တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်း(မြောက်)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတချို့ကတော့ ပေါက်ကွဲမှုက ယမ်းချက်စက်ရုံနဲ့ဆက်နွယ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ "ယမ်းချက်တာ၊ ယမ်းစပ်တာတွေ လုပ်တယ်။ သိုလှောင်ထားတဲ့ယမ်းတွေလည်းရှိတယ်" လို့ စက်ရုံမှာလုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတချို့နဲ့ နီးစပ်သူ ၁ ဦး အပါအဝင် ရွာခံ ၂ ဦးက အတည်ပြုပြောပါတယ်။
ကောင်းတပ်ရွာ ပေါက်ကွဲမှုဟာ ဘယ်လိုဖြစ်ပွားခဲ့သလဲ၊ TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာ ယမ်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ဘီဘီစီက မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံ ၅ ဦးထက်မနည်းကို မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hein Min Zaw
ပေါက်ကွဲမှုဘယ်လိုဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Hein MinZaw
ကောင်းတပ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိတဲ့ လူနေထူထပ်တဲ့ရပ်ကွက်တစ်ခုဖြစ်ပြီး TNLA ရဲ့ တပ်ပိုင်းနဲ့ အရပ်ဘက်ဝန်ထမ်း တချို့လည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီယမ်းရုံက ကောင်းတပ်ရွာနဲ့ တဆက်တည်းဖြစ်နေပြီး နမ့်ခမ်းဆေးရုံနဲ့လည်း တစ်မိုင်လောက်ပဲ ဝေးတယ်လို့ ဆိုပါတယ်။ တစ်တော့(TikTok)နဲ့ ဝီချက်(WeChat)စတဲ့ တရုတ်လူမှုကွန်ရက်ပေါ်မှာလည်း ယမ်းချက်ရုံကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ နမ့်ခမ်းဒေသခံတချို့က ရေးသားနေကြပါတယ်။
စက်ရုံဝန်ထမ်းတချို့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့တာကြောင့် သူတို့နဲ့ရင်းနှီးသူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားကြတဲ့မှတ်တမ်းတွေကိုလည်း တွေ့ရပါတယ်။
ကောင်းတပ်ရွာအနီးက ယမ်းရုံကို TNLA နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ကောင်းတပ်ရွာဒေသခံ ၃ ဦးထက်မနည်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူတို့အပြောအရ တရုတ်ဘက်က ယမ်းထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့ပညာရှင်တချို့ကို ငှားရမ်းပြီး စက်ရုံကို လည်ပတ်နေတယ်လို့ ဆိုပါတယ်။
TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ စက်ရုံနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ပြောဆိုတာ မရှိဘဲ ''မိုင်းတွင်းကျောက်ထုတ်ဖို့ သိုလှောင်ထားတဲ့ယမ်းပျော့တွေ ပေါက်ကွဲတာ'' လို့သာ ဖြေပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာကို တရုတ်နဲ့ ပူးပေါင်းလည်ပတ်နေသလားဆိုတာနဲ့ ဘယ်လိုလည်ပတ်နေသလဲဆိုတဲ့မေးခွန်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့သာ လွေးယေဦးက တုံ့ပြန်ပါတယ်။
"အသေးစိတ်လည်း စုံစမ်းနေဆဲဖြစ်တယ်။ အနီးတဝိုက်နေတဲ့သူကလည်း ထိခိုက်ဒဏ်ရာရကြတယ်၊ သေဆုံးတဲ့အထဲမှာလည်းပါနေတော့ စုံစမ်းနိုင်ဖို့က ခက်ခဲနေတယ်" လို့ လွေးယေဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ဒေသခံတွေရဲ့မေးခွန်းထုတ်မှုတွေ ရှိလာတာက TNLA အနေနဲ့ သက်ဆိုင်ရာဌာနတွေကို လူနေရပ်ကွက်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ယမ်းစက်ရုံထားပြီး လည်ပတ်ခွင့် ပြုထားသလားဆိုတာ ဖြစ်ပါတယ်။
