တိုက်ရိုက်ထုတ်လွှင့်မှု , အမေရိကန် သက်တမ်း၀က်ရွေးကောက်ပွဲ - မဲဆန္ဒရှင်တွေ စီးပွားရေးကို အားမရဘူးလို့ စစ်တမ်းတွေဖော်ပြ

အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ၄ နှစ်တာ သမ္မတသက်တမ်းတ၀က်မှာပြုလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲ မဲပေးပွဲမှာ မဲရုံတွေ ပိတ်လိုက်တဲ့သတင်းအပါအ၀င် နို၀င်ဘာလ ၄ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန်နိုင်ငံတဝန်း မဲဆန္ဒရှင်သန်းပေါင်းများစွာက ကွန်ဂရက်လွှတ်တော်ကို နောက်ထပ် ၂ နှစ်အတွက် ဘယ်ပါတီက ထိန်းချုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ မဲပေးနေကြပါတယ်။
  • ဒီရွေးကောက်ပွဲမှာ ရွေးချယ်ခံရမယ့် ရာထူးတွေက အောက်လွှတ်တော် (House of Representatives) အမတ်နေရာ ၄၃၅ နေရာလုံး၊ အထက်လွှတ်တော် (Senate) အမတ်နေရာ ၁၀၀ ထဲက ၃၅ နေရာ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governors) အပါအဝင် ပြည်နယ်အဆင့် ရာထူးအချို့ ပါဝင်ပါတယ်။
  • သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက လက်ရှိ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားပါတယ်။
  • ဒီမိုကရက်တစ်ပါတီကတော့ လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုရနိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာတွေ ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
  • ဒီမိုကရက်တွေက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ရင် ထရမ့်အစိုးရရဲ့ မူဝါဒအစီအစဉ်တွေကို တားဆီးနိုင်ဖို့ အင်အားပိုရလာမှာဖြစ်ပြီး သမ္မတနဲ့ သူ့အဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နိုင်ပါတယ်။
  • ဘီဘီစီ သတင်းထောက် Anthony Zurcher ရဲ့သုံးသပ်ချက်အရ အဲဒီလိုဖြစ်လာရင် သမ္မတထရမ့်ကို ရာထူးမှ ဖယ်ရှားနိုင်ရေး (impeachment) ကြိုးပမ်းမှုတောင် ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
  • မဲရုံတွေကို ပထမဆုံး ဗားမောင့်ပြည်နယ်မှာ အရှေ့ပိုင်းစံတော်ချိန် မနက် ၅ နာရီ (GMT ၁၀ နာရီ) မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအများစုမှာ တစ်နာရီအကြာ ဖွင့်လှစ်ခဲ့ပါတယ်။
  • ရွေးကောက်ပွဲရလဒ်တွေကို အမေရိကန်စံတော်ချိန် ယနေ့ညပိုင်းမှာ စတင် သိရှိရဖို့ ရှိပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မဲထည့်ဖို့ “တန်းစီနေပြီဆိုရင် ဆက်တန်းစီနေပါ” - ထရမ့်

    လူထုတွေ့ဆုံပွဲတစ်ခုမှု လက်ညှိုးထိုးနေတဲ့ထရမ့်

    လက်ရှိ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မဲဆန္ဒရှင်တွေကို မဲရုံတွေပိတ်သွားရင်တောင် ဆက်တန်းစီနေဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုအတိုတစ်ခုကို ထရမ့်က ရီပတ်ဘလီကန်တွေရဲ့ X(အရင်က တွစ်တာ) လူမှုကွန်ရက်စာမျက်နှာမှာ အခုလေးတင် ပြောလိုက်ပါတယ်။

    “ဟိုင်း ရီပတ်ဘလင်ကန်ပါတီ၀င်များ။ ကျွန်တော်တို့ အခြေအနေ အရမ်းကောင်းနေပါတယ်။ တန်းစီနေပြီဆိုရင် ဆက်တန်းစီနေပါ” လို့ဆိုပြီး ရုပ်သံထဲ ထရမ့်က ပြောပါတယ်။

    ပြည်နယ်တွေရဲ့မဲပေးစည်းကမ်းတွေအရ မဲရုံပိတ်ချိန်မှာ တန်းစီနေပြီးသား မဲဆန္ဒရှင်တွေဟာ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ဆိုင်းမယ်ဆိုရင် မဲပေးနိုင်မှာဖြစ်ပါတယ်။

