ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရီပတ်ဘလီကန်လက်ထဲက ကွန်ဂရက်လွှတ်တော်ကို ဒီမိုကရက်တွေပြန်ယူ

ဒီမိုကရက်တွေက ကွန်ဂရက်လွှတ်တော်ကို ရီပတ်ဘလီကန်တွေလက်ထဲကနေ ပြန်ယူတဲ့သတင်းအပါအ၀င် အမေရိကန်မှာကျင်းပနေတဲ့ သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ ထူးခြားချက်တွေကို အထူးစာမျက်နှာအနေနဲ့ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန် သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို အနိုင်ရပြီး သမ္မတထရမ့်ရဲ့ကျန်ရှိတဲ့ သမ္မတသက်တမ်းတလျှောက် ကွန်ဂရက်ကို ထိန်းချုပ်ခွင့်ရပါပြီ
  • ဒီမိုကရက်တွေ "ကောင်းကောင်းလုပ်နိုင်ခဲ့တယ်" လို့ ထရမ့်က ပြောပြီး အီရန်စစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာတွေက သူ့ပါတီ ရှုံးနိမ့်ရတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်တယ်လို့ ၀န်ခံပါတယ်
  • မဲဆန္ဒရှင်တွေဟာ လူနေမှုစရိတ် မြင့်တက်နေတာကြောင့် ဒေါသထွက်နေကြလို့ ဒီရလဒ် ထွက်တာ မဆန်းဘူးလို့ ဘီဘီစီရဲ့မြောက်အမေရိက အယ်ဒီတာက ရေးပါတယ်
  • အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေဟာ တက္ကဆပ်၊ အိုဟိုင်းယိုးနဲ့ လွန်ခဲ့တဲ့နှစ် ၁၀၀ နီးပါးက နောက်ဆုံးအကြိမ် ဒီမိုကရက်တစ်ဦးကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ကန်းဆက် အပါအဝင် ရီပတ်ဘလီကန် အမာခံနယ်မြေတွေမှာ ဆက်တိုက်အနိုင်ရပါတယ်
  • မီချီဂန်ပြည်နယ်မှာ ဒီမိုကရက်အမတ် Abdul El-Sayed က အနိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ အမေရိကန် အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်မယ့် ပထမဆုံး မွတ်စလင် ဖြစ်လာမှာပါ
  • ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ကွန်ဂရက်လွှတ်နဲ့ ထရမ့် ဘယ်လို ဆက်ဆံမလဲ။ လူမှုကွန်ရက်မှာ သူတင်ခဲ့တဲ့ဦးထုပ်ဓာတ်ပုံတစ်ပုံက ပြသနေပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန် သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲ နောက်ဆုံးရသတင်းတွေ၊ သုံးသပ်ချက်တွေကို ဘီဘီစီ မြန်မာပိုင်းက တိုက်ရိုက်တင်ဆက်မှုပြီးပါပြီ။

    ဒီနေ့တစ်နေ့တာ တင်ဆက်ခဲ့တဲ့ထူးခြားချက်တွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. နိုင်ငံရေးအခြေအနေသစ်တစ်ရပ်နဲ့ အမေရိကန်ပြည်သူတွေ မနက်ခင်းနိုးထကြပါပြီ

    ရေချယ် ဖလင်း

    တိုက်ရိုက်တင်ဆက်မှုဆိုင်ရာသတင်းထောက်

    အမေရိကန်ပြည်ထောင်စုမှာတော့ဝါရှင်တန်ဒီစီ စံတော်ချိန် နို၀င်ဘာ ၄ ရက်၊ မနက် ၆ နာရီ မိနစ် ၄၀ ရှိပါပြီ။

    သန်းနဲ့ချီတဲ့အမေရိကန်ပြည်သူတွေဟာ ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေတစ်ရပ်နဲ့အတူ နို၀င်ဘာလ ၄ ရက် မနက်ခင်းကို နိုးထလာနေကြပြီဖြစ်ပါတယ်။

    ဒီနေ့မတိုင်ခင်အထိ တစ်နိုင်ငံလုံးအတွက် သက်ဆိုင်တဲ့ ဥပဒေတွေကို ရေးဆွဲအတည်ပြုတဲ့ ကွန်ဂရက်ကို ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်း နှစ်နှစ်ပြည့်ချိန်မှာ ဒီမိုကရက်တွေက ကြီးကြီးမားမား အနိုင်ရခဲ့ပါတယ်။

    အခု ဒီမိုကရက်တွေဟာ ကွန်ဂရက်ရဲ့လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ထားပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့သမိုင်းဝင်အမာခံနယ်မြေတွေဖြစ်တဲ့ တက္ကဆက်နဲ့ ကန်းဆက်ပြည်နယ်တွေက အမတ်နေရာတွေကိုလည်း ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် လက်လွှဲရယူနိုင်ခဲ့ပါတယ်။

    ရလဒ်တွေ ဆက်တိုက် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့ပေမဲ့ မဲဆန္ဒနယ် တချို့ရဲ့ ရလဒ်တွေကတော့ မထွက်သေးပါဘူး။ အလာစကာနဲ့ မစ္စစ္စပီ ပြည်နယ်တွေမှာ ရလဒ်တွေ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး အဲဒီပြည်နယ်တွေရဲ့အထက်လွှတ်တော်အမတ်နေရာတွေကို ဘယ်သူ အနိုင်ရမလဲဆိုတာ ခန့်မှန်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    ဒီမိုကရက်တွေ အနိုင်ရခဲ့တဲ့ ဒီညရဲ့အရေးပါတဲ့ အခိုက်အတန့်တွေကို ကြည့်ရှုနိုင်ပါတယ်။