"ဒီလောက် အန္တရာယ်ကြီးရင် ဒေသခံတွေက ဆက်မလုပ်ဖို့ ဆန့်ကျင်တာတွေ လုပ်ခဲ့ကြမှာပေါ့" လို့ နမ့်ခမ်းဒေသခံ ကိုစိန်ဝင်း(အမည်လွှဲ)က ရင်ဖွင့်ပြောပါတယ်။
လက်ရှိ နမ့်ခမ်းမှာရှိနေတဲ့မြေပြင်သတင်းရင်းမြစ်တစ်ဦးရဲ့အပြောအရ တရုတ်လုပ်ငန်းရှင်ဘက်က TNLA ဆီမှာ ယမ်းချက်စက်ရုံလုပ်ဖို့ အကြိမ်ကြိမ်ခွင့်တောင်းတာတွေလုပ်ခဲ့သလို ဒေသခံတွေကလည်း ကန့်ကွက်ထားတယ်လို့ ပြောပါတယ်။
ကန့်ကွက်မှုတွေရှိနေပေမဲ့ သိုလှောင်ရုံထဲမှာ ယမ်းစမ်းသပ်မှုတွေလုပ်ကိုင်ရင်းကနေ မတော်တဆပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံ ၃ ဦးဆီကနေ သိရတဲ့အကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီပြောဆိုချက်တွေကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
တအာင်းပြည်ကောင်စီ(TLC)ကလည်း TNLA ခေါင်းဆောင်တွေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိဖို့နဲ့ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ ဇွန်လ ၁ ရက်မှာ တိုက်တွန်းထားပါတယ်။
TNLA ပြောခွင့်ရ လွေးယေဦးကတော့ "အရပ်သားကို ထိခိုက်စေနိုင်တဲ့ အထူးသဖြင့် စစ်လက်နက် ပစ္စည်းတွေကို အရပ်သားတွေ အနားမှာ မထားဖို့ အရင်တုန်းကတည်းက ပန်ကြားခဲ့တာတွေရှိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလည်း ဆက်တိုက်လုပ်နေပါတယ်"လို့ တုံ့ပြန်ဖြေကြားပါတယ်။
နမ့်ခမ်း ပေါက်ကွဲမှုနောက်ဆက်တွဲ

ဓာတ်ပုံ ရင်းမြစ်, Hein Min Zaw
ဇွန် ၁ ရက်အထိ အချက်အလက်တွေအရ ကောင်းတပ်ရွာက ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦး ရှိလာပါတယ်။ အဲဒီထဲက အသက် ၁ နှစ်ကျော် ကလေးငယ်တစ်ဦးအပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ လူငယ်တချို့လည်း ပါဝင်နေတယ်လို့ နမ့်ခမ်းမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
"စာမေးပွဲပြီးကတည်းက ယမ်းချက်စက်ရုံမှာ ငွေရချင်လို့ အလုပ်ဝင်လုပ်နေကြတာ၊ မေလ ၃၁ ရက်က လစာထုတ်တဲ့နေ့ဆိုတော့ လစာရပြီးတာနဲ့ စက်ရုံကနေ သူတို့အိမ်တွေဆီကို ပြန်လာမယ်လို့ ပြောထားကြတာလည်းရှိတယ်" လို့ သူသိထားရတဲ့အခြေအနေကို ပြောပါတယ်။
အသက် ၁ နှစ် ၄ လအရွယ် တူမဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ဦးလေးဖြစ်သူ ကိုစိန်ဝင်း(အမည်လွှဲ)ကတော့ "ကလေးက တကိုယ်လုံး ထိသွားတာ၊ ကလေးအမေကလည်း တင်ပဆုံရိုးကျိုးပြီး မျက်လုံး ၂ ဖက်မှာ ယမ်းစတွေ ထိလို့ ဆေးရုံမှာ ဆက်ကုနေရတယ်" လို့ဖွင့်ပြောပါတယ်။
တဖက်မှာလည်း ကယ်ဆယ်ရေးလုပ်ငန်းထဲရရှိခဲ့တဲ့ ရုပ်အလောင်းတွေထဲမှာ တရုတ်နိုင်ငံသားအမျိုးသား ရုပ်အလောင်း ၃ လောင်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သူက ရုပ်အလောင်းတွေကို နမ့်ခမ်းဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး ဆရာဝန်ရဲ့မှတ်ချက်အပါအဝင် TNLA တာဝန်ရှိသူတစ်ဦးရဲ့ပြောဆိုချက်အရ တရုတ်နိုင်ငံသားလို့ အတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်။
"တရုတ်တွေရဲ့အသက်အရွယ်တော့ မသိဘူး။ အဲဒီ ၃ လောင်းလုံး မနေ့(မေလ ၃၁ ရက်)က မီးသဂြိုဟ်လိုက် ပြီးပြီ"လို့ ကယ်ဆယ်ရေးသမားဆိုပါတယ်။
