ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်နိုင်ငံရေးသမားတွေထဲ ဘာကြောင့် အသက်ကြီးလွန်းနေကြတာလဲ
- ရေးသားသူ, ဂျိမ်းစ် ဖစ်ဇ်ဂျဲရယ်လ်ဒ်
- ရာထူးတာဝန်, ယူအက်စ် သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၁
အမေရိကန်နိုင်ငံရေးသမားတွေထဲမှာ ဟဲလ် ရော်ဂျာစ် လောက် နိုင်ငံရေးလောကမှာ ရေရှည်ရပ်တည်လာသူ အများကြီးမရှိပါဘူး။ သူဟာ လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်အဖြစ် ၂၄ ကြိမ်မြောက် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
အသက် ၈၈ နှစ်အရွယ် ရီပတ်ဘလင်ကန်ပါတီဝင် ဟဲလ် ရော်ဂျာစ် ဟာ ကန်တပ်ကီပြည်နယ်ရဲ့ ပဉ္စမမြောက် လွှတ်တော်မဲဆန္ဒနယ်ကို ၁၉၈၁ ခုနှစ်ကတည်းက ကိုယ်စားပြုလာခဲ့သူဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်မှာ သက်တမ်းအရှည်ဆုံးအမတ် ဖြစ်ပါတယ်။
သူ အရွေးခံရတဲ့ညမှာပဲ ရော်နယ်ရေဂင်ဟာ ပထမဆုံး သမ္မတသက်တမ်းအတွက် အနိုင်ရခဲ့ပါတယ်။ အဲဒီအချိန်က ရေဂင်ရဲ့ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်က "အမေရိကန်ကို ကြီးကျယ်ခမ်းနားတဲ့နိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ကြစို့" ဆိုတာဖြစ်ပြီး နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်ကလည်း အဲဒီဆောင်ပုဒ်ကို ပြန်လည်အသုံးပြုခဲ့ပါတယ်။
ဒီနှစ် ရီပတ်ဘလင်ကန်ပါတီရဲ့ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ ရော်ဂျာစ် ရှုံးနိမ့်အောင် ယှဉ်ပြိုင်ခဲ့သူတွေထဲမှာ သူ့ထက် အသက် ၆၀ ငယ်သူတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ မွေးဖွားခဲ့တဲ့ ရော်ဂျာစ် တစ်ဦးတည်းသာ အသက် ၈၀ ကျော်အထိ နိုင်ငံရေးတာဝန် ဆက်လက်ထမ်းဆောင်နေသူ မဟုတ်ပါဘူး။
အသက် ၈၀ အရွယ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သမ္မတရာထူးကနေ အသက် ၈၂ နှစ်မှာ ထွက်ခွာခဲ့တဲ့ ထရမ့်ရဲ့ ရှေ့သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးကနေ အသက် ၈၂ နှစ်မှာ နုတ်ထွက်ခဲ့တဲ့ နန်စီ ပယ်လိုစီတို့လည်း ပါဝင်ပါတယ်။
အသက် ၉၃ နှစ်အရွယ် ချက်ခ် ဂရက်စ်လီကတော့ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ သူဟာ အလာစကာနဲ့ ဟာဝိုင်အီပြည်နယ်တွေ အမေရိကန်ပြည်ထောင်စုထဲ မပါဝင်သေးခင် ၁၉၅၈ ခုနှစ်ကတည်းက နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတချို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ နှစ်ဖက်စလုံးမှာ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။
ဒါကြောင့် နိုင်ငံရေးရာထူးတွေအတွက် အသက်ကန့်သတ်ချက် သတ်မှတ်သင့်သလား၊ ကျန်းမာရေးစစ်ဆေးမှုတွေ မဖြစ်မနေ လုပ်ဆောင်သင့်သလားဆိုတဲ့ မေးခွန်းတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။
အမေရိကန်နိုင်ငံဟာ အများစုသော အရွယ်ရောက်ပြီးသူတွေထက် အသက်အရွယ် သိသိသာသာကြီးရင့်တဲ့သူတွေက အစိုးရအာဏာကို ချုပ်ကိုင်ထားတဲ့ "သက်ကြီးနိုင်ငံရေးသမားများ ကြီးစိုးတဲ့စနစ်" (Gerontocracy) နဲ့ လူသိများပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတကာလွှတ်တော်များသမဂ္ဂ (Inter-Parliamentary Union) ရဲ့ သုတေသနအရ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံချင်း နှိုင်းယှဉ်ကြည့်ရင် အသက် ၄၅ နှစ်အောက် လွှတ်တော်အမတ်အချိုးအစား အနည်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ဒါဆိုရင် လူငယ်တွေ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူ ဘာကြောင့် ဒီလောက်နည်းနေရတာလဲ။ နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ လူငယ်တွေအနေနဲ့ရော အောင်မြင်မှုရရှိနိုင်ပါ့မလား။