    အီရန်စစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာတွေက သူ့ပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့တဲ့ ထရမ့်အတွက် ဒါက အလွန်ဆိုးရွားတဲ့သတင်းဖြစ်ပါတယ်။

    ၂၀၂၆ ခုနှစ်၊ နို၀င်ဘာ ၃ ရက် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီနှစ်ရပ် စလုံးအတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးခဲ့တဲ့ညဖြစ်ပါတယ်။

    ရီပတ်ဘလီကန်ပါတီအတွက်တော့ ၁၉၃၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက္ကဆက် ပြည်နယ်က အထက်လွှတ်တော်အမတ်နေရာကို ဆုံးရှုံးခဲ့ရတဲ့သမိုင်းဝင်ရှုံးနိမ့်မှု ဖြစ်ပါတယ်။

    ဒီမိုကရက်တွေအတွက်တော့ မီချီဂန်ပြည်နယ်မှာ Abdul El-Sayed က အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ပထမဆုံး မွတ်စလင်ဖြစ်လာခဲ့တာကြောင့် သမိုင်းဝင်အနိုင်ရမှုလည်း ဖြစ်လာပါတယ်။

  3. ထရမ့် ဒီမိုကရက်တွေနဲ့ လက်တွဲလုပ်မှာလား၊ “ဗီတိုအာဏာသုံးသူ” ဖြစ်လာမလား

    ဘာ့ဒ် ဒဘုစ်မန်း ဂျူနီယာ

    ဝါရှင်တန်ဒီစီအခြေစိုက် အိမ်ဖြူတော်သတင်းထောက်

    အမေရိကန်သမ္မတ သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ပါတီ ရီပတ်ဘလီကန် အံ့အားသင့်လောက်စရာ ရှုံးနိမ့်ခဲ့ပြီးနောက် ထူးထူးခြားခြား သဘောထားပျော့ပျောင်းနေခဲ့ပါတယ်။ ဒီမိုကရက်တွေက “ကောင်းကောင်းလုပ်နိုင်ခဲ့တယ်” လို့ သူက ချီးကျူးစကားတောင်ပြောခဲ့ပြီး သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ သူ တကယ်ပဲ အဲဒီလို လုပ်ဆောင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

    ဒီမိုကရက်တွေ တွန်းအားပေးမယ့်ဘယ်ဥပဒေမူကြမ်းကိုမဆို ထရမ့်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနိုင်ခြေနည်းပါတယ်။ သူ့ဆီ ရောက်လာတဲ့ဘယ်ဥပဒေမူကြမ်းကိုမှ လက်မှတ်မထိုးဘဲ “ဗီတိုအာဏာ” သုံးပယ်ချဖို့ ရည်ရွယ်ထားတာကိုလည်း သူက လေသံပစ်ထားပြီးဖြစ်ပါတယ်။

    ဒါ့အပြင် ဖြစ်နိုင်တဲ့အချိန်တိုင်း ကွန်ဂရက်ကို ကျော်လွှားနိုင်ဖို့ သူ့ရာထူးရဲ့ “ကြီးမားလှတဲ့ လုပ်ပိုင်ခွင့်တွေ” ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ဒီလိုလုပ်ရာမှာ သမ္မတအမိန့်တွေကို အားကိုးမှာဖြစ်သလို ကွန်ဂရက်ကို ဘယ်ပါတီက ထိန်းချုပ်ထားတယ်ဆိုတာနဲ့ မသက်ဆိုင်ဘဲ ပြည်ထောင်စုအစိုးရအေဂျင်စီတွေအပေါ် ကျယ်ပြန့်တဲ့လုပ်ပိုင်ခွင့်တွေ အသုံးပြုနိုင်စေတဲ့ ဒီနှစ်အစောပိုင်းက တရားရုံးချုပ် ဆုံးဖြတ်ချက်ကိုလည်း အားကိုးမှာ ဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ သူ့အတွက် ပိုပြီး လက်ခံနိုင်တဲ့ဆွေးနွေးညှိနှိုင်းမှု အခြေအနေတွေဆီ ဒီမိုကရက်တွေ ရောက်လာအောင် အတင်းအကျပ် ဖိအားပေးဖို့ သူ့ရဲ့ ဗီတိုအာဏာနဲ့ သမ္မတအမိန့်တွေကို အသုံးပြုရနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။

    နိုင်ငံခြားရေးမူဝါဒနဲ့ သမ္မတအမိန့်တွေမှာ သူ့အနေနဲ့ ကြီးမားတဲ့အာဏာကို ဆက်လက်ကိုင်စွဲထားပေမဲ့ ကန့်သတ်ချက်တွေလည်း ရှိနေပါတယ်။ ဒီမိုကရက်တွေရဲ့သဘောတူညီချက် မရဘဲ အခွန်ထပ်မံလျှော့ချတာ ဒါမှမဟုတ် လူမှုဘဝအကာအကွယ်ပေးရေး အသုံးစရိတ်တွေကို ဖျက်သိမ်းတာမျိုး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