အလားတူ အပျက်အစီးပုံကြားထဲက သယ်ယူရရှိခဲ့တဲ့ အလောင်းတချို့မှာလည်း TNLA ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားတဲ့သူတချို့ ပါဝင်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ TNLA ရဲ့ ဘယ်လိုဌာနဆိုင်ရာ ဝတ်စုံအမျိုးအစားလဲဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ သူက ဆိုပါတယ်။
သေဆုံးသူတွေထဲ တရုတ်နိုင်ငံသားနဲ့ TNLA တပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ "ဆေးရုံဘက်က တက်လာတဲ့စာရင်းမှာ ဒီအချက်အလက်တွေ မပါသေးဘူး"လို့ ဘီဘီစီကို ဇွန်လ ၁ ရက်မှာပြောပါတယ်။
ယမ်းရဲ့ပေါက်ကွဲတဲ့ပြင်းအားကြောင့် နမ့်ခမ်းနဲ့ မူဆယ်မြို့အပြင် နယ်စပ် တရုတ်ဘက်ခြမ်း၊ ရွှေလီမြို့နယ်က ဒေသခံတွေပါ သိသိသာသာခံစားရတယ်လို့ ဒေသခံတချို့က တရုတ်လူမှုကွန်ရက် ဝီချက်(WeChat) မှာ ရေးသားထားကြတာ တွေ့ရပါတယ်။
ကောင်းတပ်ရွာဟာ နမ့်ခမ်းမြို့နဲ့ ၂ မိုင်ခွဲလောက်သာဝေးပြီး ကောင်းတပ်-နမ့်ခမ်းကြားထဲမှာ နောင်စန့်ကျေးရွာရှိပါတယ်။ အဲဒီရွာတွေဟာ နမ့်ခမ်းမြို့ပေါ်နဲ့ နီးကပ်နေတဲ့ ရွာတွေဖြစ်ပြီး လူနေထူထပ်တာကြောင့် ပေါက်ကွဲမှုမှာ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုများသွားတာလို့ ရွာခံတချို့က ရှင်းပြပါတယ်။
TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ပေါက်ကွဲဒဏ်ကြောင့် ကောင်းတပ်ရွာထဲက အိမ်ခြေ ၂၀၀ နီးပါးထိခိုက်ပျက်စီးခဲ့ပြီး အနီးနားရွာတွေက နေအိမ်နဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးတယ်လို့ ဘီဘီစီကို ဇွန်လ ၁ ရက်မှာ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hein Min Zaw
နမ့်ခမ်းမြို့နယ်ဟာ တရုတ်ပြည်ဘက်က ရွှေလီမြို့နယ်ထဲက နောင်တောင်ဒေသနဲ့ ထိစပ်နေပြီး ရွှေလီမြစ်ပဲ ခြားထားတာဖြစ်ပါတယ်။
နမ့်ခမ်းအပါအဝင် မူဆယ်မြို့နယ်ထဲက လူမှုကူညီရေးအဖွဲ့ တစ်ဒါဇင်နီးပါးဟာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မေလ ၃၁ ရက်ကနေ ဇွန်လ ၁ ရက်ညနေပိုင်းအထိ မြေပြင်မှာ ကယ်ဆယ်ရှင်းလင်းရေးတွေ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
ကောင်းတပ်အနီးက နမ့်ခမ်းဆေးရုံက မှန်တွေလည်း ကွဲထွက်လွင့်စင်တာတွေဖြစ်ခဲ့ပြီး ကောင်းတပ်ရွာအနီးက နောင်စန့်ရွာမှာလည်း အိမ်ခြေ ၁၀၀ ကျော်ထိခိုက်ပျက်စီးသွားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ကောင်းတပ်ရွာကတော့ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ" လို့ သူကဆိုပါတယ်။
တရုတ်နဲ့ နယ်စပ် မြန်မာဘက်ခြမ်းက ပေါက်ကွဲမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းကတော့ ပေါက်ကွဲဒဏ်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး ထိခိုက်ခဲ့ပြီး ကုသမှုခံယူနေရတယ်လို့ ဇွန် ၁ရက်မှာလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါ့အပြင် မြန်မာဘက်က စစ်ဆေးမှုကိုလည်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ မစ္စတာ လင်ကျန်းက ပြောပါတယ်။
ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့တဲ့ ၁၁၂ ဦး ဟာ နမ့်ခမ်းဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ တချို့ကတော့ ဦးခေါင်းဒဏ်ရာပြင်းထန်တာကြောင့် မူဆယ် ဒါမှမဟုတ် တရုတ်ဘက်ခြမ်းက ဆေးရုံကို လွှဲပြောင်းပေးဖို့ အထိပြင်ဆင်နေတယ်လို့ ဆေးရုံမှာ ကုသမှုခံယူနေသူအချို့ဆီကနေ သိရပါတယ်။
