးယူနေပါတယ်။

  6. ချင်းတွင်းမြစ်ကို ဆန်တက်တဲ့စစ်သင်္ဘောတွေ စစ်ကိုင်းနဲ့ကချင်ကို စိုးမိုးဖို့လား

    မုံရွာမြို့အနီး ချင်းတွင်းမြစ်ထဲ ဇူလိုင်လအစောပိုင်းတုန်းက မြင်တွေ့ရတဲ့စစ်သင်္ဘောတစ်စင်း

    ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့အနီး ချင်းတွင်းမြစ်ထဲ ဇူလိုင်လအစောပိုင်းတုန်းက မြင်တွေ့ရတဲ့စစ်သင်္ဘောတစ်စင်း

    ကချင်ပြည်နယ်နဲ့ဆက်နေတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကို အင်အားဖြည့်တင်းဖို့ မြန်မာစစ်တပ်က ချင်းတွင်းမြစ်ရေတက်ချိန်ကို အသုံးချနေပါတယ်။

    တိုက်ခိုက်ရေးစစ်သင်္ဘောတွေ လုံခြုံရေးယူပြီး ရေတပ်ရေယာဉ်တွေနဲ့အားဖြည့်ထားတဲ့ စစ်တပ်ထောက်ပို့တွဲသင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ် ရေမိုင် ၄၅၀ နီးပါးကို ဆန်တက်ပြီး ဟုမ္မလင်းကို ရောက်နေပါတယ်။

    ဝမ်းပြားနဲ့ တွဲသင်္ဘောတွေလည်း ပါဝင်တဲ့ ဒီထောက်ပို့ စစ်သင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းတိုင်းထဲ လက်နက်နဲ့ ရိက္ခာအင်အားတွေ ဖြန့်ချထားခဲ့တယ်လို့ သင်္ဘောအုပ်စုလမ်းကြောင်းကို စောင့်ကြည်တဲ့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ ခရီးစတင်တဲ့ဒီသင်္ဘောအုပ်စုမှာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဝန်ထမ်းတွေလိုက်ပါလာပြီး လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာထုတ်တွေလည်း သယ်ဆောင်လာတယ်လို့ သူတို့က ဆိုပါတယ်။

    ဒီသင်္ဘောအုပ်စုဟာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ကနီနဲ့ မင်းကင်းမြို့နယ် ရေပိုင်နက်ကို ဖြတ်ချိန်မှာ ဒရုန်းတွေအပါအဝင် ပုံစံမျိုးစုံနဲ့တိုက်ခိုက်ခံရလို့ သင်္ဘော ၃ စင်းထက်မနည်း ပျက်စီးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

    ချင်းတွင်းမြစ် ရေတက်ချိန် ရေမိုင်ခရီးရာချီကို ဆန်တက်တဲ့စစ်တပ်က ရေလမ်းတစ်လျှောက်ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ ဒီရေကြောင်းခရီးကို ဘာကြောင့်အလေးထားသင့်လဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. နေပြည်တော်က စစ်ရေးလေ့ကျင့်မှု - ရုရှားရဲ့လက်နက်အရောင်းမြှင့်တင်ရေးလား

    TIGER-2026 မှာ တွေ့ရတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, TIGER-2026 မှာ တွေ့ရတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ

    ရုရှားနဲ့ မြန်မာစစ်တပ်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ဖူးပေမဲ့ TIGER-2026 လောက်ကြီးတဲ့ လေ့ကျင့်ခန်းမျိုးတော့ ပြည်တွင်းမှာ မလုပ်ဖူးသေးပါဘူး။

    နေပြည်တော်မှာ နှစ်ပတ်ကြာ လုပ်သွားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းတွေနဲ့ ရုရှားနိုင်ငံထုတ် လက်နက်တွေ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။

    အကဲခတ်တွေကတော့ TIGER-2026 ဟာ စခန်းသိမ်းလေ့ကျင့်မှုတစ်ခုထက် လက်နက်အရောင်းမြှင့်တင်ရေးပိုဆန်တယ်လို့ ရှုမြင်ကြပါတယ်။

    ဥရောပမှာစစ်ဖြစ်နေတဲ့ရုရှားက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာမှာလာလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဘာအတွက်လဲ၊ ဘယ်နိုင်ငံကပိုပြီး အမြတ်ထွက်ခဲ့ပါသလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. နေပြည်တော်နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထိုင်းပြော

    ထိုင်းအစိုးရရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သာနာဒီရက် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Rachada Dhnadirek

    ဓာတ်ပုံ ပုံစာ, ထိုင်းအစိုးရရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သာနာဒီရက် (ပုံဟောင်း)

    နှစ်နိုင်ငံနယ်စပ်ဖြတ်‌ကျော် ပြဿနာတွေနဲ့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ ထိုင်းအစိုးရရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သာနာဒီရက်က ပြောတယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြလာပါတယ်။

