
ဓာတ်ပုံ ရင်းမြစ်, MOFA/ China
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းတရုတ်နိုင်ငံ၊ ရွှေလီမြို့တစ်ဖက်ခြမ်းမှာရှိတဲ့ ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်ထဲက ပြင်းအားမြင့်ပေါက်ကွဲမှုအလွန် နောက်ဆက်တွဲကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောပါတယ်။
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲက ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ မနေ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောပါတယ်။ ပေါက်ကွဲမှုအလွန် ဘယ်လိုအကူအညီတွေပေးမှာလဲဆိုတာကိုတော့ သူက အသေးစိတ်ထည့်ပြောသွားတာ မရှိပါဘူး။
နမ့်ခမ်းဖြစ်စဉ်မှာ တရုတ်နိုင်ငံသား တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အခြေအနေကို အတည်ပြုစစ်ဆေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဒဏ်ရာရတရုတ်နိုင်ငံသားကို အကောင်းဆုံးကုသမှုပေးဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောခဲ့ပါတယ်။
နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး အထိရှိပြီး အဲဒီထဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၇ ဦးပါဝင်ကြောင်း TNLA က မနေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ စာရင်းအရ ပြင်းထန်ဒဏ်ရာရရှိသူ ၃၇ ဦးထဲမှာလည်း ကလေးငယ် ၉ ဦး အထိ ပါဝင်နေပါတယ်။
ဒါအပြင် ဒဏ်ရာအနည်းငယ်ရရှိသူ ၇၅ ဦးရှိပြီး ကလေးငယ် ၁၆ ဦး ပါဝင်နေပါတယ်။
TNLA ရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲမှုအလွန် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးလုပ်ပေးနေပြီး လိုအပ်တဲ့အကူအညီတွေလည်း ရအောင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အပျက်အစီးတွေကြားထဲမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲလို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
နမ့်ခမ်းမြို့နယ်က ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး မိုင်းတွင်းကျောက်ထုတ်လုပ်ဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲတာလို့ TNLA ဘက်က ပြောထားပါတယ်။
ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံသားတွေရဲ့ယမ်းချက်စက်ရုံနဲ့ ဆက်စပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး နောက်ဆုံးရစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက မေးမြန်းထားပေမဲ့ ဇွန်လ ၂ ရက်၊ မနက် ၉ နာရီခွဲအချိန်အထိ တစုံတရာ ပြန်လည် ဖြေကြားတာမရှိသေးပါဘူး။