
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရခိုင်က လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း (ပုံဟောင်း)မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှုအပါအဝင် ကျားမအခြေပြုအကြမ်းဖက်မှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်မှာမြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီးနဲ့ မိန်းကလေး ၈.၄ သန်းဟာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးရေးနဲ့ တရားမျှတမှုရရှိရေး ဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်မှု ပိုမိုကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာက အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာတာ ခြောက်နှစ်နီးပါးရှိလာချိန်မှာ အမျိုးသမီးခေါင်းဆောင်တွေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေဆီက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ အသက်မပြည့်ခင် လက်ထပ်စေခြင်း၊ အတင်းအကျပ်လက်ထပ်စေခြင်း စတဲ့ ပြဿနာတွေအပေါ် စိုးရိမ်မှုတွေ ပိုမိုကြားသိလာရတယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ ကြာရှည်လာခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ လုံခြုံမှုမရှိခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ကျားမမညီမျှမှု ပိုမိုကြီးမားလာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အန္တရာယ်တွေ ပိုတိုးလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အကြမ်းဖက်မှုတွေ ကြုံတွေ့ရသူတွေအတွက် အသက်ကယ်တင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အကူအညီ၊ အကာအကွယ်ပေးရေးဝန်ဆောင်မှုနဲ့ ကျူးလွန်သူတွေကို တာဝန်ယူစေဖို့ တရားမျှတမှုရရှိရေး လမ်းကြောင်းတွေ ပိုမိုခက်ခဲလာတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ယာယီတာဝန်ခံ ဂွင်းလူးဝစ် က '' ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အကြမ်းဖက်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ထုတ်ခံရမှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်'' လို့ ပြောပါတယ်။
''အကျပ်အတည်းဖြစ်ပွားနေခြင်းဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံနိုင်တဲ့ အကြောင်းပြချက် ဘယ်တော့မှမဖြစ်သင့်သလို အဲဒီအကြမ်းဖက်မှုတွေကို လျစ်လျူရှုထားလို့လည်း မရပါဘူး'' လို့ သူက ပြောပါတယ်။
UNFPA မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိုင်မီ နာဒယ်လ် ရွိုက် ကလည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ လုံခြုံစွာ အကူအညီတောင်းခံနိုင်မယ့် နေရာရှိတယ်၊ လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ အကူအညီရရှိနိုင်တယ်ဆိုတာ သိထားဖို့ အရေးကြီးကြောင်း ပြောပါတယ်။
အကြမ်းဖက်ခံရသူတိုင်းဟာ ကြောက်ရွံ့မှု၊ အရှက်ရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ မရှိဘဲ အကူအညီတောင်းခံပိုင်ခွင့်ရှိကြောင်းနဲ့ အဲဒီလိုအကူအညီပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။
တစ်ဖက်မှာ မြန်မာနိုင်ငံက အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ရန်ပုံငွေမသေချာမှု၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ ဆက်လက်ရောက်ရှိနိုင်ရေး စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေဟာ အကြမ်းဖက်ခံရသူတွေကို ကူညီပေးခြင်း၊ အကြမ်းဖက်မှုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်ခြင်းနဲ့ တရားမျှတမှုရရှိရေး တောင်းဆိုခြင်းတွေကို အန္တရာယ်များတဲ့ အခြေအနေတွေကြားက ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
UN Women မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂီတာ ကွတ်တီပါရမ်ဘီ က အမျိုးသမီးတွေကို ကာကွယ်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုယ်တိုင်လည်း ပဋိပက္ခ၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေ ကြုံတွေ့နေရချိန်မှာ အခြားသူတွေကို ကူညီပေးနေရတာဖြစ်ကြောင်း ပြောပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုပြီး သူတို့နဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းနေစရာမလိုဘဲ ကျားမတန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဆက်လက်မြှင့်တင်သွားရမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အခုထုတ်ပြန်ချက်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ကို အထိမ်းအမှတ်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ကနေ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့အထိ ၁၆ ရက်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်း ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုမှာ အကြမ်းဖက်ခံရသူတွေကို ကာကွယ်ပေးရေး၊ တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူတွေ အပြစ်ပေးခံရမှုကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးတို့ကို အလေးထားတိုက်တွန်းထားပါတယ်။