    နေပြည်တော်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းကို လာရောက်ဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဖိတ်ကြားခဲ့တာဟာ ထိုင်းအစိုးရရဲ့နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ဝေဖန်သံတွေ ရှိနေချိန်မှာပဲ မစ္စ ရာချာဒါ သာနာဒီရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် အခုလိုထုတ်ပြောတာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ရေးပါတယ်။

    “မြန်မာ ငြိမ်းချမ်းမယ်ဆိုရင် ထိုင်းနယ်စပ်တလျှောက် နေထိုင်သူတွေလည်း အကျိုးရှိမှာပါ” လို့ သူက ပြောတယ်လို့ သိရပါတယ်။

    ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံကို လာရောက်ဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဇူလိုင် ၁၄ ရက်မှာ ဘန်ကောက်မှာ တွေ့ဆုံချိန် ဖိတ်ကြားတဲ့သတင်းစကားပါးခဲ့တာဖြစ်ပါတယ်။

    နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေဟာ မြန်မာ့အရေး အာဆီယံအလွတ်သဘောတွေ့ဆုံပွဲကို ဇူလိုင် ၁၂ ရက်မှာ တက်ရောက်အပြီးမှာ ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    ထိုင်းအစိုးရအဖွဲ့ပြောခွင့်ရသူကတော့ အိမ်နီးချင်းနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေက တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်ဆိုပြီး ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားတာခဲ့တာနဲ့ပတ်သက်လို့ တုံ့ပြန်ပြောပါတယ်။

    နေပြည်တော် သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဦးမင်းအောင်လှိုင်ဟာ ထိုင်းကို လာမယ့် သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာ လာရောက်မယ်လို့ အစောပိုင်းကတည်းက ပြောပါတယ်။

    ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အဲဒီရက်တွေမှာ ဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ် ရှိတာကို မနေ့ ဇူလိုင် ၂၂ ရက်အထိ အတည်မပြုပေးသေးဘဲ ထိုင်းအစိုးရရုံးရဲ့တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းဖို့ပဲ ပြောထားပါတယ်။

    ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါ ထိုင်းမြောက်ပိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ နှစ်နိုင်ငံကြားက ထိုင်းအခေါ် ခေါ့ခ်မြစ်ထဲ ဓာတ်သတ္တုတွင်းတွေကြောင့် ဓာတုပစ္စည်းပါဝင်မှုမြင့်တက်နေတဲ့အရေးနဲ့ မူးယစ်ဆေး နှိမ်နင်းရေးကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

  9. ကြက်ဥဈေးတစ်လုံး ၇၀၀ ဖြစ်လာခြင်းရဲ့ နောက်ကွယ်မှာ ဘာရှိလဲ

    အနီရောင်အင်္ကျီဝတ်ထားတဲ့ သက်လတ်ပိုင်း မြန်မာအမျိုးသမီးတစ်ဦး ကြက်ဥဗန်းတွေနောက်မှာ ပိုက်ဆံအချို့ကို ရေတွက်နေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images (ပုံဟောင်း)

    မြန်မာမှာ ကြက်ဥတစ်လုံးကို ငွေကျပ် ၇၀၀ ပေးဝယ်ရတဲ့ခေတ်ကို ရောက်လာပါပြီ။ ၂၀၂၁ စစ်အာဏာမသိမ်းခင် အခြေအနေနဲ့ နှိုင်းယှဥ်ရင် အခု ၆ နှစ်နီးပါးအတွင်းမှာ ၇ ဆ စျေးတက်သွားတာပါ။

    အခြေခံစားသောက်ကုန်တစ်မျိုးရဲ့ ဈေးနှုန်း ဒီလိုစျေးခုန်တက်လာတာဟာ ငွေကြေးဖောင်းပွမှုတင်မကပါဘူး။ နေပြည်တော်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ရဲ့ အမေရိကန်ဒေါ် လာထိန်းချုပ်တဲ့မူဝါဒ၊ သွင်းကုန်လိုင်စင်တင်းကျပ်ထားတာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ကြပါတယ်။

    မြန်မာမှာ ကြက်ဥစျေးနှုန်းမြင့်တက်လာတဲ့အခြေခံအကြောင်းအချက်တွေကို ရှင်းပြထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. နှစ် ၁၆၀ ကျော်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ NLD ပါတီ၀င် သေဆုံး

    ဇူလိုင် ၂၀ ရက်မှာ သေဆုံးသွားတဲ့ ကိုလှိုင်ဘွား (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, နီးစပ်သူတွေအပြောအရ ကိုလှိုင်ဘွားဟာ ဇူလိုင် ၂၀ ရက် ကွယ်လွန်ခဲ့တယ်လို့ဆို

    မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၆၄ နှစ် အကျဉ်းကျခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ကိုလှိုင်ဘွားဟာ အသည်းရောဂါနဲ့ ဇူလိုင် ၂၀ ရက် ညပိုင်းတုန်းက မန္တလေးဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ သူနဲ့နီးစပ်တဲ့သူတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

