အိန္ဒိယရေချုပ် မြန်မာရောက်နေ, စစ်ဘက်သုံးကိရိယာများ လွှဲပြောင်းပေးအပ်

ဓာတ်ပုံ ရင်းမြစ်, India Navy
မြန်မာကို လာရောက်နေတဲ့ အိန္ဒိယရေတပ်အကြီးအကဲ အဒ်မီရယ် ဒီနေရှ် ကေ တရီပါသီက မြန်မာရေတပ်အရာရှိတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့နိုင်ရေး ဆွေးနွေးထားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။ တရီပါသီရဲ့အခုခရီးစဉ်က မေ ၂ ရက်ကနေ ၅ ရက်အထိဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ မြန်မာရေတပ် ဗဟိုကွပ်ကဲမှုဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ အိန္ဒိယရေတပ်ဘက်က ပြောထားပါတယ်။ဒီခရီးစဉ်အတွင်း အိန္ဒိယအစိုးရက ပံ့ပိုးပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးထားပြီး အဲဒီထဲမှာ သင်္ဘောအသုံးအဆောင်ပစ္စည်းတွေ၊ ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ကိရိယာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ဒီပံ့ပိုးမှုတွေက ဘင်္ဂလားပင်လယ်အတွင်း လုံခြုံရေးကို ပိုမိုအားကောင်းစေဖို့နဲ့ အိန္ဒိယရဲ့ “SAGAR” မူဝါဒအောက်မှာ ဒေသတွင်း ပူးပေါင်းဖွံ့ဖြိုးရေးကို ဆက်လုပ်သွားဖို့ရည်ရွယ်ထားတာလို့ အိန္ဒိယသတင်းဌာနတချို့က ရေးပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား လက်ရှိလုပ်ဆောင်နေတဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ပြီး နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုသစ်တွေကို တိုးချဲ့လုပ်ဆောင်နိုင်ရေးလည်း ဆွေးနွေးမယ်လို့ဆိုပါတယ်။ အိန္ဒိယရေတပ်နဲ့ မြန်မာရေတပ်ဟာ မကြာခဏ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အတူတကွ လုပ်ဆောင်နေတဲ့ဆက်ဆံရေးရှိသလို အိန္ဒိယရေတပ်ကလည်း မြန်မာရေတပ်ကို စစ်ဖက်သုံးဆိုင်ရာပစ္စည်းတွေ ထောက်ပံ့ပေးမှုရှိပါတယ်။ မြန်မာဟာ အိန္ဒိယအတွက် မဟာဗျူဟာအရ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သလို အရှေ့မြောက်ဒေသတွေနဲ့လည်း နယ်နိမိတ်ရှည်လျားစွာ ချိတ်ဆက်နေပါတယ်။ မြန်မာက အိန္ဒိယရဲ့အရှေ့မျှော်မူဝါဒမှာ အရေးပါတဲ့နိုင်ငံဖြစ်နေသလို “Neighbourhood First” နဲ့ “Act East” မူဝါဒတွေထဲမှာ မြန်မာကို အဓိကကျတဲ့နိုင်ငံအဖြစ် ထားရှိထားတယ်လို့ အိန္ဒိယအခြေစိုက်အကဲခတ်တွေက တောက်လျှောက်ပြောနေကြတာဖြစ်ပါတယ်။မြန်မာစစ်တပ်ရဲ့ရေငုပ်သင်္ဘောပိုင်ဆိုင်ရေးအိပ်မက်ကို အိန္ဒိယရေတပ်က ဖြည့်ဆည်းပေးထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အငြင်းပွားခဲ့ကြတဲ့ စိန့်မာတင်ကျွန်းအမှု အပြီးမှာ မြန်မာရေတပ်နဲ့ အိန္ဒိယရေတပ်ကြား ဆက်ဆံရေး ပိုအားကောင်းလာတာ ဖြစ်ပါတယ်။ အိန္ဒိယက မြန်မာရေတပ်ကို ပေးထားတဲ့ "မင်းရဲသိင်္ခသူ" ရေငုပ်သင်္ဘောဟာ ရုရှားနိုင်ငံလုပ် ကီလို ၈၇၇ (Kilo Project 877) အမျိုးအစားဖြစ်ပြီး အိန္ဒိယရေတပ်က နှစ်ပေါင်း ၃၀ ကျော် အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အကြီးစားပြင်ဆင်မှုတွေလုပ်ပြီး အိန္ဒိယက မြန်မာကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။