    သမ္မတရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်စစ်ဆေးမှုကနေလည်း သူ ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရက်တွေက ထရမ့်ကိုရော သူ့အစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေကိုပါ စုံစမ်းစစ်ဆေးမှုအသစ်တွေ ဆက်တိုက် စတင်လာတာကို သူ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရက်တစ် ပါတီကလည်း ဒီလိုလုပ်မယ်လို့ အရိပ်အမြွက် ပြောထားပြီး ဖြစ်ပါတယ်။

  4. ဒီမိုကရက်တွေ ကွန်ဂရက်လွှတ်တော်မှာအနိုင်ရမှု - အမေရိကန်-ရုရှား ဆက်ဆံရေးအတွက်

    စတိဗ် ရိုဆန်ဘာ့

    ရုရှားရေးရာ အယ်ဒီတာ

    အမေရိကန် သမ္မတသက်တမ်း၀က် လွှတ်တော်ရွေးကောက်ပွဲရလဒ်တွေက ရုရှားရဲ့ကလင်မလင်နန်းတော်အပေါ် အကျိုးဆက်တွေ ရှိလာနိုင်မလား။

    “သမ္မတ ထရမ့်ဟာ သူ့ သမ္မတသက်တမ်း ကုန်ဆုံးချိန်အထိ သမ္မတအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” လို့ သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပတ်စ်ကော့ဗ်က တနင်္လာနေ့မှာ ကျွန်တော့်ကို ပြောပါတယ်။

    ဒီစကားရဲ့သဘောကတော့ ရွေးကောက်ပွဲရလဒ် ဘယ်လိုပဲထွက်လာပါစေ ပုံမှန်အတိုင်း ဆက်ဖြစ်နေမယ်လို့ မော်စကိုမြို့က မျှော်လင့်ထားပုံ ရပါတယ်။

    သမ္မတ ထရမ့်ဟာ ရုရှားလိုချင်တဲ့အရာ၊ တစ်နည်းအားဖြင့် ရုရှားရဲ့ သတ်မှတ်ချက်တွေအတိုင်း ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်တာမျိုးတော့ အတိအကျ မလုပ်ပေးနိုင်သေးပါဘူး။

    ဒါပေမဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက ကရင်မလင်အတွက် အပြုသဘောဆောင်တဲ့ အကျိုးရလဒ် အများအပြား ရရှိစေခဲ့ပါတယ်။

    အမေရိကန်သမ္မတ ထရမ့်ဟာ မကြာသေးခင်က ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုတချို့ကို ဆိုင်းငံ့ခဲ့ပြီး ရုရှားဒီဇယ်ဆီ ဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။

    ဒါ့အပြင် ဗလာဒီမီယာ ပူတင်ထက် ယူကရိန်းသမ္မတ ဇလန်းစကီးကို ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဒါပေမဲ့ ရီပတ်ဘလီကန်တွေ ကွန်ဂရက်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ရင် ဒေါ်နယ်ထရမ့်ဟာ “ဒီမိုကရက်တွေ စတင်မယ့် စုံစမ်းစစ်ဆေးမှု အများအပြားထဲမှာ နစ်မြုပ်သွားလိမ့်မယ်” လို့ ရုရှားသတင်းစာ Nezavisimaya Gazeta က ဒီသီတင်းပတ်အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။

    ဒါ့အပြင် “ရုရှားအရေးအပါအဝင် သူ မှန်ကန်တယ်လို့ ယူဆတဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ” လို့လည်း ရေးသားခဲ့ပါတယ်။

  5. အမေရိကန်မှာ ပထမဆုံး မွတ်ဆလင်အထက်လွှတ်တော်အမတ်ရှိလာမှာလား

    အမေရိကန်သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲမှာ မီချီဂန်ပြည်နယ်အတွက် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်လောင်း အယ်လ်-ဆာယက်ဒ်က မဲနိုင်မယ့်သူလို့ ကနဦး ရလဒ်တွေက ခန့်မှန်းလိုက်ပါတယ်။

    သူသာ အနိုင်ရရင် သူဟာ အမေရိကန်မှာ ပထမဆုံး မွတ်ဆလင် အထက်လွှတ်တော်အမတ်ဖြစ်လာမှာပါ။

    “အနိုင်ရဖို့ မဖြစ်နိုင်ဆုံးလို့ ထင်ရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို ခင်ဗျားတို့ ယုံယုံကြည်ကြည် အခွင့်အရေးပေးခဲ့ကြပါတယ်” လို့ သူက သူ့ကိုထောက်ခံသူတွေကို စောစောပိုင်းကပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။

    သူ့ရဲ့ကိုးကွယ် ယုံကြည်ကိုးကွယ်မှုကို အဓိကကိစ္စတစ်ခုအဖြစ် အသုံးချပြီး မဲဆွယ်ခဲ့တယ်ဆိုကာ သူ့ပြိုင်ဘက်ကို ဝေဖန်ခဲ့ပါတယ်။

    “သူတို့ဟာ အချိန်အတော်ကြာအတွင်း ကျွန်တော်တို့ မြင်ခဲ့ရသမျှထဲ အဆိုးရွားဆုံး မဲဆွယ်စည်းရုံးမှုတွေထဲက တစ်ခုကို အင်အားကုန် အသုံးပြုခဲ့ပါတယ်” လို့ သူက ပြောပြီး “ကျွန်တော့်ရဲ့ နာမည်နဲ့ ယုံကြည်ကိုးကွယ်မှုကြောင့်” သူ့ကို တိုက်ခိုက်ခဲ့ရတယ်လို့ စွပ်စွဲပါတယ်။