"လူငယ်အမျိုးသားတွေအတွက် နေရာမရှိတဲ့နိုင်ငံလား"
အသက် ၂၇ နှစ်အရွယ် ရီပတ်ဘလီကန်ပါတီဝင် ရိုင်လီ အိုဝင် ဟာ လာမယ့် နိုဝင်ဘာ ၃ ရက်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မျိုးဆက် Z (Gen Z) ကိုယ်စားလှယ်လောင်း အနည်းငယ်ထဲက တစ်ဦးဖြစ်ပါတယ်။ Gen Z ဆိုတာ ဆယ်ကျော်သက်အစောပိုင်းကနေ အသက် ၂၀ ကျော်နှောင်းပိုင်းအရွယ်အထိ ရှိသူတွေကို ရည်ညွှန်းတာပါ။
အိုဝင် ဟာ ယူတာ့ပြည်နယ်မှာ အသစ်ဖွဲ့စည်းထားတဲ့ မဲဆန္ဒနယ်တစ်ခုကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ ဒီမိုကရက်တစ်ပါတီ အသာစီးရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
သူဟာ လုပ်ခလစာရရှိတဲ့ မီးဖွားခွင့်၊ ကွန်ဂရက်လွှတ်တော်အမတ်တွေရဲ့ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်မှုကို ကန့်သတ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အလေးပေးပြောဆိုထားပါတယ်။ အဲဒီအကြောင်းအရာတွေဟာ ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတွေ စိတ်ဝင်စားနိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်။
ယူတာ့ပြည်နယ်ရဲ့ပထမမဲဆန္ဒနယ်မှာ ပါတီကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခံရချိန်မှာ အိုဝင်ဟာ ဘီလီ ဂျိုးလ် ရဲ့ "We Didn't Start the Fire" သီချင်းနဲ့ စင်မြင့်ပေါ် တက်လာခဲ့ပါတယ်။
''သီချင်းရဲ့ အဓိပ္ပါယ်က ဒီပြဿနာတွေကို ငါတို့က စတင်ဖန်တီးခဲ့တာ မဟုတ်ဘူး၊ ငါတို့မမွေးခင်ကတည်းက ဖြစ်ပျက်လာခဲ့တာတွေ'' လို့ဆိုလိုတာပါ။
သူက အမေရိကန်အိပ်မက် (American Dream) ကို ပြန်လည်ရှင်သန်လာစေဖို့ သူ့မျိုးဆက်အနေနဲ့ ပါဝင်ကြိုးပမ်းဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သက်ကြီးနိုင်ငံရေးသမားတွေ ကြီးစိုးနေတဲ့ အခြေအနေဟာ "ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာ" ဖြစ်တယ်လို့ အိုဝင် က ပြောပါတယ်။
"နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာကြတဲ့သူတွေ ရှိပါတယ်။ သူတို့ဟာ ဘဝတစ်လျှောက်လုံး ကွန်ဂရက်လွှတ်တော်ထဲမှာပဲ နေထိုင်သွားကြတာပါ" လို့ သူက ဆိုပါတယ်။
ဒါဟာ အမေရိကန်ပြည်သူတွေအတွက် ထိရောက်တဲ့ ရလဒ်တွေ မပေးနိုင်တော့တဲ့ နိုင်ငံရေးစနစ်ကို ဖော်ပြနေတယ်လို့လည်း သူက ပြောပါတယ်။
အိုဝင် ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုကတော့ အမေရိကန်နိုင်ငံရေးမှာ ငွေကြေးဟာ အလွန်အရေးပါနေတာဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသနတွေအရ မဲဆွယ်စည်းရုံးရေးအတွက် ငွေလှူဒါန်းသူတွေဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပိုမိုနှစ်သက်လေ့ရှိကြပါတယ်။
တကယ်လည်း အိုဝင်ရဲ့ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီဝင် ဘင်မက်အဒမ်စ်ဟာ မဲဆွယ်စည်းရုံးရေးအတွက် အိုဝင်ထက် အလှူငွေ အများကြီးပိုမိုရရှိထားပါတယ်။
အသက် ၅၁ နှစ်အရွယ် ဘင်မက်အဒမ်စ် ဟာ အရင်က ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ မှတ်တမ်းတွေအရ အောက်တိုဘာလလယ်အထိ ဘင်မက်အဒမ်စ် ဟာ ဒေါ်လာ ၂ ဒသမ ၆ သန်းကျော် ရရှိထားပြီး အိုဝင်ကတော့ ဒေါ်လာ ၁၅၀,၀၀၀ သာ ရရှိထားပါတယ်။
