နေပြည်တော်က စစ်ရေးလေ့ကျင့်မှု - ရုရှားရဲ့လက်နက်အရောင်းမြှင့်တင်ရေးလား

ဓာတ်ပုံ ရင်းမြစ်, CINCDS
- ရေးသားသူ, နန္ဒ
- ရာထူးတာဝန်, အကြီးတန်းသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
ရုရှားနဲ့ မြန်မာစစ်တပ်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ဖူးပေမဲ့ TIGER-2026 လောက်ကြီးတဲ့ လေ့ကျင့်ခန်းမျိုးတော့ ပြည်တွင်းမှာ မလုပ်ဖူးသေးပါဘူး။
နေပြည်တော်မှာ နှစ်ပတ်ကြာ လုပ်သွားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းတွေနဲ့ ရုရှားနိုင်ငံထုတ် လက်နက်တွေ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။
အကဲခတ်တွေကတော့ TIGER-2026 ဟာ စခန်းသိမ်းလေ့ကျင့်မှုတစ်ခုထက် လက်နက်အရောင်းမြှင့်တင်ရေးပိုဆန်တယ်လို့ ရှုမြင်ကြပါတယ်။
ဥရောပမှာစစ်ဖြစ်နေတဲ့ရုရှားက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာမှာလာလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဘာအတွက်လဲ၊ ဘယ်နိုင်ငံကပိုပြီး အမြတ်ထွက်ခဲ့ပါသလဲ။
စစ်မြေပြင်သုံးစက်ရုပ် (Kurier)

ဓာတ်ပုံ ရင်းမြစ်, CINCDS
နေပြည်တော်မြောက်ပိုင်းက ဥတ္တရသီရိတပ်နယ် တောတွင်းတစ်နေရာမှာလုပ်တဲ့ ပူးတွဲလေ့ကျင့်ခန်းကို တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုယ်တိုင်တက်ရောက်ကြည့်ရှုပြီး သူနဲ့အတူ မြန်မာစစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေအားလုံးလည်း လိုက်ပါလာကြပါတယ်။
ဒီလေ့ကျင့်ခန်းမှာ သတိပြုမိစရာက ယူကရိန်းစစ်မှာသုံးနေတဲ့ စစ်မြေပြင်သုံးစက်ရုပ် (Kurier) တွေကို ရုရှားဘက်က ပြသသွားခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်ရေး၊ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးစတဲ့ စစ်မြေပြင်တာဝန် အမျိုးမျိုးကို အဝေးထိန်းစနစ်နဲ့ ထမ်းဆောင်နိုင်စွမ်းရှိတဲ့ မြေပြင်သုံး စက်ရုပ်စနစ်ကို ရုရှားကရော ယူကရိန်းကပါ စစ်မြေပြင်မှာ အပြိုင်အဆိုင် သုံးနေကြပါတယ်။
နေပြည်တော်မှာပြသွားခဲ့တဲ့ Kurier အမျိုးအစားဟာ ဒုံးကျည်စနစ်သုံး မီးဟပ်လက်နက်တပ်ဆင်ထားပြီး တင့်ကားဘီးတပ်နဲ့ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ ဒီ Kurier အစီး ၅၀ ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ရှေ့တန်းတပ်ဖွဲ့တွေဆီ ပထမဆုံးပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