  6. အမေရိကန်နိုင်ငံရေးသမားတွေ သက်ကြီးပိုင်းတွေဘာကြောင့်များ

    အမေရိကန်နိုင်ငံရေးသမားတွေထဲမှာ ဟဲလ် ရော်ဂျာစ် လောက် နိုင်ငံရေးလောကမှာ ရေရှည်ရပ်တည်လာသူ အများကြီးမရှိပါဘူး။ သူဟာ အခု သက်တမ်း၀က် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်အဖြစ် ၂၄ ကြိမ်မြောက် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

    အသက် ၈၈ နှစ်အရွယ် ရီပတ်ဘလီကန်ပါတီဝင် ဟဲလ် ရော်ဂျာစ် ဟာ ကန်တပ်ကီပြည်နယ်ရဲ့ ပဉ္စမမြောက် လွှတ်တော်မဲဆန္ဒနယ်ကို ၁၉၈၁ ခုနှစ်ကတည်းက ကိုယ်စားပြုလာခဲ့သူဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်မှာ သက်တမ်းအရှည်ဆုံးအမတ် ဖြစ်ပါတယ်။

    သူ အရွေးခံရတဲ့ညမှာပဲ ရော်နယ်ရေဂင်ဟာ ပထမဆုံး သမ္မတသက်တမ်းအတွက် အနိုင်ရခဲ့ပါတယ်။ အဲဒီအချိန်က ရေဂင်ရဲ့ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်က "အမေရိကန်ကို ကြီးကျယ်ခမ်းနားတဲ့နိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ကြစို့" ဆိုတာဖြစ်ပြီး နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်ကလည်း အဲဒီဆောင်ပုဒ်ကို ပြန်လည်အသုံးပြုခဲ့ပါတယ်။

    ဒီနှစ် ရီပတ်ဘလီကန်ပါတီရဲ့ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ ရော်ဂျာစ် ရှုံးနိမ့်အောင် ယှဉ်ပြိုင်ခဲ့သူတွေထဲမှာ သူ့ထက် အသက် ၆၀ ငယ်သူတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ မွေးဖွားခဲ့တဲ့ ရော်ဂျာစ် တစ်ဦးတည်းသာ အသက် ၈၀ ကျော်အထိ နိုင်ငံရေးတာဝန် ဆက်လက်ထမ်းဆောင်နေသူ မဟုတ်ပါဘူး။

    အသက် ၈၀ အရွယ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သမ္မတရာထူးကနေ အသက် ၈၂ နှစ်မှာ ထွက်ခွာခဲ့တဲ့ ထရမ့်ရဲ့ ရှေ့သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးကနေ အသက် ၈၂ နှစ်မှာ နုတ်ထွက်ခဲ့တဲ့ နန်စီ ပယ်လိုစီတို့လည်း ပါဝင်ပါတယ်။

    အမေရိကန် နိုင်ငံရေးသမားတွေ ဘာကြောင့် အသက်ကြီးကြတာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  7. ဒီမိုကရက်တွေ ကွန်ဂရက်ကို ပြန်ထိန်းချုပ်နိုင်တာ ဘာသဘောဆောင်လဲ

    ဆာ့ခ်ရှီ ဗင်ကတ်ရာမန်

    ဝါရှင်တန်ကနေ သတင်းပေးပို့ချက်

    ဒီမိုကရက်တစ်ပါတီအမတ်တွေဟာ အခုတစ်ခေါက် သမ္မတသက်တမ်း၀က် လွှတ်တော်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ အမတ်နေရာအများစုရမယ်လို့ ခန့်မှန်းထားပါတယ်။

    ဒါကြောင့် ဇန်နဝါရီလရောက်ရင် နိုင်ငံရဲ့ဥပဒေတွေကို အတည်ပြုပေးဖို့ တာဝန်ရှိတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ကွန်ဂရက်ကို သူတို့ ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးကို အများစုအမတ်နေရာ ရထားတဲ့ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားပါတယ်။

    ဒါပေမဲ့ ဒီမိုကရက်တွေ ကွန်ဂရက်ကို ပြန်လည်ထိန်းချုပ်တဲ့အခါ ဥပဒေတွေကို ပိုလွယ်လွယ်ကူကူ အတည်ပြုနိုင်မှာဖြစ်သလို သမ္မတရဲ့မူဝါဒအစီအစဉ်တွေကိုလည်း အရင်ကထက်ပိုပြီး စိစစ်မေးမြန်းတာတွေကို လွှတ်တော်က လုပ်လာနိုင်ပါတယ်။

    သမ္မတရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

    ဒါဟာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီး ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်ထဲ ဝင်ရောက်လာချိန်မှာ ဒီမိုကရက်တွေ မျှော်လင့်ခဲ့တဲ့ အနိုင်ရလဒ်လည်း ဖြစ်ပါတယ်။

  8. “တော်ကြတယ်” လို့ ပြောပြီး ဒီမိုကရက်တွေကို ထရမ့် ဂုဏ်ပြု

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရီပတ်ဘလီကန်တွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့တုံ့ပြန်ချက်ကို ဆွေးနွေးဖို့ ဖောက်စ်သတင်းဌာနကို ဖုန်းနဲ့ဖြေကြားခဲ့ပြီး ဒီမိုကရက်တွေက “အလုပ်ကောင်းကောင်း လုပ်ခဲ့ကြတယ်” လို့ ဝန်ခံပြောကြားပါတယ်။