လက်ရှိခေတ် နိုင်ငံရေးပြဿနာတွေ၊ အထူးသဖြင့် နည်းပညာနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို နားလည်ဖို့ သူ့မျိုးဆက်က ပိုမိုသင့်တော်တယ်လို့ အိုဝင်က ယူဆပါတယ်။ လူငယ်ကိုယ်စားလှယ်လောင်းတွေမှာ သက်ဆိုင်ရာ အတွေ့အကြုံမရှိနိုင်ဘူးဆိုတဲ့ အမြင်ကိုလည်း သူက လက်မခံပါဘူး။
သူကိုယ်တိုင် စစ်ဘက်အရာရှိနဲ့ အိမ်ဖြူတော် မူဝါဒဆိုင်ရာ သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ထောက်ပြပါတယ်။
"စက်မှုလုပ်ငန်းတွေမှာလိုပဲ နိုင်ငံရေးမှာလည်း 'အနှောင့်အယှက်ဖြစ်စေတဲ့ ဆန်းသစ်တီထွင်မှု' လို့ ခေါ်တဲ့ အရာမျိုး လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ သူက ပြောပါတယ်။
အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေရဲ့အသက်အရွယ်ဟာ နှစ်ပေါင်းများစွာ ဆွေးနွေးငြင်းခုံစရာ ဖြစ်လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ အသက် ၇၃ နှစ်အရွယ် ရော်နယ်ရေဂင်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဖြစ်ခဲ့ပါတယ်။
သူ့ရဲ့အသက်အရွယ်အပေါ် ဝေဖန်မှုတွေကို တုံ့ပြန်ရာမှာ ပြိုင်ဘက် ဝေါလ်တာ မွန်ဒေးလ်ရဲ့ "လူငယ်ဆန်မှုနဲ့ အတွေ့အကြုံနည်းပါးမှု" ကို ဟာသလုပ် ပြောဆိုခဲ့ပါတယ်။ မွန်ဒေးလ်ဟာ အဲဒီအချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။
အမေရိကန်မှာ ပြည်နယ်တစ်ခုချင်းစီမှာလည်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ပါဝင်တဲ့ ကိုယ်ပိုင်ဥပဒေပြုလွှတ်တော်တွေ ရှိပါတယ်။ နိုင်ငံရေးသမားအများအပြားဟာ အဲဒီပြည်နယ်လွှတ်တော်တွေကနေတစ်ဆင့် နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်လာကြတာပါ။
လက်ရှိ ကွန်ဂရက်လွှတ်တော်အမတ်အများအပြားဟာ ဝါရှင်တန်မှာရှိတဲ့ ဖက်ဒရယ်လွှတ်တော်အတွက် ဝင်မပြိုင်ခင်ပြည်နယ်နိုင်ငံရေးလောကမှာနှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေရဲ့ ပျမ်းမျှအသက်ဟာ အချိန်ကြာလာတာနဲ့အမျှ မြင့်တက်လာခဲ့ပါတယ်။ ကွန်ဂရက်မှတ်တမ်းတွေအရ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ရဲ့ ပျမ်းမျှအသက် အနိမ့်ဆုံးဖြစ်ခဲ့တဲ့ကာလဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေအစောပိုင်းက ဖြစ်ပြီး အသီးသီး ၄၈ နှစ်နဲ့ ၅၂ နှစ် ဖြစ်ပါတယ်။
Pew Research Center ရဲ့လေ့လာဆန်းစစ်ချက်အရ လက်ရှိကွန်ဂရက်လွှတ်တော် သက်တမ်းစတင်ချိန်မှာ အောက်လွှတ်တော်အမတ်တွေရဲ့ ပျမ်းမျှအသက်ဟာ ၅၈ နှစ်ဖြစ်ပြီး အထက်လွှတ်တော်အမတ်တွေကတော့ ၆၅ နှစ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ ပျမ်းမျှအသက်ကတော့ ၃၉ နှစ်သာ ရှိပါတယ်။
အခုအခါမှာလည်း အသက်အကြီးဆုံး နိုင်ငံရေးသမားတချို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းအပေါ် ပိုမိုအာရုံစိုက်လာကြပါတယ်။ ဂျိုး ဘိုင်ဒင် သမ္မတတာဝန်ယူနေချိန်က သူ့ရဲ့အသက်အရွယ်ဟာ အဓိက ဆွေးနွေးငြင်းခုံစရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်လည်း အလားတူ မေးခွန်းထုတ်မှုတွေကို ကြုံခဲ့ရပေမဲ့ ဘိုင်ဒင်လောက်တော့ မများခဲ့ပါဘူး။
အသက် ၈၄ နှစ်အရွယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ်လည်း ဆေးကုသမှုခံယူဖို့ လပေါင်းများစွာ ကွန်ဂရက်လွှတ်တော်အစည်းအဝေးတွေကို မတက်ရောက်ခဲ့ပြီးနောက် သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မကြာခဏ ပိုမိုရင်ဆိုင်လာရပါတယ်။
ဒီမိုကရက်တစ်ပါတီဘက်မှာလည်း အသက် ၈၈ နှစ်အရွယ် မက်ဆင်း ဝေါတာစ်ဟာ သြဇာကြီးမားတဲ့ အောက်လွှတ်တော် ဘဏ္ဍာရေးဝန်ဆောင်မှုကော်မတီမှာ ဒီမိုကရက်တစ်ပါတီရဲ့ အဓိကခေါင်းဆောင်နေရာအတွက် စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့အသက်အရွယ်ဟာ အဲဒီရာထူးကို ဆက်လက်ရယူနိုင်ရေးအတွက် အားနည်းချက်တစ်ခုဖြစ်တယ်လို့ တချို့က ယူဆကြပါတယ်။