    “မဆုံးခင် တစ်ရက် (ဇူလိုင် ၁၉ ရက်)က သွေးအန် နေမကောင်းဖြစ်လို့ အိုးဘိုကနေ ဆေးရုံကြီးကို ပို့တယ်။ နောက်ရက် (ဇူလိုင် ၂၀ရက် ) ည ၁၀ နာရီကျော်မှာ ဆုံးတယ်” လို့ သူက ဆိုပါတယ်။

    ကိုလှိုင်ဘွား သေဆုံးပြီးနောက် ရုပ်အလောင်းကို အိုးဘိုထောင်ကို အာဏာပိုင်တွေက ပြန်သယ်သွားပြီး ဇူလိုင် ၂၂ ရက် မန္တလေး၊ အေးရိပ်ငြိမ် သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

    ကိုလှိုင်ဘွားရဲ့မိသားစုဝင်တွေအပါအဝင် ဆွေးမျိုးမိတ်ဆွေ ၂၅ ဦးကို သူ့ရဲ့အသုဘကို လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့တယ်လို့ သူနဲ့ရင်းနှီးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကိုလှိုင်ဘွားဟာ အိုးဘိုထောင်ထဲမှာ ရှိနေစဉ်ကာလအတွင်း ထောင်တွင်းမှာ လိုလောက်တဲ့ ဆေးကုသခွင့်နဲ့ ဆေးဝါးတွေ မရရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

    သူဟာ ထောင်ထဲမှာ မေလကစပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အဲဒီအချိန်ကတည်းက ထောင်တွင်း ဆေးရုံကို ပြောင်းရွှေ့ထားခဲ့ရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်လည်းဖြစ်တဲ့ ကိုလှိုင်ဘွားဟာ သေဆုံးချိန်မှာ အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူကလည်း NLD ရဲ့တိုင်းအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

    မွေးချင်း ၃ ယောက်မှာ ကိုလှိုင်ဘွားက အငယ်ဆုံးဖြစ်ပါတယ်။

    နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုလှိုင်ဘွားကို အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှာ ဖမ်းဆီးခဲ့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၁(က)၊ ၅၂(ဂ) အပြင် ၅၄(က)တို့နဲ့ တရားစွဲပြီး စုစုပေါင်း ထောင်ဒဏ် ၁၆၄ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

  11. ကလေး-တမူးလမ်းပိုင်းက နေရာအများစုကို စစ်တပ်ပြန်ထိန်းချုပ်

    တမူးခရိုင်၊ ကမ္မကြီးကျေးရွာထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, တမူးခရိုင်၊ ကမ္မကြီးကျေးရွာထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့

    အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းအထက်ပိုင်းက ကလေးနဲ့ တမူးမြို့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းက နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့‌ စစ်ရေးသတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ ကလေး-ခမ်းပတ်လမ်းပိုင်းကို စစ်တပ်ကထိန်းချုပ်လိုက်ပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

    ခမ်းပတ်နဲ့တမူးကြားက ၃၃ မိုင်ကျော် ရှည်လျားတဲ့ လမ်းပိုင်းမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

    နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဇွန်လ အိန္ဒိယခရီးစဉ်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ နယ်မြေလုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီး အပြီးပြတ်ဆောင်ရွက်သွားမယ်လို့ သူက ထုတ်ပြောထားပါတယ်။

    ဇူလိုင် ၂၁ ရက်မှာတော့ အဲဒီလမ်းကြောင်း‌ပေါ်က ကမ္မကြီးကျေးရွာအထိ စစ်တပ်စစ်ကြောင်းတွေ ရောက်ရှိလာပြီး ရွာကို ထိန်းချုပ်လိုက်ပြီလို့ မြန်မာစစ်တပ်က နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

    ကမ္မကြီးကျေးရွာဟာ ခမ်းပတ်နဲ့ တမူးမြို့ကြားမှာရှိတဲ့ရွာဖြစ်ပြီး ခမ်းပတ်မြို့နဲ့ ၃ မိုင်ကျော်ဝေးပြီး တမူးမြို့နဲ့ မိုင် ၃၀ ‌ကျော်ဝေးပါတယ်။

    ခမ်းပတ်-တမူးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပေမယ့် တမူးမြို့နဲ့ ၁၇ မိုင်ကျော်ကွာဝေးတဲ့ ဝိတုတ်ရွာအထိကိုတော့ တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၃ ရက် မနက်ပိုင်းအထိ ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးတပ်တချို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်တပ်က အိန္ဒိယနဲ့နယ်စပ်က ကလေး-ခမ်းပတ်-တမူးလမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ မေလပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ဒီလမ်းပိုင်းပေါ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ မေလနောက်ပိုင်းကတည်းက ရွာပေါင်း ၅၀ ထက်မနည်းက ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အ‌ခြေအနေသိသူတွေကပြောပါတယ်။

  12. မင်္ဂလာပါ။ ဇူလိုင် ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။