    သူက အစီအစဉ်တင်ဆက်သူ Bret Baier ကို “ခံစားမိနေတာတော့ ရှိတယ်” လို့ ပြောပြီး ရလဒ်အပေါ် အံ့အားသင့်တယ်လို့ပြောပါတယ်။

    “ကျွန်တော်တို့ရဲ့လူထုစုဝေးပွဲတွေက အင်မတန် အားကောင်းခဲ့ပါတယ်” လို့ ထရမ့်က ပြောပါတယ်။ “ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိတယ်။”

    ကွန်ဂရက်ထဲက ဒီမိုကရက်တွေနဲ့လက်တွဲလုပ်နိုင်တဲ့ “အကြောင်းအရာ အများကြီး၊ အများကြီး” ရှိတယ်လို့လည်း သူက သဘောထားပျော့ပျောင်းတဲ့လေသံနဲ့ပြောပါတယ်။

    သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲရလဒ်ကြောင့် သူ့အစိုးရအဖွဲ့ကို အပြောင်းအလဲတစ်စုံတစ်ရာ လုပ်မယ့်အလားအလာကိုတော့ သူက ပယ်ချခဲ့ပါတယ်။

  9. သတင်းထူး, အမေရိကန်အထက်လွှတ်တော်ကို ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်နိုင်ပြီ - စီဘီအက်စ် ခန့်မှန်းချက်

    အမေရိကန် (ဆီးနိတ်)အထက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်တွေ အများစုဖြစ်နေရာကနေ ဒီမိုကရက်တွေက အနိုင်ရပြီး ထိန်းချုပ်ခွင့် ရယူနိုင်မယ်လို့ ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန စီဘီအက်စ်(CBS)က ခန့်မှန်းလိုက်ပါတယ်။

    အောက်လွှတ်တော်ကိုလည်း ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်နိုင်မယ်လို့ စီဘီအက်စ် က အစောပိုင်းမှာ ခန့်မှန်းထားတာကြောင့် အခုဆို ဒီမိုကရက်တွေဟာ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

  10. သက်တမ်းဝက် ရွေးကောက်ပွဲရလဒ်တွေကို လက်ခံဖို့ အသင့်ရှိတယ် - သမ္မတထရမ့်

    ရီပတ်ဘလစ်ကန်ပါတီ အားကောင်းတဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တချို့မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိထားချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က New York Times သတင်းစာကို သူ့ရဲ့ သဘောထားအသစ်ကို ပြောကြားခဲ့ပါတယ်။

    ရွေးကောက်ပွဲရလဒ်တွေကို “လုံးဝ လက်ခံဖို့ အသင့်ရှိပါတယ်” လို့ ထရမ့်က ပြောပါတယ်။ အတိုက်အခံပါတီနဲ့လည်း ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

    “သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်” လို့ သူက ပြောပါတယ်။ “တစ်နည်းနည်းနဲ့ သဘောတူညီမှုတစ်ခု ရအောင် လုပ်နိုင်မှာပါ” လို့လည်း ပြောပါတယ်။

  11. ထရမ့်က သူ့ပါတီနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစား

    သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒီည ပထမဆုံး လူသိရှင်ကြား မှတ်ချက်ဟာ နိုင်ငံတစ်ဝန်းက ရီပတ်ဘလစ်ကန်ပါတီဝင်တွေ သဘောကျကြမှာ မဟုတ်ပါဘူး။

    ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ဒီည ရွေးကောက်ပွဲဝင်ပြိုင်တာ မဟုတ်ကြောင်းနဲ့ သူသာ ဝင်ပြိုင်ခဲ့ရင် “အပြတ်အသတ် အနိုင်ရခဲ့မှာ” လို့ ရေးသားခဲ့ပါတယ်။

    ဒီစကားတိုလေးတွေနဲ့ပဲ ထရမ့်ဟာ သူ့ပါတီနဲ့ ခပ်ခွာခွာနေပြီး ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေ ဆက်တိုက်ရှုံးနိမ့်နေမှုအတွက် အပြစ်ကို သူတို့အပေါ် ပုံချလိုက်တဲ့သဘော ဖြစ်နေပါတယ်။

    ကြားဖြတ်ရွေးကောက်ပွဲအပေါ် ထရမ့်ရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကန်ပါတီဝင် အများအပြားက အရင်ကတည်းက စိတ်ပျက်နေကြတာပါ။

    အောက်လွှတ်တော်ကို လက်လွှတ်လိုက်ရပြီး အထက်လွှတ်တော်ကိုပါ ဆုံးရှုံးရဖွယ်ရှိနေတဲ့ အကျိုးဆက်တွေကို ရီပတ်ဘလစ်ကန်ပါတီက စတင်ရင်ဆိုင်နေရချိန်မှာ ထရမ့်ရဲ့ မှတ်ချက်ဟာ ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို ပြေလည်စေမှာ မဟုတ်ပါဘူး။

  12. နိုင်ငံသားမဟုတ်သူတွေ မဲပေးခဲ့တယ်ဆိုတဲ့အထောက်အထား ဘယ်လောက်ရှိသလဲ

    အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာန (ICE) နဲ့ တရားရေးဝန်ကြီးဌာန (DOJ) တို့ဟာ ဒီရွေးကောက်ပွဲနဲ့ အရင်ရွေးကောက်ပွဲတွေမှာ နိုင်ငံသားမဟုတ်သူတွေ တရားမဝင် မဲပေးဖို့ စာရင်းသွင်းတာနဲ့ မဲပေးတာတွေ လုပ်ခဲ့တယ်ဆိုပြီး ပြည်နယ်အတော်များများမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်တွေမှာပြောဆို နေကြပါတယ်။