အသက်အရွယ်နဲ့ မူဝါဒရေးရာကိစ္စတွေ
ဒီလို အသက်ကြီးတဲ့ နိုင်ငံရေးသမားတွေ ကြီးစိုးနေတဲ့ နိုင်ငံရေးစနစ်ကို ဝေဖန်သူတွေထဲမှာ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒကို လက်ခံကျင့်သုံးတဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ပါတယ်။
သူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ ဒီမိုကရက်တစ်ပါတီရဲ့ ပင်မရေစီးကြောင်းထက် ပိုပြီး လက်ဝဲဆန်ပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေဟာ လူနေမှုစရိတ်နဲ့ အခြား မီလန်နီယယ်မျိုးဆက်နဲ့ Gen Z လူငယ်တွေကို တိုက်ရိုက်သက်ရောက်တဲ့ ကိစ္စရပ်တွေကို အဓိကထား မဲဆွယ်လေ့ရှိပါတယ်။
သူတို့ကို ထောက်ခံသူအများစုကလည်း အသက်ငယ်သူတွေ ဖြစ်ကြပါတယ်။
မဲပေးသူတွေရဲ့ အသက်အရွယ်အုပ်စုကို ကြည့်ရင်လည်း ရွေးကောက်ခံနိုင်ငံရေးသမားတွေနဲ့ ဆင်တူပြီး အသက်ကြီးသူတွေဘက်ကို ပိုပြီး အလေးသာနေတာ တွေ့ရပါတယ်။ Pew Research Center ရဲ့ လေ့လာချက်အရ မဲမပေးသူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်တွေရဲ့ အချိုးအစားဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ မဲမပေးသူအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဒီအသက်အရွယ်အုပ်စုထဲက ဖြစ်ခဲ့ပြီး လေးနှစ်အကြာ ၂၀၂၄ ရွေးကောက်ပွဲမှာတော့ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
Pew ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်မှာ အသက် ၃၀ အောက် မဲပေးသူတွေလည်း ကိုယ်စားပြုပါဝင်မှု နည်းပါးခဲ့ပါတယ်။ မဲပေးခွင့်ရှိသူအားလုံးထဲမှာ ဒီအသက်အရွယ်အုပ်စုက ၂၀ ရာခိုင်နှုန်း ရှိပေမဲ့ တကယ်မဲပေးခဲ့သူအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
ဒီလူဦးရေဆိုင်ရာ အပြောင်းအလဲတွေဟာ အရေးကြီးတယ်လို့ မဲဆွယ်လှုပ်ရှားသူတွေက ပြောကြပါတယ်။ အကြောင်းကတော့ ဒီအခြေအနေကြောင့် လူအုပ်စုတချို့ရဲ့ အရေးကိစ္စတွေဟာ နိုင်ငံရေးမှာ လုံလောက်စွာ ကိုယ်စားပြုဖော်ပြနိုင်တာ မရှိတော့လို့ ဖြစ်ပါတယ်။
နယူးယောက်မြို့အခြေစိုက် အမေရိကန် ဒီမိုကရက်တစ် ဆိုရှယ်လစ်အဖွဲ့ (Democratic Socialists of America) ရဲ့ ပူးတွဲဥက္ကဋ္ဌ ဂရေ့စ် မော်ဆာက "ဒီအခြေအနေကြောင့် အသက်ကြီးသူတွေ ရွေးကောက်ခံရတာမျိုး ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ ဘယ်ကိစ္စတွေက အရေးကြီးသလဲ၊ နိုင်ငံရေးသမားတွေ ဘယ်ကိစ္စတွေကို ပြောဆိုဖို့နဲ့ ဖြေရှင်းပေးဖို့ ပိုပြီး အားထုတ်ကြသလဲဆိုတာကိုလည်း အကြီးအကျယ် သက်ရောက်စေတယ်လို့ ကျွန်မထင်ပါတယ်" လို့ ပြောပါတယ်။
မော်ဆာဟာ မနှစ်က ဇိုရန် မမ်ဒါနီ နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရဖို့ မဲဆွယ်စည်းရုံးရာမှာ ပါဝင်ကူညီခဲ့ပါတယ်။ မမ်ဒါနီဟာ အသက် ၃၄ နှစ်အရွယ်နဲ့ ၁၈၉၂ ခုနှစ်နောက်ပိုင်း နယူးယောက်မြို့ရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။
သူ့ကို လူငယ်နိုင်ငံရေးသမားတွေထဲက ရှားရှားပါးပါး အောင်မြင်မှုရရှိခဲ့သူတစ်ဦးအဖြစ် ဥပမာပေးဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်သူ မော်ဆာကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ အသက်အရွယ်ထက် သူ့ရဲ့ အတွေးအမြင်နဲ့ သဘောထားကို ပိုပြီး အလေးထားပါတယ်။