    “ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရတော့မှာပါ” လို့ ထရမ့်က ထပ်ပြောပါတယ်။

  2. ဂျော်ဂျီယာပြည်နယ်မှာ ဒီမိုကရက်အမတ်လောင်း Ossoff နိုင်မယ်လို့တစ်ပြေး, မဲကပ်ပြီးနိုင်မယ်လို့ ရီပတ်ဘလီကန်တွေဘက်ကလည်း မှန်းထား

    Ossoff လက်၀ှေ့ယမ်းပြနေ

    ဒန်နီယယ် ဘုရှ်

    ၀ါရှင်တန်သတင်းထောက်

    ဂျော်ဂျီယာပြည်နယ်မှာ မဲရုံတွေ ပိတ်ပြီး တစ်နာရီတောင် မပြည့်ခင်မှာပဲ အနိုင်ရမယ့်သူကို အခု ခန့်မှန်းထုတ်ပြန်နိုင်ပါပြီ။ သူကတော့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ် ဖြစ်ပါတယ်။

    သူ အနိုင်ရတာဟာ မမျှော်လင့်ထားတဲ့ရလဒ်တော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနေ့အထိ စစ်တမ်းတွေမှာ အော့ဆော့ဟာ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီ ပြိုင်ဘက် အောက်လွှတ်တော်အမတ် မိုက်ကောလင်းစ်ကို သာသာလေး ဦးဆောင်နေခဲ့တာပါ။

    ဒါပေမဲ့ ရီပတ်ဘလီကန်တွေကတော့ ဒီမဲပေးပွဲဟာ ဒီထက်ပိုပြီး အကြိတ်အနယ်ရှိမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဂျော်ဂျီယာဟာ ရီပတ်ဘလီကန်ပါတီကို ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် မဲပေးခဲ့တဲ့ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဂျိုးဘိုင်ဒန် က ဒီပြည်နယ်မှာ မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ပါတယ်။

    ဂျော်ဂျီယာပြည်နယ်မှာ အော့ဆော့ဖ် လွယ်လွယ်ကူကူ အနိုင်ရတာဟာ ဒီည ဒီမိုကရက်တွေအတွက် အခြေအနေကောင်းမယ့် အရိပ်အယောင်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သိရဖို့ စောလွန်းနေသေးပါတယ်။

    အခု အော့ဆော့ဖ်က ပြန်လည်ရွေးကောက်ခံရပြီဖြစ်တာကြောင့် ၂၀၂၈ ခုနှစ်အတွက် သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်တဲ့ ခန့်မှန်းပြောဆိုမှုတွေ အရှိန်မြင့်လာတော့မှာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာက ဒီ ဒီမိုကရက်အမတ်ဟာ ၂၀၂၈ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင် ထိပ်တန်းပြိုင်ဘက် ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

    ဒီညမှာတော့ သူ့ရဲ့ အထက်လွှတ်တော်အမတ်နေရာ အနိုင်ရမှုကိုပဲ အာရုံစိုက်မှာ သေချာပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အိမ်ဖြူတော်ကို ရောက်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

  3. နို၀င်ဘာ ၃ ရက်ည စောင့်ကြည့်ရမယ့် အရိပ်အယောင်တွေ

    ထရမ့်ပုံ
    ဓာတ်ပုံ ပုံစာ, ရီပတ်ဘလီကန်တွေဟာ ထရမ့်ရဲ့ မဲဆန္ဒရှင် မဟာမိတ်အုပ်စုကို စည်းလုံးမှုမပျက် ဆက်ထိန်းထားနိုင်မလား

    ဒန်နီယယ် ဘုရှ်

    ၀ါရှင်တန် သတင်းထောက်

    အမေရိကန်အစိုးရရုံးစိုက်တဲ့ ၀ါရှင်တန်မှာတော့ ဒေသစံတော်ချိန် နို၀င်ဘာလ ၃ ရက် ည ၈ နာရီကျော်ပါပြီ။