    အခုသီတင်းပတ်တွေအတွင်း DOJ ကလည်း နိုင်ငံသားမဟုတ်သူတွေလို့ စွပ်စွဲခံရသူတွေကို အလားတူ စွဲချက်တွေနဲ့ အရေးယူထားကြောင်း ကြေညာခဲ့တာတွေနဲ့ ကိုက်ညီနေပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်တွေကို သက်သေပြနိုင်ခဲ့ရင်တောင် အရေအတွက်က နည်းပါးပါတယ်။

    ဥပမာအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ နိုင်ငံသားမဟုတ်သူတွေလို့ ယူဆရတဲ့ မဲဆန္ဒရှင်စာရင်းဝင်သူတွေရဲ့ စာတိုက်ကနေ ပေးပို့တဲ့ မဲလက်မှတ် ၂၀,၀၀၀ ကို ရေတွက်တာမလုပ်ဖို့ DOJ က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲက လူ ၃၄ ဦးကိုသာ မဲပေးဖို့ တရားမဝင် စာရင်းသွင်းခြင်းနဲ့ မဲပေးခြင်းတို့အတွက် တရားစွဲဆိုခဲ့ပါတယ်။

    လေ့လာမှုအများအပြားအရ အရင်က အမေရိကန်ရွေးကောက်ပွဲတွေမှာ နိုင်ငံသားမဟုတ်သူတွေ မဲပေးခဲ့ကြောင်း သက်သေပြနိုင်တဲ့ ဖြစ်စဉ်တွေဟာ ရှားပါးတယ်လို့ ဖော်ပြပါတယ်။

    ကွန်ဆာဗေးတစ်အတွေးအခေါ်ပညာရှင်အဖွဲ့ Heritage Foundation က ထိန်းသိမ်းထားတဲ့ ရွေးကောက်ပွဲမသမာမှုဆိုင်ရာ မှတ်တမ်းဒေတာမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံသားမဟုတ်သူတွေ မဲပေးမှုကြောင့် ပြစ်မှုထင်ရှားစီရင်ခံရတဲ့ ဖြစ်စဉ် ၂၄ ခုကို မှတ်တမ်းတင်ထားပါတယ်။

    ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ Reuters က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုအရ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံသားမဟုတ်သူတွေ မဲပေးမှုနဲ့ပတ်သက်ပြီး ဖက်ဒရယ်တရားရုံးတွေမှာ လူ ၁၂၉ ဦးကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီထဲက ၇၃ မှုမှာ ပြစ်မှုထင်ရှားခဲ့ပါတယ်။

  13. သတင်းထူး, CBS ခန့်မှန်းချက်အရ အောက်လွှတ်တော်ကို ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်နိုင်ပြီ

    အမေရိကန် အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက ရီပတ်ဘလီကန် အများစုဖြစ်နေရာကနေ အနိုင်ရပြီး ထိန်းချုပ်ခွင့်ရမယ်လို့ စီဘီအက်စ်သတင်းက ခန့်မှန်းပါတယ်။

    ဒီမိုကရက်တွေက အနည်းဆုံး အမတ်နေရာ ၂၁၈ နေရာနဲ့ ရီပတ်ဘလီကန်တွေက အနည်းဆုံး ၁၆၀ နေရာ အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။

    နောက်ဆုံးရ ခန့်မှန်းချက်ဓာတ်ပုံမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  14. အမေရိကန်သမိုင်းမှာ ပထမဆုံးလူမည်းအမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရ

    ဒီမိုကရက်တစ်ပါတီက ကီရှာ လန်းစ် ဘော့တွမ်စ် ဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာနေပြီလို့ ခန့်မှန်းထားပါတယ်။

    သူဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရတဲ့ လူမည်းအမျိုးသမီး ဖြစ်လာမှာပါ။

    ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ် ရစ်ခ် ဂျက်ဆင် ကို အနိုင်ရခဲ့တာကြောင့် ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးနေရာကို ဒီမိုကရက်တစ်ပါတီက ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

    ကီရှာ လန်းစ် ဘော့တွမ်စ် ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အတ္တလန်တာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

  15. “အပြတ်အသတ်ရှုံးနိမ့်မယ့် အခြေအနေ” – ရီပတ်ဘလစ်ကန်တွေ စိုးရိမ်နေကြ

    တက္ကဆက်ပြည်နယ်က ရီပတ်ဘလစ်ကန်တစ်ဦး ပေးပို့တဲ့ စာတိုတစ်စောင်က ပါတီအတွင်း လက်ရှိအခြေအနေကို ထင်ဟပ်နေပါတယ်။

    တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ်နေရာအတွက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကန်တွေ ဘယ်လိုခံစားနေရသလဲလို့ မေးမြန်းရာမှာ ပါတီအတွင်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ အဲဒီပုဂ္ဂိုလ်က စကားလုံးတစ်လုံးတည်းနဲ့ ဖြေခဲ့ပါတယ်။ “အပြတ်အသတ်ရှုံးနိမ့်မယ့် အခြေအနေ” ဆိုပါတယ်။