လေထဲမှာ ဒရုန်းတွေ ကြီးစိုးနေသလိုပဲ မြေပြင်တိုက်ပွဲတွေမှာ Kurier တွေကို အစားထိုးဖို့ရည်ရွယ်ထုတ်လုပ်ထားပေမဲ့ အားနည်းချက်တွေလည်းရှိနေဆဲဖြစ်ပါတယ်။
တိုက်ပွဲကြားမှာ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့အတွက် မောင်းသူမဲ့ Robotic လူနာတင်ယာဉ် တွေနဲ့ နေရာစုံသွားနိုင်တဲ့ အပေါ့စားယာဉ်တွေကိုလည်း ရုရှားဘက်က ပြသခဲ့ပါတယ်။
ဒီလေ့ကျင့်မှုအတွင်းမှာ MA-3 မျိုးကွဲအသစ်ကို ပထမဦးဆုံးအကြိမ် တွေ့ခဲ့ရပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေအကုန်လုံး MA မျိုးကွဲသစ်လက်နက်တွေပဲ ကိုင်ဆောင်ထားကြတယ်လို့ စစ်လက်နက်ပစ္စည်းတွေကို လေ့လာနေတဲ့ Tactical Raptor 2.0 စာမျက်နှာကရေးပါတယ်။
MA စီးရီးတွေဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ်လက်နက်တွေအဖြစ် စစ်ရေးနယ်ပယ်မှာ သိကြပါတယ်။
TIGER-2026 မှာ MA-3 မျိုးကွဲအသစ်တွေကို သုံးခဲ့တာ ဟုတ်မှန်တဲ့အကြောင်း လေ့ကျင့်ခန်းကိုသွားကြည့်ခဲ့တဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းတွေလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တောတွင်းစစ်ဆင်ရေးနဲ့ တောင်ပေါ်စစ်ဆင်ရေးကို ဒရုန်း၊ စနိုက်ပါ၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ ဆက်သွယ်ရေး စစ်မြေပြင်အတွေ့အကြုံတွေကို နှစ်နိုင်ငံနည်းပြတွေက ဇူလိုင်လ ၆ ရက်ကနေ ၁၇ ရက်အထိ စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ကြတာဖြစ်ပါတယ်။
စခန်းသိမ်းစစ်ဆင်ရေး၊ ရဟတ်ယာဉ်တင် စစ်ဆင်ရေးနဲ့ အရေးကြီးပုဂ္ဂိုလ်ကယ်ထုတ်ရေး လေ့ကျင့်ခန်းတွေကိုလည်း ပူးတွဲလေ့ကျင့်ခဲ့ပါတယ်။
VIP ကာကွယ်တာနဲ့ ရဟတ်ယာဥ်ပေါ်ကနေ ကြိုးနဲ့အမြန်ဆင်းတာတွေက ရှေ့တန်းမှာ သိပ် မအပ်စပ်လှပေမယ့် ဒရုန်းလေ့ကျင့်ခန်းတွေကတော့ သတိထားသင့်တဲ့ ကိစ္စတွေလို့ Tactical Raptor 2.0 က ရေးပါတယ်။
ရုရှားနဲ့ မြန်မာတပ်တွေဟာ ကင်းထောက်ဒရုန်း၊ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်တာအပြင် ဒရုန်းနဲ့အကြီးစားဗုံးကြဲတာတွေအထိ ပူးတွဲလေ့ကျင့်ခဲ့ကြပါတယ်။
FPV – First Person View ဒရုန်းတွေဟာ ဒရုန်းမှာတပ်ထားတဲ့ ကင်မရာကနေ တိုက်ရိုက်မြင်ရတဲ့ ပစ်မှတ်တွေကို ထိန်းကျောင်းမောင်နှင်သူ ပိုင်းလော့ဆီကို အချိန်နဲ့တပြေးညီ ပြန်ပို့ပေးနေတဲ့ အားသာချက်ရှိလို့ ခေတ်သစ်စစ်ပွဲတွေရဲ့ အလှည့်အပြောင်းအဖြစ်တင်စားကြပါတယ်။
ဒါ့အပြင် ဒရုန်းတွေကို ပြောင်းချောသေနတ် (Smoothbore Weapons) တွေနဲ့ ပစ်ချတဲ့ လေ့ကျင့်ခန်းကိုလည်း အစောပိုင်းရက်တွေမှာ တွေ့ရပါတယ်။