မော်ဆာက နိုင်ငံရေးလောကမှာ အချိန်အကြာကြီး ပါဝင်လုပ်ကိုင်လာသူတစ်ဦး ဖြစ်နေတာဟာ မဖြစ်မနေ ပြဿနာမဟုတ်ဘူးလို့ ပြောပါတယ်။ တကယ့်ပြဿနာက အဲဒီအခြေအနေကနေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေလို့ သူက ဆိုပါတယ်။
"နိုင်ငံရေးအာဏာရှိသူတွေရဲ့ အတွေးအခေါ်နဲ့ အသုံးအနှုန်းတွေကို အရမ်းအသားကျလာတဲ့အခါ တခြားအတွေးအမြင်တွေ၊ လူငယ်တွေဆီကပဲဖြစ်ဖြစ်၊ အသက်ကြီးသူတွေဆီကပဲဖြစ်ဖြစ် ထွက်ပေါ်လာတဲ့ အယူအဆသစ်တွေကို အရူးအမူးဆန်တယ်လို့တောင် ထင်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
မော်ဆာက အမေရိကန်လွှတ်တော်မှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်လာတဲ့ အသက် ၈၅ နှစ်အရွယ် လက်ဝဲယိမ်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်ကို ဥပမာပေးပါတယ်။
ဆန်းဒါးစ်ဟာ အသက်အရွယ်ကြီးရင့်ပြီး နိုင်ငံရေးလောကမှာ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့သူဖြစ်ပေမဲ့ အပြောင်းအလဲတွေကို လက်ခံခဲ့သလို မျိုးဆက်အသီးသီးက လူတွေရဲ့ စိတ်ဝင်စားထောက်ခံမှုကို ရရှိစေတဲ့ အတွေးအခေါ်တွေလည်း တင်ပြခဲ့သူ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လူမှုစနစ်အပေါ် စိတ်ပျက်အားလျော့နေတဲ့ လူငယ်တွေ
၂၀၂၅ ခုနှစ် နွေဦးရာသီမှာ Pew Research Center က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အမေရိကန်မှာ အသက်ကြီးသူတွေဟာ လူငယ်တွေထက် နိုင်ငံရေးသမားတွေကို ပိုပြီး ယုံကြည်လေးစားကြပါတယ်။ တခြားနိုင်ငံအများအပြားနဲ့ နှိုင်းယှဉ်ရင်လည်း ဒီကွာခြားချက်က ပိုသိသာပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၄ နှစ်ကြား လူငယ်တွေရဲ့ ၆၂ ရာခိုင်နှုန်းက ရွေးကောက်ခံနိုင်ငံရေးသမားတွေထဲမှာ ရိုးသားသူ အနည်းငယ်ပဲရှိတယ်၊ ဒါမှမဟုတ် လုံးဝမရှိဘူးလို့ ပြောနိုင်ခြေရှိပါတယ်။ အသက် ၅၀ ကျော်သူတွေမှာတော့ ဒီအချိုးက ၄၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
Pew က စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံ ၂၅ နိုင်ငံအနက် ဂရိနိုင်ငံက လူငယ်တွေသာ နိုင်ငံရေးသမားတွေရဲ့ ရိုးသားမှုအပေါ် အမေရိကန်လူငယ်တွေထက် ပိုပြီး အဆိုးမြင်ခဲ့ကြပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာရဲ့ တစ်ဖက်ကမ်းဆီက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေးပါဝင်လှုပ်ရှားမှုကို လေ့လာနေတဲ့ ပညာရှင်တစ်ဦးကတော့ လူငယ်တွေ နိုင်ငံရေးအပေါ် စိတ်ပျက်အားလျော့နေမှုဟာ နိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်မဝင်စားကြတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ရှင်းပြပါတယ်။
ကွန်ဂရက်လွှတ်တော်အမတ်တွေအတွက် သတ်မှတ်ထားတဲ့ အနည်းဆုံးအသက်ကန့်သတ်ချက်တွေကလည်း ဒီပြဿနာကို ပိုမိုဆိုးရွားစေတယ်လို့ သူက ဆိုပါတယ်။ အထက်လွှတ်တော်အမတ်ဖြစ်ဖို့ အနည်းဆုံး အသက် ၃၀ ရှိရမှာဖြစ်ပြီး အောက်လွှတ်တော်အမတ်ဖြစ်ဖို့တော့ အနည်းဆုံး အသက် ၂၅ နှစ် ရှိရမှာ ဖြစ်ပါတယ်။
လန်ဒန်တက္ကသိုလ် ရွိုင်ရယ်ဟော်လိုဝေး (Royal Holloway, University of London) က ဂျိမ်းစ်လုမ်က "တစ်ခုကနေ နောက်တစ်ခု ဖြစ်လာတာပါ။ လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ ယေဘုယျအားဖြင့် လုံလုံလောက်လောက် ပါဝင်လှုပ်ရှားမှု မရှိဘူးဆိုရင် သူတို့ဟာ ကိုယ်စားလှယ်တွေအဖြစ်လည်း ရောက်လာကြမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် စလိုမ်က အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက လူငယ်တွေဟာ အာဏာဆိုတာ နိုင်ငံရေးလောကမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်ကြတယ်လို့ ဆိုပါတယ်။