တရုတ်-မြန်မာ နယ်စပ်က ပေါက်ကွဲမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ယမ်းရုံပေါက်ကွဲမှုလို့ ဒေသခံတွေပြောကြတဲ့ နမ့်ခမ်းဖြစ်စဉ်ဟာ တရုတ်–မြန်မာနယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားတဲ့ ဒုတိယအကြိမ်မြောက် အကြီးစားပေါက်ကွဲမှု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရှမ်း(အရှေ့)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့ထဲက ယမ်းချက်စက်ရုံတစ်ခုမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပန်ဆန်း၊ ယောင်ပန်ရွာမှာ ပေါက်ကွဲခဲ့တဲ့ အဲဒီယမ်းချက်စက်ရုံမှာ သတ္တုတွင်းလုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းတွေအပြင် "ဝ"တပ်ဖွဲ့ရဲ့လက်နက်ကျည်ထိပ်ဖူးအမျိုးအစားတချို့ကိုလည်း ထုတ်လုပ်နေတာလို့ စက်ရုံနဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တစ်ဦးက အဲဒီတုန်းက ပြောခဲ့ပါတယ်။
"ဝ"တပ်ကတော့ သူ့ရဲ့ထိန်းချုပ်နယ်မြေထဲက ဓာတုစက်ရုံတွေနဲ့ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေ အားလုံးကို ယာယီပိတ်သိမ်းခဲ့ပြီး လုံခြုံရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုတွေပြုလုပ်မယ်လို့ ပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနတွေကနေ စစ်ဆေးရေးလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်သလို စစ်ဆေးတဲ့ရလဒ်တွေကိုလည်း အချိန်နဲ့တပြေးညီကြေညာသွားမယ်လို့ "ဝ"အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ဒုတိယအပတ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ၂ လနီးပါးကြာတဲ့အထိ "ဝ"ဘက်က ထပ်မံကြေညာလာတာ မတွေ့ရသေးပါဘူး။
အလားတူ ၂၀၂၃ ခုနှစ်တုန်းကလည်း ကချင်လွတ်လပ်ရေးတပ် (KIA/ KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအနီးမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ပြီး အဲဒီပေါက်ကွဲမှုမှာလည်း စစ်တပ်နဲ့ KIA တပ်ကြား အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ စစ်တပ်ဘက်က အဲဒီအချိန်က KIA ရဲ့ ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲတာလို့ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။
KIA ဘက်ကလည်း စစ်တပ်လက်ချက်လို့ ပြောပြီး အဲဒီပေါက်ကွဲမှုမှာ စစ်တပ်က ဘယ်လက်နက်ကို အသုံးပြုခဲ့လဲဆိုတာသိရဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့ စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ''ယမ်းနဲ့ဆက်စပ်တဲ့ အဆောက်အအုံတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို လူနေရပ်ကွက်တွေအနီးအနားမှာဆောက်လုပ်၊ သိုလှောင်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရှိတဲ့ ဒေသတွေမှာ ဒီအချက်တွေကို လိုက်နာမှု အားနည်းတာ တွေ့ရတယ်လို့ ထောက်ပြပါတယ်။
နယ်မြေအာဏာပိုင်တွေအနေနဲ့ ဒေသခံလူထုရဲ့အသက်လုံခြုံရေးအတွက် ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို "မိုင်အကွာအဝေးသတ်မှတ် တွက်ချက်ပြီး ထားရှိဖို့ လိုတယ်၊ ဘယ်လိုနေရာမှာ လုပ်သင့်တယ်၊ အန္တရာယ်ရှိစေနိုင်တဲ့ကိစ္စတွေအားလုံးကို လူထုဆီ အသိပညာပေးတာတွေ လုပ်ဖို့လိုအပ်တယ်" လို့ သူက မှတ်ချက်ပြုပါတယ်။