ဒီသေနတ်တွေဟာ ယူကရိန်းစစ်မှာ ဒရုန်းတွေကို ပစ်ချဖို့ ရုရှားကြည်းတပ်ကသုံးနေတဲ့ လက်နက်တွေဖြစ်ပါတယ်။
ရုရှားဆီကရတဲ့ ဒရုန်းလေ့ကျင့်မှုတွေကို မြန်မာစစ်တပ်က ပြည်တွင်းစစ်မှာ သေချာပေါက်ပြန်အသုံးချလိမ့်မယ် လို့ စစ်ရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာစစ်တပ်ဟာ ၂၀၂၀ ပြည့်နှစ်က ရုရှားမှာလုပ်တဲ့ နိုင်ငံတကာ စစ်ရေးလေ့ကျင့်ခန်း Caucasus 2020 (Kavkaz)၊ ရုရှားမှာ ၂၀၂၃ ကလုပ်တဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လက်တွေ့လေ့ကျင့်ခန်းနဲ့ နိုင်ငံစုံပါဝင်လေ့ကျင့်သည့် Army Game ပြိုင်ပွဲတွေမှာ ပါဝင်လေ့ကျင့်ခဲ့ဖူးပါတယ်။
အခုလေ့ကျင့်ခဲ့တဲ့ TIGER-2026 ကတော့ ဒရုန်းတွေကျယ်ကျယ်ပြန့်ပြန့်ပါလာပြီး တပ်ဖွဲ့ငယ်အဆင့်ပူးပေါင်းလေ့ကျင့်မှု Conventional Joint Operation ပုံစံအထိ တိုးတက်လာတယ်လို့ စစ်ရုံးကသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ဒီလေ့ကျင့်ခန်းက မြန်မာပြည်ရဲ့ နေရာစုံက စစ်ရေးခွင်တွေအတွက် အသုံးတည့်အောင် ပုံစံချထားတယ်" လို့ သူက ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာပြည်အရှေ့ပိုင်းက အဓိကကုန်သွယ်ရေးလမ်းကြောင်းနဲ့ မဟာဗျူဟာလမ်းကြောင်းကို ထိန်းချုပ်ဖို့ တိုက်ပွဲဆင်နေတဲ့ အစီအစဥ်တစ်ခုကို ပုံစံချထားပါတယ်။
ထူးခြားတာတစ်ခုက ရန်သူတပ်ဖွဲ့တွေနဲ့အတူ နိုင်ငံခြားသားကြေးစားစစ်သားတွေပါ ပါဝင်တယ် လို့ လေ့ကျင့်ခန်းအစီအစဥ်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။
မြို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို မဖော်ပြထားပေမဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ တရုတ်နဲ့ထိုင်းတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရှိနေပြီး လမ်းပိုင်းနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားပါတယ်။
ကော်ဘရာ၊ ရွှေနဂါးနဲ့ ကျား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်ရုံးကရော ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပါ ဒီပူးတွဲလေ့ကျင့်မှုအကြောင်း အကျယ်တဝင့်ဖော်ပြခဲ့ကြပေမဲ့ ဒေသတွင်းစစ်ရေးလေ့လာစောင့်ကြည့်သူတွေကတော့ ဒီပူးတွဲလေ့ကျင့်မှုဟာ ထိုင်းနဲ့အမေရိကန်ဦးဆောင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုရဲ့ အရှိန်အဝါမျိုးကိုရောက်ဖို့ အများကြီးလိုနေသေးတယ်လို့ ပြောကြပါတယ်။
