ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
KNU မပါတဲ့ KNPC က ငြိမ်းချမ်းရေးအတွက် တကယ်လုပ်နိုင်မလား
နေပြည်တော်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားရာကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့အထိ ပြန်ပြောလာပြန်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ KNU အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ် (ABSDF) တို့ကိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောဆိုခဲ့တာပါ။
တစ်ဖက်မှာလည်း နေပြည်တော်ဟာ ကရင်ပြည်နယ်အတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(KNPC) နဲ့ ဘားအံမြို့မှာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီကော်မတီဟာ စစ်တပ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နိုင်ငံရေးလမ်းစဉ်အောက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာအောင် ကြားခံအဖြစ် ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ကော်မတီအကြီးပိုင်းပုဂ္ဂိုလ်တွေက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်နဲ့ KNU ကြားက နိုင်ငံရေးရပ်တည်ချက်တွေဟာ "ပြဒါးတစ်လမ်း၊ သံတစ်လမ်း" လို့ KNU က ပြောထားချိန်မှာ KNPC က ဘယ်လိုကြားခံဆောင်ရွက်သွားမလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
KNPC ဘယ်လို ဖြစ်လာလဲ
စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ၂၀၂၆ ဧပြီမှာ တွေ့ဆုံခဲ့ကြပြီး ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (Karen National Peacemaking Committee – KNPC) ဖွဲ့စည်းခဲ့ကြပါတယ်။
KNPC ကို လူမျိုးစုကိုယ်စားလှယ်တွေ၊ ဘာသာရေးဆရာတော်တွေ၊ နိုင်ငံရေးပါတီတချို့အပါအဝင် လူပေါင်း ၇၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကော်မတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကိုတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက ရယူထားကြပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ နယ်ခြားစောင့်တပ်ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့ ပါဝင်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ဗိုလ်ချုပ် စောချစ်သူတို့လည်း ဒီကော်မတီမှာ ထိပ်ပိုင်းရာထူးတွေ ရယူထားကြပါတယ်။
KNPC ကော်မတီရဲ့အထွေထွေအတွင်းရေးမှူး KNU ခွဲထွက်အဖွဲ့ KNU/KNLA-PC ဗိုလ်မှူးချုပ် စောကျော်ညွန့်က တာဝန်ယူထားပါတယ်။
စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါး ဒီစုဖွဲ့မှုမှာ ပါဝင်ပေမဲ့ ကရင်လူမျိုးတွေအတွက် အင်အားအတောင့်တင်းဆုံးနဲ့ ကိုယ်စားပြုမှုအများဆုံးလို့ ဆိုနိုင်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ပါဝင်ခြင်းမရှိပါဘူး။
KNPC ကို ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်ဟာ ပြည်တွင်းပဋိပက္ခကြောင့် ကရင်လူထု ထိခိုက်သေကြေပျက်စီးခဲ့ရမှုတွေကို ထည့်သွင်းစဉ်းစားပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် စောကျော်ညွန့်နဲ့ ကော်မတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက သဘောထားတူစွာဖြေပါတယ်။
"စစ်ကြောင့် ဘယ်ပေတံနဲ့မှ တိုင်းထွာလို့မရတဲ့ သေကြေပျက်စီးမှုတွေ ဖြစ်ခဲ့တယ်။ အခုအစိုးရအသစ်မှာ သူတို့ တကယ်ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝန်းရံနိုင်သလောက် ဝန်းရံမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်" လို့ KNPC ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
KNPC ကို ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦး၊ ဦးဆောင်ကော်မတီဝင် ၁၃ ဦးနဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားပါတယ်။
KNPC ရဲ့ ဦးဆောင်ကော်မတီဝင် ၁၃ ဦးထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပယ်ထားသူတွေဖြစ်တဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့ ပါဝင်တယ်လို့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဦးဆောင်ကော်မတီကို စောမူတူးစေးဖိုးက ဦးစီးပါတယ်။ ဒီကော်မတီမှာ DKBA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝလည်း ပါဝင်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်ပြီး အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင်၊ လက်ရှိ ကရင်အမျိုးသားတပ်မတော် (KNA) ဗိုလ်ချုပ် စောချစ်သူကတော့ KNPC ရဲ့အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်က ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု၊ လက်မှုဝန်ကြီးဟောင်း စောကြည်လင်းက အလုပ်အမှုဆောင်ကော်မတီရဲ့ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ မော်လမြိုင်မြို့တွေက ဩဇာရှိတဲ့ ဆရာတော်တွေလည်း KNPC မှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းပါဝင်တဲ့ ဒီလိုကော်မတီမျိုး ပေါ်ပေါက်လာတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၂၀၁၃ ခုနှစ်တုန်းကလည်း ကရင်ဘာသာရေးခေါင်းဆောင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက အဖွဲ့ဝင် ၉၆ ဦးပါဝင်တဲ့ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ကို ဖွဲ့စည်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကရင်အဖွဲ့အစည်းတွေကြား သဘောထားကွဲလွဲမှုတွေ ပိုမိုထင်ရှားလာခဲ့ပါတယ်။ တချို့အဖွဲ့တွေက စစ်တပ်ကို တိုက်ခိုက်ခဲ့ကြသလို တချို့အဖွဲ့တွေကတော့ စစ်တပ်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် KUPC ရဲ့လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်တာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ အခုဖွဲ့စည်းလိုက်တဲ့ KNPC မှာ ၂၀၁၃ ခုနှစ်က KUPC နဲ့မတူဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်လာခြင်း မရှိတာပါပဲ။
KNU ကို ဘာကြောင့် မပါဝင်တာလဲ
ဒီကော်မတီ ဖွဲ့စည်းဖို့ စတင်ဆွေးနွေးခဲ့ချိန်ကတည်းက စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
KNU ဘာကြောင့် မပါဝင်ခဲ့တာလဲဆိုတာကို ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောကျော်ညွန့်က နိုင်ငံရေးအကျပ်အတည်းကြောင့်လို့ တုံ့ပြန်ပါတယ်။
"သာမန်အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်။ လက်ရှိ KNU က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတာလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အောက်ခြေမှာတော့ ကိုယ့်ရဲ့ကရင်လူထုကို စစ်ဘေး၊ စစ်ဒဏ်ကနေ အသက်သာဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားမှုတွေ ရှိပါတယ်။" လို့ သူကပြောပါတယ်။
KNU (ကရင်အမျိုးသားအစည်းအရုံး) ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ပါတယ်။ NCA ကိုလည်း လက်မခံတော့ဘဲ PDF တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် က KNU ကို အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပါဝင်တဲ့ စည်းလုံးညီညွတ်ရေးကော်မတီရဲ့ အစည်းအဝေးတွေကိုလည်း KNU ဘက်က တက်ရောက်ခြင်း မရှိတော့ပါဘူး။
KNU ဟာ KIO၊ CNF၊ KNPP၊ NUG နဲ့ CRPH တို့အပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာတော့ ပူးပေါင်းပါဝင်နေပါတယ်။
စစ်တပ်က KNU ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာဟာ အပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့ KNPC မှာ KNU မပါဝင်နိုင်ခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ကော်မတီမှာ ထိပ်ပိုင်းတာဝန်ယူထားသူ နှစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ KNU ကို ကရင့်တပ်တွေရဲ့ မိခင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်း ခြောက်ဖွဲ့ရှိပါတယ်။အဲဒီအထဲမှာ စစ်တပ်နဲ့ အဓိကတိုက်ခိုက်နေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU က အင်အားကြီးဖြစ်ပါတယ်။
KNPC ဘက်ကတော့ KNU နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
"ထိတွေ့လည်း ဆက်ဆံမယ်။ ဆွဲလည်း ဆွဲခေါ်မယ်။ ဒီနေရာမှာ အာဏာပိုင်တွေက သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ မေတ္တာထားဖို့လည်း လိုတယ်။ ခံစားချက်ကို ဦးတည်မယ်ဆိုရင် ကြန့်ကြာမယ်" လို့ KNPC ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
KNPC ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ရဖို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားမှု မရှိသေးပါဘူး။
KNU ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အသက်မဝင်တော့ဘူးလို့ ကြေညာထားပါတယ်။ အဲဒီနောက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့အတူ စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း KNU ဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်တစ်ခုအဖြစ် ပါဝင်လာမယ့် ကော်သူးလေပြည်နယ်၊ ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်တစ်ခု အကောင်အထည်ပေါ်လာဖို့ ကြိုးပမ်းနေပါတယ်။
နှစ်ဖက်စလုံးကို ဆွဲဆောင်မယ်
KNPC ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တကယ်လို့ နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖိတ်ခေါ်တဲ့ အခါ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုချင်းစီ ကိုယ်စားပြုမှုထက် KNPC အစုအဖွဲ့ အနေနဲ့ တစုတစည်းထဲ တက်ရောက်ဖို့ ဆန္ဒရှိတယ်လို့ KNPC ရဲ့ ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
တဖက်က KNU ကိုလည်း ငြိမ်းချမ်းရေးစကားဝိုင်းပေါ်ပြန်ရောက်လာဖို့ ကြားခံအဖွဲ့အစည်း အဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