ရွေးကောက်ခံနိုင်ငံရေးသမားတွေအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ နည်းလမ်းတွေအပါအဝင် တခြားအလုပ်အကိုင်နယ်ပယ်တွေမှာလည်း အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုတာ လူငယ်တွေ သိရှိထားကြပါတယ်။
နိုင်ငံရေးလောကမှာ ထင်ရှားတဲ့ ရာထူးနေရာတွေကို ရောက်ရှိလာတဲ့ လူငယ်တွေအတွက် နောက်ထပ်မေးခွန်းတစ်ခု ရှိလာပါတယ်။ အဲဒီရာထူးတွေမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်မလားဆိုတာပါ။ အထူးသဖြင့် မိဘတာဝန်ကိုပါ ထမ်းဆောင်ရတဲ့အခါ ပိုပြီး စိန်ခေါ်မှုရှိလာနိုင်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီမှာ ဝါရှင်တန်မြို့က ထင်ရှားတဲ့ အမျိုးသမီးငယ် နိုင်ငံရေးသမားနှစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် နိုင်ငံရေးအလုပ်နဲ့ မိခင်ဘဝကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် အလက်ဇန်ဒရီးယား အိုကာစီယို ကော်တက်ဇ်ဟာ အသက် ၂၉ နှစ်အရွယ်မှာ လွှတ်တော်အမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ မျိုးဥအေးခဲသိမ်းဆည်းဖို့ လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီသတင်းထွက်ပေါ်ပြီးနောက် ဩဂုတ်လအတွင်း တစ်ပတ်တည်းမှာပဲ နောက်ထပ်သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက အသက်အငယ်ဆုံး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ် ကာရိုလိုင်း လီဗစ်ဟာ မိသားစု၊ အထူးသဖြင့် မွေးကင်းစကလေးနဲ့အတူ အချိန်ပိုပေးနိုင်ဖို့ ထရမ့်အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ပါတယ်။
သူက "ကျွန်မရဲ့ ကလေးငယ်နှစ်ယောက် ထိုက်တန်တဲ့ အကောင်းဆုံးမိခင်တစ်ယောက် ဖြစ်နေဖို့နဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် လုပ်ကိုင်ရတဲ့အခါ အမြဲတမ်းပေးနေရတဲ့ အချိန်၊ ခွန်အားနဲ့ အာရုံစိုက်မှုတွေကို တစ်ပြိုင်နက်တည်း ပေးနိုင်မှာ မဟုတ်ပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေချိန် ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီးတွေဟာ အနည်းငယ်သာ ရှိပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးတွေကို ပြုစုပျိုးထောင်နေတဲ့ လွှတ်တော်အမတ်မိခင်တွေလည်း အနည်းငယ်သာ ရှိပါတယ်။
အမေရိကန်ဖက်ဒရယ်အစိုးရဟာ အမေရိကန်က အလုပ်ရှင်အများအပြားနည်းတူ မိဘဖြစ်လာသူတွေအတွက် လစာခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေ ပေးအပ်ထားခြင်း မရှိပါဘူး။
အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး ဒုတိယသမ္မတတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဂျေဒီ ဗန့်စ်ကလည်း ကလေးငယ်တွေ ရှိနေခြင်းဟာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မကြာသေးမီက ဝန်ခံပြောကြားခဲ့ပါတယ်။ သူက "ကျွန်တော်တို့မှာ ကလေးငယ်လေးယောက် ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။
နှစ်ဖက်အဓိက ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲများ
အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုသာ အဓိကယှဉ်ပြိုင်တဲ့ နိုင်ငံရေးစနစ်ဟာ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်လာဖို့ အတားအဆီးတစ်ခုဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။