    ထရမ့်ခေတ်ရဲ့ထင်ရှားတဲ့ လက္ခဏာတွေထဲက တစ်ခုက ဒေါ်နယ်ထရမ့် ကိုယ်တိုင် မဲစာရင်းမှာ မပါဝင်တဲ့အခါ မဲပေးသူအရေအတွက် မလျော့ကျအောင် ထိန်းထားဖို့ ရီပတ်ဘလီကန် ပါတီ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

    အခု ရွေးကောက်ပွဲညက တကယ်စတင်နေပြီဖြစ်တာကြောင့် ၂၀၂၄ ခုနှစ်မှာ ထရမ့် ထောက်ခံမှု ပိုရခဲ့တဲ့ အဓိကမဲဆန္ဒရှင်အုပ်စုတချို့ဖြစ်တဲ့ လက်တင်အမေရိကနွယ်ဖွားတွေနဲ့ အမျိုးသမီးတွေဆီက ရီပတ်ဘလီကန်အမတ်လောင်းတွေ ဘယ်လောက်ထောက်ခံမှုရမလဲဆိုတာ ကျွန်တော် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

    ရီပတ်ဘလီကန်တွေက ထရမ့်ရဲ့ မဲဆန္ဒရှင် မဟာမိတ်အုပ်စုကို စည်းလုံးမှုမပျက် ဆက်မထိန်းထားနိုင်ရင် အင်္ဂါနေ့ သက်တမ်း၀က်ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြား ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ဒါဟာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်ခင် သတိပေးလက္ခဏာတစ်ခုလည်း ဖြစ်လာမှာပါ။

    ဒီမိုကရက်တစ်ပါတီဘက်မှာတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ပါတီအနေနဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေဆီက အစဉ်အလာအရ ရရှိခဲ့တဲ့ ထောက်ခံမဲအချိုးအစားကို ပြန်ရယူနိုင်ပြီး အမျိုးသမီးတွေနဲ့ တက္ကသိုလ်ပညာတတ် မဲဆန္ဒရှင်တွေဆီက ထောက်ခံမဲတွေ သိသိသာသာ တိုးရလာမယ်ဆိုရင် နောက်လာမယ့် သမ္မတရွေးကောက်ပွဲမှာ သူတို့ရဲ့ အလားအလာအတွက် ကောင်းမွန်တဲ့လက္ခဏာဖြစ်မှာပါ။

    နိုင်ငံရေး မဟာမိတ်အုပ်စုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ မဲပေးသူအရေအတွက် ပုံမှန်အားဖြင့် လျော့နည်းတတ်တဲ့ သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်တွေနဲ့ မဲရုံအထွက် စစ်တမ်းတွေကို အခြေခံပြီး ကောက်ချက်ချနိုင်တာကလည်း အကန့်အသတ်ရှိပါတယ်။

    ဒါပေမဲ့ ဒီည ဆက်လက်ကုန်ဆုံးလာတာနဲ့အမျှ လာမယ့်နှစ်နှစ်အတွင်း ပါတီနှစ်ရပ်စလုံး ဘယ်ကို ဦးတည်နေတယ်ဆိုတာ ခန့်မှန်းနိုင်မယ့်အရိပ်အယောင်တွေကို ကျွန်တော် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

  4. မဲစာရင်းမှာ သူပါတယ်လို့မှတ်ယူပြီး မဲပေးဖို့ ထရမ့်ပြော

    ဦးထုပ်တွေကိုင်ထားတဲ့ ထရမ့်ကို မြင်ရ

    သီတင်းပတ်တွေ၊ လတွေကြာအောင် သမ္မတကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်လာတဲ့အချိန်တလျှောက် သမ္မတ ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်တွေကို သူ့ရဲ့ မဲဆွယ်ပွဲအများစုမှာ ထပ်ခါတလဲလဲ တောင်းဆိုလာတဲ့စကားတစ်ခွန်း ရှိပါတယ်။

    “ကျွန်တော်ကိုယ်တိုင် မဲစာရင်းမှာပါသလို သဘောထားပြီး မဲပေးကြပါ။” လို့ ထရမ့်က ပြောပါတယ်။