နိုင်ငံစုံပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ စစ်သည်အင်အားထောင်ကျော်ပါပြီး TIGER-2026 ကတော့ အထူးတပ်ဖွဲ့တွေနဲ့ ရွေးချယ်လေ့ကျင့်တဲ့ပုံစံမျိုးဖြစ်ပါတယ်။
နေပြည်တော်ကလေ့ကျင့်မှုဟာ တရုတ်နဲ့ ကမ္ဘောဒီးယားရဲ့ "ရွှေနဂါး-၂၀၂၅" (Golden Dragon-2025) ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကိုတောင် မမီဘူး လို့ တရုတ်မှာမဟာဘွဲ့ယူခဲ့တဲ့ ပညာရှင်တစ်ဦးက ပြောပါတယ်။ သူ့အဖွဲ့အစည်းရဲ့ ကန့်သတ်မှုကြောင့် သူ့နာမည်ကိုတော့ အသုံးပြုခွင့်မပေးပါဘူး။
Golden Dragon စစ်ရေးလေ့ကျင့်မှုမှာ တရုတ်နဲ့ ကမ္ဘောဒီးယားစစ်သည် အင်အား နှစ်ထောင်ကျော်ပါပြီး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့စုံ ပါဝင်ပါတယ်။
TIGER-2026 ရဲ့ အင်အားကို တရားဝင်မထုတ်ပြန်ပေမဲ့ ထွက်ပေါ်လာတဲ့ ရုပ်သံနဲ့ဓာတ်ပုံတွေအရ တပ်ဖွဲ့အင်အား ရာဂဏန်းသာပါဝင်တာတွေ့ရပါတယ်။
မြန်မာဘက်က TIGER-2026 လို့ ပြောပြီး ရုရှားက Tropical Storm လို့ ခေါ်တဲ့ ဒီပူးတွဲလေ့ကျင့်မှုကို ရုရှားရဲ့လက်နက်အရောင်းမြှင့်တင်ရေးအဖြစ် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ရုရှားရဲ့ လက်နက် မားကက်တင်း

ဓာတ်ပုံ ရင်းမြစ်, Ministry of Defense of the Russian Federation
ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ IZ ကလည်း ဒီပူးတွဲလေ့ကျင့်မှုကို အကျယ်တဝင့်ဖော်ပြပြီး မြန်မာဟာ ရုရှားရဲ့ အဓိကစျေးကွက်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ သံချပ်ကာယာဥ်တွေကို ဝယ်ယူခဲ့တယ်လို့ ရေးပါတယ်။
မြန်မာကလည်း ယူကရိန်းစစ်အတွက် ရုရှားကို လက်နက်ခဲယမ်းတချို့ပြန်ရောင်းခဲ့ပေမဲ့ ရုရှားဆီက ပြန်ဝယ်တာနဲ့ယှဥ်ရင်တော့ ကွာဟချက်ကြီးပါတယ်။
မြန်မာဟာ ရုရှားအတွက် လက်နက်ဖောက်သည်အဖြစ်သာမကဘဲ သုတေသနကွင်းပြင်တစ်ခုလိုပါ ဖြစ်နေတယ်လို့ ရုရှားမှာ ပါရဂူဘွဲ့ယူခဲ့တဲ့ ဒေါက်တာဝေယံဖြိုးနိုင်က ပြောပါတယ်။
အီရန်နဲ့ မြန်မာလို စစ်ဖြစ်နေတဲ့ မဟာမိတ်နိုင်ငံတွေမှာ ရုရှားက သူ့နည်းပညာကို စမ်းသပ်နိုင်တဲ့ အခွင့်အရေးရနေတယ်လို့ သူကပြောပါတယ်။
တဘက်မှာလည်း မြန်မာက ရုရှားနည်းပညာကို ထိတွေ့ခွင့်ရတဲ့ အခွင့်အလမ်းကို ပြန်ရနေပြန်တယ်။
လက်တွေ့မှာတော့ ယူကရိန်းစစ်မှာသုံးနေတဲ့ လက်နက်တွေကို ရုရှားက အရှေ့တောင်အာရှဆီ ယူလာခဲ့ပြီး ပူးတွဲစစ်ဆင်ရေးမှာ အသုံးပြုပြခဲ့ပါတယ်။
"မြန်မာကပြည်တွင်းစစ်ဖြစ်နေတော့ ကြိုက်ရင်ဝယ်မှာပဲ။ အာဆီယံစျေးကွက်ကလည်း သတိထားမိသွားနိုင်တယ်" လို့ ဒေါက်တာဝေယံဖြိုးနိုင်က ပြောပါတယ်။