လန်ဒန်တက္ကသိုလ်က ပညာရှင် ဂျိမ်းစ် စလိုမ်က ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက နိုင်ငံရေးမှာ ကိုယ်စားပြုဖော်ပြခွင့်ရတဲ့ အမြင်အယူအဆတွေဟာ အကန့်အသတ်ရှိနေလို့ ဖြစ်တယ်လို့ ပြောပါတယ်။
သူက လူငယ်တွေဟာ နိုင်ငံရေးပါတီတွေထက် လူမှုလှုပ်ရှားမှုတွေနဲ့ သီးခြားကိစ္စရပ်တွေကို အခြေခံတဲ့ မဲဆွယ်လှုပ်ရှားမှုတွေမှာ ပိုပြီး စိတ်အားထက်သန်စွာ ပါဝင်လေ့ရှိတယ်ဆိုတဲ့ သုတေသနတွေကိုလည်း ထောက်ပြပါတယ်။
ပါတီနိုင်ငံရေးအတွင်းမှာလည်း မမ်ဒါနီနဲ့ လက်ဝဲယိမ်းနိုင်ငံရေးသမားတချို့ဟာ ဒီမိုကရက်တစ်ပါတီရဲ့ပင်မရေစီးကြောင်းပြင်ပကနေ လူငယ်တွေရဲ့ ထောက်ခံမှုကို ရရှိလာပုံရတယ်လို့ သူက ဥပမာပေးပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်တွေဟာ "လောလောဆယ်မှာတော့ အဆက်မပြတ် ဖြစ်ပေါ်နေတာမျိုး မဟုတ်သေးဘူး" လို့လည်း သတိပေးပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရီပတ်ဘလီကန်ပါတီမှာလည်း ထရမ့်ရဲ့ MAGA လှုပ်ရှားမှု ပေါ်ပေါက်လာတာနဲ့အမျှ ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ လူငယ်အမျိုးသားအများအပြားရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ဥရောပဒီမိုကရေစီနိုင်ငံတချို့မှာတော့ နိုင်ငံရေးအမြင် အမျိုးမျိုးကို ကိုယ်စားပြုခွင့်ပိုရှိတဲ့ နိုင်ငံရေးပတ်ဝန်းကျင်ဟာ လူငယ်တွေရဲ့ နိုင်ငံရေးပါဝင်မှုကို မြှင့်တင်ပေးနိုင်တယ်လို့ စလိုမ်က ဆိုပါတယ်။
ဥပမာအားဖြင့် ပါတီစုံစနစ် ကျင့်သုံးလေ့ရှိတဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေဟာ နှိုင်းယှဉ်စရာကောင်းတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ အစိုးရဖွဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ လူမှုလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းပြီး အဲဒီလှုပ်ရှားမှုတွေကို နိုင်ငံရေးစနစ်ထဲ ပါဝင်လာအောင် ကြိုးပမ်းကြတယ်လို့ သူက ရှင်းပြပါတယ်။
နော်ဝေနိုင်ငံလိုမျိုးကို ဥပမာပေးပြီး စလိုမ်က လူငယ်တွေ မဲပေးမှု ပိုများလာတာနဲ့ နိုင်ငံရေးစနစ်အပေါ် ယုံကြည်မှု ပိုရှိလာတို့က လူငယ်တွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာစေပြီး အဲဒီပါဝင်မှုကလည်း နိုင်ငံရေးစနစ်အပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေတဲ့ အပြန်အလှန်အားဖြည့်မှု သံသရာတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ရမယ့်လမ်း
လွှတ်တော်အမတ်တချို့အနေနဲ့ နိုင်ငံရေးလောကကနေ အနားယူသင့်တဲ့အချိန်ကို သိထားသင့်တယ်ဆိုတဲ့ အမြင်ဟာ မှန်ကန်တယ်လို့ ပညာရှင်တချို့က ပြောကြပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း မဲဆန္ဒရှင်တွေအနေနဲ့ အသက်ကြီးသူတွေရဲ့ အားသာချက်တွေကို မျက်ကွယ်မပြုသင့်သလို အသက်အရွယ်ကို အရည်အချင်းနဲ့ ရောထွေးမယူဆသင့်ဘူးလို့ ဆိုကြပါတယ်။
ဗာဂျီးနီးယား ဓနသဟာယတက္ကသိုလ် (Virginia Commonwealth University) က အသက်အရွယ်ကြီးရင့်မှုဆိုင်ရာ လေ့လာရေး ပါမောက္ခ ထရေစီ ဂျန်ဒရွန်က "အသက်အရွယ်တစ်ခုတည်းနဲ့ ဘယ်အရာကိုမဆို ကြိုတင်ခန့်မှန်းဖို့ဆိုတာ အလွန်အားနည်းတဲ့ အခြေခံတစ်ခုပါ" လို့ ပြောပါတယ်။
သူ့ရဲ့ သုတေသနတွေက အသက်ကြီးလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စွမ်းရည်တွေ အမြဲတမ်းကျဆင်းလာတယ်ဆိုတဲ့ ယူဆချက်ကို စိန်ခေါ်ထားပါတယ်။
"အသက် ၄၅ နှစ်အရွယ်တစ်ယောက်ဟာ စိတ်ကျရောဂါ ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ အရက်စွဲလမ်းမှုပြဿနာတွေ ကြုံနေရနိုင်ပါတယ်။ အဲဒီအတွက် အလုပ်ကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ သိမြင်နားလည်မှုစွမ်းရည် မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ သူက ရှင်းပြပါတယ်။