    ၂၀၂၄ သမ္မတရွေးကောက်ပွဲ ရလဒ်မျိုး ပြန်လည်ဖြစ်ပေါ်လာဖို့ ထရမ့်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    အဲဒီရွေးကောက်ပွဲမှာ ထရမ့်အပေါ် ကိုယ်ရေးကိုယ်တာ သစ္စာရှိမှု ပြသခဲ့တဲ့ မဲဆန္ဒရှင် သန်းပေါင်းများစွာနဲ့ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒီမိုကရက်တစ်ပါတီအပေါ် မကျေနပ်မှုတွေ ပေါင်းစပ်ပြီး ထရမ့်နဲ့ ရီပတ်ဘလီကန်ပါတီကို မဲထည့်ခဲ့ကြတာပါ။ ဒါကြောင့်ပဲ ထရမ့်က အိမ်ဖြူတော်နဲ့ ရီပတ်ဘလီကန်အမတ်တွေက ကွန်ဂရက် လွှတ်တော်ကို ထိန်းချုပ်ခွင့် ပြန်လည်ရရှိစေခဲ့ပါတယ်။

    ဒါပေမဲ့ လက်ရှိ သမ္မတ သက်တမ်း၀က်ရွေးကောက်ပွဲမှာ ထရမ့်ကိုယ်တိုင်က မဲစာရင်းမှာ မပါဝင်ပါဘူး။ နောက်ပြီး သူ့ရဲ့ဒုတိယသက်တမ်း ကုန်ဆုံးချိန်မှာလည်း တရားဝင်နိုင်ငံရေးသမားဘ၀ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

    ဒါကြောင့် ပြည်နယ်နဲ့ ဒေသအလိုက် ကျင်းပနေတဲ့ ရွေးကောက်ပွဲထောင်ပေါင်းများစွာကို "ထရမ့်အပေါ် ထောက်ခံမှု စမ်းသပ်ပွဲ" တစ်ခုလို ပြောင်းလဲဖို့ သူကြိုးစားနေတဲ့ မဟာဗျူဟာဟာ ပုံမှန်မဟုတ်တဲ့လုပ်ဆောင်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

    ထရမ့်ကတော့ သူ့အပေါ် မဲဆန္ဒရှင်တွေရဲ့စိတ်အားထက်သန်မှုနဲ့ ထောက်ခံမှုက ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင် ကူညီပေးမယ်လို့ ယုံကြည်နေပုံရပါတယ်။

    ဒါ့အပြင် လက်ရှိ အာဏာရပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အကြီးအကျယ် အရှုံးကြုံရတတ်တဲ့ အမေရိကန်နိုင်ငံရေး သမိုင်းအစဉ်အလာကိုလည်း ကျော်လွှားနိုင်မယ်လို့ ထရမ့်က မျှော်လင့်နေပါတယ်။

  5. စစ်တမ်းအရ မဲဆန္ဒရှင်အများစုက ထရမ့်ရဲ့ မူဝါဒတွေကြောင့် “စီးပွားရေးအခြေအနေ ပိုဆိုးလာတယ်” လို့ ပြော

    ခရစ် ဂျာဗန်စ်

    အချက်အလက်ဆိုင်ရာ သတင်းထောက်

    သက်တမ်း၀က်ရွေးကောက်ပွဲ အမေရိကန်မဲဆန္ဒရှင်စစ်တမ်းက ပထမအသုတ် အချက်အလက်တွေအရဆိုရင် သမ္မတ ထရမ့်ရဲ့မူဝါဒတွေကြောင့် နိုင်ငံ့စီးပွားရေးအခြေအနေ ပိုဆိုးလာတယ်လို့ မဲဆန္ဒရှင် သုံးပုံနှစ်ပုံနီးပါးဖြစ်တဲ့ ၆၅ ရာခိုင်နှုန်းက ပြောပါတယ်။

    ထရမ့်ရဲ့ မူဝါဒတွေကြောင့် အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ၂၈ ရာခိုင်နှုန်းက ပြောပြီး သမ္မတကြောင့် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောသူက ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    သမ္မတ ထရမ့်ကို ထောက်ခံကြောင်း ဒါမှမဟုတ် ဆန့်ကျင်ကြောင်း ဖော်ပြလိုတာက အခု သက်တမ်း၀က်ရွေးကောက်ပွဲမှာ သူတို့ မဲပေးရတဲ့အကြောင်းရင်းတစ်ခု ဟုတ်၊ မဟုတ်ကိုလည်း လူတွေကို မေးမြန်းခဲ့ပါတယ်။