    အဲဒီအထက်လွှတ်တော်ရွေးကောက်ပွဲမှာ မဲရေတွက်ပြီးစီးမှုက ၄၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသေးပါတယ်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဂျိမ်းစ် တာလာရီကိုက ရီပတ်ဘလစ်ကန် ပြိုင်ဘက် ကန် ပါ့စ်တန်ကို မဲရာခိုင်နှုန်း ၂၀ နီးပါး အသာရနေပါတယ်။

    မဲတွေ ထပ်မံရေတွက်လာတာနဲ့အမျှ အဲဒီကွာဟချက် ကျဉ်းမြောင်းလာနိုင်ပေမဲ့ ရီပတ်ဘလစ်ကန်တွေဘက်မှာတော့ အခြေအနေ‌ကောင်းပုံမရပါဘူး။

  16. သက်တမ်း၀က်ရွေးကောက်ပွဲ ဒီမိုကရက်တွေမျှော်လင့်ထားတဲ့အတိုင်း မဲနိုင်မှာလား

    ဒီမိုကရက်တစ်ပါတီဟာ အရေးကြီးတဲ့အမေရိကန်သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတွေ ၀င်ပြိုင်ဖို့ အားယူနေချိန်မှာပဲ ဒီရွေးကောက်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်ထားနေပါတယ်။

    လူကြိုက်မများတဲ့ ရီပတ်ဘလီကန်သမ္မတ၊ မီးဖိုချောင်နဲ့ လူနေမှုစရိတ် မြင့်တက်တဲ့အပေါ် မကျေနပ်တဲ့အမေရိကန်လူထု၊ အမြင်သဘောထားစစ်တမ်းတွေမှာ ရလဒ်သိပ်မကောင်းတာတွေက အင်္ဂါနေ့ အမေရိကန်သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲဟာ ဒီမိုကရက်တွေကို မျက်နှာသာပေးနေပါတယ်။

    ဒီမိုကရက်တစ်ပါတီ အမတ်လောင်းတွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ ၂၁၈ နေရာထက် ပိုရနိုင်တယ်လို့ အမြင်သဘောထားစစ်တမ်းတွေမှာဖော်ပြပါတယ်။ အထက်လွှတ်တော်အတွက်တော့ သူတို့ဟာ သူတင်ကိုယ်တင် ဒါမှမဟုတ် ကပ်ပြီးနိုင်ခြေရှိတာကို ပြသပါတယ်။

    ဒီမိုကရက်တွေဟာ ဒေါ်နယ်ထရမ့်တစ်ယောက် ၂၀၂၄ ခုနှစ်တုန်းက ၁၈ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရရှိခဲ့တဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ မဲအပြတ်နိုင်ဖို့ ခက်မယ်လို့ နယူးယောက်တိုင်းမ်သတင်းစာရဲ့ မကြာသေးခင်တုန်းကစစ်တမ်းမှာ ပြပါတယ်။

    စီအန်အန် သတင်းဌာနက မကြာသေးခင်တုန်းက ပြုလုပ်တဲ့စစ်တမ်းတွေမှာတော့ ဒီမိုကရက်တွေဟာ တက္ကဆက်၊ ကန်ဆက်စ်နဲ့ မိန်းပြည်နယ်တို့မှာ ဦးဆောင်နေပါတယ်။

    ဆိုတော့ ဒီစစ်တမ်းတွေက မှန်ကန်ရဲ့လား။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  17. နောက်ထပ် အထက်လွှတ်တော် မဲဆန္ဒနယ် ငါးခုရဲ့ ရလဒ်တွေကို ခန့်မှန်းထုတ်ပြန်, အားလုံးမှာ ဒီမိုကရက်တွေ အနိုင်ရ

    အစောပိုင်းတုန်းက သတင်းဖော်ပြခဲ့သလို ရလဒ်တွေ မျှော်လင့်ထားပြီးသား မဲဆန္ဒနယ်တွေအတွက် နောက်ထပ် ခန့်မှန်းရလဒ်တွေ ထွက်ပေါ်လာပါတယ်။

    လက်ရှိအခြေအနေကို ကြည့်ရအောင်ပါ။

    • ဒလ၀ဲ မှာ ဒီမိုကရက်တစ်ပါတီက ခရစ်ကွန်းစ် ဟာ သူ့ရဲ့ အထက်လွှတ်တော်အမတ်နေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
    • အီလီနွိုက် မှာလည်း အလားတူပဲဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဂျူလီယားနား စထရာတန် က အထက်လွှတ်တော်အမတ်နေရာမှာ အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။
    • မက်ဆာချူးဆက် မှာ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် အက်ဒွပ် ဂျေ မာကီက သူ့ရဲ့အမတ်နေရာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
    • ရုတ် အိုင်းလန်း မှာ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ဂျက်ရိဒ် ကလည်း သူ့ရဲ့အမတ်နေရာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
    • နယူးဂျာစီ ပြည်နယ်ရဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ကိုရီ ဘွတ်ကာ ကလည်း သူ့ရဲ့အမတ်နေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
  18. အမေရိကန် သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ သိသင့်တဲ့ ၇ ချက်

    ဒေါ်နယ်ထရမ့်ရဲ့ကျန်နေသေးတဲ့သမ္မတသက်တမ်း၀က် လက်ကျန် ၂ နှစ်ကို သက်ရောက်မှု ကြီးနိုင်မယ့် သမ္မတသက်တမ်း၀က် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲ စတင်နေပြီဖြစ်ပါတယ်။