ဒီလို ပူးတွဲလေ့ကျင့်ခန်းမျိုးမှာ လွှဲပြောင်းပေးလို့ရမယ့် နည်းပညာတွေနဲ့ လက်နက်တွေကို ယူလာတတ်တာ သဘာဝပဲလို့ တရုတ်မှာမဟာဘွဲ့ယူခဲ့တဲ့ ပညာရှင်ကလည်း ပြောပါတယ်။
ဘေကျင်း အမြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်မှာ ရုရှားနဲ့ စစ်ရေးအကြီးအကျယ်လေ့ကျင့်တဲ့အပေါ် ဘေကျင်းက အမြင်ကြည်မှာမဟုတ်ဘူးလို့ ဘီဘီစီကမေးမြန်းခဲ့တဲ့ သတင်းအရင်းအမြစ် သုံးဦးကပြောပါတယ်။
တရုတ်က ဒီစစ်ဆင်ရေးအကြောင်း လူသိရှင်ကြားထုတ်မပြောသေးပေမဲ့ ကြိုက်မှာမဟုတ်ဘူးလို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကလည်း သုံးသပ်ပါတယ်။
နေပြည်တော်က အစိုးရအချင်းချင်းဆက်ဆံရေးကို တရုတ်နဲ့ချည်နှောင်ထားပြီး စစ်ဘက်ဆက်ဆံရေးကတော့ ရုရှားနဲ့ပိုနီးကပ်တယ်လို့ ဒေါက်တာ ဝေယံဖြိုးနိုင်က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ စတုတ္ထမျိုးဆက်မှာ ရုရှားပညာတော်သင်တွေ ရှေ့ရောက်လာတာက အဓိကအကြောင်းရင်းတစ်ခုလို့ သူကဆက်ပြောပါတယ်။
"မြန်မာစစ်တပ်က ရုရှားကိုအထင်ကြီးတယ်။ တရုတ်ကိုမယုံဘူး" လို့ စင်ကာပူမှာနေထိုင်တဲ့ ဒေသတွင်းအရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
မြန်မာဟာ မော်စကိုအတွက် အရှေ့တောင်အာရှမှာ အရေးပါတဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်လာနေတယ် ရုရှားမီဒီယာ IZ ကရေးပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှုက ဘေကျင်းအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆိုထားပြန်ပါတယ်။
ရုရှားဟာ တရုတ်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လို့ မော်စကိုဟာ တရုတ်ဆန့်ကျင်ရေးကို ဒေသတွင်းမှာ ဖန်တီးမှာ မဟုတ်ဘူးလို့ IZ က အတိအလင်းဖော်ပြပါတယ်။
တရုတ်ကိုမှီခိုနေရတာချင်းအတူတူ ရုရှားဟာ မြန်မာထက်ပိုပါးနပ်တယ်လို့ စင်ကာပူမှာအခြေစိုက်တဲ့ လုံခြုံရေးကဏ္ဍကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဒေါက်တာ ဝေယံဖြိုးနိုင်ကလည်း TIGER – 2026 နဲ့ ပတ်သက်ရင် ဘေကျင်းဟာ ရုရှားကိုစိတ်ဆိုးမှာမဟုတ်ဘဲ စိတ်ဆိုးချင်းဆိုး နေပြည်တော်ကိုပဲ စိတ်ဆိုးလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"မြန်မာစစ်တပ်ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုက ဘာကြောင့် တရုတ်နဲ့မဖြစ်ရတာလဲ ဆိုတဲ့မေးခွန်းက ဘေကျင်းမှာ ရှိနေမှာပါ" လို့ သူကပြောပါတယ်။
