"စစ်အစိုးရနဲ့ စကားပြောရမယ်ဆို ပြောမယ်။ ဒီဘက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပဋိပက္ခတွေ ပြင်းသထက် မပြင်းထန်လာအောင် ခဏနားပြီး စကားပြောကြဖို့ ဆွဲခေါ်၊ တွဲခေါ်ဖို့ ရှေ့ပြေး ပုံစံမျိုးလုပ်မှာပါ။ ပုဂ္ဂိုလ်ရေးအရ နှစ်ဘက်လုံးနဲ့ ရင်းနှီးနေတာဆိုတော့ အဓိကကတော့ ဝိုင်းပြောဖို့ပါပဲ။ တစ်ယောက်တည်း သွားပြောရင် အားမရှိဘူး။" လို့ KNPC အလုပ်အမှုဆောင်ကော်မတီဝင်က ပြောပါတယ်။
KNPC ကော်မတီ ကိုယ်စားပြုအနေနဲ့ အခုချိန်အထိ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ နေပြည်တော်ကို သွားရောက်ရတာ မရှိသေးပေမဲ့ နေပြည်တော်က လူတွေတော့ ဘားအံမြို့ကို ရောက်လာပြီး ကော်မတီစုဖွဲ့မှုကို ထောက်ခံပေးသွားခဲ့တယ်လို့ သူက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်တင်ဘာ ၂၆ ရက် နဲ့ ၂၇ ရက် က ကျင်းပတဲ့ "ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ခုနှစ်" အခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ NSPNC က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
KNPC ကို အဲဒီအခမ်းအနား တက်ရောက်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်တိုင် ဖိတ်ကြားခဲ့တာလို့ KNPC ဆီက သိရပါတယ်။
အဲဒီဖိုရမ်ကို လက်ရှိ နေပြည်တော်မှာ ငြိမ်းချမ်းရေးအကြံပေးအဖြစ် တာ၀န်ယူလိုက်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းနဲ့ ကေအဲန်ယူကနေ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတဲ့ မန်းငြိမ်းမောင်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဒီဖိုရမ်မှာ နေပြည်တော်အစိုးရရဲ့ တာဝန်ရှိသူတွေ က KNPC ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး ဒီကော်မတီတည်ထောင်မှုကို ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီဖိုရမ်ဟာ KNPC ကော်မတီအတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ အစပြုခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်လို့ ကော်မတီဝင်တွေက ရှုမြင်ကြပါတယ်။
ဒီတွေ့ဆုံမှုအပြီး တစ်လနီးပါးအကြာမှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့် အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က KNU၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး (ABSDF) တို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ NCA လက်မှတ်ရေးထိုးထားပေမဲ့ ငါးနှစ်အတွင်း မြန်မာစစ်တပ်နဲ့ သူ့ရဲ့ ကျောထောက်နောက်ခံပြုအစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု မရှိခဲ့တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ နေပြည်တော်နဲ့ နိုင်ငံရေးရပ်တည်ချက်ချင်း ဆန့်ကျင်နေတဲ့ KNU ကြားမှာ ကြားဝင်စေ့စပ်ဖို့က စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
KNPC ကတော့ အခုလို ကော်မတီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး KNU ဘက်က တုံ့ပြန်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ KNU နဲ့ နေပြည်တော်ကြားမှာ ကြားဝင်စေ့စပ်ပေးနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
" KNU တစ်ခုလုံးကို ကြားဝင်ဆောင်ရွက်ပေးချင်ပေမဲ့ လောလောဆယ် အခွင့်တော့ မသာသေးဘူး။ နယ်မြေအပိုင်းအခြား အနည်းငယ်ကိုတော့ ကြိုးစားဆောင်ရွက်နေတာ ရှိတယ်" လို့ KNPC အလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို မခွဲခြားဘဲ ဖိတ်ခေါ်မှသာ ရှေ့ဆက်နိုင်မယ်လို့လည်း သူက သုံးသပ်ပါတယ်။
အခုဆိုရင် နေပြည်တော်ဘက်က KNU ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြန်ပါဝင်ဖို့ ဖိတ်ခေါ်နေသလို KNPC ကလည်း အဲဒီဖိတ်ခေါ်မှုကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ KNU ဘက်ကတော့ ဒီဖိတ်ခေါ်မှုကို လက်ခံမလား၊ ဘယ်လိုသဘောထားရှိသလဲဆိုတာနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၈ ရက်အထိ တရားဝင် ထုတ်ပြောထားတာ မရှိသေးပါဘူး။ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားမှု မရသေးပါဘူး။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ ဒေသအတွင်း ငြိမ်းချမ်းရေးခေါင်းစဉ်တပ် လုပ်ဆောင်နေတာက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်သာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ ကရင်သတင်းဌာန ကေအိုင်စီကို အောက်တိုဘာလထဲမှာ မှတ်ချက်ပြုထားပါတယ်။
မြန်မာစစ်တပ်နဲ့ သူ့ရဲ့အစိုးရဟာ အာဆီယံကတောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကိုပင် ဖြည့်ဆည်းနိုင်တာမရှိတာကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်ပေါက်လာဖို့ မရှိဘူးလို့ ကေအိုင်စီ-ကရင်သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ပဒိုစောကလယ်စေးက တုံ့ပြန်ထားပါတယ်။