    ပြည်နယ် ၂၀ ခန့်မှာလည်း မဲရုံတွေ စပိတ်နေပြီဖြစ်ပါတယ်။​

    သမ္မတ ထရမ့်ကတော့ မဲထည့်ဖို့ တန်းစီနေသူတွေ ဆက်ပြီးတန်းစီကြဖို့ အစောပိုင်းတုန်းကပဲ တိုက်တွန်းသွားပါတယ်။

    ထရမ့်ကတော့ မဲစာရင်းမှာ သူမပါပေမဲ့ သူပါသလို မှတ်ယူပြီး မဲထည့်ဖို့ အစောပိုင်းကတည်းက မဲဆွယ်ခဲ့ပါတယ်။

    ကျန်နေသေးတဲ့ အခုတစ်ခေါက် သူ့ သမ္မတ သက်တမ်း ၂ နှစ်အတွက် လွှတ်တော် ၂ ရပ်မဲပေးပွဲတွေပြုလုပ်တဲ့ အမေရိကန် သမ္မတသက်တမ်း၀က် မဲပေးပွဲ ဘာကြောင့်အရေးကြီးလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  19. မဲထည့်ဖို့ “တန်းစီနေပြီဆိုရင် ဆက်တန်းစီနေပါ” - ထရမ့်

    လက်ရှိ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မဲဆန္ဒရှင်တွေကို မဲရုံတွေပိတ်သွားရင်တောင် ဆက်တန်းစီနေဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုအတိုတစ်ခုကို ထရမ့်က ရီပတ်ဘလီကန်တွေရဲ့ X(အရင်က တွစ်တာ) လူမှုကွန်ရက်စာမျက်နှာမှာ အခုလေးတင် ပြောလိုက်ပါတယ်။

    “ဟိုင်း ရီပတ်ဘလင်ကန်ပါတီ၀င်များ။ ကျွန်တော်တို့ အခြေအနေ အရမ်းကောင်းနေပါတယ်။ တန်းစီနေပြီဆိုရင် ဆက်တန်းစီနေပါ” လို့ဆိုပြီး ရုပ်သံထဲ ထရမ့်က ပြောပါတယ်။

    ပြည်နယ်တွေရဲ့မဲပေးစည်းကမ်းတွေအရ မဲရုံပိတ်ချိန်မှာ တန်းစီနေပြီးသား မဲဆန္ဒရှင်တွေဟာ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ဆိုင်းမယ်ဆိုရင် မဲပေးနိုင်မှာဖြစ်ပါတယ်။

    “ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရတော့မှာပါ” လို့ ထရမ့်က ထပ်ပြောပါတယ်။

  20. ဂျော်ဂျီယာပြည်နယ်မှာ ဒီမိုကရက်အမတ်လောင်း Ossoff နိုင်မယ်လို့တစ်ပြေး, မဲကပ်ပြီးနိုင်မယ်လို့ ရီပတ်ဘလီကန်တွေဘက်ကလည်း မှန်းထား

    ဒန်နီယယ် ဘုရှ်

    ၀ါရှင်တန်သတင်းထောက်

    ဂျော်ဂျီယာပြည်နယ်မှာ မဲရုံတွေ ပိတ်ပြီး တစ်နာရီတောင် မပြည့်ခင်မှာပဲ အနိုင်ရမယ့်သူကို အခု ခန့်မှန်းထုတ်ပြန်နိုင်ပါပြီ။ သူကတော့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ် ဖြစ်ပါတယ်။

    သူ အနိုင်ရတာဟာ မမျှော်လင့်ထားတဲ့ရလဒ်တော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနေ့အထိ စစ်တမ်းတွေမှာ အော့ဆော့ဟာ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီ ပြိုင်ဘက် အောက်လွှတ်တော်အမတ် မိုက်ကောလင်းစ်ကို သာသာလေး ဦးဆောင်နေခဲ့တာပါ။

    ဒါပေမဲ့ ရီပတ်ဘလီကန်တွေကတော့ ဒီမဲပေးပွဲဟာ ဒီထက်ပိုပြီး အကြိတ်အနယ်ရှိမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဂျော်ဂျီယာဟာ ရီပတ်ဘလီကန်ပါတီကို ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် မဲပေးခဲ့တဲ့ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဂျိုးဘိုင်ဒန် က ဒီပြည်နယ်မှာ မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ပါတယ်။

    ဂျော်ဂျီယာပြည်နယ်မှာ အော့ဆော့ဖ် လွယ်လွယ်ကူကူ အနိုင်ရတာဟာ ဒီည ဒီမိုကရက်တွေအတွက် အခြေအနေကောင်းမယ့် အရိပ်အယောင်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သိရဖို့ စောလွန်းနေသေးပါတယ်။

    အခု အော့ဆော့ဖ်က ပြန်လည်ရွေးကောက်ခံရပြီဖြစ်တာကြောင့် ၂၀၂၈ ခုနှစ်အတွက် သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်တဲ့ ခန့်မှန်းပြောဆိုမှုတွေ အရှိန်မြင့်လာတော့မှာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာက ဒီ ဒီမိုကရက်အမတ်ဟာ ၂၀၂၈ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင် ထိပ်တန်းပြိုင်ဘက် ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

    ဒီညမှာတော့ သူ့ရဲ့ အထက်လွှတ်တော်အမတ်နေရာ အနိုင်ရမှုကိုပဲ အာရုံစိုက်မှာ သေချာပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အိမ်ဖြူတော်ကို ရောက်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။