တစ်ဖက်မှာလည်း "အသက် ၈၅ နှစ်အရွယ်တစ်ယောက်ဟာ အလွန်မြင့်မားတဲ့ ကိုယ်ကျင့်တရား၊ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းနဲ့ ဉာဏ်ပညာတွေ ရှိပြီး အလုပ်ကို အပြည့်အဝ လုပ်ဆောင်နိုင်သူလည်း ဖြစ်နိုင်ပါတယ်" လို့ သူက ပြောပါတယ်။
အမေရိကန်နိုင်ငံရေးသမားတွေရဲ့ အသက်အရွယ်အချိုးအစားဟာ နိုင်ငံတစ်ဝန်းက လူဦးရေရဲ့ အသက်အရွယ်အချိုးအစားကို ကိုယ်စားမပြုဘူးဆိုတဲ့ အချက်ကို ဂျန်ဒရွန်က လက်ခံပါတယ်။
ဒါပေမဲ့ ဒါဟာ ကွန်ဂရက်လွှတ်တော်မှာ ကိုယ်စားပြုမှု ပိုမိုကွဲပြားစုံလင်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိနေသေးတယ်ဆိုတာကို ပြသနေတာပဲလို့ သူက ဆိုပါတယ်။
"နိုင်ငံရေးကို 'အသက်ကြီးသူတွေ ကြီးစိုးတဲ့စနစ်' လို့ ခေါ်ပြီး အသက်အရွယ်တစ်ခုတည်းကိုပဲ အာရုံစိုက်နေတာက ရယ်စရာကောင်းပါတယ်။ ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ တခြားအချက်တွေဖြစ်တဲ့ ကျားမ၊ လိင်စိတ်တိမ်းညွတ်မှု၊ ဘာသာရေးနဲ့ လူမျိုးတို့ကို ကြည့်ရင်လည်း အဲဒီကဏ္ဍတွေမှာ ကျွန်မတို့ဟာ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုနိုင်ခြင်း မရှိသေးပါဘူး" လို့ သူက ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဝင် အိုဝင်က သူ့ရဲ့ ပြိုင်ဘက်မှာ မဲဆွယ်စည်းရုံးရေးအတွက် အသုံးပြုနိုင်တဲ့ ငွေကြေးအရင်းအနှီး ပိုမိုများပြားနေပေမဲ့ ယူတာပြည်နယ်မှာ အနိုင်ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Gen Z မျိုးဆက် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဘယ်လိုကိစ္စရပ်တွေက သူ့ကို နိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်အားထက်သန်စေသလဲလို့ မေးတဲ့အခါ နည်းပညာက လူမှုဘဝမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူနေမှုစရိတ်ဆိုင်ရာ ပြဿနာတွေကို ထောက်ပြပါတယ်။
"ကျွန်တော်ကိုယ်တိုင် မိသားစုတစ်ခု စတင်တည်ထောင်ဖို့ ပြင်ဆင်နေတဲ့ အရွယ်မှာ ရှိနေပါတယ်။ ကုန်ကျစရိတ်တွေကို ကြည့်ပြီး ဒီအခြေအနေတွေကြားမှာ ဘယ်လို ရှေ့ဆက်နိုင်မလဲလို့ စဉ်းစားနေရပါတယ်" လို့ သူက ပြောပါတယ်။
နိုင်ငံရေးအယူအဆ မတူညီတဲ့ တစ်ဖက်ခြမ်းက လူငယ်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ သူ့ရဲ့မဲဆွယ်စည်းရုံးမှုကြားမှာ တူညီချက်တွေ ရှိတယ်လို့ မြင်သလားလို့ မေးတဲ့အခါ'' ငါတို့နဲ့ သူတို့' ဆိုတဲ့ ခွဲခြားသတ်မှတ်မှုကို ဖယ်ရှားပစ်ချင်ပါတယ်။ အဲဒီအမြင်ကို နည်းနည်းလောက် ဘေးဖယ်ထားသင့်တယ်လို့လည်း ထင်ပါတယ်။ နိုင်ငံရေးပါတီနှစ်ဖက်စလုံးက အမေရိကန်နိုင်ငံသား အများအပြား ခံစားနေရတဲ့ ဘုံသဘောထားတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဝါရှင်တန်က သူတို့အတွက် အလုပ်လုပ်မပေးနေဘူးဆိုတဲ့ ခံစားချက်ပါ" လို့ သူက ပြောပါတယ်။
နယူးယောက်က ဒီမိုကရက်တစ် ဆိုရှယ်လစ်တစ်ဦးဖြစ်တဲ့ မော်ဆာနဲ့လည်း သူ့အမြင်တူညီမှု ရှိပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို လူငယ်ဖြစ်နေတာကြောင့်သာ ရွေးချယ်သင့်တာ မဟုတ်ဘဲ သူ့ရဲ့အတွေးအခေါ်တွေကိုသာ အဓိကထားသင့်တယ်လို့ သူတို့နှစ်ဦးစလုံးက ယူဆကြပါတယ်။
"ကျွန်မအတွက်တော့ ဘယ်နှစ်မှာ မွေးဖွားခဲ့သလဲဆိုတာထက် ဘယ်အရာတွေကို ထောက်ခံသလဲ၊ ဘယ်သူတွေအတွက် တိုက်ပွဲဝင်ပေးနေသလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်" လို့ မော်ဆာက ပြောပါတယ်။