    သမ္မတကို ဆန့်ကျင်ကြောင်း ဖော်ပြလိုတာက သူတို့ မဲပေးရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ၄၃ ရာခိုင်နှုန်းက ပြောပါတယ်။ ဒါပေမဲ့ အလားတူ ၄၁ ရာခိုင်နှုန်းကတော့ ထရမ့် ဟာ သူတို့ မဲပေးရာမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ခု မဟုတ်ဘူးလို့ ပြောပါတယ်။

    မေးမြန်းခံရသူတွေထဲက ၁၆ ရာခိုင်နှုန်းကပဲ Trump ကို ထောက်ခံကြောင်း ဖော်ပြလိုတာက သူတို့ မဲပေးရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

  6. အမေရိကန် သမ္မတ သက်တမ်း၀က်ရွေးကောက်ပွဲမှာ ပထမဆုံး မဲရုံတွေ ပိတ်ပြီ

    မြန်မာစံတော်ချိန် နို၀င်ဘာလ ၄ ရက်၊ ၆ နာရီ မိနစ် ၅၀ ခန့်ရှိပါပြီ။

    အမေရိကန်ပြည်ထောင်စုမှာတော့ နို၀င်ဘာ ၃ ရက် အရှေ့ကမ်းရိုးတန်း ဒေသစံတော်ချိန် ည ၇ နာရီကျော်ရှိပါပြီ။

    ပြည်နယ်အချို့မှာ မဲရုံတွေ စပြီး ပိတ်နေပါပြီ။

    ကင်တပ်ကီ နဲ့ အင်ဒီယားနား ပြည်နယ်တွေမှာ ပထမဆုံး မဲရုံတွေ ပိတ်ခဲ့ပါတယ်။

    နိုင်ငံအရှေ့ကမ်းရိုးတန်းက ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ ဗားမောင့်၊ ဗာဂျီးနီးယားနဲ့ နယူး ဟမ်ရှိုင်းယား ပြည်နယ်တွေမှာလည်း မဲရုံတွေ အခုပဲ ပိတ်လိုက်ပါပြီ။

    လာမယ့် နာရီတွေအတွင်း တခြားပြည်နယ်တွေမှာလည်း မဲရုံတွေ ဆက်လက်ပိတ်သွားမှာဖြစ်ပြီး ရလဒ်တွေ စတင်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

  7. သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ (midterms) ဆိုတာဘာလဲ

    နိုဝင်ဘာလ ၃ ရက်မှာ အမေရိကန်ပြည်သူတွေဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်နဲ့ဖွဲ့စည်းထားတဲ့ ကွန်ဂရက်လွှတ်တော်အတွက် အမတ်နေရာတွေကို မဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲတွေကို နှစ်နှစ် တစ်ကြိမ် ကျင်းပပြီး သမ္မတ သက်တမ်း ၄ နှစ်ရဲ့အလယ်မှာ ကျင်းပကြလို့ သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတွေလို့ ခေါ်ကြပါတယ်။

    ကွန်ဂရက်လွှတ်တော်ရဲ့အဓိကတာဝန်တစ်ခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျုံးဝင်တဲ့ ဖက်ဒရယ်ဥပဒေတွေကို ရေးဆွဲ အတည်ပြုဖို့ဖြစ်ပါတယ်။

    သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ ရလဒ်က ထရမ့်ရဲ့ရီပတ်ဘလီကန်တွေ ဒါမှမဟုတ် အတိုက်အခံ ဒီမိုကရက်တွေထဲက ဘယ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်တယ်ဆိုတာနဲ့ သမ္မတအတွက် သူ့အစီအစဉ်တွေကို ဘယ်လောက်လွယ်လွယ် အကောင်ထည်ဖော်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်ပြည်သူတွေအနေနဲ့ သမ္မတရဲ့လုပ်ရည်ကိုင်ရည်ကို ဘယ်လောက်အထိ သဘောကျတယ်ဆိုတာကို တိုင်းတာမှု တစ်ခုအဖြစ်လည်း မြင်ကြပါတယ်။

  8. မင်္ဂလာ မနက်ခင်းပါ။

    နို၀င်ဘာလ ၄ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    အမေရိကန် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲရဲ့ နောက်ဆုံးရသတင်းတွေအပြင် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကိုလည်း အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။